မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အေအိုင်ဒီအက်စ်—အနာဂတ်အတွက် အဘယ်မျှော်လင့်ချက်ရှိသနည်း

အေအိုင်ဒီအက်စ်—အနာဂတ်အတွက် အဘယ်မျှော်လင့်ချက်ရှိသနည်း

အေအိုင်ဒီအက်စ်—အနာဂတ်အတွက် အဘယ်မျှော်လင့်ချက်ရှိသနည်း

ကုရာနတ္တိဆေးမရှိသော အိပ်ခ်ျအိုင်ဗွီပိုးကူးစက်မှုကို ကုသဖို့ သို့မဟုတ် ကာကွယ်ဖို့ခက်သည့်အပြင် ရောဂါကိုတိုက်ဖျက်ရန် အလှမ်းကွာဝေးစေသည့်အခြားအချက်များရှိ၏။ ယင်းတို့မှ တစ်ချက်မှာ လူများစွာတို့သည် ကူးစက်ဖို့အလားအလာရှိစေသည့် မိမိတို့၏ဘဝပုံစံကို ပြောင်းလဲလိုစိတ်မရှိခြင်းပင်။ ဥပမာ၊ အမေရိကန်ပြည်ထောင်စု၌ အေအိုင်ဒီအက်စ်ရောဂါရင့်နေသူတို့၏အရေအတွက် လျော့နည်းသွားသော်လည်း ကူးစက်မှုနှုန်းထားမှာ ပုံမှန်ပင်ဖြစ်၏။ “လူအများသည် ကာကွယ်မှုနှင့်ပတ်သက်၍ သတိပေးချက်များကို ဂရုမစိုက်ဘဲနေကြ၏” ဟုအေပီသတင်းတစ်ခုက အကြောင်းပြသည်။

အိပ်ခ်ျအိုင်ဗွီပိုးရှိသူ ၉၃ ရာခိုင်နှုန်းနေထိုင်သည်ဟုဆိုသော ကမ္ဘာ့ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ထိုရောဂါကိုတိုက်ဖျက်ရာ၌ နောက်ထပ်အခက်အခဲများရှိနေသည်။ ထိုနိုင်ငံအများစုမှာ အခြေခံကျန်းမာရေးကို ဂရုစိုက်ဆောင်ရွက်မှုများမပေးနိုင်လောက်အောင်ပင် ဆင်းရဲလွန်းလှ၏။ ဤဒေသများတွင် ဆေးဝါးအသစ်များရှိလျှင်ပင်—⁠အများအားဖြင့် မရနိုင်ချေ—⁠ကုသမှုအတွက် တစ်နှစ်တာကုန်ကျစရိတ်မှာ လူအများ၏ တစ်သက်စာဝင်ငွေထက်ပင် ပိုများလိမ့်မည်တကား!

သို့သော်လည်း အဆိုပါရောဂါကို အမှန်တကယ်ပျောက်ကင်းစေသည့် စရိတ်စကနည်းသောဆေးသစ်တစ်မျိုး ထွက်ပေါ်လာသည်ဟု ဆိုကြပါစို့။ ထိုဆေးသည် လိုအပ်သူမှန်သမျှထံသို့ ရောက်နိုင်ပါမည်လော။ လုံးဝမဖြစ်နိုင်ပါ။ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့မှ ဖော်ပြချက်အရ နှစ်စဉ် ကလေးငယ်လေးသန်းခန့်မှာ ကုန်ကျစရိတ်နည်းပြီး ရှိနေသောဗက်စင်းဆေးများဖြင့် ကြိုတင်ကာကွယ်နိုင်သော ရောဂါငါးမျိုးကြောင့်သေဆုံးနေကြသည်။

