မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အကြံသမား ဘိရှော့တစ်ဦးကို အရေးနိမ့်စေခဲ့သည့် လိမ္မာပါးနပ်သော မိဖုရားတစ်ပါး

အကြံသမား ဘိရှော့တစ်ဦးကို အရေးနိမ့်စေခဲ့သည့် လိမ္မာပါးနပ်သော မိဖုရားတစ်ပါး

အကြံသမား ဘိရှော့တစ်ဦးကို အရေးနိမ့်စေခဲ့သည့် လိမ္မာပါးနပ်သော မိဖုရားတစ်ပါး

တောင်အာဖရိကမှ နိုးလော့! စာရေးသူပေးပို့သည်

အင်္ဂလန်၏မိဖုရား ကက်သရင်းပါးရ်သည် သူ၏သစ္စာရှိအခြွေအရံများဝန်းရံလျက်နေကာ လုံခြုံသည်ဟုခံစားရသည်။ အဋ္ဌမမြောက်ဟင်နရီဘုရင်သည် နာမကျန်းဖြစ်နေသည့်အပြင် နန်းတွင်းဘဝ၏လျှို့ဝှက်ကြံစည်မှုများကြောင့်ပါ အတော်ပင်စိတ်ထိခိုက်နေသည်။ မိဖုရားသည် မိတ်ဆွေတစ်ဦးနှင့်စကားပြောနေစဉ် အခြွေအရံတစ်ဦးသည် စာရွက်တစ်ရွက်ကိုကိုင်ကာ အလျင်အမြန်ပြေးဝင်လာသည်။ အလွန်မောဟိုက်လျက် ကက်သရင်းအား စာရွက်ကိုလှမ်းပေးသည်။ မိဖုရားသည် အခြွေအရံ၏စိုးရိမ်တကြီးမျက်နှာအမူအရာကြောင့် စိတ်ပူကာ စာရွက်ကို ချီတုံချတုံဖြင့်ယူလိုက်သည်။ မိဖုရား၏အခန်းအပြင်တွင် အရာရှိတစ်ဦးလက်ထဲမှ ထိုစာရွက်အမှတ်တမဲ့ကျခဲ့ပုံရသည်။ *

စာဖတ်နေစဉ် ကက်သရင်းမျက်နှာပျက်သွား၏။ မယုံနိုင်ရာမှ လန့်ဖျပ်သွားသည်။ ဘုရင်လက်မှတ်ထိုးထားသည့် အယူဖောက်ပြန်သည်ဟု သူ့ကိုစွဲဆိုထားချက်များစာရင်းတစ်ခုဖြစ်သည်။ မိဖုရားသည် ဟစ်ကြွေးလိုက်ကာ လဲကျလုမတတ်ဖြစ်သွားပြီး သူ့မိတ်ဆွေများက သူ့ကိုဝိုင်းပင့်ထားကြသည်။ မိဖုရားသည် စိတ်အေးအေးထားပြီး ရှင်းရှင်းလင်းလင်းစဉ်းစားရန်ကြိုးစားသော်လည်း အလွန်စိတ်အနှောင့်အယှက်ဖြစ်နေသည်။ ကရုဏာသက်စွာဖြင့် အခြွေအရံများက သူ့အား အိပ်ရာသို့တွဲခေါ်သွားကြသည်။

