အံ့ဖွယ် အာတိတ်စင်ရော်
အာတိတ်စင်ရော်တွေဟာ အာတိတ်ဒေသကနေ အန္တာတိကတိုက်ကို အသွားအပြန် မိုင် ၂၂,၀၀၀ (၃၅,၂၀၀ ကီလိုမီတာ) ခန့် ပျံသန်းတယ်လို့ သိထားတာ ကြာပြီ။ တကယ်တော့ အဲဒီငှက်တွေဟာ ဒီထက်မက ပျံသန်းနိုင်မှန်း မကြာသေးခင်က တွေ့ရှိခဲ့ကြတယ်။
ငှက်အတော်များများကို ခြေရာခံကိရိယာလေးတွေ တပ်ဆင်ပေးကြတယ်။ စက္ကူညှပ်ကလစ်လောက် ပေါ့တဲ့ အဲဒီကိရိယာတွေကြောင့် စင်ရော်တချို့ဟာ အသွားအပြန် ပျမ်းမျှမိုင် ၅၆,၀၀၀ (၉၀,၀၀၀ ကီလိုမီတာ) ပျံသန်းမှန်း သိရှိရတယ်။ တိရစ္ဆာန်တွေထဲမှာ ခရီးစဉ်အရှည်ဆုံး ပျံသန်းနိုင်တဲ့ငှက်ပါပဲ။ ငှက်တစ်ကောင်ဆိုရင် မိုင်ပေါင်း ၆၀,၀၀၀ (၉၆,၀၀၀ ကီလိုမီတာ) နီးပါး ပျံသန်းတယ်။ အရင်တွေ့ရှိချက်တွေနဲ့ ဘာကြောင့် ကွာနေတာလဲ။
အာတိတ်စင်ရော်တွေဟာ ဘယ်နေရာကနေ စပျံသန်းပါစေ ကွေ့ဝိုက်ပျံသန်းတယ်။ ပုံမှာပါတဲ့အတိုင်း အတ္တလန္တိတ်သမုဒ္ဒရာ လမ်းကြောင်းဟာ (S) ပုံသဏ္ဌာန်ရှိတယ်။ ဒါကြောင့် ငှက်တွေဟာ လေတိုက်တဲ့ လမ်းကြောင်းအတိုင်း အလိုက်သင့် ပျံသန်းနိုင်ကြတယ်။
အာတိတ်စင်ရော်တွေဟာ သက်တမ်းအနှစ် ၃၀ လောက်အတွင်းမှာ မိုင်ပေါင်း ၁.၅ သန်း (ကီလိုမီတာ ၂.၄ သန်း) ကျော် ခရီးဆန့်နိုင်တယ်။ အဲဒါဟာ လကမ္ဘာကို အသွားအပြန် သုံးလေးခေါက်ခရီးနဲ့ ညီမျှတယ်။ “၁၀၀ ဂရမ်သာသာ [၃.၅ အောင်စ] ရှိတဲ့ငှက်ကလေးရဲ့ အံ့မခန်းဖွယ် စွမ်းဆောင်မှုပါပဲ” လို့ သုတေသီတစ်ယောက် ပြောတယ်။ ဝင်ရိုးစွန်းဒေသနှစ်ခုစလုံးမှာ နွေရာသီနဲ့ကြုံကြိုက်လို့ အာတိတ်စင်ရော်တွေဟာ “နှစ်တိုင်း တခြားသတ္တဝါတွေထက် နေရောင်ခြည်ကို ပိုမြင်ရတယ်” ဆိုပြီး ကမ္ဘာ့သက်ရှိများ– သဘာဝသမိုင်း စာအုပ်မှာ ဖော်ပြတယ်။