မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာမြေ​နဲ့ လူတွေ​အတွက် တောက်ပ​တဲ့​အနာဂတ် ရှိမယ်​ဆိုတဲ့ ဘုရားရဲ့ ကတိ​ကြောင့် ကမ္ဘာပျက်​ချိန်​ညွှန်ပြ​တဲ့ နာရီ​အတိုင်း တကယ်​ဖြစ်လာ​မှာ မဟုတ်ဘူး

မျက်နှာဖုံး​အကြောင်းအရာ | ကမ္ဘာကြီး ထိန်း​မ​နိုင်​သိမ်း​မရ ဖြစ်နေ​ပြီလား

သမ္မာကျမ်းစာ ပြောဆိုရာ

သမ္မာကျမ်းစာ ပြောဆိုရာ

ကမ္ဘာကြီး​ရဲ့ လက်ရှိ​အခြေအနေဆိုး​တွေအကြောင်း ရာစုနှစ်​များစွာ​ကတည်းက ကျမ်းစာမှာ ကြိုဟောထားတယ်။ လူတွေ​အတွက် တောက်ပ​တဲ့​အနာဂတ် ရှိကြောင်း​ကိုလည်း အတိအကျ ကြိုဟော​တယ်။ ကျမ်းစာ​ကြိုဟောချက်​အများစုဟာ အသေးစိတ်​က​အစ ပြည့်စုံ​ခဲ့တယ်။ ဒါကြောင့် ကျမ်းစာပြောဆိုရာ​တွေကို စိတ်မဝင်စား​ဘူးလို့ ချက်ချင်း မငြင်း​လိုက်​ပါနဲ့။

ဥပမာ​အနေနဲ့ အောက်ပါ ကျမ်းစာ​ကြိုဟောချက်​တွေကို သုံးသပ်ကြည့်ပါ–

  • “လူ​တစ်မျိုး​နဲ့ တစ်မျိုး၊ တစ်နိုင်ငံ​နဲ့ တစ်နိုင်ငံ တိုက်ခိုက်​ကြ​လိမ့်မယ်။ အစာခေါင်းပါး​တာ၊ ငလျင်လှုပ်​တာ​တွေ တစ်​နေရာ​ပြီး တစ်​နေရာ ဖြစ်​လိမ့်မယ်။”​—⁠မဿဲ ၂၄:⁠၇

  • ‘နောက်ဆုံး​ကာလ​ဟာ အလွန် ခက်ခဲကျပ်တည်း​မယ်​ဆိုတာ သိထား​ပါ။ ဘာ​လို့လဲ​ဆိုတော့ လူတွေ​ဟာ ကိုယ့်ကိုယ်ကိုယ်​ပဲ ချစ်တဲ့​သူ၊ ငွေ​ကို​တပ်မက်​သူ၊ ဝါကြွားသူ၊ မောက်မာ​သူ၊ ဘုရား​ကို စော်ကားပြောဆို​သူ၊ မိဘ​စကား နားမထောင်​သူ၊ ကျေးဇူးကန်းသူ၊ သစ္စာ​မ​ရှိသူ၊ ချစ်ခင်တွယ်တာ​စိတ် မ​ရှိသူ၊ ညှိ​နှိုင်း​လို့​မရ​သူ၊ သွား​ပုပ်​လေလွင့်​ပြော​သူ၊ မချုပ်တည်း​နိုင်​သူ၊ ကြမ်းကြုတ်သူ၊ ကောင်းမြတ်​ရာကို မုန်းတီး​သူ၊ သစ္စာဖောက်​သူ၊ တ​ဇော​က်​ကန်း​နိုင်​သူ၊ မာနထောင်လွှား​သူ၊ ဘုရား​သခင်​ကို ချစ်​တာ​ထက် အပျော်အပါး​ကို ပို​နှစ်သက်သူ​တွေ ဖြစ်ကြ​လိမ့်မယ်။’​—⁠၂ တိမောသေ ၃:​၁-၄

အဲဒီ​ကြိုဟောချက်​တွေဟာ ထိန်း​မ​နိုင်​သိမ်း​မရ​ဖြစ်နေ​တဲ့ ကမ္ဘာ့အခြေအနေ​ကို ဖော်ပြနေတယ်။ ကမ္ဘာကြီး​ဟာ လူသားတွေ​အတွက် တကယ်ပဲ ထိန်း​မ​နိုင်​သိမ်း​မရ ဖြစ်နေပြီ။ ကမ္ဘာ့အခြေအနေ​တွေကို အပြီးသတ်​ဖြေရှင်း​နိုင်တဲ့ အစွမ်းတန်ခိုး​နဲ့ ဉာဏ်ပညာ လူတွေ​မှာ မရှိဘူးလို့ ကျမ်းစာ​ပြောတယ်။ အောက်ပါ​ကျမ်းချက်တွေ​မှာ ဒီလို ဖော်ပြတယ်–

