မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဗာစကိုဒဂါးမား—အမည်တွင်သောတံတား

ဗာစကိုဒဂါးမား—အမည်တွင်သောတံတား

ဗာစကိုဒဂါးမား—အမည်တွင်သောတံတား

ပေါ်တူဂီနိုင်ငံမှ နိုးလော့!စာရေးသူပေးပို့သည်

ပေါ်တူဂီသတင်းစာများတွင် ဥရောပရှိအရှည်ဆုံးတံတားတစ်ခုကို မီးရှူးမီးပန်းများပစ်လွှတ်၍ အခမ်းအနားဖြင့်ဖွင့်လှစ်သည့်သတင်းများနှင့် ပြည့်နှက်ခဲ့သည်။ ၁၉၉၈ ခု၊ မတ်လ ၂၉ ရက်နေ့တွင် ၁၀.၇ မိုင်ရှည်လျားသော ဗာစကိုဒဂါးမားတံတားကိုဖွင့်လှစ်ခဲ့သည်။ ၁၅ ရာစုတွင် အနောက်ဥရောပမှ အိန္ဒိယသို့ပင်လယ်လမ်းခရီးကိုဖွင့်ခဲ့သည့် ပေါ်တူဂီလူမျိုး ဗာစကိုဒဂါးမား၏အမည်တွင်သော တံတားသစ်သည် စက်မှုထွန်းကားသည့် ပေါ်တူဂီမြောက်ပိုင်း၊ အယ်လ်ဂတ်ဗ်ဒေသရှိ တောင်ပိုင်းပင်လယ်ကမ်းခြေနှင့် စပိန်နိုင်ငံသို့ လမ်းကြောင်းသစ်ကိုဖွင့်လှစ်ပေးခဲ့သည်။

ကမ္ဘာ့ပဉ္စမမြောက်အရှည်ဆုံးတံတားသည် ပေါ်တူဂီနိုင်ငံမြို့တော် လစ္စဘွန်မြို့မှ တောင်ဘက်ပင်လယ်ကမ်းခြေရှိ မွန်တီဟိုမြို့အထိ တာဂတ်စ်မြစ်ဝကို ဖြတ်ထားသည်။ ယင်း ၂,၇၁၀ ပေရှည်သည့် ကြိုးဆွဲထားသောအပိုင်း၏ ပေ ၁၅၀ အောက်တွင် ပင်လယ်ကူးသင်္ဘောကြီးများသွားလာစေသည်။

ပျော်ပွဲရွှင်ပွဲဖြင့်စတင်ခြင်း

တရားဝင်အခမ်းအနားဖြင့်မဖွင့်လှစ်မီ တစ်ပတ်အလိုတွင် ဧရာမပါတီပွဲကြီးတစ်ခုဖြင့် အခမ်းအနားကိုစတင်ခဲ့သည်။ မှန်ပါသည်၊ ပေါ်တူဂီရိုးရာအစာ ဖေးဇွာဒါ သို့မဟုတ် ပဲပြုတ်ဟင်းစားကြရန် လူပေါင်း ၁၅,၀၀၀ ဖိတ်ခေါ်ခံခဲ့ကြရသည်။ မတ်လ ၂၂၊ တနင်္ဂနွေနေ့တွင် လူတို့စိတ်လှုပ်ရှားနေကြသည်။ ထိုလူများစွာကို မည်သည့်နေရာတွင် ကျွေးမွေးမည်နည်း။ တံတားသစ်ပေါ်တွင်ပင်! တံတားအရှည် သုံးမိုင်တစ်လျှောက် စားပွဲများခင်းကျင်းထားသည့်မြင်ကွင်းမှာ ဆန်းလှလေခြင်း! ထိုစားသောက်ပွဲသည် အောင်မြင်ခဲ့ပြီး ယင်းသို့ ပြုခဲ့ခြင်းကို လူတို့နှစ်ခြိုက်သဘောကျခဲ့ကြသည်။

