မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အေအိုင်ဒီအက်စ်—ယင်းကို မည်သို့တိုက်ဖျက်နိုင်

အေအိုင်ဒီအက်စ်—ယင်းကို မည်သို့တိုက်ဖျက်နိုင်

အေအိုင်ဒီအက်စ်—ယင်းကို မည်သို့တိုက်ဖျက်နိုင်

ယခုအထိ အေအိုင်ဒီအက်စ်အတွက် ကုရာနတ္တိဆေးမရှိချေ၊ ဆေးသိပ္ပံပညာမှ မကြာမီ ဆေးတစ်မျိုးတွေ့ရှိမည်ဟုထင်မြင်မှုမှာ ဖြစ်နိုင်ဖွယ်မရှိ။ ထိုရောဂါတိုးလာခြင်းကို ကုသမှုနည်းသစ်များက နှောင့်နှေးနေစေသော်လည်း အစကတည်းက ရောဂါကူးစက်ခြင်းကိုရှောင်ခြင်းသည် သာ၍ကောင်းပေသည်။ သို့သော် ကာကွယ်မှုအကြောင်း ကျွန်ုပ်တို့မဆွေးနွေးမီ အေအိုင်ဒီအက်စ်ဗိုင်းရတ်ပိုး (အိပ်ခ်ျအိုင်ဗွီ) သည် လူတစ်ဦးမှတစ်ဦးထံသို့ မည်သို့ကူးစက်ကြောင်းနှင့် မကူးစက်ကြောင်းကို သုံးသပ်ကြည့်ကြစို့။

အဓိကအားဖြင့် ရောဂါကူးစက်နည်း လေးနည်းရှိသည်– (၁) ရောဂါပိုးရှိသူသုံးပြီးသားဆေးထိုးအပ်/ပြွန်ကိုအသုံးပြုခြင်းအားဖြင့်၊ (၂) ရောဂါရှိသူနှင့် (လိင်အင်္ဂါ၊ စအို၊ ပါးစပ်တို့ ဖြင့်) သံဝါသပြုခြင်း၊ (၃) ယခု သာ၍ဖွံ့ ဖြိုးသောနိုင်ငံများ၌ သွေးတွင် အိပ်ခ်ျအိုင်ဗွီပဋိပစ္စည်းများရှိ၊ မရှိ ဆန်ကာချစစ်ဆေးခြင်းကြောင့် စိုးရိမ်စရာ လျော့နည်းလာသော်လည်း သွေးနှင့် သွေးပစ္စည်းများကို သွင်းခြင်းအားဖြင့်နှင့် (၄) ကလေးမမွေးဖွားမီ သို့မဟုတ် မွေးဖွားချိန် သို့မဟုတ် နို့ချိုတိုက်ကျွေးချိန်အတွင်း၌ ရောဂါကူးစက်စေနိုင်သည့် အိပ်ခ်ျအိုင်ဗွီပိုးရှိသော ကလေး၏မိခင်အားဖြင့်ဖြစ်သည်။

အမေရိကန်ပြည်ထောင်စုရှိ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာန (CDC) က လက်ရှိသိပ္ပံဆိုင်ရာသာဓကအရ (၁) အအေးမိခြင်း သို့မဟုတ် တုတ်ကွေးမိခြင်းကဲ့သို့ အေအိုင်ဒီအက်စ်မကူးနိုင်ချေ၊ (၂) အေအိုင်ဒီအက်စ်ဖြစ်နေသူ နံဘေးတွင်ထိုင်ခြင်း သို့မဟုတ် ရောဂါရှိသူတစ်ဦးကိုတို့ထိမိခြင်း သို့မဟုတ် ဖက်ရမ်းခြင်းဖြင့် ရောဂါမရနိုင်ချေ၊ (၃) ရောဂါရှိသူ ကိုင်ထားသော၊ ချက်ပြုတ်ထားသော သို့မဟုတ် တည်ခင်းကျွေးမွေးသောအစားအသောက်မှ ရောဂါမရနိုင်ချေ၊ (၄) အိမ်သာများ၊ တယ်လီဖုန်းများ၊ အဝတ်အစားများ သို့မဟုတ် စားသောက်သည့်အိုးခွက်ပန်းကန်များ ပေါင်းသုံးခြင်းဖြင့် ရောဂါမရနိုင်ချေ။ ထိုထက်မက CDC ကထိုဗိုင်းရတ်ပိုးသည် ခြင် သို့မဟုတ် အခြားမည်သည့်ပိုးမွှားမဆိုမှတစ်ဆင့် ကူးစက်ခြင်းမရှိကြောင်း ဆိုထားသည်။