မိဖုရားသည် အိပ်ရာပေါ်လှဲနေသော်လည်း အနားမယူနိုင်ပေ။ အဋ္ဌမမြောက်ဟင်နရီဘုရင်နှင့် သူအိမ်ထောင်ပြုခဲ့ရသည့် အဖြစ်အပျက်များကို ပြန်စဉ်းစားလေသည်။ သူ့အသက်မှာ ၃၁ နှစ်၊ နှစ်ကြိမ်အိမ်ထောင်ကျခဲ့ကာမုဆိုးမဖြစ်ခဲ့ပြီး သားနားချောမောလှသည့် သောမတ်စ်စေးမောရ်နှင့်အိမ်ထောင်ပြုရန် စဉ်းစားနေသည်။ သို့သော် ဘုရင်တွင် အခြားအစီအစဉ်များရှိ၏။ ဘုရင်က သူ့ကိုလက်ထပ်ဖို့အဆိုပြုခဲ့သည်။ သူမည်သို့ ငြင်းဆန်နိုင်မည်နည်း။ အမှန်ဂုဏ်ယူစရာဖြစ်သော်လည်း ပြဿနာများနှင့်ပြည့်နှက်ခဲ့သည်။ သူသည် ၁၅၄၃၊ ဇူလိုင် ၁၂ ရက်တွင် ဘုရင်၏ဆဋ္ဌမမြောက်မိဖုရားဖြစ်လာခဲ့သည်။

ဟင်နရီသည် လူငယ်ဘဝကကဲ့သို့ သားနားပြီး စီးချင်းထိုး၊ အားကစားလိုက်စားခဲ့သည့် မြင်းစီးသူရဲပုံပန်းသဏ္ဌာန်မျိုးမရှိတော့ပေ။ သူ့အသက် ၅၂ နှစ်တွင် အလွန်ဝကာ ရုတ်တရက် စိတ်ပြောင်းတတ်သည်၊ တစ်ခါတစ်ရံ လမ်းမလျှောက်နိုင်၍ ကုလားထိုင်ပေါ် သယ်ပို့ပေးရသည့်အထိ သူ့ခြေထောက်တွင် အနာများပေါက်ခဲ့သည်။

သို့တိုင် ကက်သရင်းသည် အိမ်ထောင်ရေးအောင်မြင်စေရန် မိမိ၌အတော်အတန်ရှိသည့်ဉာဏ်ရည်နှင့် ပင်ကိုအစွမ်းအစများကို အသုံးချခဲ့သည်။ သူသည် မိမိကိုယ်ကို ယခင်အိမ်ထောင်များနှင့်ရခဲ့သည့် ဘုရင်၏ကလေးသုံးယောက်အတွက် အပေါင်းအဖော်တစ်ဦးဖြစ်စေခဲ့သည်။ ပျော်တော်ဆက်မိဖုရားတစ်ဦးဖြစ်ရန်အတွက် သူအတော်အတန်ကြိုးစားခဲ့ရသည်။ ဘုရင်ခြေထောက်ကိုက်သည့်အခါ များသောအားဖြင့် ဘာသာရေးအကြောင်းများပေါ်အခြေခံကာ တက်တက်ကြွကြွစကားပြောဆိုဆွေးနွေးခြင်းဖြင့် အာရုံတခြားရောက်အောင်လုပ်ပေးခဲ့သည်။ သူသည် ဘုရင့်အသက်တာ၏နောက်ပိုင်းနှစ်များတွင် အတော်အတန်စိတ်အေးစေရန် လုပ်ဆောင်ပေးခဲ့သည်။

ယခု သူသည် ဘုရင်နှင့်မိမိ၏ဘဝကို ပြန်သုံးသပ်ရန်ကြိုးစားသည်။ သူ အဘယ်အမှားပြုလုပ်ခဲ့သနည်း။ ဘုရင်နှင့်နောက်ဆုံးတွေ့ဆုံချိန်ကို သူပြန်စဉ်းစားသည်။ ထိုညနေတွင် နန်းတွင်းသားအချို့ရှိသည်၊ ဘုရင်စိတ်ပျော်နေပုံရသည်။ မိဖုရားသည် ထုံးစံအတိုင်း မိမိတို့ယခင်ကဆွေးနွေးခဲ့သည့် ဘာသာရေးမေးခွန်းတစ်ခုကို မေးခဲ့သည်။ ဘုရင်သည် ဒေါသထွက်ကာ ဆွေးနွေးခန်းကိုချက်ချင်းရပ်ခိုင်းသည်။ မိဖုရားသည် အံ့အားသင့်သွားသော်လည်း ဘုရင်စိတ်အပြောင်းအလဲဖြစ်တတ်ခြင်းကြောင့်ဟုယူဆကာ ယင်းကိုမေ့ပျောက်လိုက်သည်။ များသောအားဖြင့် ဘုရင်သည် ထိုကဲ့သို့ဆွေးနွေးပြောဆိုရသည်ကို ကျေနပ်အားရပြီး ဘာသာရေးကိစ္စများတွင် မိဖုရားစိတ်ဝင်စားသည်ကို မကန့်ကွက်ခဲ့ပါ။

