မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဂူတင်ဘာ့ဂ်—လောကကို အလှဆင်ခဲ့ပုံ!

ဂူတင်ဘာ့ဂ်—လောကကို အလှဆင်ခဲ့ပုံ!

ဂူတင်ဘာ့ဂ်—လောကကို အလှဆင်ခဲ့ပုံ!

ဂျာမနီနိုင်ငံမှ နိုးလော့! စာရေးသူပေးပို့သည်

လွန်ခဲ့သောနှစ်ထောင်ပေါင်းများစွာမှ မည်သည့်တီထွင်မှုသည် သင်၏အသက်တာအပေါ် အလွှမ်းမိုးဆုံးဖြစ်ခဲ့သနည်း။ တယ်လီဖုန်းလော၊ ရုပ်မြင်သံကြားလော၊ သို့မဟုတ် မော်တော်ကားလော။ ယင်းတို့ ဖြစ်ချင်မှဖြစ်မည်။ ကျွမ်းကျင်သူများစွာတို့၏အဆိုအရ ပုံနှိပ်စက်ဟုဆိုသည်။ ၎င်းအတွက် လက်တွေ့ကျသောဦးဆုံးနည်းကို တီထွင်သူအဖြစ် ဂုဏ်ပြုခံရသူမှာ ယိုဟန်စ် ဂျင်စ်ဖလိုင်ရှ် ဇူးရ် လားဒါန်ဖြစ်ပြီး သူ့ကို ယိုဟန်စ် ဂူတင်ဘာ့ဂ်ဟု ပို၍လူသိများကြသည်။ သူသည် အထက်တန်းလွှာနောက်ခံမှဖြစ်သောကြောင့် ပုံမှန်အလုပ်သင်ဘဝဖြင့် မလုပ်ဆောင်ခဲ့ရချေ။

ဂူတင်ဘာ့ဂ်၏ဖန်တီးမှုကို “ယဉ်ကျေးမှုအတွက် ဂျာမန်တို့၏ အကြီးအကျယ်အထောက်အကူ” အဖြစ်ဖော်ပြခဲ့သည်။ သူပုံနှိပ်ခဲ့သည့် ယခုထိရှိနေဆဲဖြစ်သော စာကြောင်း ၄၂ ကြောင်းပါ ဂူတင်ဘာ့ဂ်ကျမ်းစာဟုခေါ်ဆိုကြသည့် ထူးကဲပြောင်မြောက်သော စာအုပ်တစ်အုပ်စီသည် တန်ဖိုးကြီးမားလှ၏။

ရွှေမိုင်စ်

ဂူတင်ဘာ့ဂ်သည် မိုင်စ်မြို့တွင် ၁၃၉၇ ခုနှစ်ခန့်၌ မွေးဖွားခဲ့သည်။ ရိုင်းမြစ်ကမ်းပါးတွင်တည်ရှိသော မိုင်စ်မြို့သည် ထိုအချိန်က လူဦးရေ ၆,၀၀၀ ခန့်နေထိုင်ခဲ့ကြသည်။ ဩဇာရှိသောမြို့များ၏ အချက်အချာဖြစ်ခဲ့ရာ ၎င်းသည် ရွှေမိုင်စ်ဟု ထင်ပေါ်ကျော်ကြားခဲ့၏။ မိုင်စ်မြို့ရှိ ဂိုဏ်းချုပ်များသည် သန့်ရှင်းသောရောမအင်ပိုင်ယာကို တင်မြှောက်ပေးသူများဖြစ်ခဲ့ကြသည်။ မိုင်စ်မြို့သည် ၎င်း၏ရွှေပန်းထိမ်များကြောင့် ကျော်ကြားရခြင်းဖြစ်သည်။ ယိုဟန်စ်သည် လူငယ်ဘဝ၌ သတ္တုပေါ်တွင် ဖောင်းကြွစာလုံးများရိုက်နှိပ်ပုံအပါအဝင် သတ္တုလုပ်ငန်းအကြောင်းအတော်များများကို သင်ယူခဲ့၏။ နိုင်ငံရေးပဋိပက္ခဖြစ်မှုများကြောင့် စထရာ့စ်ဘာ့ဂ်မြို့သို့ နှစ်အတန်ကြာ ပြည်နှင်ခံခဲ့ရရာ ထိုတွင် ကျောက်သွေးခြင်းလုပ်ငန်းကို လုပ်ကိုင်သင်ကြားပေးခဲ့သည်။ သို့သော် သူသည် အချိန်အများဆုံးအကုန်ခံလုပ်ခဲ့သည့်အလုပ်မှာ သူ၏လျှို့ဝှက်တီထွင်မှုအသစ်တစ်ခုဖြစ်ခဲ့၏။ ပုံနှိပ်စက်ကို ကောင်းသည်ထက်ကောင်းရန် ဂူတင်ဘာ့ဂ်ကြိုးစားခဲ့သည်။

