ပျော်ရွှင်မှု ရစေတဲ့လမ်း
ရှာပုံတော်
ပျော်ရွှင်တဲ့သူလို့ ကိုယ့်ကိုယ်ကိုယ် ယူဆပါသလား။ ဘာက သင့်ကို ပျော်ရွှင်စေသလဲ။ မိသားစုလား၊ အလုပ်အကိုင်လား၊ ဘာသာရေးယုံကြည်ချက်လား။ ကျောင်းပြီးသွားရင်၊ အလုပ်ကောင်းကောင်း ရရင်၊ ကားသစ်တစ်စီး ဝယ်လိုက်ရင် ပျော်ရွှင်မယ် ထင်ပြီး ကြိုးစားနေတဲ့သူလား။
လူအများဟာ ပန်းတိုင်တစ်ခု ပြည့်မီတဲ့အခါ၊ လိုချင်တာ ရလိုက်တဲ့အခါ အတိုင်းအတာတစ်ခုအထိ ပျော်ရွှင်ကြပါတယ်။ အဲဒီပျော်ရွှင်မှု ဘယ်လောက် ခံသလဲ။ များသောအားဖြင့် ခဏပဲ ခံလို့ စိတ်ပျက်စရာ ဖြစ်နိုင်တယ်။
ပျော်ရွှင်မှုဆိုတာ အတော်အတန် တည်မြဲတဲ့ သုခချမ်းသာ၊ ကျေနပ်ခြင်းမှ အူလှိုက်သည်းလှိုက် ဝမ်းသာအားရဖြစ်တဲ့ ခံစားချက်၊ ဆက်ပျော်ရွှင်သွားချင်တဲ့ သဘာဝဆန္ဒ ဖြစ်တယ်။
သုခချမ်းသာ ဆက်လက်ခံစားနေခြင်းဖြစ်တဲ့ ပျော်ရွှင်မှုဆိုတာ ပန်းတိုင်တစ်ခု မဟုတ်ဘဲ ခရီးစဉ်တစ်ခုလို့ ဖော်ပြထားတယ်။ “. . . ဆိုရင် ငါပျော်မှာ” လို့ ပြောရင်တော့ ပျော်ရွှင်မှု မခံစားရသေးတာပဲ။
ပျော်ရွှင်ခြင်းကို ကျန်းမာခြင်းနဲ့ နှိုင်းယှဉ်ကြည့်ပါ။ ကျန်းမာအောင် ဘယ်လို နေထိုင်ရမလဲ။ အစားအသောက် ဆင်ခြင်ရတယ်။ လေ့ကျင့်ခန်း လုပ်ရတယ်။ သတိနဲ့ နေထိုင်သွားလာရတယ်။ အလားတူပဲ ပျော်ရွှင်မှုဆိုတာ အကျိုးရလဒ်တစ်ခုပါပဲ။ ကောင်းမွန်တဲ့ ဘဝလမ်းစဉ်၊ အခြေခံမူတွေအတိုင်း အသက်ရှင်နေထိုင်ခြင်းရဲ့ ရလဒ်ပါပဲ။
ဘယ်အခြေခံမူတွေ၊ အရည်အသွေးတွေက ပျော်ရွှင်မှု ရစေတဲ့လမ်းကို ဖော်ပြသလဲ။ တချို့အခြေခံမူတွေက ပိုအရေးကြီးပေမဲ့ အောက်ပါအချက်တွေက အဓိကကျတယ်–
-
ရောင့်ရဲခြင်းနဲ့ ရက်ရောခြင်း
-
ကျန်းမာကြံ့ခိုင်ခြင်း
-
ချစ်ခြင်းမေတ္တာ
-
ခွင့်လွှတ်ခြင်း
-
ဘဝရည်ရွယ်ချက် ရှိခြင်း
-
မျှော်လင့်ချက် ရှိခြင်း
ပညာရှိကျမ်းတစ်စောင်မှာ “အပြစ်ပြောစရာ မရှိအောင် အသက်ရှင်သူတွေဟာ ပျော်ရွှင်ချမ်းမြေ့တယ်” လို့ဖော်ပြထားတယ်။ (ဆာလံ ၁၁၉:၁) အဲဒါကို သုံးသပ်ကြည့်ရအောင်။