မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရား​နိုင်ငံတော်မှာ “ငြိမ်သက်ခြင်း တိုးများ” စေဖို့

စိန်ခေါ်ချက်ကို အောင်မြင်ကျော်လွှားနိုင်ပုံ

စိန်ခေါ်ချက်ကို အောင်မြင်ကျော်လွှားနိုင်ပုံ

ကြာရှည်​စွာ စောင့်​လာခဲ့တဲ့ ဘုရား​နိုင်ငံတော် (ဘုရားသခင် တည်ထောင်​တဲ့ ကမ္ဘာ့​အစိုးရ) က ကမ္ဘာပေါ်မှာ သင့်မြတ်​ညီညွတ်မှု ဆောင်ကြဉ်း​ပေးပါတော့မယ်။ ဆာလံ ၇၂:၇ မှာ ကတိပြု​ထားတဲ့​အတိုင်း “ငြိမ်သက်ခြင်း တိုးများ​လိမ့်မယ်။” ဒါပေမဲ့ ဘုရား​နိုင်ငံတော် ဘယ်တော့ အုပ်ချုပ်​မလဲ။ ဘယ်လို အုပ်ချုပ်​မလဲ။ ကျွန်တော်တို့ ဘယ်လို အကျိုး​ခံစားနိုင်​မလဲ။

ဘုရား​နိုင်ငံတော် ဘယ်တော့ လာမလဲ

ဘုရား​နိုင်ငံတော် လာတော့​မယ်​ဆိုတာကို ဖော်ပြတဲ့ ထူးခြားတဲ့​ဖြစ်ရပ်​တွေ​အကြောင်း ကျမ်းစာမှာ ကြို​ဖော်ပြ​ထားတယ်။ အဲဒီ​ဖြစ်ရပ်တွေ​မှာ နိုင်ငံတကာ စစ်မှု၊ ငတ်မွတ်မှု၊ ရောဂါ၊ မြေငလျင်၊ ရာဇဝတ်မှု​တို့ ပါဝင်တဲ့ စုပေါင်း “နိမိတ်” ပါတယ်။—မဿဲ ၂၄:၃၊ ၇၊ ၁၂။ လုကာ ၂၁:၁၁။ ဗျာဒိတ် ၆:၂-၈

“နောက်ဆုံး ကာလဟာ အလွန် ခက်ခဲ​ကျပ်တည်းမယ်​ဆိုတာ သိထား​ပါ။ ဘာလို့လဲ​ဆိုတော့ လူတွေဟာ ကိုယ့်ကိုယ်ကိုယ်​ပဲ ချစ်တဲ့​သူ၊ ငွေကို​တပ်မက်သူ၊ . . . မိဘ​စကား နားမထောင်​သူ၊ ကျေးဇူးကန်းသူ၊ သစ္စာ​မရှိသူ၊ ချစ်ခင်​တွယ်တာ​စိတ် မရှိသူ၊ ညှိနှိုင်းလို့​မရ​သူ၊ သွားပုပ်လေလွင့်​ပြောသူ၊ မချုပ်တည်း​နိုင်​သူ၊ ကြမ်းကြုတ်သူ၊ ကောင်းမြတ်ရာကို မုန်းတီး​သူ၊ . . . မာန​ထောင်လွှား​သူ၊ ဘုရားသခင်ကို မချစ်​ဘဲ အပျော်အပါး​ကို​သာ နှစ်သက်သူ . . . ဖြစ်ကြလိမ့်မယ်” လို့​လည်း ကြိုပြောထားတယ်။ (၂ တိမောသေ ၃:၁-၅) အရင်က အဲဒီလို​စရိုက်တွေကို အတိုင်းအတာ​တစ်ခု​အထိပဲ မြင်ရတယ်။ အခုတော့ နေရာတိုင်းမှာ တွေ့မြင်​နေ​ရပြီ။