ဂူတင်ဘာ့ဂ်၏ထူးချွန်မှုနှင့် ဖွတ်စ်၏ဘဏ္ဍာရေး

ဂူတင်ဘာ့ဂ်သည် မိုင်စ်မြို့သို့ပြန်ကာ ဆက်စမ်းသပ်လုပ်ဆောင်ခဲ့သည်။ ငွေကြေးအတွက် သူ့ကိုဂူလ်ဒန် ၁,၆၀၀—⁠ထိုအချိန်က ကျွမ်းကျင်သောလက်မှုပညာရှင်တစ်ဦးသည် တစ်နှစ်လျှင် ဂူလ်ဒန် ၃၀ သာရရှိစဉ် အလွန်များသောငွေပမာဏဖြစ်—⁠ချေးခဲ့သော ယိုဟာန်ဖွတ်စ်၏အကူအညီကိုယူခဲ့သည်။ ဖွတ်စ်သည် ထိုရင်းနှီးမြှုပ်နှံမှုမှ အမြတ်ထွက်မည်ကိုမြင်သော စီးပွားရေးသမားတစ်ဦးဖြစ်ခဲ့၏။ အဘယ်သို့သောရင်းနှီးမြှုပ်နှံမှုမျိုးကို ဂူတင်ဘာ့ဂ်စိတ်ကူးရခဲ့သနည်း။

တစ်ခုနှင့်တစ်ခု တစ်ပုံစံတည်းဖြစ်သည့် အချို့သောကုန်ပစ္စည်းများကို မြောက်မြားစွာထုတ်လုပ်ခဲ့ကြကြောင်း ဂူတင်ဘာ့ဂ်သည် မျက်စိရှင်ရှင်ဖြင့်တွေ့မြင်ခဲ့၏။ ဥပမာ၊ ငွေဒ င်္ဂါးများသွန်းခြင်းနှင့် သတ္တုဖြင့်ကျည်ဆံထိပ်ဖူးများပြုလုပ်ကြသည်။ သို့ဖြစ်လျှင် စာသားပါသော ထပ်တူစာမျက်နှာရာချီကို ပုံနှိပ်ပြီးနောက် စာမျက်နှာနံပါတ်စဉ်အတိုင်းတပ်ကာ တစ်ပုံစံတည်းရှိစာအုပ်များကိုချုပ်လုပ်လျှင်မကောင်းပေလော။ မည်သည့်စာအုပ်များနည်း။ အခွင့်သာသူလူနည်းစုသာ ကိုယ်ပိုင်ရှိနိုင်သော တန်ဖိုးကြီးသည့်သမ္မာကျမ်းစာကို သူစဉ်းစားမိသည်။ ယင်းတို့၏အလှတစ်ခုကိုမျှမပျက်စေဘဲ တစ်ပုံစံတည်းရှိ သမ္မာကျမ်းစာမြောက်မြားစွာကို လက်ရေးစာမူများထက် ပိုသက်သာစွာထုတ်လုပ်ရန် ဂူတင်ဘာ့ဂ်ရည်ရွယ်ခဲ့၏။ ယင်းကိုမည်သို့ပြုလုပ်မည်နည်း။