ကာကွယ်ရန် သော့ချက်များ

ရောဂါရှိနေသူ၏သွေးထဲတွင် အေအိုင်ဒီအက်စ်ဗိုင်းရတ်ပိုးသည် အောင်း၍နေသည်။ ရောဂါရှိသူတစ်ဦး ဆေးထိုးရာ၌ ထိုဗိုင်းရတ်ပိုးပါသည့် သွေးအနည်းငယ်မှာ ဆေးထိုးအပ်/ပြွန်၌ ကျန်ရစ်ပေမည်။ ရောဂါမကင်းသောထိုဆေးထိုးအပ်ဖြင့် အခြားဆေးထိုးခံသူထံသို့ ဗိုင်းရတ်ပိုးကူးစက်သွားနိုင်သည်။ ဆေးထိုးအပ်/ပြွန်နှင့်ပတ်သက်၍ သင်သံသယဖြစ်မိပါက ဆရာဝန် သို့မဟုတ် သူနာပြုတစ်ဦးဦးအား မေးမြန်းရန် မည်သည့်အခါမျှအားမနာပါနှင့်။ သင် သိပိုင်ခွင့်ရှိသည်; သင့်သေရေးရှင်ရေးဖြစ်၏။

အေအိုင်ဒီအက်စ်ဗိုင်းရတ်ပိုးသည် ရောဂါကူးစက်နေသောသူ၏ သုက်ရည် သို့မဟုတ် မိန်းမကိုယ်မှထွက်သောအရည်တွင်လည်း ရှိသည်။ သို့နှင့် ကာကွယ်ခြင်းနှင်စပ်လျဉ်း၍ CDC က ဤသို့သတိပေးသည်– “ရှောင်ကြဉ်ခြင်းသည် တစ်ခုတည်းသော စိတ်ချရသည့်ကာကွယ်နည်းဖြစ်၏။ သင်သံဝါသပြုလိုလျှင် တစ်ဦးအပေါ်တစ်ဦး သစ္စာရှိရှိကြာရှည်ပေါင်းသင်းမည့် ရောဂါမရှိသူတစ်ဦးနှင့် အိမ်ထောင်ပြုသည့်အထိစောင့်ပါ။”

သင်ကာကွယ်မှုရရှိဖို့ရန် ‘တစ်ဦးအပေါ်တစ်ဦး သစ္စာရှိရှိ ပေါင်း’ ဖို့လိုကြောင်း သတိပြုပါ။ သင့်အနေဖြင့် သစ္စာရှိသော်လည်း သင့်ခင်ပွန်းက သစ္စာမရှိလျှင် ရောဂါမရရန် သင့်ကိုယ်သင် ကာကွယ်ပေးနိုင်မည်မဟုတ်ပါ။ လိင်မှုကိစ္စနှင့် စီးပွားရေးအရ အမျိုးသားများ၏ချုပ်ကိုင်မှုကိုခံရသော လူ့အသိုင်းအဝိုင်းတွင်နေထိုင်သူ အမျိုးသမီးများအတွက် ယင်းသည် အကျပ်ရိုက်စေသောအခက်အခဲတစ်ရပ်ဖြစ်လေ့ရှိသည်။ ဒေသအချို့တွင် အမျိုးသမီးများသည် အမျိုးသားများနှင့် အန္တရာယ်ကင်းရှင်းသောသံဝါသပြုနည်းများကို ညှိနှိုင်းတိုင်ပင်ဖို့နေနေသာသာ လိင်ကိစ္စကို ဆွေးနွေးခွင့်ပင်မရှိချေ။

