မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အေအိုင်ဒီအက်စ်—ကူးစက်ရောဂါဖြစ်ပွားမှု ဆက်ဖြစ်နေ

အေအိုင်ဒီအက်စ်—ကူးစက်ရောဂါဖြစ်ပွားမှု ဆက်ဖြစ်နေ

အေအိုင်ဒီအက်စ်—ကူးစက်ရောဂါဖြစ်ပွားမှု ဆက်ဖြစ်နေ

ကာရင်းသည် အမေရိကန်ပြည်ထောင်စုအနောက်ပိုင်း၌ ကြီးပြင်းလာခဲ့၏။ * ယေဟောဝါသက်သေတစ်ဦးအနေဖြင့် လူငယ်ဘဝတစ်လျှောက်တွင် မြင့်မားသောကိုယ်ကျင့်တရားစံနှုန်းများကို ထိန်းထားခဲ့သည်။ ၁၉၈၄ ခုနှစ်၊ ကာရင်းအသက် ၂၃ နှစ်အရွယ်တွင် သက်သေခံတစ်ဦးဖြစ်လာသည်မှာ နှစ်နှစ်သာရှိသေးသည့် ဘေးလ်ဆိုသူနှင့် လက်ထပ်လိုက်၏။ သူတို့တွင် သားတစ်ယောက်၊ သမီးတစ်ယောက်ဖြင့် ကောင်းချီးရခဲ့ကြသည်။

၁၉၉၁ တိုင်လေသော် သူတို့၏မေတ္တာမှာ နက်ရှိုင်းသည်ထက်နက်ရှိုင်းလာခဲ့ရာ ကျေနပ်မှုရှိ၍ ပျော်ရွှင်နေခဲ့ကြသည်။ ထိုနှစ်အကုန်ပိုင်း၌ ဘေးလ်၏လျှာပေါ်တွင် အဖြူကွက်တစ်ကွက်ပေါ်လာ၍ မပျောက်တော့ချေ။ ဆရာဝန်ထံသို့ သူသွားလိုက်၏။

ထို့နောက် တစ်နေ့တွင် ကာရင်းနှင့် သားသမီးများသည် ခြံရှင်းနေကြသည်။ ဘေးလ်မှာ ဆင်ဝင်အောက် လှေကားထစ်ပေါ်ထိုင်ပြီး ကာရင်းအား မိမိအနား၌လာထိုင်ရန် လှမ်းခေါ်လိုက်၏။ သူ့ခါးကိုဖက်ထားကာ မျက်ရည်များဖြင့် သူ့ကို မိမိချစ်ကြောင်းနှင့် ထာဝစဉ်အတူနေသွားလိုကြောင်း ပြောပြသည်။ သို့ဆိုလျှင် အဘယ်ကြောင့် မျက်ရည်ကျရသနည်း။ ဘေးလ်တွင် အေအိုင်ဒီအက်စ်ရောဂါဖြစ်စေသည့် အိပ်ခ်ျအိုင်ဗွီပိုးရှိနေမည်ဟူ၍ ဆရာဝန်ကထင်သည်။

မိသားစုလိုက် ဆေးစစ်လိုက်ကြသည်။ အဖြေမှာ ဘေးလ်နှင့် ကာရင်းတွင် ပိုးရှိနေ၏။ ဘေးလ်သည် ယေဟောဝါသက်သေတစ်ဦးဖြစ်မလာမီက ကူးစက်ခံခဲ့ရသည်; သူ့မှတစ်ဆင့် ကာရင်းပါရောဂါရခဲ့သည်။ ကလေးများ၌မူ ရောဂါပိုးမရှိချေ။ သုံးနှစ်အတွင်း၌ပင် ဘေးလ်သေဆုံးသွား၏။ ကာရင်းက ဤသို့ပြောပြသည်– “တစ်ချိန်ကရုပ်ရည်ချောမောပြီး၊ ကျွန်မချစ်မြတ်နိုးရတဲ့၊ တစ်သက်လုံးပေါင်းဖို့ရည်ရွယ်ထားတဲ့သူတစ်ဦး တဖြည်းဖြည်းအားနည်းလာပြီး အရိုးနဲ့ အရေသာကျန်တဲ့အထိ ပိန်ချုံးသွားတာကို ကြည့်နေရတာဟာ ဘာနဲ့တူသလဲဆိုတာကို မပြောပြတတ်တော့ဘူး။ ငိုခဲ့ရတဲ့ညတွေ မနည်းဘူး။ ကျွန်မတို့ရဲ့အိမ်ထောင်သက် ဆယ်နှစ်ပြည့်ဖို့ သုံးလအလိုမှာ သူဆုံးသွားတယ်။ ဖခင်ကောင်း၊ ခင်ပွန်းကောင်းပီသသူတစ်ယောက်ပါပဲ။”