ပိုမိုလိုအပ်လာခြင်း

အဆိုပါတံတားသည် အဘယ်ကြောင့် လိုအပ်လာခဲ့ရသနည်း။ ၁၉၆၆ ခုနှစ်ကတည်းက လစ္စဘွန်မြို့သည် ၃,၃၂၃ ပေရှိ ဧပြီ ၂၅ ကြိုးတံတားကိုအသုံးပြုခဲ့သည်။ နေ့စဉ်ပျမ်းမျှဖြတ်သန်းသွားလာသော ယာဉ်အစီးပေါင်း ၁၃၀,၀၀၀ ရှိခဲ့သည်။ ရုံးတက်ရုံးဆင်းချိန်နှင့် ရက်သတ္တပတ်အကုန်ပိုင်းတွင် ယာဉ်များပြည့်ကျပ်နေမည်ကို သင်မြင်ယောင်နိုင်ပါသလော။ ခရီးဝေးအလုပ်ဆင်းသူများသည် လစ္စဘွန်မြို့နှင့် ပေါ်တူဂီတောင်ပိုင်းကြားတွင် ယင်းနေရာကိုဖြတ်ကူးရန် တစ်နာရီ သို့မဟုတ် နှစ်နာရီကြာလေ့ရှိကြသည်မှာ အဆန်းမဟုတ်တော့ချေ။ ထို့ကြောင့် ယင်းအစားတစ်ခုခုလိုအပ်လာ၏။ မြစ်အထက်ဘက် ရှစ်မိုင်ခန့်အကွာတွင်တည်ရှိသော ယာဉ်ကြောခြောက်ခုရှိသောတံတားသစ်သည် အချိန်အတော်အသင့်သက်သာစေခဲ့ပြီ။ တစ်နေ့လျှင် ယာဉ် ၅၂,၀၀၀ အထိများလာမည်ဆိုလျှင် ဘေးတစ်ဖက်တစ်ချက်စီတွင် ယာဉ်ကြောတစ်ခုစီထပ်ဆောက်လုပ်နိုင်ရန် ရည်ရွယ်ပြုလုပ်ထားသည်။ တစ်နာရီလျှင် ၆၂ မိုင်နှုန်းကန့်သတ်ချက်ဖြင့် လျင်မြန်စွာသွားလာနိုင်မည်ဟု မျှော်လင့်ထားကြသည်။

တံတားကိုဖြတ်ကူးခြင်း

ကျွန်ုပ်တို့သည် မွန်တီယိုမြို့ရှိတံတား၏တောင်ဘက်မှ ဝင်ရောက်စဉ်လိုက်ကြည့်ပါလေ။ ကုန်းမြေနှင့် ရွှံ့မြေတို့ကိုနောက်တွင် ချန်ရစ်ကာ ခြောက်မိုင်ရှိသော တာဂတ်စ်မြစ်ပေါ် ကျွန်ုပ်တို့ရောက်နေကြပြီ။ ဒီရေတက်ချိန်ဖြစ်နေ၍ ကျွန်ုပ်တို့ကို ရေဝန်းရံထား၏။ တံတား၏အရှည်ကိုထောက်မထားသော တိုင် ၁,၅၀၀ နှင့်အတူ ဘီးမချော်စေသောလမ်းခင်းက လုံခြုံစိတ်ချစေသည်။

ယခု တံတား၏ကြိုးဆွဲတံတားအပိုင်းကို ကျွန်ုပ်တို့ရောက်လာကြပြီ။ ဤအပိုင်းကို ပေ ၅၀၀ မြင့်သောမျှော်စင်နှစ်ခု၏ထိပ်မှ ကြိုးများနှင့်ဖြာဆွဲထားသည်။ ထောက်မထားသောသံမဏိတိုင်ကြီးများ၏အုတ်မြစ်ကို အနက်ပေ ၁၆၀ မှ ၂၁၀ အထိတူးထားသည်။ နောက်ဘေးကင်းစေရန်အတွက် တစ်နာရီ မိုင် ၁၄၀ နှုန်းတိုက်သောလေပြင်းမုန်တိုင်းဒဏ်နှင့် ၁၇၅၅ ခုနှစ်တွင် လစ္စဘွန်မြို့ကိုအတော်အတန်ပျက်စီးစေခဲ့သည့်မြေငလျင်ထက် လေးဆခွဲသာ၍ကြီးမားသော ငလျင်ဒဏ်တို့ကိုကြံ့ကြံ့ခံနိုင်ရန် တံတားကိုဆောက်လုပ်ထားသည်။