ထိုစဉ်က စာအုပ်အများစုကို လက်ရေးဖြင့်ကူးရေးခဲ့ကြရကာ ထိုသို့ပြုရန် ဇွဲနှင့်အချိန်လိုအပ်ခဲ့သည်။ လက်ဖြင့်ထွင်းထားသော စာတစ်မျက်နှာပါ သစ်သားတုံးများဖြင့် ပုံနှိပ်ခြင်းကို ကြိုးစားခဲ့ကြ၏။ ဘီရှင်းဟုခေါ်သော တရုတ်အမျိုးသားတစ်ဦးသည် ပုံနှိပ်လုပ်ငန်းတွင် အသုံးပြုရန်အတွက် အက္ခရာတစ်လုံးစီကို မြေထည်ဖြင့်ပင်ပြုလုပ်ခဲ့သည်။ ကိုရီးယားနိုင်ငံ၌ ကြေးနီဖြင့်လုပ်ထားသော အက္ခရာများကို အစိုးရပုံနှိပ်လုပ်ငန်းတစ်ခုတွင် အသုံးပြုခဲ့သည်။ သို့သော် ခဲစာလုံးအရှင်ဖြင့် ပုံနှိပ်ခြင်း—⁠စာမျက်နှာအသစ်တစ်ခုစီအတွက် ပြန်လည်စီစဉ်နိုင်သည့် အက္ခရာတစ်လုံးချင်းပြုလုပ်ထားမှု—⁠အတွက် အက္ခရာစာလုံးအရေအတွက် မြောက်မြားစွာလိုအပ်ပြီး မည်သူမျှယင်းကိုမပြုလုပ်တတ်သေးချေ။ ၎င်းကို ဂူတင်ဘာ့ဂ်ကြံဖန်ရမည်ဖြစ်သည်။

အတွေ့အကြုံရှိသော သတ္တုလုပ်သားတစ်ဦးအနေနှင့် မြေထည် သို့မဟုတ် သစ်သားဖြင့်မဟုတ်ဘဲ သတ္တုနှင့်ပြုလုပ်ထားသော အက္ခရာရှင်များဖြင့် အကောင်းဆုံးပုံနှိပ်နိုင်သည်ကို သူသဘောပေါက်ခဲ့သည်။ ယင်းတို့ကို ထွင်း၍လည်းမဟုတ်၊ မီးဖိုငယ်တွင်ဖုတ်၍လည်းမဟုတ်ဘဲ ပုံစံခွက်တွင် လောင်းမည်ဖြစ်သည်။ အက္ခရာ ၂၆—⁠စာလုံးသေးနှင့်စာလုံးကြီး—⁠အားလုံးအပြင် အက္ခရာဆက်များ၊ ပုဒ်ဖြတ်သင်္ကေတများ၊ အမှတ်အသားများနှင့် နံပါတ်များအားလုံးတို့ကိုပါ ပုံလောင်းရန်အတွက် အသုံးပြုနိုင်မည့် ပုံစံခွက်များလိုအပ်ခဲ့၏။ ကွဲပြားသောအက္ခရာစာလုံး ၂၉၀ လိုအပ်မည်ဟု သူခန့်မှန်းခဲ့သည်။ တစ်ခုစီအတွက် ဒါဇင်လိုက်ပုံစံတူစာလုံးများရှိရမည်ဖြစ်သည်။

အလုပ်စတင်ခြင်း

သမ္မာကျမ်းစာကို မိတ္တူကူးရာတွင် ခရစ်ယာန်ဘုန်းကြီးများအသုံးပြုခဲ့သည့် လက်တင်ဘာသာစကားဖြင့် ဂေါသစ်အက္ခရာကို သူ၏စာအုပ်အတွက် စံအဖြစ် ဂူတင်ဘာ့ဂ်ရွေးချယ်ခဲ့၏။ သတ္တုလုပ်ငန်း၌ မိမိ၏ကျွမ်းကျင်မှုကိုအသုံးပြု၍ အက္ခရာစာလုံးနှင့်အမှတ်အသားတစ်ခုစီ၏ ဆင်တူဖောင်းကြွပြောင်းပြန်စာလုံးပုံကို သံမဏိတုံးငယ်တစ်ခုပေါ်တွင် ထွင်းထားခြင်းဖြစ်ကာ သံမဏိမျက်နှာပြင်ပေါ် ထွင်းထုထားသောစာလုံးပုံဖြစ်၏။ (ပုံ ၁) ထို့နောက် သတ္တုပျော့အချပ်ငယ်ဖြစ်သည့် ကြေးနီ သို့မဟုတ် ကြေးဝါတွင် စကားလုံးပုံဖောက်ရန်အတွက် အဆိုပါသံမဏိတံဆိပ်တုံးကို အသုံးပြုခဲ့သည်။ သတ္တုပျော့ထဲချိုင့်ဝင်သွားသော စာလုံးပုံစံဟုခေါ်သည့် စာလုံးပုံမှန်အတည့်ကိုရရှိသည်။