ဆရာဝန်က ကာရင်းလည်း မကြာမီ သူ့ခင်ပွန်းနောက်လိုက်သွားရမည်ဟု ပြောခဲ့သော်လည်း ယခုထက်ထိ အသက်ရှင်ဆဲဖြစ်သည်။ ကူးစက်နာမှာ အေအိုင်ဒီအက်စ်၏ အစောပိုင်းအဆင့်အထိရှိနေပြီ။

ကာရင်းသည် လက်ရှိ အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်ဖြစ်၍ အသက်ရှင်နေကြသူ သန်း ၃၀ ခန့်တွင် တစ်ဦးအပါအဝင်ဖြစ်ပြီး ထိုကိန်းဂဏန်းကား ဩစတြေးလျ၊ အိုင်ယာလန်နှင့် ပါရာဂွေးရှိ စုစုပေါင်းလူဦးရေထက်ပင် များသည်။ ခန့်မှန်းချက်များက အာဖရိကတွင် ဝေဒနာရှင် ၂၁ သန်းရှိသည်ဟုဖော်ပြ၏။ ကုလသမဂ္ဂ၏တွက်ချက်မှုအရ နောက်ရာစုနှစ်အစတွင် အဆိုပါအရေအတွက်မှာ သန်းပေါင်း ၄၀ သို့ထိုးတက်သွားနိုင်သည်။ ယူအဲန်မှတ်တမ်းတစ်ခုက ထိုရောဂါသည် သမိုင်းကြောင်းတွင် အများဆုံးကူးစက်ရောဂါဖြစ်ပွားမှုနှင့်အပြိုင်ဖြစ်ကြောင်း ဆိုထားသည်။ ကမ္ဘာပေါ်တွင် အသက် ၁၅ နှစ်မှ ၄၉ နှစ်ကြား စည်းမဲ့လိင်ဆက်ဆံသောအရွယ်ရောက်သူ ၁၀၀ တွင် ၁ ဦးမှာ အိပ်ခ်ျအိုင်ဗွီပိုးကူးစက်နှင့်ပြီးသားဖြစ်သည်။ ၎င်းမှ ၁၀ ဦးတွင် ၁ ဦးသာလျှင် သူ၌ကူးစက်နာရှိနေပြီဖြစ်ကြောင်းကိုသိ၏။ အာဖရိက၏ဒေသအချို့တွင် အရွယ်ရောက်သူ ၂၅ ရာခိုင်နှုန်းမှာကူးစက်ခံရပြီးဖြစ်သည်။

ကူးစက်ရောဂါဖြစ်ပွားမှုစတင်ချိန် ၁၉၈၁ ခုနှစ်ကတည်းကစ၍ အေအိုင်ဒီအက်စ်ဖြင့် သေဆုံးသူ ၁၁.၇ သန်းရှိပြီဖြစ်ကြောင်း ခန့်မှန်းချက်တစ်ခုကဖော်ပြ၏။ ၁၉၉၇ ခုနှစ် တစ်နှစ်တည်းတွင် ၂.၃ သန်းခန့်ဆုံးပါးသွားကြောင်း ခန့်မှန်းရသည်။ သို့တစေ အေအိုင်ဒီအက်စ်တိုက်ဖျက်ရေးတွင် အပြုသဘောပါသောအကြောင်းကောင်းရှိလေ၏။ လွန်ခဲ့သောနှစ်အနည်းငယ်က ချမ်းသာသည့်နိုင်ငံများ၌ အေအိုင်ဒီအက်စ်ရောဂါသည်အသစ်များ လျော့နည်းသွားသည်။ ထို့အပြင် ကျန်းမာရေးပိုကောင်းလာဖို့နှင့် အသက်တိုးရှည်ဖို့ မျှော်လင့်ချက်ရှိစေသည့်ဆေးဝါးများရှိနေသည်။

အေအိုင်ဒီအက်စ်မှ သင့်ကိုယ်သင် မည်သို့ကာကွယ်နိုင်မည်နည်း။ တိုးတက်လာသည့် နောက်ဆုံးပေါ်ကုသမှုနှင့် ကာကွယ်ဆေးများကား အဘယ်နည်း။ ဤရောဂါကို တစ်နေ့နေ့ လုံးလုံးနှိမ်နင်းနိုင်လိမ့်မည်လော။ ဤမေးခွန်းများကို နောက်ဆောင်းပါးများ၌ ဖြေဆိုထားပါသည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 2 နာမည်များကို ပြောင်းထားပါသည်။