မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စိန်ခေါ်ချက်​ကို ရင်ဆိုင်​ကြ

ရီကာဒိုနဲ့ အန်ဒရေတို့အကြောင်း

ရီကာဒိုနဲ့ အန်ဒရေတို့အကြောင်း

ကျမ်းစာ​အခြေခံ​တဲ့ ပညာရေး​မှာ ဘဝကို တိုးတက်​ကောင်းမွန်စေ​ နိုင်တဲ့ အံ့ဖွယ်​အစွမ်း ရှိတယ်။ ရီ​ကာ​ဒို​နဲ့ အန်ဒရေ​တို့အကြောင်း သုံးသပ်ကြည့်​ပါ။

ရီ​ကာ​ဒို။ အတု​မြင် အတတ်​သင်​တတ်တဲ့​အရွယ် အသက် ၁၅ နှစ်မှာ လူဆိုးဂိုဏ်း​တစ်ခု​ထဲ ဝင်​လိုက်တယ်။ သူငယ်ချင်း​သစ်​တွေ​က ကျွန်တော့်​အပေါ် အတော်​ဩဇာ​လွှမ်း​ကြတယ်။ ဒါကြောင့် ထောင်​ထဲမှာ ဆယ်နှစ်​နေဖို့ ပန်းတိုင်​ထားတယ်။ အတော်​မိုက်မဲတယ်လို့ ထင်​စ​ရာ​ပဲ။ ဒါပေမဲ့ ကျွန်တော်တို့​အသိုင်းအဝိုင်းမှာ ထောင်​ထွက်​တွေကို အထင်ကြီး​လေးစား​ကြတယ်။ ဒါကြောင့် ကျွန်တော်လည်း သူတို့​လို ဖြစ်ချင်​တယ်။

လူဆိုးဂိုဏ်း​သား​ဘဝမှာ မူးယစ်​ဆေးဝါး၊ လိင်မှု​ကိစ္စ၊ အကြမ်းဖက်မှု အပါအဝင် အစုံ​လုပ်ခဲ့တယ်။ တစ်ည ပစ်ခတ်မှု​မှာ ပါဝင်ခဲ့တယ်။ သေတော့​မယ် ထင်ပေမဲ့ လွတ်သွား​တယ်။ နောက်ပိုင်းမှာ ကျွန်တော့်​ဘဝနဲ့ ပန်းတိုင်တွေကို လေးလေးနက်နက် စဉ်းစား​ကြည့်​လာတယ်။ ပြောင်းလဲဖို့ ဆုံးဖြတ်​လိုက်တယ်။ ဘယ်လို ပြောင်းလဲ​ရမလဲ။ အကူအညီ ဘယ်က ရနိုင်မလဲ။

ကျွန်တော့်​ဆွေမျိုးသားချင်း​အများစုက မပျော်ရွှင်​ကြဘူး။ ပြဿနာ​တွေ​ချည်း​ပဲ။ ဒါပေမဲ့ ဦးလေး​တစ်ယောက်ရဲ့ မိသားစုကတော့ အများ​နဲ့ မတူဘူး။ လူကောင်း​တွေ ဖြစ်မှန်း၊ ကျမ်းစာ​အခြေခံ​မူတွေ​အတိုင်း နေထိုင်​ကြ​မှန်း ကျွန်တော် သိတယ်။ တကယ်တော့ ဘုရား​နာမည် ယေဟောဝါ​ဆိုတာ သူတို့​ပြောပြလို့ သိလာတယ်။ အဲဒီ ပစ်ခတ်မှု​အပြီး မကြာခင်မှာ​ ယေဟော​ဝါကို နာမည်​နဲ့ ခေါ်ပြီး ကူညီ​ပေးဖို့ ဆုတောင်းခဲ့တယ်။ နောက်​တစ်နေ့မှာ​ပဲ ယေဟောဝါ​သက်သေတစ်ယောက် ကျွန်တော့်​အိမ်တံခါး လာ​ခေါက်​လို့ အံ့ဩ​သွားရတယ်။ သူက ကျွန်တော့်ကို ကျမ်းစာ သင်ပေးတယ်။