ထိုအချိန်က မည်သူရှိခဲ့သည်ကို ပြန်စဉ်းစားကြည့်သည်။ သူ၏အတွေးများထဲတွင် လူတစ်ဦး—အများသိရှိထားကြသောရန်ဘက်ပြုသူ၊ စတီဗင် ဂါဒီနာ—သည်စွဲမြဲစွာပြန်ပေါ်လာသည်။

ကျိတ်ကြံသောဘိရှော့

ဝင်ချက်စတာဘိရှော့နှင့် ဘုရင့်အတိုင်ပင်ခံတစ်ဦးဖြစ်သူ ဂါဒီနာသည် ဩဇာရှိသူတစ်ဦးဖြစ်ကာ ဘာသာရေးပြုပြင်ပြောင်းလဲမှုကို ဆန့်ကျင်သူတစ်ဦးဖြစ်၏။ သူသည် ဘာသာရေးဆိုင်ရာပြောင်းလဲမှုတွင် ကက်သရင်း၏စိတ်ဝင်စားမှုနှင့် ဘုရင့်အပေါ်သြဇာညောင်းမှုနှစ်ခုစလုံးအတွက် မိဖုရားကိုမကျေမနပ်ဖြစ်၏။

ဟင်နရီ၏အကြံပေးအရာရှိချုပ်၊ သောမတ်စ်ကရောမ်ဝဲလ်သည် ဂါဒီနာကို ဘုရင့်အတွင်းရေးမှူးချုပ်ရာထူးမှကျအောင် ဉာဏ်ဆင်လုပ်ဆောင်ခဲ့ရာ ဂါဒီနာသည် လက်စားချေဖို့အခွင့်အရေးရှာခဲ့သည်။ ဂါဒီနာသည် ကရောမ်ဝဲလ်ရာထူးကျကာ သေဒဏ်စီရင်ခံရဖို့ လျှို့ဝှက်ကြံစည်ရာတွင် ပါဝင်ပတ်သက်ခဲ့သည်။ ဟင်နရီသည် သူ့အားဥပေက္ခာပြုကာ ပရိုတက်စတင့်များကို ပါစားပေးသည့် မထင်ရှားသူသောမတ်စ်ကရန်မာရ်အား ကင့်တာဗျူရီဂိုဏ်းချုပ်အဖြစ်ခန့်အပ်ခဲ့ခြင်းကြောင့်လည်း ဂါဒီနာစိတ်ပျက်နေသည်။ ဂါဒီနာနှင့် အခြားသူများ၏လျှို့ဝှက်ကြံစည်မှုကို ဟင်နရီကဝင်ဟန့်တားလိုက်၍ ကရန်မာရ်အတွက်တော်သေးသည်။

