‘အဆုံးမရှိတဲ့ ငြိမ်သက်ခြင်း’ ကို
ဆောင်ကြဉ်းပေးမယ့် ကမ္ဘာ့အစိုးရ
ကုလသမဂ္ဂက “ကမ္ဘာသူကမ္ဘာသား” အယူအဆကို အားပေးနေတယ်။ အဲဒီမှာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို အားပေးခြင်း၊ လူ့အခွင့်အရေးကို လေးစားခြင်း၊ ကမ္ဘာမြေကို ကာကွယ်ခြင်းတို့ ပါဝင်တယ်။ ဘာကြောင့်လဲ။ “ရာသီဥတု ပြောင်းလဲမှု၊ ရာဇဝတ်မှု၊ မညီမျှမှု တိုးများခြင်း၊ ဖြေရှင်းမရတဲ့ ပဋိပက္ခများ၊ လူအစုလိုက် အပြုံလိုက် အိမ်ရာ စွန့်ခွာထွက်ပြေးမှု၊ ကမ္ဘာတစ်ဝန်း အကြမ်းဖက်မှု၊ ကူးစက်ရောဂါတို့က” နယ်စည်းမခြားတော့ဘူးလို့ ကုလသမဂ္ဂ ခရိုနီကယ် စာစောင်မှာ မဟာနေဆာက ပြောတယ်။
တချို့ဆိုရင် ကမ္ဘာသူကမ္ဘာသား အယူအဆကို ကျော်လွန်ပြီး ကမ္ဘာ့အစိုးရတစ်ခု တည်ထောင်ဖို့ အားပေးကြတယ်။ အားပေးတဲ့သူတွေထဲမှာ အီတလီ အတွေးအခေါ်ပညာရှင်၊ ကဗျာဆရာ နိုင်ငံ့ခေါင်းဆောင် ဒန်တေ (၁၂၆၅-၁၃၂၁) နဲ့ ရူပဗေဒပညာရှင် အဲလ်ဘတ် အိုင်းစတိုင်း (၁၈၇၉-၁၉၅၅) တို့ ပါဝင်တယ်။ နိုင်ငံရေးအရ ကွဲပြားနေတဲ့ ကမ္ဘာမှာ ငြိမ်းချမ်းရေး မတည်မြဲနိုင်ဘူးလို့ ဒန်တေ ယူဆတယ်။ “နိုင်ငံတစ်ခုမှာ ပြည်သူတွေ စိတ်ဝမ်းကွဲနေရင် အဲဒီနိုင်ငံ ပျက်စီးမှာပဲ” ဆိုတဲ့ ယေရှုခရစ်စကားကို ကိုးကားခဲ့တယ်။—လုကာ ၁၁:၁၇။
အဏုမြူဗုံး နှစ်လုံး အသုံးပြုခဲ့တဲ့ ဒုတိယ ကမ္ဘာစစ် ပြီးခါစမှာ အဲလ်ဘတ်အိုင်းစတိုင်းက ကုလသမဂ္ဂ အထွေထွေ ညီလာခံကို အိတ်ဖွင့်ပေးစာ ရေးခဲ့တယ်– “တကယ့် ကမ္ဘာ့အစိုးရအတွက် အုတ်မြစ်ချခြင်းအားဖြင့် အပြည်ပြည်ဆိုင်ရာ လုံခြုံမှုအတွက် အခြေအနေတွေကို ကုလသမဂ္ဂက အမြန်ဆုံး ဖန်တီးပေးရမယ်။”
ဒါပေမဲ့ အဲဒီလို အင်အားကြီးမားတဲ့ အစိုးရအဖွဲ့ဝင် နိုင်ငံရေးသမားတွေအနေနဲ့ အကျင့်ပျက် ခြစားမှု၊ စွမ်းဆောင်ရည် မပြည့်ဝမှု၊ ဖိနှိပ်မှုတို့ ကင်းလွတ်နိုင်ကြပါ့မလား။ တခြားအုပ်စိုးရှင်တွေလိုပဲ ညဉ်ဆိုးတွေ ရှိနေကြမှာလား။ ဒီမေးခွန်းတွေက ဗြိတိသျှ သမိုင်းပညာရှင် လော့ဒ်အက်တန်ရဲ့ စကားကို သတိရစေတယ်– “တန်ခိုးအာဏာက အကျင့်ပျက်စေတယ်။ အကြွင်းမဲ့ တန်ခိုးအာဏာက အကြွင်းမဲ့ အကျင့်ပျက်စေတယ်။”