မကြာ​ပါဘူး၊ စိန်ခေါ်ချက်​ကြီး​တစ်ခု ရင်ဆိုင်​ရတယ်။ မိတ်ဟောင်းဆွေဟောင်း​တွေ​က သူတို့ဆီ လာဖို့ မကြာမကြာ ဖုန်းဆက်​ခေါ်တယ်။ မလွယ်ပေမဲ့ ကျွန်တော် ငြင်းဆန်​နိုင်ခဲ့တယ်။ ကျမ်းစာ ဆက်​လေ့လာဖို့ ဆုံးဖြတ်​ထားတယ်။ ဆက်​လေ့လာ​လို့ ဝမ်းသာ​ရတယ်။ ကျွန်တော့်​ဘဝလည်း သိသိ​သာသာ တိုးတက်​လာတယ်။ စစ်မှန်တဲ့ ပျော်ရွှင်မှု ရရှိခဲ့တယ်။

လူဆိုးဂိုဏ်း​သားတစ်ယောက်​အဖြစ် လေးစား​ခံရဖို့ ထောင်​ဆယ်နှစ် နေချင်​ခဲ့​ဖူး​တဲ့​အကြောင်း ဘုရားသခင်​ဆီ ဆုတောင်း​ပြောပြတာကို သတိရ​မိတယ်။ ကျွန်တော့်ကို ကူညီပေး​သလို တခြား​သူတွေကို ကူညီ​ပေးနိုင်​ဖို့ အချိန်ပြည့်​အမှုဆောင်​တစ်ဦး​အဖြစ် အနည်းဆုံး ဆယ်နှစ် ထမ်းဆောင်​ခွင့် ပြုပါ​လို့ ဆုတောင်းတယ်။ ကျွန်တော့်​ဆုတောင်းချက်ကို ဘုရားသခင် အဖြေ​ပေးခဲ့တယ်။ အခု​ဆိုရင် အချိန်ပြည့် အမှုဆောင်​နေတာ ၁၇ နှစ် ရှိ​ပါပြီ။ ထောင်​တော့ မကျ​ခဲ့ဖူးဘူး။

မိတ်ဟောင်းဆွေဟောင်း​တွေ​ကတော့ နှစ်​ရှည်​ထောင်ဒဏ် ကျနေ​ကြတယ်။ တချို့ သေကုန်​ကြပြီ။ သက်သေခံ​ဆွေမျိုးတွေကို ကျေးဇူးတင်လို့ မဆုံး​ဘူး။ သူတို့ဟာ အများ​နဲ့​မတူ ကျမ်းစာ​အတိုင်း နေထိုင်​ချင်ကြ​တယ်။​ လူဆိုးဂိုဏ်း​ထဲ​က ဘယ်သူ​ထက်​မဆို သူတို့ကို ပို​လေးစား​တယ်။ အထူးသဖြင့် အကောင်းဆုံး ဘဝ​နေ​နည်း သင်ပေးတဲ့​အတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။

အန်ဒရေ။ မူးယစ်​ဆေးဝါး၊ ငွေညှစ်​မှု၊ လူသတ်မှု၊ ပြည့်တန်ဆာ​မှု​တို့ ပေါများ​တဲ့ ပတ်ဝန်းကျင်မှာ ကျွန်တော် မွေးဖွား​ကြီးပြင်း​လာတယ်။ အဖေက အရက်သမား၊ ဆေးသမား။ အဖေနဲ့ အမေက အမြဲတမ်း တကျက်​ကျက် စကားများ ရန်ဖြစ်ကြတယ်။

ကျွန်တော် ငယ်ငယ်ရွယ်ရွယ်နဲ့ အရက်သောက်​တယ်။ မူးယစ်​ဆေး သုံးတယ်။ လမ်းပေါ်မှာ နေတယ်။ ခိုး​တယ်။ ခိုးရာပါ​ပစ္စည်း​တွေ ရောင်းစား​တယ်။ ကြီးလာ​တော့ အဖေက ကျွန်တော်​နဲ့ ရင်းနှီးအောင် လုပ်တယ်။ မူးယစ်​ဆေးဝါး၊ တရား​မဝင်​ပစ္စည်း​တွေ မှောင်​ခို​သွင်း​တတ်အောင် သင်ပေးတယ်။ မြန်မြန်​နဲ့ ငွေ များများ​ရတယ်။ တစ်နေ့ကျတော့ အိမ်ကို ရဲတွေ ရောက်လာပြီး ကျွန်တော့်ကို ဖမ်း​လိုက်တယ်။ လူသတ်ဖို့ ကြံစည်မှု​နဲ့ ထောင်ဒဏ် ငါးနှစ် ကျသွား​တယ်။