  • “လူ့​အမြင်မှာ မှန်တယ်​ထင်​ရပေမဲ့ နောက်ဆုံး​မှာတော့ သေခြင်း​ဆီ ပို့ဆောင်ပေး​တဲ့ လမ်း​တစ်မျိုး​ရှိတယ်။” ​—⁠ပညာအလိမ္မာ ၁၄:⁠၁၂

  • “လူ​လူ​ချင်း အုပ်ချုပ်​တာဟာ ထိခိုက်နစ်နာ​စရာ​တွေပဲ ဖြစ်စေတယ်။”​—⁠ဒေသနာ ၈:⁠၉

  • ‘လူ​ဟာ ကိုယ့်​ခြေလှမ်း​ကို လမ်းညွှန်​ပိုင်ခွင့် မရှိ​ပါဘူး။’​—⁠ယေရမိ ၁၀:⁠၂၃

လူတွေ လုပ်ချင်​သလို​သာ လုပ်​နေမယ်​ဆိုရင် ကမ္ဘာကြီး ပျက်စီး​သွားဖို့​ပဲ​ရှိတယ်။ ဒါပေမဲ့ အဲဒီလို ပျက်စီးသွားမှာ မဟုတ်ဘူး။ ဘာကြောင့်လဲ။ ကျမ်းစာမှာ ဒီလို​ပြော​ထား​လို့ပဲ–

  • ဘုရား​သခင်​ဟာ “ကမ္ဘာမြေ​ကို အုတ်မြစ်​တွေ​ပေါ် တည်ဆောက်​တယ်။ သူ့​နေရာ​က​နေ ဘယ်တော့မှ ရွှေ့​လို့​ရမှာ မဟုတ်ဘူး။”​—⁠ဆာလံ ၁၀၄:⁠၅

  • “လူမျိုးတစ်ဆက် လွန်သွား​တယ်။ လူမျိုးတစ်ဆက် ပေါ်လာတယ်။ ကမ္ဘာမြေ​က​တော့ ထာဝစဉ်​တ​ည်​တယ်။” ​—⁠ဒေသနာ ၁:⁠၄

  • “ဖြောင့်မတ်သူ​တွေဟာ ကမ္ဘာမြေ​ကို ပိုင်ဆိုင်​ပြီး ထာဝစဉ် နေထိုင်​ရ​လိမ့်မယ်။”​—⁠ဆာလံ ၃၇:⁠၂၉

  • “ကောက်နှံ​တွေဟာ မြေ​ပေါ်မှာ တောင်​ပုံ​ရာ​ပုံ ရှိနေ​လိမ့်မယ်။ တောင်ပေါ်​မှာ ဖွေးဖွေးလှုပ်​နေ​လိမ့်မယ်။” ​—⁠ဆာလံ ၇၂:⁠၁၆

အဲဒီ​ကျမ်းချက်တွေ​ဟာ ရှင်းလင်း​တဲ့ အဖြေ​တွေ​ပါပဲ။ လေထုညစ်ညမ်းမှု၊ အစာရေစာ​ပြတ်လပ်မှု၊ ကမ္ဘာချီ ကပ်ရောဂါဘေး​တွေကြောင့် လူသားတွေ ပျက်​သု​ဉ်း​ပျောက်ကွယ်​သွား​မှာ မဟုတ်ဘူး။ ကမ္ဘာမြေဟာ နျူကလီးယား​လက်နက်​တွေကြောင့် မီးလောင်​ပြာ​ကျ​သွား​မှာ မဟုတ်ဘူး။ ဘာဖြစ်​လို့လဲ။ ဘုရား​သခင်​ဟာ ကမ္ဘာမြေ​ရဲ့ အခြေအနေကို ထိန်းချုပ်​ထား​လို့ပဲ။ လူတွေ​ကို လွတ်လပ်​စွာ​ရွေးချယ်ခွင့် ပေးထားတယ်။ ဒါပေမဲ့ သူတို့ရဲ့ ဆုံးဖြတ်ချက်​တွေအတွက် အကျိုးဆက်​ကိုတော့ ပြန်​ရိတ်သိမ်း​ရမယ်။ (ဂလာတိ ၆:⁠၇) ကမ္ဘာကြီး​ဟာ အရှိန်​ထိန်း​မ​ရလို့ ဇာတ်သိမ်း​မလှ ပျက်စီး​သွား​မယ့် ရထား​တစ်စင်း​နဲ့ မတူဘူး။ လူ​လူ​ချင်း ထိခိုက်နစ်နာ​အောင် လုပ်​နေတာကို အတိုင်းအတာ​တစ်ခု​အထိ​ပဲ ဘုရား​သခင် ခွင့်ပြု​မယ်။​—⁠ဆာလံ ၈၃:၁၈။ ဟီဘရူး ၄:⁠၁၃