နောက်တစ်ဆင့်မှာ ဂူတင်ဘာ့ဂ်၏ထူးချွန်မှုဖြင့် ကြံဖန်ခဲ့သည့် ပုံသွင်းခွက်ဖြစ်သည်။ ပုံသွင်းခွက်သည် လူတစ်ဦး၏လက်သီးအရွယ်ရှိကာ အပေါ်အောက်ဖွင့်ထားသည်။ ခဲစာလုံးပုံစံကို ပုံသွင်းခွက်၏အောက်ခြေတွင် တပ်ဆင်ကာ အပေါ်မှသတ္တုစပ်ရည်လောင်းထည့်သည်။ (ပုံ ၂) သတ္တုစပ်—⁠သံဖြူ၊ ခဲ၊ ခနောက်စိမ်းနှင့် ဗစ်စမတ်—⁠သည်လျင်မြန်စွာအေး၍မာသွားသည်။

ပုံသွင်းခွက်ထဲမှထုတ်ယူသော သတ္တုစပ်သည် တစ်ဖက်အဆုံး၌ အက္ခရာ၏ဆင်တူဖောင်းကြွပြောင်းပြန်စာလုံးပုံရရှိရာ ယင်းကို ခဲစာလုံးဟုခေါ်သည်။ လိုအပ်သော ထိုအက္ခရာအရေအတွက်မပြည့်မချင်း ၎င်းနည်းအတိုင်းဆက်လုပ်ဆောင်သည်။ ယင်းနောက် ထိုခဲစာလုံးပုံစံကို ပုံလောင်းခွက်ထဲမှထုတ်၍ နောက်အက္ခရာတစ်ခုကို ထည့်ကြသည်။ ထိုသို့ဖြင့် အက္ခရာနှင့်အမှတ်အသားတစ်ခုစီအတွက် ခဲစာလုံးအရေအတွက်မည်မျှကိုမဆို အချိန်တိုအတွင်း ထုတ်လုပ်နိုင်သည်။ ဂူတင်ဘာ့ဂ်ဖြစ်ချင်သည့်အတိုင်း ခဲစာလုံးအားလုံးသည် အမြင့်တစ်ပုံစံတည်းရှိ၏။

ယခု စတင်ပုံနှိပ်နိုင်ပေပြီ။ ဂူတင်ဘာ့ဂ်သည် သူကူးယူလိုသောကျမ်းစာအပိုဒ်တစ်ပိုဒ်ကို ရွေးချယ်ခဲ့သည်။ လက်ထဲရှိဘောင်ပါသောအတံဖြင့် စကားလုံးများပေါင်းရန် ခဲစာလုံးကိုသုံးကာ စာကြောင်းများအဖြစ် စကားလုံးများကိုစီခဲ့သည်။ (ပုံ ၃) စာကြောင်းများကို ညီညာအောင်ညှိပေးရသည်။ စာစီဗန်းတစ်ခုကို အသုံးပြုကာ စာကြောင်းများကိုတစ်ကော်လံဖြစ်ရန် စာလုံးစီထည့်ခဲ့သည်။ စာမျက်နှာတစ်မျက်နှာတွင် ကော်လံနှစ်ခုပါရှိသည်။ (ပုံ ၄)

ပုံနှိပ်စက်၏မျက်နှာပြင်ပေါ် အနေအထားမရွေ့စေရန် အဆိုပါတစ်မျက်နှာစာကိုညှပ်လိုက်ပြီး မင်အနက်သုတ်သည်။ (ပုံ ၅) ဝိုင်လုပ်ရာတွင်အသုံးပြုသည့်အရာနှင့်ဆင်တူသော ပုံနှိပ်စက်—⁠သည် စာရွက်ပေါ်တွင် ခဲစာလုံးမှမင်ကိုထင်ကျန်စေသည်။ ဤသို့ဖြင့် ပုံနှိပ်ပြီးသားစာမျက်နှာတစ်မျက်နှာကို ရရှိခဲ့၏။ မင်နှင့်စာရွက်များကို ထပ်ဖြည့်ကာ မိတ္တူစာရွက်လိုသမျှ ဆက်ခါဆက်ခါရိုက်သွားခဲ့သည်။ ခဲစာလုံးကို ရွေ့ရှားနိုင်သောကြောင့် နောက်စာမျက်နှာစာစီရန်အတွက် ယင်းခဲစာလုံးကို ပြန်အသုံးပြုနိုင်သည်။