သို့သော် ယင်းသို့သောအမျိုးသမီးအားလုံးသည် လက်ပိုက်၍နေကြသည်မဟုတ်ပါ။ အနောက်အာဖရိကမှ လေ့လာချက်တစ်ခုက ငွေရေးကြေးရေးမှီခိုစရာမလိုသူ အမျိုးသမီးအချို့မှာ ဆိုးဆိုးရွားရွား အကြမ်းဖက်မခံရဘဲ သူတို့၏ရောဂါသည်ခင်ပွန်းများကို မိမိတို့နှင့်သံဝါသပြုခွင့်မပေးဘဲနေနိုင်ခဲ့ကြကြောင်း ဖော်ပြသည်။ အမေရိကန်ပြည်ထောင်စု၊ နယူးဂျာစီပြည်၌ အမျိုးသမီးအချို့သည် အမျိုးသားက အစွပ် [ကွန်ဒုံး] ကို အသုံးမပြုလိုပါက သံဝါသပြုခြင်းကို ငြင်းဆိုကြသည်။ ရော်ဘာအစွပ်များသည် အိပ်ခ်ျအိုင်ဗွီနှင့် သံဝါသပြုခြင်းဖြင့်ကူးစက်သောအခြားရောဂါများမှ ကာကွယ်မှုပေးနိုင်သည်မှန်သော်လည်း ယင်းတို့ကို မှန်ကန်စွာနှင့် အမြဲအသုံးပြုရပေမည်။

မည်သည့်အချိန်တွင် ဆေးစစ်ရန်

ရှေ့ဆောင်းပါးတွင်ဖော်ပြထားသော ကာရင်းသည် ရောဂါကူးစက်ခြင်းမှ မိမိကိုယ်ကိုကာကွယ်ရန် ပြုလုပ်နိုင်စရာမရှိခဲ့ချေ။ သူ၏ခင်ပွန်းသည် သူတို့လက်မထပ်မီ နှစ်အတော်အတန်ကတည်းက ရောဂါရထားပြီးဖြစ်၍ သူတို့လက်ထပ်သည့်အချိန်၌ ကူးစက်ရောဂါဖြစ်ပွားမှုနှင့် အိပ်ခ်ျအိုင်ဗွီဆေးစစ်မှုမှာ အစောပိုင်းအဆင့်များ၌သာ ရှိနေသေးသည့်အချိန်ဖြစ်သည်။ သို့သော် ယခု အိပ်ခ်ျအိုင်ဗွီ ဆေးစစ်မှုမှာ နိုင်ငံအချို့တွင် လုပ်ရိုးလုပ်စဉ်တစ်ခုဖြစ်လာပေပြီ။ သို့ ဖြစ်၍ မိမိ၌အိပ်ခ်ျအိုင်ဗွီရှိ၊ မရှိ သံသယရှိပါက ပိုးပန်းမှုမစတင်မီ ဆေးစစ်ခြင်းမှာပညာရှိပေသည်။ ကာရင်းက ဤသို့အကြံပြု၏– “သင့်ရဲ့အိမ်ထောင်ဖက်ကို ပညာရှိရှိရွေးချယ်ပါ။ အရွေးမှားရင် သိပ်ကိုဆုံးရှုံးစေနိုင်တယ်၊ အသက်ပါ ပါသွားနိုင်တယ်။”

သူ့သားအိမ်ရာပြစ်မှားခဲ့ရာ၌ ဆေးစစ်ခြင်းက အပြစ်မဲ့သောအိမ်ထောင်ဖက်အတွက် အကာအကွယ်ဖြစ်စေပေမည်။ အိပ်ခ်ျအိုင်ဗွီပိုးသည် ရောဂါကူးစက်ပြီးနောက် ခြောက်လအတွင်းမပေါ်သည့်အတွက် မကြာခဏဆေးစစ်ရန် လိုကောင်းလိုပေမည်။ (ဖောက်ပြန်သူကို ခွင့်လွှတ်ကြောင်း သဘောရောက်သည့်) ပြန်၍သံဝါသပြုလျှင် ရောဂါကူးစက်ခြင်းမှ ကာကွယ်ပေးရန် ကွန်ဒုံးကိုအသုံးပြုခြင်းက အကူအညီဖြစ်စေနိုင်သည်။

