သင်ခန်းစာ ၄
တာဝန်ယူတတ်သူ ဖြစ်နိုင်ပုံ
တာဝန်ယူတတ်ခြင်းမှာ ဘာပါဝင်သလဲ
တာဝန်ယူတတ်သူတွေဟာ ယုံကြည်စိတ်ချထိုက်သူတွေ ဖြစ်ကြတယ်။ ပေးအပ်တဲ့ တာဝန်တွေကို အချိန်မီ ပြီးမြောက်အောင် လုပ်တတ်ကြတယ်။
ကလေးငယ်တွေတောင် အစွမ်းအစ အနည်းငယ်ပဲ ရှိပေမဲ့ တာဝန်ယူတတ်အောင် သင်ယူနိုင်ကြတယ်။ “ကလေးဟာ ၁၅ လသားအရွယ်မှာ ပူးပေါင်းလုပ်ဆောင်တတ်လာတယ်။ ဆယ့်ရှစ်လသားအရွယ်မှာ ပူးပေါင်းချင်စိတ် များလာတယ်။ ယဉ်ကျေးမှုများစွာမှာ ငါးနှစ်နဲ့ ခုနစ်နှစ်အရွယ် ကလေးတွေရဲ့ အကူအညီကို မိဘတွေ ရယူတတ်ကြတယ်။ ဒီအရွယ်ကလေးတွေဟာ အိမ်မှုကိစ္စများစွာမှာ ကူညီတတ်ကြတယ်” လို့ Parenting Without Borders စာအုပ်မှာ ဖော်ပြထားတယ်။
တာဝန်ယူတတ်ခြင်းဟာ ဘာကြောင့် အရေးကြီးသလဲ
အိမ်ခွဲထွက်ပြီး ကိုယ့်ဘာသာကိုယ် ရပ်တည်ချင်တဲ့လူငယ်တွေဟာ ငွေကြေး ခက်ခဲတဲ့အခါ မိဘတွေဆီ ပြန်လာတတ်ကြတယ်။ ငွေကြေး စီမံခန့်ခွဲပုံ၊ အိုးအိမ် ထိန်းသိမ်းစောင့်ရှောက်ပုံ၊ နေ့စဉ် လုပ်ငန်းဆောင်တာတွေ ဆောင်ရွက်ပုံတို့ကို မိဘတွေ မသင်ပေးထားလို့ ဖြစ်တတ်တယ်။
ဒါကြောင့် လူကြီးဘဝတာဝန်တွေကို ယူတတ်ဖို့ သင့်ကလေးတွေကို လေ့ကျင့်ပေးထားတာ အကောင်းဆုံးပါပဲ။ “ဆယ့်ရှစ်နှစ်လုံးလုံး မှီခိုသူဘဝနဲ့ နေခိုင်းပြီး တကယ့်လောကမှာ လွှတ်လိုက်တာမျိုး ဖြစ်ချင်မှာ မဟုတ်ဘူး” လို့ How to Raise an Adult စာအုပ်က ဆိုတယ်။
တာဝန်ယူတတ်အောင် သင်ပေးနိုင်ပုံ
အိမ်မှုကိစ္စတွေ လုပ်ခိုင်းပါ။
ကျမ်းစာ အခြေခံမူ။ “ကြိုးစားပမ်းစား လုပ်တဲ့အလုပ် မှန်သမျှ အကျိုးရှိတယ်။”—ပညာအလိမ္မာ ၁၄:၂၃။
ကလေးတွေဟာ မိဘတွေကို ဝိုင်းကူပေးချင်ကြတယ်။ ဒါကြောင့် အိမ်အလုပ်တွေ တာဝန်ပေးလို့ရတယ်။
မိဘတချို့က သားသမီးတွေကို မခိုင်းချင်ကြဘူး။ ကျောင်းနေအရွယ်မို့ အိမ်စာတွေ ပိနေလို့ ထပ်မခိုင်းချင်ကြဘူး။
ဒါပေမဲ့ အိမ်မှုကိစ္စတွေ လုပ်ဆောင်တဲ့ကလေးတွေဟာ ကျောင်းမှာ ပိုထူးချွန်တတ်ကြတယ်။ အိမ်မှုကိစ္စတွေက တာဝန်ယူတတ်ဖို့၊ တာဝန်တွေကို ပြီးအောင်လုပ်တတ်ဖို့ သင်ပေးတယ်။ ဒီ့ပြင် “ကလေးတွေ ငယ်ရွယ်ချိန်မှာ ဝိုင်းကူမခိုင်းရင် သူတစ်ပါးကို ကူညီပေးခြင်းက အရေးမကြီးဘူးလို့ ယူဆသွားစေတယ်။ . . . သူတို့အတွက် တခြားသူတွေ လုပ်ပေးမယ်လို့ မျှော်လင့်တတ်လာကြတယ်” လို့ Parenting Without Borders စာအုပ်မှာ ဖော်ပြထားတယ်။
အထက်ပါကိုးကားချက်အရ အိမ်မှုကိစ္စလုပ်ခြင်းက အများအကျိုး သယ်ပိုးတတ်သူတွေ၊ ပေးကမ်းတတ်သူတွေ ဖြစ်အောင် လေ့ကျင့်ပေးတယ်။ မိသားစုမှာ အရေးကြီးတဲ့နေရာ ရထားတယ်၊ တာဝန်ရှိတယ်လို့ သဘောပေါက်စေတယ်။
ကိုယ့်အမှားတွေအတွက် တာဝန်ယူတတ်အောင် သားသမီးတွေကို ကူညီပေးပါ။
ကျမ်းစာ အခြေခံမူ။ “အကြံပေးတာကို နားထောင်ပါ။ ဆုံးမတာကို လက်ခံပါ။ ဒါမှ နောက်ပိုင်းမှာ ဉာဏ်ပညာရှိလာမယ်။”—ပညာအလိမ္မာ ၁၉:၂၀။
သားသမီးတွေ အမှားလုပ်မိတဲ့အခါ၊ (ဥပမာ၊ သူတစ်ပါး ပိုင်ဆိုင်ရာကို မတော်တဆ ဖျက်ဆီးမိတဲ့အခါ) ဖုံးဖိပေးဖို့ မကြိုးစားပါနဲ့။ တောင်းပန်ခြင်း၊ ပြန်လျော်ပေးခြင်းအားဖြင့် အကျိုးဆက်ကို ကလေးတွေ ခံယူနိုင်ပါတယ်။
အမှားတွေ၊ ရှုံးနိမ့်မှုတွေကို တာဝန်ယူရမယ်ဆိုတာ သဘောပေါက်ရင် သင့်ကလေးတွေကို
-
ရိုးသားဖို့၊ အမှားဝန်ခံတတ်အောင် ကူညီပေးမယ်
-
တခြားသူတွေကို အပြစ်မဖို့အောင် ကူညီပေးမယ်
-
ဆင်ခြေမပေးတတ်အောင် ကူညီပေးမယ်
-
လိုအပ်တဲ့အခါ တောင်းပန်တတ်အောင် ကူညီပေးမယ်