လူ့မိသားစုမှာ စစ်မှန်တဲ့ သင့်မြတ်ညီညွတ်မှု ရှိဖို့ စည်းလုံးရမယ်။ ဘယ်လို စည်းလုံးနိုင်မလဲ။ လက်တွေ့ကျသလား။ ကျတယ်လို့ ကျမ်းစာမှာ ဆိုတယ်။ စည်းလုံးနိုင်ပါတယ်။ ဘယ်နည်းနဲ့လဲ။ အကျင့်ပျက်ခြစားတဲ့ နိုင်ငံရေးသမားတွေ ပါဝင်တဲ့ ကမ္ဘာ့အစိုးရအားဖြင့်တော့ မဟုတ်ဘူး။ ဘုရားသခင် တည်ထောင်တဲ့ အစိုးရအားဖြင့် ဖြစ်တယ်။ ဘုရားသခင့် အစိုးရက ဖန်ဆင်းရာတွေအပေါ် အုပ်ချုပ်ပိုင်ခွင့် ရှိကြောင်း ဖော်ပြပါမယ်။ အဲဒီအစိုးရက ဘာအစိုးရလဲ။ “ဘုရားသခင့်နိုင်ငံတော်” လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။—လုကာ ၄:၄၃။
“နိုင်ငံတော် လာပါစေ”
“နိုင်ငံတော် လာပါစေ။ အလိုတော်ဟာ . . . ကမ္ဘာမြေမှာလည်း ပြည့်စုံပါစေ” ဆိုတဲ့ စံပြဆုတောင်းချက်မှာ ဘုရားနိုင်ငံတော်ကို ယေရှုခရစ် ရည်ညွှန်းနေခြင်း ဖြစ်တယ်။ (မဿဲ ၆:၉၊ ၁၀) ဘုရားနိုင်ငံတော်က အာဏာရူး၊ တစ်ကိုယ်ကောင်းသမားတွေရဲ့ အလိုဆန္ဒကို ပြည့်စုံစေမှာ မဟုတ်ဘဲ ဘုရားအလိုတော်ကို ကမ္ဘာမြေမှာ ပြည့်စုံစေမှာဖြစ်တယ်။
ဘုရားနိုင်ငံတော်ကို “ကောင်းကင်နိုင်ငံ” လို့လည်း ခေါ်တယ်။ (မဿဲ ၅:၃) ဘာကြောင့်လဲ။ ကမ္ဘာမြေကို အုပ်ချုပ်တဲ့အခါ ကမ္ဘာပေါ်ကနေ မအုပ်ချုပ်ဘဲ ကောင်းကင်ကနေ အုပ်ချုပ်မှာ ဖြစ်တယ်။ ဘာဆိုလိုသလဲ စဉ်းစားကြည့်ပါ။ ဒီကမ္ဘာ့အစိုးရက ရုပ်ပစ္စည်း၊ ငွေကြေး ထောက်ပံ့မှုတွေ မလိုအပ်ဘူး။ လက်အောက်ခံတွေအတွက် စိတ်သက်သာစရာပါပဲ။
“နိုင်ငံတော်” ဆိုတဲ့ ဝေါဟာရအရ ဘုရားနိုင်ငံတော်ဟာ ဘုရင်အုပ်ချုပ်တဲ့ အစိုးရ ဖြစ်မှန်း သိရတယ်။ နိုင်ငံတော်ဘုရင်ကတော့ ဘုရားသခင်ဆီက အာဏာရရှိထားတဲ့ ယေရှုခရစ် ဖြစ်တယ်။ ယေရှုနဲ့ပတ်သက်ပြီး ကျမ်းစာမှာ ဒီလိုဖော်ပြထားတယ်-