ပညာပေးရေးက မည်သို့အကူအညီဖြစ်စေနိုင်သနည်း

သတိပြုထိုက်သည်မှာ အေအိုင်ဒီအက်စ်မဖြစ်ပေါ်မီ နှစ်ပေါင်းများစွာကတည်းက သမ္မာကျမ်းစာကိုရေးသားခဲ့သော်လည်း ၎င်း၏မူများအတိုင်း အသက်ရှင်နေထိုင်သွားခြင်းက ရောဂါကာကွယ်မှုကိုဖြစ်စေသည်။ ဥပမာ၊ သမ္မာကျမ်းစာက အိမ်ထောင်ဖက်မှလွဲ၍ သံဝါသပြုခြင်းကိုပြစ်တင်ရှုတ်ချထားပြီး အိမ်ထောင်တွင်သစ္စာရှိခြင်းကို တောင်းဆိုထားကာ ခရစ်ယာန်တို့သည် သမ္မာကျမ်းစာမူကို ကျင့်သုံးသူတို့နှင့်သာလျှင် လက်ထပ်သင့်ကြောင်းဆိုထားသည်။ (၁ ကောရိန္သု ၇:၃၉; ဟေဗြဲ ၁၃:၄) ကိုယ်ခန္ဓာကိုညစ်ညူးစေသည့်အရာအားလုံးကို အလွဲသုံးစားပြုခြင်းနှင့် သွေးသွင်းခြင်းကိုလည်း တားမြစ်ထားသည်။—⁠တမန်တော် ၁၅:၂၀; ၂ ကောရိန္သု ၇:⁠၁

အိပ်ခ်ျအိုင်ဗွီပိုးရှိသူတို့နှင့် ထိတွေ့ဆက်ဆံရာမှကြုံတွေ့နိုင်သည့် ဘေးဥပဒ်များအကြောင်းသိထားခြင်းက ဉာဏ်အမြော်အမြင်ရှိရာကျသည်။ အေအိုင်ဒီအက်စ်အကြောင်းသိထားခြင်းက ယင်းမှ မိမိကိုယ်ကိုကာကွယ်ဖို့ အသင့်ရှိစေသည်။

အေအိုင်ဒီအက်စ်လှုပ်ရှားမှုအသင်းက ဤသို့ဆိုသည်– “အေအိုင်ဒီအက်စ်မကူးစက်ဖို့ အများအားဖြင့်ကာကွယ်နိုင်သည်။ ကုသနည်းကို မတွေ့ရှိနိုင်သရွေ့ ပညာပေးခြင်းသည် အကောင်းဆုံးအကာအကွယ်နှင့် လောလောဆယ် အေအိုင်ဒီအက်စ်ကို [အရပ်ဒေသလိုက်] ကာကွယ်တိုက်ခိုက်ရန် တစ်ခုတည်းသောနည်းဖြစ်သည်။” (ကျွန်ုပ်တို့စာလုံးစောင်းထား။) မိဘများသည် အချင်းချင်းကိုသော်လည်းကောင်း၊ သားသမီးများကိုသော်လည်းကောင်း အေအိုင်ဒီအက်စ်အကြောင်း ပွင့်ပွင့်လင်းလင်းဖွင့်ဟပြောဆိုဖို့ကောင်းပေသည်။

ကုသသည့်နည်းလမ်းများမှာ အဘယ်နည်း

များသောအားဖြင့် အိပ်ခ်ျအိုင်ဗွီ ကူးစက်ပြီးနောက် ခြောက်နှစ်၊ ဆယ်နှစ်တိုင်မှ ရောဂါလက္ခဏာများ ဖြစ်ပေါ်လေ့ရှိသည်။ ထိုနှစ်များအတွင်း ကိုယ်ခန္ဓာထဲတွင် အကြီးအကျယ်တိုက်ပွဲဆင်နွှဲနေသည်။ ဗိုင်းရတ်ပိုးတစ်မျိုးစီမှာ ပွားများလာပြီး ရောဂါပြီးစနစ်ဆဲလ်များကို ဖျက်ဆီးပစ်လေသည်။ ရောဂါပြီးစနစ်ဆဲလ်များက ပြန်၍တိုက်ခိုက်သည်။ နောက်ဆုံးတွင် ဘီလီယံနှင့်ချီ၍ ဗိုင်းရတ်ပိုးအသစ်များ နေ့စဉ်ပေါ်ထွက်လာရာ ရောဂါပြီးစနစ်ကိုအနိုင်ယူသွားလေသည်။