ဗာစကိုဒဂါးမားတံတားအဆုံးပိုင်းရောက်သည်နှင့် လစ္စဘွန်မြို့အရှေ့မြောက်ဘက်အစွန်ပိုင်းသည် အုန်းပင်များနှင့် နှုတ်ဆက်ကြိုဆိုလျက်ရှိသည်။ ကျွန်ုပ်တို့ဆန္ဒရှိမည်ဆိုလျှင် နိုင်ငံ၏မြောက်ပိုင်းသို့သွားသော အဝေးပြေးလမ်းမကြီးပေါ်သို့ ယခုခရီးဆက်နိုင်ပေပြီ။ ဤတံတားအသစ်သည် လစ္စဘွန်မြို့တွင်း အလွန်ရှုပ်သောလမ်းကို ဖြတ်သန်းစရာမလိုဘဲ တောင်ပိုင်းရှိအယ်လ်ဂတ်ဗ်မြို့မှ မြောက်ပိုင်းရှိမင်ညူပြည်နယ်အထိ ချောမောသောအဝေးပြေးလမ်းပေါ် ခရီးသွားလာနိုင်စေသည်!

လုံခြုံရေးဆောင်ရွက်မှုများ

ဤတံတားကိုဆောက်လုပ်ရာတွင် လုံခြုံရေးစနစ်များကို အထူးဂရုစိုက်ခဲ့ကြသည်။ ကားပျက်ရုံမျှနှင့် ဧရာမယာဉ်ပိတ်ဆို့မှုတစ်ခုကိုဖြစ်စေနိုင်သည်။ သို့ရာတွင် တံတားနှင့် ယင်း၏အဝင်လမ်းများပေါ်တွင် ဗီဒီယိုကင်မရာ ၈၇ လုံးတပ်ဆင်ထားရာ ပုံမှန်မဟုတ်သည့်ယာဉ်သွားယာဉ်လာအားလုံးကို ရဲစခန်းနှင့် ယာဉ်သွားလာမှု ပင်မထိန်းချုပ်ရေးဌာနတို့တွင်ရှိ မှန်သားပြင်များထံသို့ ပို့ပေးသည်။ ယာဉ်တစ်စီးရပ်သွားမည်ဆိုလျှင် ထိန်းချုပ်ရေးအခန်းတွင် အချက်ပေးမည်ဖြစ်သည်။

ထို့အပြင် အက်စ်အိုအက်စ်တယ်လီဖုန်း ၃၆ စုံကို ဆယ်မိုင်အရှည်တံတားပေါ်တွင် ပေ ၁,၃၀၀ အကွာအဝေးတိုင်း၌တပ်ဆင်ထားသည်။ ဤအရေးပေါ်စနစ်သည် မည်သို့အကျိုးဆောင်သနည်း။ မီးသတ်ရန်နှင့် ကားများကိုဆွဲပေးရန်အပါအဝင် ပေါ်ပေါက်လာနိုင်သည့် အခက်အခဲများကို ဖြေရှင်းပေးရန် အထူးယာဉ်များသည် တံတားပေါ်တွင် ပုံမှန်သွားလာလေ့ရှိကြသည်။

ရာသီဥတု အကြီးအကျယ်ပြောင်းလဲမှုနှင့်ပတ်သက်၍ကော။ မိုးလေဝသစခန်းနှစ်ခုသည် လေတိုက်နှုန်း၊ သိပ်သည်းဆနှင့် လားရာတို့ကိုတိုင်းတာပေးပြီး ရာသီဥတုနှင့်လမ်းအခြေအနေများကိုစစ်ဆေးပေးပြီး ရာသီဥတုအခြေအနေနှင့်အညီ အရှိန်ကန့်သတ်မှုများကိုပြုပြင်ပေးသည်။

အချိုးကျနသောတံတား၏လှပမှုကို ညအချိန်တွင်အလင်းပေးသည့် အဝေးပြေးလမ်းမမီးလုံး ၁,၂၀၀ ကကျက်သရေပိုရှိစေသည်။

ပတ်ဝန်းကျင်ဆိုင်ရာစိန်ခေါ်ချက်များ

တံတားအသစ်ကို တည်ဆောက်မည့်နေရာနှင့်ပတ်သက်၍ ဆုံးဖြတ်ရခြင်းသည် မလွယ်ကူသည့်ကိစ္စဖြစ်ခဲ့သည်။ အဘယ်အချက်များပါဝင်ခဲ့သနည်း။

