မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အပေါ်ယံ လက္ခဏာလောက်သာ မဟုတ်ဘဲ ဖြစ်ရတဲ့ အကြောင်းရင်းကိုလည်း ဖော်ထုတ်ရမယ်

ပြဿနာ​ရင်းမြစ်ကို သိ​နားလည်ဖို့

စိန်ခေါ်ချက်

စိန်ခေါ်ချက်

အနာဂတ် အေးချမ်း​လုံခြုံမှု ထိပါး​တဲ့ ပြဿနာတွေကို လူတွေ ဖြေရှင်း​နိုင်မယ်လို့ ထင်​ပါသလား။ ထိရောက်​စွာ ဖြေရှင်းဖို့ အပေါ်ယံ​လက္ခဏာ​လောက်​သာ မဟုတ်ဘဲ ပြဿနာ ဖြစ်ရတဲ့ အကြောင်းရင်းကို ဖော်ထုတ်​ရမယ်။

ဥပမာ၊ လူနာ​တွမ် ဖျားနာ​သေဆုံးသွားတယ်။ ဘာကြောင့် သေဆုံး​ရသလဲ။ “ကနဦး ရောဂါ​လက္ခဏာတွေ ပေါ်လာ​ချိန်မှာ အကြောင်းရင်း ရှာ​ဖို့ စိတ်​မ​ကူး​ကြဘူး” လို့ တွမ် မသေခင်​လေးမှာ ကြည့်​ပေးခဲ့တဲ့ ဆရာဝန်​က ပြောတယ်။ တွမ်​ကို အရင်​ကြည့်​ပေးခဲ့သူ​တွေ​က ဝေဒနာ သက်သာ​စေတဲ့​ဆေး​ပဲ ပေး​ကြတယ်။

ကမ္ဘာ့​ပြဿနာတွေကိုလည်း လူတွေ အလားတူ ဖြေရှင်း​နေကြ​သလား။ ဥပမာ၊ ရာဇဝတ်မှု တိုက်ဖျက်ရေး​အတွက် ဥပဒေ​တွေ ထုတ်ပြန်​ကြတယ်။ စောင့်ကြည့်​ကင်မရာ​တွေ တပ်ဆင်​ကြတယ်။ ရဲတပ်ဖွဲ့​အင်အား​တွေ ဖြည့်ဆည်း​ကြတယ်။ ဒီ​နည်း​တွေဟာ အတိုင်းအတာ​တစ်ခု​အထိ ထိရောက်​ပေမဲ့ ဖြစ်ရတဲ့ အကြောင်းရင်း​တွေကို မဖြေရှင်း​ပေး​ဘူး။ တကယ်တော့ လူတွေရဲ့ အ​ပြု​အမူ​က လူ့​သဘောထား၊ ယုံကြည်ချက်​နဲ့ အလိုဆန္ဒ​တို့ကို ဖော်ပြလေ့​ရှိတယ်။

စီးပွားရေး ကျဆင်း​နေတဲ့ တောင်အမေရိက နိုင်ငံ​တစ်နိုင်ငံ​က ဒေနီယယ် ဒီလို​ပြောတယ်– “အရင်တုန်းက သာမန်​ဘဝနဲ့ နေကြ​တယ်။ ဓားပြ​ရန် မကြောက်​ရ​ဘူး။ အခုတော့ အေးအေးချမ်းချမ်း​ရှိတဲ့ မြို့​ရယ်၊ ရွာ​ရယ်​လို့ မရှိတော့ဘူး။ စီးပွားရေး ကျဆင်း​မှု​က လောဘ​ကြီး​ခြင်း၊ သူတစ်ပါး အသက်အိုးအိမ်​စည်းစိမ်​ကို လေးစားမှု​မဲ့​ခြင်း​ဆိုတဲ့ လူအများ​ရဲ့ သဘောထားကို ဖော်ပြတယ်။”

အိ​လိ​ယ​ပ်စ်​ဟာ အရှေ့အလယ်ပိုင်း ပဋိပက္ခ​ကြောင့် ထွက်ပြေး​ရပြီး နောက်ပိုင်းမှာ ကျမ်းစာ လေ့လာ​ခဲ့​တယ်။ “ကျွန်တော့်​ဇာတိ​မြို့​က လူငယ်တွေဟာ မိသားစုဝင်​တွေ၊ နိုင်ငံရေး-ဘာသာရေး စနစ်​တွေ​ကြောင့် စစ်​ထဲ ဝင်​ဖို့၊ သူရဲကောင်း​တွေ​အဖြစ် သတ်မှတ်​ခံရဖို့ ဖိအားပေး​ခံရကြ​တယ်။ ဆန့်ကျင်ဘက်​အဖွဲ့က လူတွေလည်း အလားတူပဲ။ ဒါတွေကြောင့် လူ့​အုပ်စိုးရှင်​တွေကို ယုံကြည်ဖို့ သိပ်​ခက်​လာတယ်။”