အထက်ပါ ပရောဖက်ပြုချက်​တွေဟာ ၁၉၁၄ ခုနှစ်မှာ စတင်​ပြည့်စုံခဲ့တယ်။ အဲဒီ​နှစ်​နောက်ပိုင်း ကမ္ဘာကြီး ပြောင်းလဲသွား​ပုံ​အကြောင်း သမိုင်း​ဆရာတွေ၊ နိုင်​ငံ့​ခေါင်းဆောင်​တွေ၊ စာရေး​ဆရာတွေ ဖော်ပြ​ကြတယ်။ ဥပမာ၊ ဒိန်း​မတ် သမိုင်း​ဆရာ ပီတာ​မွန့် ဒီလို​ရေးတယ်– “၁၉၁၄ ခုနှစ်မှာ ဖြစ်ပွားတဲ့​စစ်​ဟာ လူ့​သမိုင်း​ရဲ့ အလှည့်အပြောင်း​ကြီး ဖြစ်ခဲ့တယ်။ ထွန်းတောက်​တဲ့ ခေတ်​ဆန်း​ချိန်​ကနေ . . . သဘာဝဘေး၊ ထိတ်လန့်​မှု၊ မုန်းတီးမှု​အပြင် နေရာတိုင်း မ​လုံခြုံမှု​အတိ​ဖြစ်တဲ့ ခေတ်​အတွင်း ကျွန်တော်တို့ ဝင်ရောက်​ခဲ့​လေ​ပြီ။”

အကောင်း​ဘက်က​ကြည့်ရင် အဲဒီ​အခြေအနေ​တွေဟာ မုန်တိုင်း​ပြီးရင် လေပြေ​လာမယ့် သဘောပါပဲ။ ကမ္ဘာ​တစ်ခုလုံးကို ဘုရား​နိုင်ငံတော် အုပ်ချုပ်​တော့​မယ်​ဆိုတာ ဖော်ပြတယ်။ အဆုံး​နီးပြီ​ဆိုတဲ့ နိမိတ်​မှာ ဒီ​အပြုသဘော​ပါတဲ့ အကြောင်းအရာကို ယေရှု ထည့်​ပြောခဲ့တယ်– “လူမျိုး​အားလုံး​အတွက် သက်သေဖြစ်စေဖို့ နိုင်ငံတော်​သတင်းကောင်းကို လူ​နေထိုင်​ရာ မြေတစ်ခွင်လုံးမှာ ဟောပြော​ရလိမ့်မယ်။ ပြီးမှ အဆုံး ရောက်လာ​လိမ့်မယ်။”—မဿဲ ၂၄:၁၄

အဲဒီ​သတင်းကောင်း​ဟာ ယေဟောဝါသက်သေတွေရဲ့ အဓိက သတင်း​စကားပါပဲ။ သူတို့ အဓိက ထုတ်ဝေတဲ့​ဂျာနယ်​ကို ကင်းမျှော်စင်၊ ယေဟောဝါ၏​နိုင်ငံတော်ကို ကြေညာခြင်း​လို့ ခေါ်တယ်။ ကင်းမျှော်စင်မှာ ကမ္ဘာမြေ​နဲ့ လူသားတွေ​အတွက် ဘုရား​နိုင်ငံတော် လုပ်ဆောင်ပေး​မယ့် အံ့ဖွယ်ရာတွေ​အကြောင်းကို မှန်မှန် ဆွေးနွေး​ဖော်ပြတယ်။

ဘုရား​နိုင်ငံတော် ဘယ်တော့ အုပ်ချုပ်​မလဲ

အဖြေ​မှာ အရေးကြီးတဲ့ အောက်ပါ​အချက်လေး​ချက် ပါဝင်တယ်–

  1. ၁။ ဘုရား​နိုင်ငံတော်မှာ လက်ရှိ ကမ္ဘာ့​နိုင်ငံရေး ခေါင်းဆောင်​တွေ ပါဝင်​မှာ မဟုတ်ဘူး။

  2. ၂။ အာဏာမက်​တဲ့ ကမ္ဘာ့​နိုင်ငံရေး ခေါင်းဆောင်​တွေ​က ဘုရား​နိုင်ငံတော် အုပ်ချုပ်မှုကို မိုက်မဲ​စွာ ဆန့်ကျင်​ကြမယ်။—ဆာလံ ၂:၂-၉

  3. ၃။ လူ​လူ​ချင်း ဖိနှိပ်​ချင်​နေတဲ့ နိုင်ငံတွေ​ကို ဘုရား​နိုင်ငံတော်​က​ ဖျက်ဆီး​ပစ်ရ​ပါ​မယ်။ (ဒံယေလ ၂:၄၄။ ဗျာဒိတ် ၁၉:၁၇-၂၁) နောက်ဆုံး တိုက်ပွဲကို အာမဂေဒုန်​လို့ ခေါ်တယ်။—ဗျာဒိတ် ၁၆:၁၄၊ ၁၆