ရောဂါပြီးစနစ်ကို ကြိုးစားကူညီပေးရန် အက္ခရာစာလုံး—⁠အေဇက်တီ၊ ဒီဒီအိုင်နှင့် ဒီဒီစီ—⁠တို့ ဖြင့်သတ်မှတ်ထားသော ရှုပ်ထွေးရှည်လျားသည့်အမည်များရှိ ဆေးအမျိုးမျိုးပေါ်ထွက်လာပါပြီ။ ထိုဆေးများသည် သိသာထင်ရှားသောအကျိုးဆက်များဖြစ်ပေါ်စေကာ ရောဂါပျောက်စေနိုင်မည်ဟု အချို့သူတို့က ယုံကြည်ခဲ့ကြသော်လည်း ထိုမျှော်လင့်ချက်များမှာ အလျင်အမြန်ပင် ပျောက်ပျက်သွားခဲ့ပြီ။ အတန်ကြာလာရာ ၎င်းတို့၏အကျိုးသက်ရောက်မှုပျောက်ဆုံးရုံမက အချို့သူတို့တွင် ဘေးထွက်အာနိသင်၏အန္တရာယ်များ—⁠သွေးဆဲလ်များ လျော့နည်းသွားစေခြင်း၊ သွေးခဲခြင်းဝေဒနာများနှင့် လက်များနှင့် ခြေထောက်နဗ်ကြောကို ပျက်စီးစေခြင်း—⁠ကိုဖြစ်ပေါ်စေသည်။

ယခု ဆေးဝါးအသစ်တစ်မျိုးပေါ်ထွက်လာသည်– ပရိုတီယေ့ ဟန့်တားပစ္စည်းများ (protease inhibitors) ဖြစ်၏။ ဆရာဝန်များက ယင်းကို အခြားဗိုင်းရတ်ပိုးတိုက်ဖျက်ရေးဆေးဝါး သုံးမျိုးနှင့်ပေါင်းစပ်ပြီးသောက်သုံးရန် ညွှန်ကြားကြသည်။ ဤသုံးမျိုးစပ်ကုထုံးသည် ဗိုင်းရတ်ပိုးကိုမသေစေနိုင်သော်လည်း ကိုယ်ခန္ဓာအတွင်း ဗိုင်းရတ်ပိုးပွားများလာခြင်းကို ရပ်တန့် သို့မဟုတ် ရပ်တန့်လုနီးပါးဖြစ်စေကြောင်း စမ်းသပ်မှုများကဖော်ပြသည်။

သုံးမျိုးစပ်ကုထုံးက ရောဂါသည်များ၏ကျန်းမာရေးကို သိသိသာသာပင်တိုးတက်စေခဲ့ပေပြီ။ သို့သော် ပါရဂူများက ထိုဆေးကုသမှုသည် ရောဂါလက္ခဏာများမပေါ်မီ အိပ်ခ်ျအိုင်ဗွီပိုးရှိသူအား အစောကတည်းက တိုက်ကျွေးလျှင်အကောင်းဆုံးဖြစ်ကြောင်း ယူမှတ်ကြသည်။ ထိုသို့ ပြုသောအခါ ပိုးကူးစက်မှုမှ အေအိုင်ဒီအက်စ်ရောဂါရင့်မလာဖို့ အချိန်အကန့်အသတ်မရှိ ကာကွယ်ကောင်းကာကွယ်ပေးနိုင်ပေမည်။ ကုသနည်းသစ်ဖြစ်ခြင်းကြောင့် အဆိုပါကုထုံးသည် ကူးစက်မှုကို မည်မျှတိုင် ထိန်းချုပ်ထားမည်ဖြစ်ကြောင်း စောင့်ကြည့်ရပေဦးမည်။