လက်ရာမြောက်သောပုံနှိပ်ခြင်း

အလုပ်သမား ၁၅ ဦးမှ ၂၀ ထိရှိသော ဂူတင်ဘာ့ဂ်၏အလုပ်တိုက်သည် ၁၄၅၅ ခုနှစ်တွင် သမ္မာကျမ်းစာကို ပထမဦးဆုံးပုံနှိပ်ပြီးခဲ့သည်။ စာအုပ်ပေါင်း ၁၈၀ ခန့်ထုတ်ခဲ့သည်။ ကျမ်းစာအသီးသီး၌ စာမျက်နှာတစ်မျက်နှာတွင် ကော်လံနှစ်ခု၊ စာကြောင်း ၄၂ ကြောင်းပါရှိသည့် စာမျက်နှာပေါင်း ၁,၂၈၂ မျက်နှာရှိ၏။ သမ္မာကျမ်းစာတစ်စောင်တွင် အတွဲနှစ်တွဲပါရှိသော စာအုပ်များကိုချုပ်ခြင်းနှင့် လက်ရေးပန်းချီဖြင့်အလှဆင်ထားသော အခန်းကြီးအသီးသီး၏ခေါင်းစီးများနှင့်အစအက္ခရာကို နောက်ပိုင်းတွင် ဂူတင်ဘာ့ဂ်၏အလုပ်တိုက်ပြင်ပ၌ ရေးဆွဲခဲ့သည်။

သမ္မာကျမ်းစာပုံနှိပ်ရန် ခဲစာလုံးမည်မျှလိုအပ်ခဲ့သည်ကို သိပါသလော။ စာမျက်နှာတစ်မျက်နှာစီတွင် အက္ခရာစာလုံးပေါင်း ၂,၆၀၀ ခန့်ပါရှိသည်။ ဂူတင်ဘာ့ဂ်တွင် စာမျက်နှာသုံးမျက်နှာကို တစ်ကြိမ်တည်း စာစီကြရသည့် စာစီသမားခြောက်ဦးရှိခဲ့သည်ဟုယူဆလျှင် သူတို့သည် ခဲစာလုံး ၄၆,၀၀၀ ခန့်ကို လိုအပ်ခဲ့မည်ဖြစ်သည်။ အက္ခရာရှင်များဖြင့်ပုံနှိပ်ခြင်းအတွက် ဂူတင်ဘာ့ဂ်၏ပုံစံလောင်းခွက်သည် သော့ချက်ဖြစ်သည်ကို ကျွန်ုပ်တို့အလွယ်တကူသဘောပေါက်နိုင်၏။

သမ္မာကျမ်းစာစောင်များကို နှိုင်းယှဉ်လိုက်သောအခါ အလွန်အံ့သြခဲ့ကြသည်– စာလုံးတစ်လုံးစီသည် ထပ်တူနေရာတွင်ရှိနေကြသည်။ လက်ရေးစာမူများမှာ ဤသို့မဖြစ်နိုင်ချေ။ “ဤလက်ရာမြောက်စာပေအား ခေတ်တစ်လျှောက်ရှိပုံနှိပ်သူများကို အံ့အားသင့်စေလောက်အောင် ဤမျှတူညီသော၊ အချိုးအစားပြေပြစ်သော၊ ညီညွတ်သော၊ လှပသော” စာကြောင်း ၄၂ ကြောင်းပါသမ္မာကျမ်းစာဖြစ်သည်ဟု ဂွန်သာ အက်စ်. ဝဲဂ်ဂါနာရ်ကရေး၏။

ငွေကြေးချွတ်ခြုံကျခြင်း

သို့သော် ဖွတ်စ်သည် ငွေရှာခြင်းကို လက်ရာမြောက်ရာတစ်ခုပြုလုပ်ခြင်းထက် စိတ်ဝင်စားခဲ့သည်။ သူ၏ရင်းနှီးမြှုပ်နှံမှုမှအမြတ်သည် မျှော်လင့်သည်ထက်ပင် ပိုကြာနေသည်။ ထိုတွဲဖက်များသည် စိတ်ဝမ်းကွဲပြီး ၁၄၅၅ ခုနှစ်—⁠သမ္မာကျမ်းစာများပုံနှိပ်အပြီး—တွင် ဖွတ်စ်သည် ချေးငွေဖြင့်သိမ်းယူခဲ့သည်။ ဂူတင်ဘာ့ဂ်သည် ထိုငွေကိုပြန်မပေးနိုင်သည့်အပြင် နောက်ဆက်တွဲတရားရုံးအမှုရှုံးခဲ့သည်။ ဖွတ်စ်အား ပုံနှိပ်ကိရိယာအချို့နှင့် သမ္မာကျမ်းစာအတွက် ခဲစာလုံးများကို မပေးမနေပေးအပ်လိုက်ရသည်။ ဖွတ်စ်သည် ဂူတင်ဘာ့ဂ်၏ကျွမ်းကျင်သောအလုပ်သမား ပီတာ ရှော့ဖာနှင့်တွဲပြီး ကိုယ်ပိုင်ပုံနှိပ်တိုက်တစ်ခုဖွင့်ခဲ့၏။ ဖွတ်စ်နှင့်ရှော့ဖာတို့၏လုပ်ငန်းသည် ဂူတင်ဘာ့ဂ်၏လုပ်ဆောင်ခဲ့မှုကြောင့် နာမည်ကောင်းရလာခဲ့သည့်အပြင် ကမ္ဘာပေါ်တွင် ပထမဦးဆုံးစီးပွားဖြစ် အောင်မြင်သောပုံနှိပ်တိုက်ဖြစ်လာခဲ့သည်။