ရှေးကျ​တဲ့ ပညာရှိ ကျမ်းဂန်​မှာ ဒီလို​ဖော်ပြ​ထားတယ်–

  • “လူတွေဟာ ငယ်ငယ်​ကတည်းက စိတ်​အကြံအစည် ဆိုးညစ်​ကြတယ်။”—ကမ္ဘာဦး ၈:၂၁

  • “စိတ်နှလုံးဟာ အရာအားလုံး​ထက် စဉ်းလဲတယ်။ ထင်ရာစိုင်း​တတ်တယ်။ စိတ်​ရဲ့​သဘော​ကို ဘယ်သူ သိနိုင်​သလဲ။”—ယေရမိ ၁၇:၉

  • ‘မကောင်း​ကြံစည်​တာ၊ လူ့​အသက်​သတ်​တာ၊ လိင်​အကျင့်​ယိုယွင်း​တာ၊ ခိုးတာ၊ မဟုတ်မမှန် သက်သေထွက်ဆို​တာ​တွေဟာ စိတ်နှလုံး​ထဲ​က ထွက်လာ​တာ​တွေ​ပေါ့။’—မဿဲ ၁၅:၁၉

ကျွန်တော်တို့​ရင်ထဲမှာ ကိန်းအောင်း​နေတဲ့ ဉာဉ်ဆိုး​တွေ​အတွက် ကုစား​နည်းကို လူတွေ ရှာမတွေ့​နိုင်ကြ​သေး​ဘူး။ အဲဒီ​ဉာဉ်ဆိုး​တွေဟာ ဆိုး​သည်ထက်​ဆိုး​လာ​နေတယ်။ ရှေ့​ဆောင်းပါး​မှာ ဖော်ပြတဲ့ ပြဿနာတွေကို ကြည့်ရင် သိ​နိုင်ပါတယ်။ (၂ တိမောသေ ၃:၁-၅) ဒီနေ့​ သတင်း​အချက်အလက်​များစွာ ရ​နိုင်ပြီ။ ဆက်သွယ်ရေး နည်း​စနစ်​တွေ​လည်း မကြုံစဖူး တိုးများလာ​နေပြီ။ ဒါဆိုရင် ကမ္ဘာကြီး အေးချမ်း​လုံခြုံ​အောင် ဘာကြောင့် မစွမ်းဆောင်​နိုင်ကြ​မှာ​လဲ။ မတတ်​နိုင်တာကို တောင်းဆို​နေကြတာ​လား။ မဖြစ်နိုင်တာကို ကြိုးပမ်း​လုပ်ဆောင်နေ​ကြသလား။

မဖြစ်နိုင်တာကို ကြိုးပမ်း​လုပ်ဆောင်နေ​ကြသလား

လူ့ဉာဉ်ဆိုး​တွေကို ပြောင်းလဲ​နိုင်တဲ့​နည်း ရှိရင်တောင် ကမ္ဘာကြီး ဘေးကင်းလုံခြုံ​အောင်​တော့ မစွမ်းဆောင်​နိုင်ကြ​သေး​ဘူး။ ဘာကြောင့်လဲ။ လူတွေရဲ့ အကန့်အသတ်​ဖြစ်မှု​ကြောင့်ပါပဲ။

ရိုးရှင်းတဲ့ အမှန်တရားက​တော့ ‘လူဟာ ကိုယ့်​ခြေလှမ်း​ကို​ လမ်းညွှန်​ပိုင်ခွင့် မရှိဘူး။’ (ယေရမိ ၁၀:၂၃) ကိုယ့်ကိုယ်ကိုယ်​ အုပ်ချုပ်​ဖို့ ဖန်ဆင်း​မခံရကြဘူး။ လူ​လူ​ချင်း အုပ်ချုပ်​ဖို့ ဖန်ဆင်း​မခံရသလို ရေအောက်မှာ​ဖြစ်စေ၊ အာကာသမှာ​ဖြစ်စေ နေထိုင်ဖို့​လည်း ဖန်ဆင်း​မခံရ​ဘူး။

ရေအောက်မှာ နေထိုင်ဖို့ ဖန်ဆင်းမခံရသလို လူလူချင်း အုပ်ချုပ်ဖို့လည်း ဖန်ဆင်းမခံရဘူး

စဉ်းစား​သုံးသပ်ကြည့်​ပါ။ ဘယ်လို နေထိုင်​ရမယ်၊ ဘယ်​ကျင့်ဝတ်​စံနှုန်းတွေကို လိုက်နာ​ရမယ်ဆိုပြီး လူ​လူ​ချင်း ပြောတာကို နှစ်သက်​ကြသလား။ ကိုယ်ဝန်ဖျက်​ချမှု၊ သေဒဏ်​စ​တာတွေကို ဘယ်လို ရှုမြင်​ရမယ်၊ သားသမီးတွေကို ဘယ်လို ဆုံးမ​သွန်သင်​ရမယ်ဆိုပြီး အမိန့်ပေး​တာ​ကို ကြိုက်​ကြသလား။ ဒါတွေဟာ လူတွေကို စိတ်ဝမ်းကွဲ​စေတဲ့ ကိစ္စ​တချို့​ပဲ ရှိသေးတယ်။ ကျမ်းစာ​အဆို​တွေ​ကတော့ လက်ခံ​ဖို့ ခက်နိုင်​ပေမဲ့ လက်တွေ့ကျတယ်။ လူ​လူ​ချင်း အုပ်ချုပ်နိုင်စွမ်း မရှိ​သလို အုပ်ချုပ်ပိုင်ခွင့်​လည်း မရှိကြဘူး။ ဒါဆိုရင် အကူအညီ ဘယ်က ရနိုင်​မလဲ။