ပတ်ဝန်းကျင်အခြေအနေအရ မြေနေရာသည် ကြီးမားသောစိန်ခေါ်ချက်တစ်ခုဖြစ်ခဲ့သည်။ ဤသို့ ဖြစ်ရခြင်းမှာ ဤတံတားသည် အနောက်ဥရောပရှိ အကြီးမားဆုံးသောမြစ်ဝတစ်ခုတွင်ရှိသော ငှက်များ၏ဘေးမဲ့ကြိုးဝိုင်းကိုဖြတ်သန်းရ၍ဖြစ်သည်။ အပင်များ၊ ငါးများ၊ ငှက်များ၊ ရှေးဟောင်းပစ္စည်းများ၊ ရေလေအရည်အသွေး၊ ဧက ရာနှင့်ချီသောရေငန်အိုင်များကိုထိန်းသိမ်းရန်အတွက် ကျယ်ကျယ်ပြန့်ပြန့်လေ့လာမှုများပြုလုပ်ခဲ့ကြရသည်။ တောရိုင်းတိရစ္ဆာန်များသည် တာဂတ်စ်မြစ်ဝဒေသကို အဘယ်ကြောင့်နှစ်သက်ကြသနည်း။ ယင်းသည် ပေါ်တူဂီနှင့် ဥရောပတို့၏အဓိကစိုထိုင်းရာဒေသတစ်ခုဖြစ်ကာ အနက်ရောင်တောင်ပံရှိငှက်ကျားဖြူ၊ ကင်းတစ်ရေညှောင့်ငှက်နှင့် မြစ်တွေးငှက်စသည့် နိုင်ငံတကာ,ကာကွယ်ထားရာ အုပ်လိုက်ရွှေ့ပြောင်းသောငှက်များမျိုးဆက်ရန်အတွက် အသင့်တော်ဆုံးနယ်မြေဒေသဖြစ်သည်။ ဆောင်းဦးရာသီနှင့် ဆောင်းရာသီကာလများအတွင်း ထောင်နှင့်ချီသောငှက်များသည် ဤရေငန်နွံမြေဒေသကို ဒီရေတက်ချိန်ကွန်းခိုရာအဖြစ်အသုံးပြုကြသည်။

နှစ်ရှည်လများတည်ရှိလာသည့် ငါးမွေးမြူရေးလုပ်ငန်းများကိုလည်း ထည့်တွက်ခဲ့ရသည်။ သို့ ဖြင့် ငါးများကို အတတ်နိုင်ဆုံးနှောင့်ယှက်မှုနည်းစေရန် ပိုဂရုစိုက်ဆောင်ရွက်ခဲ့ကြရ၏။ ငါးကောင်ရေသုံးထောင် စောင့်ကြည့်ရှုရန် အဓိကအားဖြင့် ငါးခွေးလျှာနှင့် ပင်လယ်ကကတစ်တို့ကို စာတန်းဆွဲထားခဲ့သည်။

ရုတ်တရက် ဤဆိတ်ငြိမ်ဘေးမဲ့ကြိုးဝိုင်းမြေသည် မြို့နှင့်နီးသွားခဲ့သည်။ အဘယ်အတိုင်းအတာအထိ သဘာဝပတ်ဝန်းကျင်ဘက်တွင် ထိခိုက်မည်နည်း။ အဖိုးတန်တောင်ပိုင်းကမ်းခြေကို ထိန်းသိမ်းရန် ဆောင်ရွက်မှုများသည် ထိန်းသိမ်းထားသည့်သယံဇာတပစ္စည်းများကို အတတ်နိုင်ဆုံးကာကွယ်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ကြသည်။

ဗာစကိုဒဂါးမားတံတားသည် စက်မှုအတတ်ပညာတိုးတက်မှု၊ ဗိသုကာဆိုင်ရာလှပမှုနှင့် အချိုးကျနမှုတို့ဘက်တွင် တကယ့်ဖြစ်မြောက်အောင်မြင်မှုကြီးတစ်ရပ်ဖြစ်သည်မှာ အမှန်ပင်။ ပေါ်တူဂီနိုင်ငံသည် ဗာစကိုဒဂါးမား၏အမည်ခံယူထားသော ဤတံတားကို အမှန်ဂုဏ်ယူနိုင်သည်တကား!

[စာမျက်နှာ ၁၀ ပါ မြေပုံ/ရုပ်ပုံ]

(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)

ပေါ်တူဂီ

စပိန်

[မြေပုံ]

ပေါ်တူဂီ

လစ္စဘွန်

မွန်တီယို

ဗာစကိုဒဂါးမားတံတား

[Credit Line]

Courtesy of Lusoponte/Sonomage