ဂူတင်ဘာ့ဂ်သည် နောက်ပုံနှိပ်တိုက်တစ်ခုကိုတည်ထောင်ကာ သူ့အလုပ်ကိုဆက်လက်ကြိုးစားလုပ်ဆောင်ခဲ့သည်။ ၁၅ ရာစုမှပုံနှိပ်စာအုပ်အချို့မှာ သူ့လက်ရာဖြစ်သည်ဟု ပညာရှင်အချို့က ယူဆကြ၏။ သို့ရာတွင် စာကြောင်း ၄၂ ကြောင်းပါသမ္မာကျမ်းစာ၏ပြောင်မြောက်မှုကို မမီချေ။ ၁၄၆၂ တွင် ကြမ္မာငင်ပြန်သည်။ ကက်သလစ်ဘာသာရေးအကြီးအမှူးအဖွဲ့အတွင်း အာဏာလုမှုကြောင့် မိုင်စ်မြို့သည် မီးလောင်ခဲ့ရပြီး လုယက်ခံခဲ့ရ၏။ ဂူတင်ဘာ့ဂ်သည် သူ၏အလုပ်တိုက်ကို ဒုတိယအကြိမ်ဆုံးရှုံးခဲ့ရသည်။ နောက်ခြောက်နှစ်အကြာ ၁၄၆၈၊ ဖေဖော်ဝါရီလတွင် သူကွယ်လွန်ခဲ့သည်။

ဂူတင်ဘာ့ဂ်၏အမွေအနှစ်

ဂူတင်ဘာ့ဂ်၏တီထွင်မှုသည် လျင်မြန်စွာပျံ့နှံ့သွားသည်။ ၁၅၀၀ ပြည့်လွန်နှစ်တိုင်လေသော် ဂျာမန်မြို့ ၆၀ နှင့်အခြားဥရောပနိုင်ငံ ၁၂ နိုင်ငံတို့တွင် ပုံနှိပ်စက်များရှိနေပါပြီ။ “ပုံနှိပ်လုပ်ငန်းတိုးတက်ခြင်းသည် ဆက်သွယ်ရေးများကို ပြောင်းလဲစေခဲ့သည်။ နောက်အနှစ် ၅၀၀ ကျော်တွင် ပုံနှိပ်စက်များအကြီးအကျယ်တိုးတက်ခဲ့သည်။ သို့သော် အခြေခံလုပ်နည်းအစဉ်မူကား ပြောင်းလဲမှုမရှိလှချေ” ဟု ဗြိတဲန်နီကာစွယ်စုံကျမ်းသစ် က ဆိုသည်။

ပုံနှိပ်လုပ်ငန်းသည် ဥရောပတိုက်သားဘဝကို ပြောင်းလဲစေခဲ့၏၊ အကြောင်းမှာ အသိပညာသည် အခွင့်သာသူများအတွက်သာ မဟုတ်တော့ချေ။ ပတ်ဝန်းကျင်အခြေအနေကို ပိုပြီးသတိပြုလာခဲ့ကြသော သာမန်လူတန်းစားထံသို့ သတင်းအချက်အလက်များ စတင်ရောက်ရှိခဲ့သည်။ ပုံနှိပ်လုပ်ငန်းကြောင့် အမျိုးသားဘာသာစကားအသီးသီးအတွက် စာပေစံတစ်ခု မရှိမဖြစ်လိုအပ်လာခဲ့သည်။ ထို့ကြောင့် အင်္ဂလိပ်၊ ပြင်သစ်နှင့် ဂျာမန်ဘာသာစကားများကို စံထားကာ ထိန်းသိမ်းခဲ့၏။ ဖတ်စရာစာပေ များစွာလိုအပ်လာခဲ့သည်။ ဂူတင်ဘာ့ဂ်မတိုင်မီ ဥရောပတွင် စာမူထောင်ပေါင်းအနည်းငယ်သာလျှင်ရှိ၏; သူကွယ်လွန်ပြီး အနှစ် ၅၀ တွင်စာအုပ်ပေါင်းသန်းချီရှိလာခဲ့သည်။