တစ်မနက်​မှာ ယေဟောဝါသက်သေတွေ​နဲ့ ကျမ်းစာဆွေးနွေး​ဖို့ အကျဉ်းသားတွေ​ကို ဖိတ်ခေါ်​ကြောင်း ကြေညာတယ်။ ဆွေးနွေးပွဲ တက်ဖို့ ဆုံးဖြတ်​လိုက်တယ်။ ကြားရ​တာ​တွေဟာ လက်တွေ့ကျတဲ့​အတွက် သက်သေခံတွေ​နဲ့ ကျမ်းစာ စလေ့လာ​တယ်။ ကျမ်းစာ​အကြောင်း ပြောပြ​ရုံ​သက်​သက် မဟုတ်ဘဲ ဘုရားရဲ့ မြင့်မားတဲ့ စာရိတ္တစံနှုန်း​တွေ ပြောပြ​ကြတယ်။

အထူးသဖြင့် ကျွန်တော် ကျမ်းစာ လေ့လာ​နေတာကို မကြိုက်​တဲ့ အကျဉ်းသားတွေ​ရဲ့ ခြိမ်းခြောက်မှု ကြုံရတဲ့​အခါ အကူအညီ မပါဘဲ ပြောင်းလဲ​လို့ မရနိုင်​မှန်း သဘောပေါက်​လာတယ်။ ဒါနဲ့ ခွန်အား​နဲ့ ဉာဏ်ပညာ ပေးဖို့ ဆုတောင်းတယ်။ ယေဟောဝါလည်း ကူညီ​ပေးတယ်။ သူတို့ရဲ့ စော်ကားမှု​တွေကို ခံရပ်နိုင်​တဲ့​အပြင် တခြား​အကျဉ်းသားတွေ​ကို ကျမ်းစာ​အကြောင်း ပြောပြ​နိုင်ခဲ့တယ်။

လွတ်​ချိန်တန်​တဲ့အခါ ထောင်​ကနေ မ​ထွက်​ချင်ဘူး။ ဆက်နေ​ချင်​သေးတယ်။ ထွက်​တော့ အကျဉ်းသား​အတော်များများ​က လက်ပြ​နှုတ်ဆက်​ကြတယ်။ တချို့က “အိမ်​ပြန်တော့၊ သိုးထိန်း​လေး​ရေ” လို့​တောင် ရင်းရင်းနှီးနှီး နှုတ်ဆက်​ကြတယ်။

ဘုရား​ပေးတဲ့ ပညာရေး​ကို လက်မခံ​ခဲ့ရင် ကျွန်တော့်​ဘဝ ဘယ်လိုများ ဖြစ်နေ​မလဲ​ဆိုတာ မစဉ်းစား​ရဲ​ဘူး။ ကျွန်တော့်ကို ဘုရားသခင် ချစ်တဲ့​အတွက်၊ မျှော်လင့်ချက် မရှိတဲ့​သူ​လို့ မယူဆ​တဲ့​အတွက် သိပ်​ကျေးဇူးတင်ပါတယ်။ *

^ ကျမ်းစာ​အစွမ်း​ကြောင့် ဘဝပုံစံ ပြောင်းလဲခဲ့ကြ​သူတွေ​အကြောင်းကို jw.org/my မှာ တွေ့​နိုင်ပါတယ်။ စာကြည့်တိုက်၊ ဆောင်းပါးတွဲများ ထဲက “ကျမ်းစာက ဘဝပုံစံတွေကို ပြောင်းလဲပေး” မှာ ဆောင်းပါးကို ရှာပါ။