ဘိရှော့ဂါဒီနာ၏ မကြာသေးမီက နောက်အကြံအစည်တစ်ခုကြောင့် ကက်သရင်းနှင့် သူ၏နန်းတွင်းအခြွေအရံများအတွက် အန္တရာယ်ပိုများလာသည်။ အဲန် အက်စ်ကယူးဆိုသူ အမျိုးသမီးငယ်တစ်ဦးသည် ဘာသာရေးပြုပြင်ပြောင်းလဲမှုနှင့်စပ်လျဉ်း၍ ဘွင်းဘွင်းထောက်ခံပြောဆိုသူတစ်ဦးဖြစ်သည်။ သူသည် ထောင်ကျနေကာ အယူဖောက်ပြန်မှုအတွက် သေဒဏ်ခံရန်စောင့်နေရသည်။ သို့သော် ဂါဒီနာသည် အခြားအကြောင်းတစ်ခုကြောင့် ဤအမျိုးသမီးကိုစိတ်ဝင်စားသည်။ ဤအမျိုးသမီးသည် နန်းတော်တွင် ဩဇာညောင်းသောအမျိုးသမီးများနှင့် အဆက်အသွယ်ရှိခဲ့ကြောင်းနှင့် ထို့ကြောင့် မိဖုရားကိုလည်း အမှုပတ်စေမည့်အထောက်အထားကို ဂါဒီနာရလိုသည်။ ဘုရင့်အတိုင်ပင်ခံတစ်ဦးဖြစ်သူ ဂါဒီနာ၏မိတ်ဆွေ သောမတ်စ် ရိုင်းအသစလီသည် အဲန် အက်စ်ကယူးအား စစ်ဆေးမေးမြန်းခဲ့သည်။

ကိုယ်ခန္ဓာကို ဆွဲဆန့်ညှဉ်းဆဲခြင်း

ရိုင်းအသစလီသည် အဲန်ကို အတန်ကြာစစ်ဆေးမေးမြန်းခဲ့သော်လည်း သူရလိုသည့်အထောက်အထားကိုမူ မရရှိခဲ့ပါ။ နောက်ဆုံးတွင် ကိုယ်ခန္ဓာကိုဆွဲဆန့်ညှဉ်းဆဲသည့်ကိရိယာ *ကို အမျိုးသမီးတစ်ဦးအတွက်အသုံးပြုခြင်းသည် ဥပဒေနှင့်မညီသော်လည်း ထိုစင်ပေါ်တွင် အဲန်ကိုတုပ်နှောင်ရန်အမိန့်ပေးခဲ့သည်။ ဤသို့ပြုသော်လည်း ထိုအမျိုးသမီးသည် သူတို့ရလိုရာစကားကို မပြောသည့်အခါ ရိုင်းအသစလီနှင့် အခြားအတိုင်ပင်ခံတစ်ဦးသည် ထိုစင်ကို သူတို့ကိုယ်တိုင်လှည့်၍ အဲန်၏ကိုယ်ကိုအဆုံးစွန်အထိဆွဲဆန့်သော်လည်း လိုချင်သည့်အချက်အလက်များကို မရရှိခဲ့ပါ။

အဲန် အက်စ်ကယူးခံရမည့်ဝေဒနာကိုတွေးကာ ကက်သရင်းမျက်ရည်ကျခဲ့သည်။ အခန်းထဲသို့တစ်စုံတစ်ဦးဝင်လာသည်ကို သူသိလိုက်သည်။ အခြွေအရံတစ်ဦးသည် ကက်သရင်းအနားလာကာ သူ့အားစမ်းသပ်ကြည့်ရှုရန် ဘုရင့်ဆရာဝန် ဒေါက်တာဝင်ဒီကို ဘုရင်လွှတ်လိုက်ကြောင်းပြောပြသည်။ သနားကြင်နာတတ်သောဆရာဝန်သည် နေထိုင်ကောင်းမကောင်းမေးကာ ကက်သရင်း၏ကျန်းမာရေးအတွက် ဘုရင်စိုးရိမ်ကြောင့်ကြကြောင်းပြောပြသည်။

ဘုရင်သည် ကက်သရင်းအပေါ် လျှို့ဝှက်ကြံစည်မှုကို မိမိအားဖွင့်ပြောပြကာ ယင်းကိုလျှို့ဝှက်ထားရန် ကျမ်းသစ္စာကျိန်ဆိုခဲ့ရပုံကို ဆရာဝန်ကရှင်းပြသည်။ သို့တိုင် ဖြစ်ရပ်မှန်အကြောင်းစုံ—ထိုညက ဘုရင့်ထံမှကက်သရင်းထွက်ခဲ့ပြီးနောက် ဘုရင်က မိမိ၏ဇရာပိုင်းရောက်မှ “[မိမိ] ဇနီး၏သွန်သင်မှုကိုခံရခြင်း” သည် အလွန်စိတ်ချမ်းမြေ့သည်ဟု ခနဲ့၍ပြောခဲ့ကြောင်း—ကို ကက်သရင်းအား ဒေါက်တာဝင်ဒီကပြောပြသည်။