ပုံနှိပ်စက်မရှိခဲ့ပါမူ ၁၆ ရာစုပြုပြင်ပြောင်းလဲရေးသည် အစပြုနိုင်ခဲ့မည်မဟုတ်ချေ။ သမ္မာကျမ်းစာကို ချက်ခ်၊ ဒတ်ခ်ျ၊ အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမန်၊ အီတာလျံ၊ ပိုလန်နှင့် ဆလားဗယားဘာသာစကားများဖြင့် ပြန်ဆိုခဲ့ကြကာ ပုံနှိပ်လုပ်ငန်းကြောင့် အုပ်ရေထောင်ပေါင်းများစွာကို အလွယ်တကူထုတ်ဝေစေနိုင်ခဲ့သည်။ သူ၏သတင်းတရားကိုဖြန့်ချိရာ၌ ပုံနှိပ်စက်ကို မာတင်လူသာကောင်းစွာအသုံးပြုခဲ့၏။ ဂူတင်ဘာ့ဂ်၏ပုံနှိပ်စက်မပေါ်မီက အသက်ရှင်ခဲ့သူများ၏ကြိုးပမ်းမှုများနှင့်မတူဘဲ သူ၏ကြိုးပမ်းမှုများ အောင်မြင်ခဲ့သည်။ ယင်းကြောင့် ပုံနှိပ်စက်ကို “ကမ္ဘာတစ်ဝန်းသို့ စစ်မှန်သောဘာသာတရား ပျံ့နှံ့ရန်အတွက်” ဘုရားသခင်၏နည်းလမ်းဟု လူသာကဖော်ပြခဲ့ခြင်းသည် အံ့ဩစရာမဟုတ်ပေ!

ကျန်ကြွင်းသည့် ဂူတင်ဘာ့ဂ်ကျမ်းစာစောင်များ

ဂူတင်ဘာ့ဂ်ကျမ်းစာစောင် မည်မျှကျန်ရှိသေးသနည်း။ မကြာသေးမီအထိ ၄၈ အုပ်ကျန်သည်ဟု ယူဆခဲ့ကြသည်—⁠အချို့မှာမပြည့်စုံတော့ချေ—⁠ဥရောပနှင့် မြောက်အမေရိကတို့တွင် ပျံ့နှံ့လျက်ရှိသည်။ အထည်ဝါဆုံးကျမ်းစာတစ်စောင်မှာ ဝါရှင်တန်၊ ဒီ.စီ. မှလွှတ်တော်စာကြည့်တိုက်ရှိ သားရေပုရပိုက်ကျမ်းစာဖြစ်သည်။ ထို့နောက် ၁၉၉၆ ခုနှစ်တွင် ထူးခြားအံ့သြစွာဖြင့် တွေ့ရှိချက်တစ်ခုကို တွေ့ရသည်– ဂျာမနီနိုင်ငံ၊ ရဲန်စ်ဘွခ်မြို့ရှိ ချာ့ခ်ျမော်ကွန်းတိုက်တစ်တိုက်၌ ဂူတင်ဘာ့ဂ်ကျမ်းစာ နောက်ထပ်အပိုင်းတစ်ပိုင်းကို တွေ့ရှိခဲ့သည်။—⁠၁၉၉၈၊ ဇန်နဝါရီ ၂၂ နိုးလော့! [လိပ်] စာမျက်နှာ ၂၉ ရှု။