-
“အုပ်ချုပ်ခွင့်အာဏာက သူ့ပခုံးပေါ် ကျရောက်လာမယ်။ . . . ငြိမ်သက်ခြင်းဟာ အဆုံးမရှိ တိုးများမယ်။”—ဟေရှာယ ၉:၆၊ ၇။
- “သူက အုပ်ချုပ်ခွင့်အာဏာ၊ ဂုဏ်ကျက်သရေနဲ့ နိုင်ငံတစ်ခုကို ရတယ်။ ဒါကြောင့် ဘာသာစကား အမျိုးမျိုးပြောတဲ့ လူမျိုးအပေါင်းဟာ သူ့ဆီမှာ အမှုထမ်းကြတယ်။ သူ့ရဲ့ အုပ်ချုပ်ခွင့်အာဏာဟာ မကွယ်ပျောက် . . . ဘူး။”—
-
“လောကနိုင်ငံဟာ ဘုရားသခင်ရဲ့ နိုင်ငံနဲ့ ခရစ်တော်ရဲ့ နိုင်ငံ ဖြစ်ပြီ။”—ဗျာဒိတ် ၁၁:၁၅။
ယေရှုရဲ့ စံပြဆုတောင်းချက် ပြည့်စုံစေဖို့ ဘုရားနိုင်ငံတော်က ကမ္ဘာပေါ်မှာ ဘုရားအလိုတော်ကို အပြည့်အဝ အကောင်အထည်ဖော်မယ်။ ဘုရားနိုင်ငံတော်မှာ ကမ္ဘာမြေ ပြန်ကျန်းမာလာပြီး သက်ရှိတွေ ပေါများလာအောင် လူသားအားလုံး ပြုစုစောင့်ရှောက်တတ်လာကြပါမယ်။
ဘုရားနိုင်ငံတော်မှာ လက်အောက်ခံတွေကို ပညာသင်ပေးပါမယ်။ စံနှုန်းတစ်မျိုးတည်းကို သွန်သင်ပေးမယ်။ သဘောထားကွဲလွဲမှု၊ စိတ်ဝမ်းကွဲမှုတို့ မရှိတော့ဘူး။ “သူတို့က . . . ဘာအန္တရာယ်မှ ပေးမှာ မဟုတ်ဘူး။ ဖျက်လိုဖျက်ဆီး လုပ်မှာ မဟုတ်ဘူး။ ပင်လယ်ဟာ ရေတွေနဲ့ ဖုံးလွှမ်းနေသလို ကမ္ဘာမြေဟာ ယေဟောဝါကို သိကျွမ်းခြင်းနဲ့ ပြည့်နေမှာ ဖြစ်လို့ပဲ” လို့ ဟေရှာယ ၁၁:၉ မှာ ဖော်ပြထားတယ်။
ကမ္ဘာသူကမ္ဘာသားတွေဟာ ကုလသမဂ္ဂ ဖြစ်စေချင်သလို ငြိမ်းချမ်းရေး မြတ်နိုးတဲ့ ကမ္ဘာသူကမ္ဘာသားတွေ တကယ် ဖြစ်လာကြမယ်။ “များပြားလှတဲ့ ငြိမ်သက်ခြင်းကြောင့် ပျော်ရွှင်ကြည်နူးရလိမ့်မယ်” လို့ ဆာလံ ၃၇:၁၁ မှာ ဆိုထားတယ်။ အချိန်တန်တဲ့အခါ “ရာဇဝတ်မှု၊” “ညစ်ညမ်းမှု၊” “ဆင်းရဲမွဲတေမှု၊” “စစ်မှု” ဆိုတဲ့ စကားလုံးတွေ ပျောက်ကွယ်သွားမယ်။ ဒါပေမဲ့ ဘယ်တော့ ဖြစ်လာမလဲ။ ဘုရားနိုင်ငံတော် ဘယ်တော့ အုပ်ချုပ်မလဲ။ ဘယ်လို အုပ်ချုပ်မလဲ။ ကျွန်တော်တို့ ဘယ်လို အကျိုးခံစားနိုင်မလဲ။ သုံးသပ်ကြည့်ရအောင်။