သုံးမျိုးစပ်ကုထုံးမှာ အဖိုးကြီးသည်။ ဗိုင်းရတ်ပိုးတိုက်ဖျက်ရေးဆေးသုံးမျိုးနှင့် ဓာတ်ခွဲခန်းစမ်းသပ်မှုအပါအဝင် ပျမ်းမျှကုန်ကျနှုန်းမှာ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၁၂,၀၀၀ ဖြစ်သည်။ သုံးမျိုးစပ်ကုထုံးကိုခံယူသူ လူနာတစ်ဦးသည် ငွေကြေးကုန်ကျမည့်အပြင် ဆေးဝါးများထားရှိရာ ရေခဲသေတ္တာသို့ ခေါက်တုံ့ခေါက်ပြန်သွားရပေမည်။ ပုံမှန်အားဖြင့် လူတစ်ဦးသည် ဆေးအချို့ကို တစ်ရက်လျှင်နှစ်ကြိမ်၊ အခြားဆေးကို တစ်ရက်လျှင်သုံးကြိမ် သောက်သုံးရ၏။ အချို့ဆေးကို ဗိုက်ထဲအစာမရှိမီ၊ အခြားဆေးကို ဗိုက်ထဲအစာပြည့်စဉ်သောက်ရ၏။ အေအိုင်ဒီအက်စ်လူနာသည် ရောဂါရလွယ်သည့်အတွက် အခြားကူးစက်ရောဂါများစွာကိုနှိမ်နင်းရာ၌ အခြားဆေးများထပ်ပေးပြီး ရောဂါကုသသောအခါ ကုထုံးမှာ ဆင့်ပွားတိုးများသွားနိုင်သည်။

ဆရာဝန်များ အဓိကစိုးရိမ်ကြသည်မှာ လူနာသည် သုံးမျိုးစပ်ကုထုံးကို ဆက်လက်မမှီဝဲသောအခါ အဘယ်သို့ဖြစ်နိုင်ကြောင်းကိုပင်ဖြစ်သည်။ ဗိုင်းရတ်ပွားများခြင်းမှာ အဟန့်အတားမရှိ ပြန်တိုးပွားလာပြီး ရောဂါကုသခဲ့စဉ် မသေဘဲကျန်ခဲ့သောဗိုင်းရတ်များသည် ယခင်ကသောက်သုံးခဲ့သောဆေးများကို ဆေးပြီးနိုင်သည်။ ဆေးပြီးနေသော အိပ်ခ်ျအိုင်ဗွီပိုးအမျိုးအစားသည် ကုသဖို့ ပို၍ခဲယဉ်းပေလိမ့်မည်။ ထိုထက်ကား ဤစူပါဗိုင်းရတ်များသည် အခြားသူတို့ထံသို့ ကူးစက်နိုင်သည်။

ဗက်စင်းဆေးများက အဖြေလော

ကမ္ဘာချီ အေအိုင်ဒီအက်စ်ကူးစက်မှုကို ရပ်သွားစေမည့်အဓိကဆေးမှာ စိတ်ချရပြီး ထိရောက်မှုရှိသည့် ဗက်စင်းဖြစ်သည်ဟု အေအိုင်ဒီအက်စ်သုတေသီများက ယူမှတ်ကြ၏။ ငန်းဝါအဖျားရောဂါ၊ ဝက်သက်၊ ပါးချိတ်ရောင်နာနှင့် ဂျိုက်သိုးတို့ကို တိုက်ဖျက်ရာ၌ အောင်မြင်သောဗက်စင်းဆေးများကို အားပျော့သည့်ဗိုင်းရတ်များမှ ဖော်စပ်ထားသည်။ သာမန်အားဖြင့် ကိုယ်ခန္ဓာအတွင်းသို့ အားပျော့သောဗိုင်းရတ်တစ်မျိုးကို သွင်းသည့်အခါ ရောဂါပြီးစနစ်သည် ယင်းကို ကြိုးစားဖျက်ဆီးလိမ့်မည်သာမက တကယ့်ဗိုင်းရတ်ပိုး ကျူးကျော်ဝင်ရောက်လာသည်နှင့် အောင်မြင်စွာအနိုင်ရဖို့ ခုခံမှုများကိုလည်း တိုးပွားဖြစ်ထွန်းစေ၏။

မကြာမီက မျောက်များနှင့်ပြုသောစမ်းသပ်မှုနှစ်ခုအရ အိပ်ခ်ျအိုင်ဗွီနှင့်ပတ်သက်လျှင် အခက်အခဲမှာ အားပျော့သည့်ဗိုင်းရတ်ပင် သေစေနိုင်လောက်ခြင်းဖြစ်၏။ တစ်နည်းဆိုရလျှင် ရောဂါတစ်ခုကို တိုက်ဖျက်ဖို့ရည်ရွယ်ပြီး ပြုစုထားသည့်ဗက်စင်းသည် ၎င်းရောဂါကိုပင်ဖြစ်စေနိုင်သည်။