ဂါဒီနာသည် အခွင့်ကောင်းယူခဲ့သည်။ ဂါဒီနာက မိဖုရားသည် အယူဖောက်ပြန်သူများကို လက်သင့်ခံနေကြောင်း၊ ၎င်း၏လုပ်ဆောင်မှုများသည် သစ္စာဖောက်ခြင်းဖြစ်ကာ ဘုရင့်အခွင့်အာဏာအတွက် အန္တရာယ်ရှိကြောင်းလျှောက်ဆိုခဲ့သည်။ အချိန်ပေးမည်ဆိုလျှင် မိမိနှင့် အခြားသူများသည် ဤကိစ္စနှင့်ပတ်သက်၍ သက်သေအထောက်အထားကို ဘုရင့်ရှေ့တော်မှောက်ပြနိုင်ကြောင်း လျှောက်ဆိုခဲ့သည်။ ဒေါသထွက်နေသောဘုရင်သည် ကက်သရင်းအပေါ် စွဲချက်တင်သည့်စာတမ်းတစ်စောင်ကို လက်မှတ်ထိုးဖို့သဘောတူခဲ့သည်။

ဤအဖြစ်အပျက်များကို ပြန်ပြောပြပြီးနောက် ဒေါက်တာဝင်ဒီသည် အခွင့်အရေးရလျှင်ရချင်း ဘုရင့်ထံဝင်ကာ မိမိအား ခွင့်လွှတ်ရန် နှိမ့်ချစွာဖြင့်တောင်းပန်ဖို့ ကက်သရင်းကိုတိုက်တွန်းသည်။ ကက်သရင်းသည် လန်ဒန်ရဲတိုက်ထဲတွင် အကျဉ်းသားတစ်ဦးမဖြစ်မချင်း၊ သူ့ကိုသေဒဏ်ချမှတ်ရန် အထောက်အထားအလုံအလောက်မရမချင်း မရပ်မနားကြိုးစားကြမည့် သူ၏ရန်သူများကိုအသာစီးရရန် ဤနည်းတစ်နည်းပင်ရှိတော့သည်။

ဤအကြံပြုချက်၏အမြော်အမြင်ရှိမှုကို ကက်သရင်းမြင်ကာ အခန်းထဲတွင် ဘုရင်ရှိသည်ဟုကြားရသည့် တစ်ခုသောညဉ့်နက်ပိုင်းတွင် အသေအချာဝတ်စားကာ မိမိပြောဆိုမည့်စကားကို အသေအချာလေ့ကျင့်သည်။ သူ့အစ်မနှင့်သူငယ်ချင်းလေဒီလိန်းတို့သည် သူနှင့်အတူလိုက်သွားသည်။

ပညာအမြော်အမြင်ရှိသောမိဖုရား

ဘုရင်သည်ထိုင်ကာ အပေါင်းပါအချို့နှင့် နောက်ပြောင်ပြောဆိုနေသည်။ မိဖုရားကို အပြုံးလေးတစ်ချက်ဖြင့်ကြိုဆိုသည်။ ထို့နောက် ဘုရင်သည် ဘာသာရေးကိစ္စများဘက် စကားလမ်းကြောင်းလွှဲလိုက်သည်။ အချက်တချို့နှင့်စပ်လျဉ်း၍ သူ့တွင်ရှိနေသည့်သံသယကို ကက်သရင်းအားဖြေရှင်းခိုင်းသည်။ အကွက်ဆင်သည်ကို ကက်သရင်း ချက်ချင်းသိသည်။ သဘောရိုးနှင့်ရိုးသားစွာတုံ့ ပြန်ရန် ကက်သရင်းအတတ်နိုင်ဆုံးကြိုးစားသည်။