ဘုရား​သခင်​ဟာ ဒီထက်မက လုပ်ဆောင်​ပေးမယ်၊ “များပြား​လှတဲ့ ငြိမ်သက်ခြင်း” ရှိစေ​မယ်။ (ဆာလံ ၃၇:၁၁) ဒီဆောင်းပါးမှာ ဖော်ပြထား​ရာတွေ​ဟာ တောက်ပ​တဲ့ အနာဂတ်​ရဲ့ အရိပ်အမြွက်​ပဲ ရှိပါ​သေးတယ်။ သန်းနဲ့ချီရှိတဲ့ ယေဟောဝါ​သက်သေ​တွေ​က အဲဒီ​အနာဂတ်​အကြောင်း ကျမ်းစာက​နေ သိထားကြတယ်။

ယေဟောဝါ​သက်သေ​တွေ​ဆိုတာ လူမျိုးပေါင်းစုံ၊ အသက်အရွယ်​အသီးသီး ပါဝင်တဲ့ ကမ္ဘာချီ​အဖွဲ့အစည်း​တစ်ခု​ပဲ။ သူတို့ဟာ ယေဟောဝါ​လို့ခေါ်တဲ့ တစ်ဆူတည်း​သော စစ်မှန်တဲ့​ဘုရား​ကို ကိုးကွယ်​ကြ​တယ်။ အနာဂတ်​ကိုလည်း တွေးပူ​မနေ​ကြဘူး။ ကျမ်းစာမှာ ဒီလို​ပြော​ထား​လို့ပဲ– “ယေဟောဝါဟာ မိုးကောင်းကင်​ကို ဖန်ဆင်း​တဲ့​အရှင်၊ စစ်မှန်တဲ့ ဘုရား​သခင်၊ ကမ္ဘာမြေ​ကို ပုံသွင်း​တဲ့​အရှင်၊ ကမ္ဘာမြေ​ကို အခိုင်အမာ​တ​ည်​တဲ့​အရှင်​ပဲ။ ကမ္ဘာမြေ​ကို အကြောင်းမဲ့ ဖန်ဆင်း​တာ မဟုတ်ဘဲ သတ္တဝါ​တွေ နေထိုင်​ဖို့ ဖန်ဆင်း​ခဲ့တဲ့​အရှင်​ပဲ။ ကိုယ်တော်​ပြောတာက ‘ငါ​ဟာ ယေဟောဝါ​ပဲ။ ငါ​ကလွဲလို့ တခြား​ဘုရား မရှိဘူး။’”​—⁠ဟေရှာယ ၄၅:⁠၁၈

ဒီဆောင်းပါးမှာ ကမ္ဘာမြေ​နဲ့ လူသားတွေ​ရဲ့ အနာဂတ်​အကြောင်း ကျမ်းစာ​သွန်သင်ရာ​ကို ရှင်းပြထားတယ်။ ပို​သိချင်ရင် ယေဟောဝါ​သက်သေ​တွေ ထုတ်ဝေတဲ့ လူမျိုး​အားလုံး​အတွက် သတင်းကောင်း စာစောင်​ရဲ့ အခန်း ၅ ကို ကြည့်ပါ။ www.pr418.com/mya မှာလည်း ကြည့်နိုင်တယ်။

www.pr418.com/mya မှာ ကမ္ဘာ​ကို ဘုရား​သခင် ဘာကြောင့် ဖန်ဆင်း​ခဲ့​တာလဲ ဆိုတဲ့ ဗီဒီယိုကို​လည်း ကြည့်နိုင်တယ်။ (စာအုပ်​စာပေများ > ဗီဒီယိုများ ခေါင်းစဉ်​အောက်မှာ ကြည့်ပါ)