  4. ၄။ ဘုရား​နိုင်ငံတော်ကို လက်အောက်ခံ​ချင်​သူ​အားလုံး အာမဂေဒုန်​ကို ကပ်ကျော်​ကာ ငြိမ်းချမ်း​တဲ့ ကမ္ဘာသစ်​ထဲ ဝင်ရောက်​ကြမယ်။ သူတို့ကို ကျမ်းစာမှာ အရေအတွက် သန်း​ချီတဲ့ “လူအုပ်ကြီး” လို့ ခေါ်ထားတယ်။—ဗျာဒိတ် ၇:၉၊ ၁၀၊ ၁၃၊ ၁၄

ဘုရား​နိုင်ငံတော်​ကနေ ကျွန်တော်တို့ ဘယ်လို အကျိုး​ခံစားနိုင်​သလဲ

ဘုရား​နိုင်ငံတော် လက်အောက်ခံ ဖြစ်လာဖို့ ပထမ​ခြေလှမ်း​က ပညာရေးပါပဲ။ ဘုရားသခင်​ဆီ ယေရှု ဒီလို​ဆုတောင်းခဲ့တယ်– “ထာဝရ​အသက် ရနိုင်ဖို့​ဆိုရင် တစ်ဆူတည်းသော စစ်မှန်တဲ့​ဘုရားသခင် အဖ​ကို​ရော အဖ စေလွှတ်​လိုက်တဲ့ ယေရှုခရစ်ကိုပါ သိကျွမ်း​ကြရမယ်။”—ယောဟန် ၁၇:၃

ယေဟောဝါ​ဘုရားကို ပုဂ္ဂိုလ်​တစ်ပါး​အဖြစ် သိကျွမ်း​လာပြီ​ဆိုရင် နည်းအမျိုးမျိုးနဲ့ အကျိုး​ခံစား​ရတယ်။ နည်း​နှစ်နည်း​ကိုပဲ သုံးသပ်​ကြည့်​ပါ– ပထမ၊ ဘုရားသခင်​အပေါ် ယုံကြည်ခြင်း ခိုင်မာ​လာတယ်။ အထောက်အထား​အပေါ် အခြေခံ​တဲ့ အဲဒီ​ယုံကြည်ခြင်းက ဘုရား​နိုင်ငံ​တော် အမှန်တကယ် ရှိတယ်၊ အုပ်ချုပ်​တော့​မယ်​ဆိုတာ စိတ်ချ​စေတယ်။ (ဟီဘရူး ၁၁:၁) ဒုတိယ၊ ဘုရားသခင်နဲ့ လူလူချင်းကို ပိုချစ်​လာတယ်။ ဘုရားသခင်ကို ချစ်တဲ့​စိတ်​က ဘုရားသခင်ကို လိုလို​လားလား နာခံ​စေတယ်။ လူလူချင်းကို ချစ်တဲ့​စိတ်​က ရွှေပညတ်​လို့ ခေါ်တဲ့ ယေရှုရဲ့ စကားတွေကို လိုက်နာ​ကျင့်သုံး​စေတယ်– “ကိုယ့်ကို ပြုမူ​ဆက်ဆံ​စေချင်တဲ့​အတိုင်း သူတစ်ပါး​ကို ပြုမူ​ဆက်ဆံပါ။”—လုကာ ၆:၃၁

ဖန်ဆင်းရှင်ဟာ မေတ္တာ​ပြည့်ဝတဲ့ ဖခင်​လို​ပဲ ကျွန်တော်တို့​အတွက် အကောင်းဆုံး​အကျိုးကို လိုလားတယ်။ ကျမ်းစာ​အခေါ် “စစ်မှန်တဲ့​အသက်” ကို မွေ့လျော်​ခံစား​စေချင်တယ်။ (၁ တိမောသေ ၆:၁၉) လက်ရှိ​အသက်ဟာ “စစ်မှန်တဲ့​အသက်” မဟုတ်ဘူး။ လူများစွာဟာ ခက်ခက်ခဲခဲ ရုန်းကန်​ပြီး အသက်ဆက်​နေရ​တယ်။ “စစ်မှန်တဲ့​အသက်” ကို သဘောပေါက်​ဖို့ ဘုရား​နိုင်ငံတော် လုပ်ဆောင်ပေး​မယ့် အံ့ဖွယ်ရာ​တချို့ကို သုံးသပ်ကြည့်​ပါ။

ဘုရားနိုင်ငံတော် အုပ်ချုပ်တဲ့အခါ လူတွေ ဘေးကင်းလုံခြုံကြမယ်၊ အစာရေစာ ပေါများမယ်