ကက်သရင်းက ဘုရားသခင်သည် ယောက်ျားကိုဖန်ဆင်းပြီးမှ သူ့ထက်အဆင့်နိမ့်သည့်မိန်းမကို ဖန်ဆင်းခဲ့သည်ဟုလျှောက်ဆို၏။ သူက ‘ယောက်ျားနဲ့မိန်းမမှာ ဒီလိုမျိုးသဘာဝခြားနားမှုကို ဘုရားသခင်စီမံပေးခဲ့တဲ့အတွက်၊ အရှင်မင်းကြီးဟာ ဉာဏ်ပညာအရာမှာ အလွန်သာလွန်ထူးချွန်ပြီး ကဏ္ဍတိုင်းမှာ ကျွန်မဟာ အရှင်မင်းကြီးထက် များစွာနိမ့်တဲ့အတွက် ဒီလိုမျိုးရှုပ်ထွေးတဲ့ဘာသာရေးကိစ္စတွေမှာ ကျွန်မရဲ့အကဲဖြတ်ချက်ကို ဘယ်လိုလုပ်ပြီးလိုမှာလဲ’ ဟုဆက်၍လျှောက်ဆို၏။ ဘုရင်သည် ဘုရားသခင်ပြီးလျှင် သူ့အတွက် ဒုတိယအဆင့်ရှိသူဖြစ်ကာ အရာရာတွင် မိမိထက်သာလွန်ကြောင်း ကက်သရင်းအသိအမှတ်ပြုသည်။

‘အဲလိုမဟုတ်ဘူး’ ဟုဘုရင်ကပြန်ပြောသည်။ ‘မင်းဟာ ငါတို့ကိုသွန်သင်ပေးရမယ့် ဆရာတစ်ဦးဖြစ်သွားပြီ၊ ငါတို့က မင်းကိုသွန်သင်ညွှန်ကြားဖို့မဟုတ်ဘူး။’

ကက်သရင်းက ဤသို့ပြန်ပြောသည်– ‘အဲဒီလိုသဘောထားရင်တော့ အရှင်မင်းကြီးဟာ ကျွန်မကိုအရမ်းမှားနေစေပြီ၊ အမျိုးသမီးအနေနဲ့ မသင့်လျော်၊ သဘာဝမကျရာဖြစ်တဲ့ ကိုယ့်ရဲ့အရှင်၊ ကိုယ့်ရဲ့ခင်ပွန်းကို သွန်သင်ညွှန်ကြားရတဲ့ရာထူးကိုယူဖို့ဆိုတာ တစ်ခါမှမစဉ်းစားခဲ့ဘူး; အဲဒီအစား ကိုယ့်ရဲ့ခင်ပွန်းထံက သင်ယူဖို့နဲ့ သွန်သင်ခံဖို့ပါပဲ။’ သူသည် ဘုရင်နှင့်ဘာသာရေးကိစ္စများကို ပြောဆိုခဲ့သည့်အခါနှင့် တစ်ခါတစ်ရံ ထင်မြင်ချက်တစ်ခုကိုဖွင့်ဟပြောဆိုခဲ့သည့်အခါ မိမိ၏အယူအဆများကို အဆိုသွင်းထောက်ခံဖို့မဟုတ်ကြောင်း ထပ်ဆင့်ရှင်းပြသည်။ ယင်းအစား စကားလက်ဆုံပြောဆိုခြင်းဖြင့် ရောဂါဝေဒနာကြောင့် ဘုရင်ခံစားနေရသည့် နာကျင်မှုမှအာရုံပြောင်းစေရန် မျှော်လင့်ခဲ့ကြောင်းဖြေဆိုသည်။