ဗက်စင်းဆေးကို ရှာဖွေမှုမှာ စိတ်ပျက်စရာနှင့် စိတ်ရှုပ်စရာဖြစ်ခဲ့ပြီ။ အခြားအားပျော့သောဗိုင်းရတ်များကို အမှန်ပင်သေဆုံးစေခဲ့မည့် စမ်းသပ်ဖော်စပ်ထားသည့်ဆေးအမျိုးမျိုးသည် အိပ်ခ်ျအိုင်ဗွီပိုးကို သတ်နိုင်စွမ်းမရှိချေ။ ထို့အပြင် အိပ်ခ်ျအိုင်ဗွီပိုး၏ပြောင်းလဲမှုများက ယင်းကို သဘောပေါက်ရန်ခက်ခဲစေသည်။ (လက်ရှိတွင် ကမ္ဘာတစ်ဝန်း၌ အိပ်ခ်ျအိုင်ဗွီပိုး အမျိုးအစားပေါင်း အနည်းဆုံးဆယ်မျိုးရှိသည်။) သာ၍ခက်ခဲစေသည်မှာ ရောဂါတိုက်ဖျက်ဖို့ ဗက်စင်းဖြင့်အားပြည့်စေမည့် ရောဂါပြီးစနစ်ဆဲလ်များကိုပင် ဗိုင်းရတ်ပိုးက တိုက်ရိုက်တိုက်ခိုက်နေခြင်းပင်ဖြစ်၏။

သုတေသနပြုရာ၌ စီးပွားရေးအခြေအနေကလည်း အရေးပါသည်။ ဝါရှင်တန်၌ အခြေစိုက်သော နိုင်ငံတကာ အေအိုင်ဒီအက်စ်တိုက်ဖျက်ရေးဗက်စင်း ပမာဏခြေလှမ်းအဖွဲ့က “ပုဂ္ဂလိကလုပ်ငန်းဘက်မှ တာဝန်ယူခြင်းနည်း၏” ဟုဖော်ပြသည်။ သို့ ဖြစ်ရခြင်းမှာ ထုတ်လုပ်သည့်ဗက်စင်းကို မဖွံ့ ဖြိုးသေးသောနိုင်ငံများ၌ အများအားဖြင့် ရောင်းချရလိမ့်မည်ဖြစ်ရာ အမြတ်များများမရရှိမည်ကို စိုးရိမ်သည့်အတွက်ကြောင့်ဟု ဆိုကြသည်။

အခက်အခဲများကြား သုတေသီများသည် အောင်မြင်သောဗက်စင်းဖော်စပ်ရေးအတွက် နည်းအမျိုးမျိုးဖြင့် ဆက်စမ်းသပ်နေကြသည်။ သို့သော် လက်ရှိအချိန်၌ ဗက်စင်းဆေးတစ်မျိုး မကြာမီတွင် ပေါ်ထွက်လာလိမ့်မည်ဟု မျှော်လင့်ဖွယ်ရာမရှိချေ။ ဓာတ်ခွဲခန်းမှ အလားအလာရှိသောဗက်စင်းဆေးတစ်မျိုး ပေါ်ထွက်လာသောအခါ လူတို့နှင့်စမ်းရမည့် ဝန်လေးပင်ပန်းမှု၊ အကုန်အကျများပြီး အန္တရာယ်ရှိနိုင်စေသည့်အလုပ် လိုက်ပါလာဦးမည်။

[စာမျက်နှာ ၅ ပါ လေးထောင့်ကွက်]