ကုသမှုအတွက် ဆေးဝါးမရရှိနိုင်သော နိုင်ငံများတွင်နေထိုင်သည့် ကူးစက်ခံရသူတို့နှင့်ပတ်သက်၍ကော။ နိုင်ငံတကာ ကျန်းမာရေးအစီအစဉ် ကယ်လီဖိုးနီးယားပြည်နယ်၊ စန်တာ ကရုစ်မြို့မှ ရုသ်မော့တသည် ဖွံ့ဖြိုးဆဲနိုင်ငံများစွာ၌ အိပ်ခ်ျအိုင်ဗွီကာကွယ်ခြင်းနှင့် သူနာပြုအစီအစဉ်များကို ဖွဲ့စည်းစီစဉ်ပေးရန် အကူအညီပေးခဲ့ပြီ။ သူက “အပြုသဘောထားရှိတာဟာ ဆေးကုတာလောက် အရေးကြီးတယ်ဆိုတာ အတွေ့အကြုံကနေသိရတယ်။ ၁၀ နှစ်၊ ၁၅ နှစ်အထိ ဆေးမကုဘဲ အိပ်ခ်ျအိုင်ဗွီပိုးရှိနေသူတို့တွေကို ကျွန်မသိပါတယ်။ ဆေးဝါးမှီဝဲတာဟာ အကျိုးရှိပေမဲ့ ရောဂါသက်သာစေခြင်းက သင့်ခန္ဓာထဲ ဆေးဝါးထည့်သွင်းခြင်းထက်မက ပိုပြီးကျယ်ပြန့်ပါတယ်။ စိတ်သဘောထား၊ လူမှုရေးလိုအပ်ချက်ကိုပံ့ပိုးကူညီမှု၊ ဝိညာဉ်ရေးနဲ့ အာဟာရတို့ပါဝင်ပတ်သက်တယ်။”

ဖြေရှင်းနည်းတစ်နည်း ရှိလိမ့်မည်

တစ်နေ့တစ်ချိန်၌ အေအိုင်ဒီအက်စ်ကို နှိမ်နင်းအောင်မြင်မည်ဟူ၍ ယူမှတ်စရာအကြောင်း ရှိပါသလော။ ရှိပါသည်။ များစွာတို့က သခင် သို့မဟုတ် ကျွန်ုပ်တို့၏ဖခမည်းတော်ထံဆုတောင်းချက် (ပေတာနော့စ်တာ) ဟုခေါ်ဆိုကြသော စကားများထဲတွင် အကောင်းဆုံးမျှော်လင့်ချက်ရှိပေသည်။ သမ္မာကျမ်းစာမှ မဿဲကျမ်းစောင်တွင် မှတ်တမ်းတင်ထားသော ထိုဆုတောင်းချက်၌ ဘုရားသခင့်အလိုတော်သည် ကောင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာပြည့်စုံစေဖို့ ကျွန်ုပ်တို့တောင်းဆိုကြသည်။ (မဿဲ ၆:၉၊ ၁၀) လူသားများကို ဖျားနာမှုတို့ဖြင့် ထာဝစဉ်နှောင့်ယှက်ခံစေဖို့ ဘုရားသခင်အလိုတော်မရှိပါ။ ထိုဆုတောင်းချက်ကို ဘုရားသခင် ဖြေကြားတော်မူမည်။ ထိုသို့ပြုခြင်းဖြင့် ကိုယ်တော်သည် လူသားတို့ကိုနှောင့်ယှက်နေသော အေအိုင်ဒီအက်စ်ရောဂါကိုသာမက အခြားရောဂါအားလုံးကို အဆုံးတိုင်စေတော်မူလိမ့်မည်။ ထိုအခါ “မြို့သားကလည်း၊ ‘ငါနာသည်’ ဟုမဆိုရ။”—⁠ဟေရှာယ ၃၃:⁠၂၄

ဤအချိန်အတောအတွင်း အကောင်းဆုံးဆောင်ရွက်မှုမှာ ကာကွယ်ခြင်းဖြစ်သည်။ ရောဂါများစွာနှင့်ပတ်သက်၍ ရွေးချယ်စရာ လမ်းစဉ်နှစ်ခုရှိသည်– သင့်အနေဖြင့် ရောဂါကိုတားဆီးကာကွယ်ခြင်း သို့မဟုတ် ကုသခြင်းဖြစ်သည်။ အိပ်ခ်ျအိုင်ဗွီနှင့်ပတ်သက်၍မူ ထိုသို့ရွေးချယ်စရာမရှိချေ။ တားဆီးကာကွယ်နိုင်သော်လည်း လက်ရှိအချိန်၌ ကုသ၍မရနိုင်ချေ။ အသက်စိုးရိမ်စရာရှိသည့်အမှုများကို အဘယ်ကြောင့် စွန့်စားပြုလုပ်လိုမည်နည်း။ ကုသနိုင်ခြင်းထက် ကာကွယ်ခြင်းသည် ပို၍ကောင်းသည်မှာ ဆိုဖွယ်မရှိချေ။