‘အဲဒါအမှန်ပဲလား၊ အချစ်’ ဟုဘုရင်ကပြော၏။ ‘မကောင်းတဲ့ရည်ရွယ်ချက်တစ်ခုခုနဲ့ အချေအတင်ပြောခဲ့တာမဟုတ်ဘူးပေါ့။ ဒါဆိုရင် အခု ငါတို့ အရင်တုန်းကလိုပဲ မိတ်ဆွေတွေလုံးလုံးပြန်ဖြစ်သွားပြီ။’ ဘုရင်သည် ထိုင်နေရာမှ မိဖုရားအား သူ့ထံလာဖို့ခေါ်ကာ ကြင်ကြင်နာနာနှင့်ပွေ့ဖက်၍နမ်းသည်။ ဤသတင်းကြားရခြင်းသည် ပေါင်တစ်သိန်းတန်ဆုကို ရုတ်တရက်ရလိုက်ခြင်းထက်သာလွန်ကောင်းမွန်ကြောင်း ဘုရင်ကြီးကဆိုသည်။ ဘုရင်သည် မိဖုရားအား သန်းခေါင်အချိန်အထိဆွဲထားပြီး ပျော်ရွှင်ကြည်နူးစွာစကားစမြည် ဆက်ပြောကြသည်။

နောက်နေ့တွင် ဘုရင်သည် နန်းတွင်းဥယျာဉ်ထဲ၌ အရင်းနှီးဆုံးအပေါင်းပါနှစ်ဦးနှင့်အတူ ထုံးစံအတိုင်းလမ်းလျှောက်သည်။ မိဖုရားအား သူနှင့်အတူလမ်းလျှောက်ရန်ခေါ်ခိုင်းထားရာ အခြွေအရံသုံးဦးနှင့်အတူ မိဖုရားသည် အခန့်သင့်ရောက်ရှိလာသည်။ ဤအချိန်သည် သူ့ကိုဖမ်းဆီးရန် ယခင်ကသဘောတူခဲ့သည့်အချိန်ဖြစ်ကြောင်း ကက်သရင်းအားပြောပြဖို့ ဟင်နရီပျက်ကွက်ခဲ့သည်။ ဖမ်းဆီးရန်တာဝန်ပေးခံရသည့် ရိုင်းအသစလီအား မိဖုရားနှင့်မိမိ၏ပြန်လည်သင့်မြတ်မှုအကြောင်းကို အသိပေးရန်လည်း ပျက်ကွက်ခဲ့သည်။ သူတို့ပျော်ရွှင်နေကြစဉ် ရိုင်းအသစလီသည် မိဖုရားကို သူ၏အခြွေအရံများနှင့်အတူဖမ်းရန် ဘုရင့်ကိုယ်ရံတော်အယောက် ၄၀ နှင့်ရောက်ရှိလာသည်။

ဟင်နရီသည် လူစုထဲမှထွက်လိုက်ပြီး ရိုင်းအသစလီအား ဆင့်ခေါ်လိုက်ရာ ဘုရင့်ရှေ့ သူဒူးထောက်၏။ ကျန်လူစုသည် ဘုရင်ပြောဆိုသည့်စကားကို မကြားနိုင်သော်လည်း အမျက်ဒေါသဖြင့် ‘လူယုတ်မာ! တိရစ္ဆာန်! လူမိုက်’ ဟူ၍ပြောသည့်စကားကိုမူ သူတို့ကြားရကြသည်။ ဘုရင်သည် ရိုင်းအသစလီအား သူ့ရှေ့မှထွက်သွားရန် အမိန့်ပေးလိုက်သည်။

ဘုရင်သည် ကက်သရင်းထံသို့ပြန်ရောက်လာသည့်အခါ နူးညံ့သောစကားများဖြင့် ဘုရင့်အမျက်ပြေစေရန် သူကြိုးစားသည်။ ရိုင်းအသစလီပြုလုပ်ခဲ့ရာသည် အမှားအယွင်းပြုမိ၍သာဖြစ်မည်ဟု သူ၏အကျိုးအတွက်ပင်ပြောပေးသည်။