မည်သူတို့ အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံနေကြရသနည်း

ကမ္ဘာတစ်ဝန်း နေ့စဉ်နေ့တိုင်း လူပေါင်း ၁၆,၀၀၀ ခန့် ကူးစက်ခံနေကြရ၏။ ၉၀ ရာခိုင်နှုန်းထက်မကသောသူတို့မှာ ဖွံ့ ဖြိုးဆဲနိုင်ငံများမှဖြစ်ကြသည်။ ၁၀ ဦးတွင် ၁ ဦးခန့်မှာ အသက် ၁၅ နှစ်အောက်ကလေးငယ်ဖြစ်သည်။ ကျန်သူတို့မှာ လူကြီးများဖြစ်ပြီး ၄၀ ရာခိုင်နှုန်းမှာ အမျိုးသမီးများဖြစ်၍ ထက်ဝက်ကျော်သူတို့မှာ အသက် ၁၅ နှစ်နှင့် ၂၄ နှစ်ကြားဖြစ်သည်။—⁠အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်ဆိုင်ရာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်နှင့် ပူးတွဲကုလသမဂ္ဂအစီအစဉ်။

[စာမျက်နှာ ၇ ပါ လေးထောင့်ကွက်]

မည်သူ၌ရောဂါရှိကြောင်း မည်သို့သိနိုင်သနည်း

လူတစ်ဦးကိုကြည့်ရုံဖြင့် ရောဂါပိုးရှိ၊ မရှိ ပြော၍မရနိုင်ချေ။ ရောဂါလက္ခဏာမဲ့ အိပ်ခ်ျအိုင်ဗွီပိုးရှိသူများသည် ကျန်းမာပုံရှိသော်လည်း သူတို့မှတစ်ဆင့် အခြားသူတို့ထံ ဗိုင်းရတ်ပိုးကို လက်ဆင့်ကမ်းစေနိုင်သည်။ မိမိ၌ရောဂါမရှိဟု ပြောဆိုသူတစ်ဦး၏စကားကို သင်ယုံကြည်နိုင်ပါသလော။ လုံးဝမယုံကြည်နိုင်ပါ။ အိပ်ခ်ျအိုင်ဗွီပိုးကူးစက်ခံနေရသူများစွာမှာ မိမိတို့ကိုယ်နှိုက်ကူးစက်ခံနေရကြောင်း မသိကြချေ။ သိထားသူတို့မှာလည်း လျှို့ဝှက်ထားကြ သို့မဟုတ် လိမ်ညာထားကြပေမည်။ အစီရင်ခံစာတစ်ခုက အမေရိကန်ပြည်ထောင်စု၌ အိပ်ခ်ျအိုင်ဗွီပိုးရှိသူ ၁၀ ဦးတွင် ၄ ဦးမှာ မိမိတို့နှင့်သံဝါသပြုသူများအား မိမိတို့၏အခြေအနေကို ပြောမပြကြကြောင်း ဖော်ပြသည်။

[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

အိပ်ခ်ျအိုင်ဗွီနှင့် အေအိုင်ဒီအက်စ် စပ်ကြားဆက်နွှယ်ချက်

အိပ်ခ်ျအိုင်ဗွီသည် “ခုခံအားကျဆင်းစေသည့်ဗိုင်းရတ် (human immunodeficiency virus)” ၏အတိုကောက်ဖြစ်ပြီး ထိုဗိုင်းရတ်မှာ ရောဂါတိုက်ထုတ်ပစ်သော ကိုယ်ခန္ဓာ၏ရောဂါပြီးစနစ်အစိတ်အပိုင်းများကို တဖြည်းဖြည်းဖျက်ဆီးလေသည်။ အေအိုင်ဒီအက်စ်မှာ “ခုခံအားကျဆင်းသည့်ရောဂါ (acquired immunodeficiency syndrome)” ၏အတိုကောက်ဖြစ်သည်။ ယင်းသည် အိပ်ခ်ျအိုင်ဗွီကူးစက်မှု၏ သေစေနိုင်သော နောက်ဆုံးအဆင့်ဖြစ်၏။ အမည်ကိုယ်နှိုက်က အိပ်ခ်ျအိုင်ဗွီပိုးသည် ရောဂါပြီးစနစ်ကို အကြီးအကျယ်ပျက်စီးစေခဲ့ကြောင်း ဖော်ပြရာ တိုက်ဖျက်နိုင်သော ကူးစက်ရောဂါများကို လူနာက မခုခံနိုင်တော့ချေ။

otherwise combat.

[Credit Line]

CDC, Atlanta, Ga.

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

လက်ထပ်ဖို့မစဉ်းစားမီ အိပ်ခ်ျအိုင်ဗွီပိုးစစ်ဆေးခြင်းမှာ ပညာရှိရွေးချယ်မှုဖြစ်