[စာမျက်နှာ ၉ ပါ အကျဉ်းဖော်ပြချက်]

“ရောဂါသက်သာစေခြင်းက သင့်ခန္ဓာထဲ ဆေးဝါးထည့်သွင်းခြင်းထက်မက ပိုပြီးကျယ်ပြန့်ပါတယ်။ စိတ်သဘောထား၊ လူမှုရေးလိုအပ်ချက်ကိုပံ့ပိုးကူညီမှု၊ ဝိညာဉ်ရေးနဲ့ အာဟာရတို့ပါဝင်ပတ်သက်တယ်။”—⁠ရုသ်မော့တ

[စာမျက်နှာ ၉ ပါ လေးထောင့်ကွက်]

“အသင်းတော်က တကယ့်ကိုကူညီတယ်”

တမန်တော်ပေါလုက ခရစ်ယာန်ချင်းတို့အား ဤသို့တိုက်တွန်းခဲ့သည်– “ငါတို့သည် အဆင်သင့်သည်အတိုင်း ယုံကြည်ခြင်း၏အိမ်သူအိမ်သားတို့၌ အထူးသဖြင့်ကျေးဇူးပြုလျက်၊ ခပ်သိမ်းသောသူတို့အား ကျေးဇူးပြုကြကုန်အံ့။” (ဂလာတိ ၆:၁၀) ပထမဆုံးဆောင်းပါးပါ ကာရင်း၏မိခင်က ကာရင်းနှင့် ဘေးလ်တို့သည် အိပ်ခ်ျအိုင်ဗွီပိုးကြောင့် ဖျားနာနေကြကြောင်း ယေဟောဝါသက်သေများ၏ ဒေသခံအသင်းတော်က သတင်းရသောအခါ မည်သို့တုံ့ပြန်ခဲ့ကြောင်း ပြောပြခဲ့သည်။ “အသင်းတော်က တကယ့်ကိုကူညီတယ်။ ဘေးလ်ဟာ အဆုတ်ရောင်ရမ်းနာဖြစ်တဲ့အခါမှာ ကာရင်းကိုယ်တိုင်လည်းဖျားနေပြီး ခင်ပွန်းနဲ့ ကလေးတွေကို ပြုစုစောင့်ရှောက်ဖို့ လုံးပန်းနေရရှာတယ်။ အဲဒီအခါညီအစ်ကိုတွေက သူတို့ရဲ့အိမ်ကိုသန့်ရှင်းရေးလုပ်ပေးကြတယ်၊ ကားပြင်ပေးတယ်၊ အဝတ်လျှော် မီးပူတိုက်ပေးခဲ့ကြတယ်။ ဥပဒေဆိုင်ရာအမှုကိစ္စတွေကို ဆောင်ရွက်ပေးပြီး ဝိုင်းဝန်းအိမ်ပြောင်းရွှေ့ပေးခဲ့ကြတယ်။ အစားအသောက်တွေ ဝယ်ခြမ်းချက်ပြုတ်ပေးခဲ့ကြတယ်။ စိတ်ပိုင်း၊ ဝိညာဉ်ရေးပိုင်းနဲ့ ကာယရေးပိုင်းလည်း ရက်ရက်ရောရော ထောက်ပံ့ကူညီပေးခဲ့ကြတယ်” ဟူ၍ပြောပြ၏။

အိမ်ထောင်ဖက်အပေါ် သစ္စာရှိခြင်းက အိပ်ခ်ျအိုင်ဗွီပိုးကူးစက်ခြင်းကို အကာအကွယ်ဖြစ်စေနိုင်