ယခု မည်သူမဆို သမ္မာကျမ်းစာကိုရရှိနိုင်သည့်အတွက် မည်မျှကျေးဇူးတင်စရာပါတကား! ဤသို့ဆိုသောကြောင့် စာကြောင်း ၄၂ ကြောင်းပါ ဂူတင်ဘာ့ဂ်ကျမ်းစာကို ကျွန်ုပ်တို့ဝယ်ယူနိုင်သည်ဟု မဆိုလိုပါ! ၎င်းကျမ်းစာတစ်အုပ်လျှင် အဖိုးမည်မျှရှိသနည်း။ ၁၉၇၈ ခုနှစ်၌ မိုင်စ်မြို့ရှိ ဂူတင်ဘာ့ဂ်ပြတိုက်က ၎င်းကျမ်းစာတစ်အုပ်ကိုဒုရှ်မာခ် ၃.၇ သန်း (ယနေ့ ဒေါ်လာ ၂ သန်းခန့်) ဖြင့်ရယူခဲ့၏။ ယင်းသမ္မာကျမ်းစာသည် ယခု ထိုထက်မက အဆများစွာ တန်နေပေပြီ။

ဂူတင်ဘာ့ဂ်သမ္မာကျမ်းစာကို မည်သည့်အရာက ပြိုင်ဘက်ကင်းစေသနည်း။ ဂူတင်ဘာ့ဂ်ပြတိုက်၏ ယခင်ညွှန်ကြားရေးမှူး ပါမောက္ခဟဲလ်မွတ်ပရက်စာက အကြောင်းပြချက်သုံးခုကိုဖော်ပြသည်။ ပထမ၊ ဂူတင်ဘာ့ဂ်ကျမ်းစာသည် အက္ခရာရှင်များဖြင့် အနောက်နိုင်ငံတွင် ပုံနှိပ်ထုတ်ဝေခဲ့သည့် ဦးဆုံးစာအုပ်ဖြစ်ခဲ့သည်။ ဒုတိယ၊ ယင်းသည် ပုံနှိပ်ထုတ်ဝေခဲ့သော ပထမဦးဆုံးသမ္မာကျမ်းစာဖြစ်ခဲ့၏။ တတိယ၊ အံ့ဖွယ်ကောင်းလောက်အောင် တင့်တယ်လှပသည်။ ဂူတင်ဘာ့ဂ်ကျမ်းစာတွင် “ဂေါ့သစ်ခ်အရေးအသားအကောင်းတကာ့အကောင်းဆုံး” ကိုကျွန်ုပ်တို့တွေ့ရှိရသည်ဟု ပါမောက္ခပရက်စာကရေးသားခဲ့သည်။

ယဉ်ကျေးမှုအသီးသီးမှ လူများသည် ဂူတင်ဘာ့ဂ်၏ထူးချွန်မှုအတွက် ကြွေးတင်နေကြသည်။ သူသည် ပုံသွင်းခွက်၊ သတ္တုစပ်၊ မင်နှင့် ပုံနှိပ်စက်တို့ကို ပေါင်းစပ်အသုံးပြုခဲ့၏။ သူသည် ပုံနှိပ်ခြင်းကို စက်တပ်ဆင်ခဲ့ကာ လောကကိုအလှဆင်ခဲ့သည်။

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံများ]

၁။ ကြေးနီပုံစံခွက်ထဲသို့ အက္ခရာပုံဖောက်ရန်အတွက် သံမဏိတံဆိပ်တုံးကို အသုံးပြုခဲ့

၂။ ပုံသွင်းခွက်ထဲသို့ သတ္တုစပ်ရည် လောင်းထည့်ခဲ့သည်။ သတ္တုစပ်ရည် အေးခဲသွားသောအခါ ထွက်ပေါ်လာသောခဲစာလုံးသည် အက္ခရာ၏ဆင်တူပြောင်းပြန်ပုံဖြစ်

၃။ စကားလုံးပေါင်းရန် ခဲစာလုံးကို ဘောင်ပါသောအတံထဲတွင်စီကာ စာကြောင်းဖော်ခဲ့

၄။ စာစီဗန်းတစ်ခုတွင် စာကြောင်းများကို ကော်လံများသို့ဖွဲ့

၅။ ပုံနှိပ်စက်၏မျက်နှာပြင်ပေါ် စာသားပါစာမျက်နှာကိုတင်ခဲ့

၆။ ၁၅၈၄ ခုနှစ်က ဂူတင်ဘာ့ဂ်ပုံထွင်းထားသော ကြေးနီပြား

၇။ ယနေ့ ဂူတင်ဘာ့ဂ်ကျမ်းစာတစ်စောင်သည် ဒေါ်လာသန်းပေါင်းများစွာတန်

[Credit Line]

Pictures 1-4, 6, and 7: Gutenberg-Museum Mainz; picture 5: Courtesy American Bible Society

[Picture Credit Line on page 16]

Background: By Permission of the British Library/Gutenberg Bible