လက်တွေ့​အ​ကျဆုံး အဖြေကတော့ ကျွန်တော်တို့​အားလုံးကို ဖန်ဆင်း​ထားတဲ့ ဖန်ဆင်းရှင်ရဲ့ အကူအညီ ရယူဖို့​ပါပဲ။ လူတချို့ ထင်သလို ကျွန်တော်တို့ကို ဘုရားသခင် မမေ့​ပါဘူး။ ကျွန်တော်တို့ကို ဂရုစိုက်​ကြောင်း ရှေးကျ​တဲ့ ပညာရှိ​ကျမ်းစာမှာ တွေ့ရတယ်။ အဲဒီ​ကျမ်းစာကို သိ​နားလည်​လာတဲ့အခါ ကိုယ့်ကိုယ်ကိုယ်​လည်း ပိုနားလည်​လာကြတယ်။ ဝမ်းနည်းဖွယ် လူ့​သမိုင်း​ကို သဘောပေါက်လာ​နိုင်တယ်။ ဒါကြောင့် “လူတွေ၊ အစိုးရ​တွေ​က သမိုင်း​ကနေ ဘာသင်ခန်းစာ​မှ မသင်ယူ​ကြ​လို့ အကျင့်​လည်း မ​ပြောင်း​ကြဘူး” လို့ ဂျာမန် အတွေးအခေါ်​ပညာရှင် ပြောခဲ့တာကို နားလည်​နိုင်တယ်။

ကျမ်းစာ​ဉာဏ်ပညာက ကာကွယ်ပေး

“ဉာဏ်ပညာဟာ ဖြောင့်မတ်တယ်​ဆိုတာကို လုပ်ရပ်တွေ​နဲ့ သက်သေ​ပြ​လိမ့်မယ်” လို့ ယေရှု ပြောခဲ့ဖူး​တယ်။ (လုကာ ၇:၃၅) အဲဒီ​ပညာရှိ​စကားကို ဟေရှာယ ၂:၂၂ မှာလည်း တွေ့ရတယ်– “လူကို ယုံကြည်​ကိုးစား​မနေ​နဲ့​တော့။” ဒီ​ကောင်းမွန်​တဲ့ အ​ကြုံ​ပြုချက်​က မှားယွင်းတဲ့၊ လက်တွေ့​မကျတဲ့ မျှော်လင့်ချက်တွေ မဖြစ်​ပေါ်အောင် ကာကွယ်​ပေး​နိုင်တယ်။ အကြမ်းဖက်မှု ပြည့်နှက်​နေတဲ့ မြောက်​အမေရိက မြို့ကြီး​တစ်မြို့​က ကဲ​နက် ဒီလို​ပြောတယ်– “ပို​ကောင်း​အောင် လုပ်မယ်​လို့ နိုင်ငံရေးသမား တစ်ယောက်​ပြီး တစ်ယောက် ကတိပေး​ကြတယ်။ ဒါပေမဲ့ မ​လုပ်ပေး​နိုင်ကြဘူး။ ဒါက ကျမ်းစာရဲ့ ပညာရှိ​စကား မှန်ကန်ကြောင်း သတိ​ရစေတယ်။”

အစပိုင်းမှာ ဖော်ပြခဲ့တဲ့ ဒေနီယယ် ဒီလို​ရေးတယ်– “လူတွေ ကောင်းကောင်း မ​အုပ်ချုပ်​နိုင်မှန်း တစ်နေ့​ပြီး တစ်နေ့ ပို​သိလာတယ်။ . . . ဘဏ်​စာရင်း၊ ပင်စင်​တို့​က ရှေ့ရေး​အတွက် အာမခံချက် မဟုတ်ဘူး။ အဲဒီ​အာမခံချက်​တွေကို စိတ်ချ​လို့ စိတ်​အပျက်​ကြီး​ပျက်​သွားတဲ့​သူတွေကို မြင်ဖူးတယ်။”

လက်တွေ့​မကျတဲ့ မျှော်လင့်ချက်တွေ မဖြစ်​ပေါ်အောင် ကျမ်းစာက ကာကွယ်ပေး​သလို လက်တွေ့ကျတဲ့ မျှော်လင့်ချက်ကို ဖော်ပြ​ပေး​ကြောင်း​လည်း တွေ့ရ​ပါ​မယ်။