ဘုရင်က ‘အချစ်ရေ၊ တကယ်ဆိုရင် သူဟာ မင်းအပေါ်မှာ ယုတ်မာခဲ့တဲ့သူပဲ၊ သွားပါစေ’ ဟုပြန်ပြောသည်။

ဤသို့ဖြင့် ကက်သရင်းသည် ရန်သူများ၏လက်မှကယ်တင်ခံခဲ့ရကာ ဘိရှော့ဂါဒီနာမူ ဘုရင့်မျက်နှာသာကိုဆုံးရှုံးခဲ့သည်။ မိဖုရားသည် ကျိတ်ကြံစည်သူဘိရှော့ကို အရေးနိမ့်စေခဲ့သည်။ ကလိမ်ကျအကွက်ဆင်မှုသည် ပျက်ပြားသွားပေပြီ။ *

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 3 ဤပုံပြင်ဆန်သည့်မှတ်တမ်းတိုသည် ဖော့ခ်စ်၏အာဇာနည်များအကြောင်းစာအုပ်အပါအဝင် အခြားစာပေအသီးသီးကိုအခြေခံထားသည်။

^ အပိုဒ်၊ 15 “တလိမ့်တုံးများကိုလှည့်သည့်အခါ အဆစ်များကိုဆွဲဆန့်နိုင်ရန် လူတစ်ဦးကိုတင်၍ သူ၏လက်ကောက်ဝတ်နှင့် ခြေကျင်းဝတ်ကို တလိမ့်တုံးများတွင်ချည်ထားရသည့် ညှဉ်းဆဲရာစင်တစ်ခုဖြစ်သည်။”—အောက်စ်ဖို့ဒ် အက်ဒ်ဗန့် လန်းနားအဘိဓာန်။

^ အပိုဒ်၊ 31 ကက်သရင်းပါးရ်သည် ဟင်နရီသေပြီးနောက်ဆက်အသက်ရှင်ကာ နောက်ဆုံးတွင် သောမတ်စ်စေးမောရ်နှင့်အိမ်ထောင်ပြုခဲ့သည်။ သူသည် ၁၅၄၈ ခုနှစ်တွင် အသက် ၃၆ နှစ်ရှိစဉ် ကလေးမွေးပြီးနောက်မကြာမီ သေဆုံးခဲ့သည်။ ဂါဒီနာသည် ထောင်ထဲနှင့် လန်ဒန်ရဲတိုက်ထဲတွင် ထောင်ဒဏ်ခံရပြီးနောက် ၁၅၅၀ ပြည့်နှစ်တွင် ဘိရှော့ရာထူးမှကျခဲ့သည်။ သူသည် ပထမမြောက် ကက်သလစ်မေရီ (၁၅၅၃) လက်ထက်တွင် မျက်နှာသာပြန်ရကာ ၁၅၅၅ တွင်သေဆုံးခဲ့သည်။

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

မိဖုရား ကက်သရင်း ပါးရ်

ဘိရှော့ စတီဗင်ဂါဒီနာ

[Credit Line]

ကက်သရင်းပါးရ်၏အကြောင်း အသေးစိတ်– By courtesy of the National Portrait Gallery, London; စတီဗင် ဂါဒီနာ– National Trust Photographic Library/J. Whitaker

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

အဋ္ဌမမြောက်ဟင်နရီသည် သောမတ်စ်ရိုင်းအသစလီကို မိဖုရားရှေ့တွင် ပြစ်တင်ပြောဆိုခဲ့သည်

[Credit Line]

Portrait by Holbein, from the book The History of Protestantism (Vol. III)

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ Credit Line]

စာမျက်နှာ ၁၆-၈ ရှိနောက်ခံ– သမိုင်းဝင်ပုဂ္ဂိုလ်များနှင့် ထင်ရှားသည့်ဖြစ်ရပ်များဆိုင်ရာ စာကြည့်တိုက်၊ အတွဲ ၇၊ ၁၈၉၅ စာအုပ်မှ