မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျွန်ုပ်တို့ကမ္ဘာမြေကို မည်သူသန့်စင်ပေးမည်နည်း

ကျွန်ုပ်တို့ကမ္ဘာမြေကို မည်သူသန့်စင်ပေးမည်နည်း

ကျွန်ုပ်တို့ကမ္ဘာမြေကို မည်သူသန့်စင်ပေးမည်နည်း

“ကျွန်ုပ်တို့၏စက်မှုလုပ်ငန်းနှင့်စပ်လျဉ်း၍ ၂၀၂၅ သို့ရောက်သောအခါ ‘ညစ်ညမ်းမှု’ ဟူသောစကားလုံးသည် ကျွန်ုပ်တို့၏ဘာသာစကားမှ ကွယ်ပျောက်လုမတတ်ဖြစ်မည်ဟု ကျွန်ုပ်ဟောကိန်းထုတ်သည်။” ယင်းသည် များမကြာမီက ဓာတုပစ္စည်းကော်ပိုရေးရှင်းတစ်ခုမှ ဥက္ကဋ္ဌတစ်ဦး၏ဟောကိန်းပင်ဖြစ်သည်။ ယင်းသို့ဖြစ်မည်ဟု သင်ယုံကြည်ပါသလော။ ယုံကြည်လျှင် ယင်းသည် မည်သို့ဖြစ်မြောက်မည်နည်း။

အမြတ်ရလိုကြသည့်အတွက် စတိုးဆိုင်များတွင် စိတ်မချရသောကုန်ပစ္စည်းများကို ရောင်းချကြလေ့ရှိသည်။ ဥပမာ၊ ကုန်သွယ်ရေးလျှို့ဝှက်မှုဆိုင်ရာဥပဒေများသည် အကျိုးအမြတ်ဖြစ်ထွန်းစေသောဆေးဖုံညွှန်းများမှ ပါဝင်ပစ္စည်းအချို့ကို “ဓာတုဂုဏ်သတ္တိ​မဲ့” အဖြစ်စာကပ်ထားလိုက်ခြင်းဖြင့် လျှို့ဝှက်ထားကြဖို့ ပိုးသတ်ဆေးကုမ္ပဏီများအား ခွင့်ပြုလိုက်ကြပြီး ဤအသုံးအနှုန်းကို “အန္တရာယ်မဲ့” အဖြစ် လွယ်လွယ်ပင်အနက်ဖွင့်ကြသည်။ သို့တိုင်၊ “အနည်းဆုံးဓာတုဂုဏ်သတ္တိ​မဲ့ပါဝင်ပစ္စည်း ၃၉၄ ခုကို ဓာတုတုံ့ပြန်မှုရှိပိုးသတ်ဆေးများအဖြစ် အသုံးပြုခဲ့ကြသည်” ဟူ၍ ကယ်မီကယ်လ် ဝိခ်မဂ္ဂဇင်းက ဖော်ပြသည်။ ဤပါဝင်ပစ္စည်းများထဲမှ ၂၀၉ ခုမှာ ဘေးအန္တရာယ်ဖြစ်စေသောညစ်ညမ်းပစ္စည်းများ၊ ၂၁ ခုမှာ ကင်ဆာဖြစ်ဝတ္ထုများအဖြစ် ဖော်ပြထားပြီး ၁၂၇ ခုမှာ လုပ်ငန်းခွင်နှင့်ဆက်နွှယ်၍ ကျန်းမာရေးထိခိုက်စေရာများဖြစ်ကြသည်။

အစိုးရများမှ စိတ်ချရသောထိန်းချုပ်မှုများသည် အကျိုးဖြစ်ထွန်းစေလေ့ရှိသည်မှာ မှန်ပါသည်။ သို့သော် စာရေးသူတစ်ဦးက အစိုးရများ၏အဓိကအာရုံစိုက်ရာမှာ “စီးပွားရေးတိုးတက်မှုနှင့် စက်မှုလုပ်ငန်းအကျိုးအမြတ်ရရှိရေးတို့ ဖြစ်သည်” ဟုဆို၏။ သို့ဖြစ်၍ သူတို့သည် ကောင်းကျိုးနှင့်ဆိုးကျိုးတစ်ဖက်စီကို အမြဲပင်ရင်ဆိုင်နေကြရသည်။ အခြေခံအားဖြင့် ရလဒ်မှာ ‘ညစ်ညမ်းမှုကို ညှိပေး’ ရလေသည်။

သို့ဆိုလျှင် အဖြေအတွက် မည်သည့်နေရာသို့လှည့်ရမည်နည်း။ ဖော်ရွေမှုရှိသောအိမ်ရှင်တစ်ဦးကို ယေဟောဝါသက်သေတစ်ဦးက ဤမေးခွန်းမေးခဲ့သည်။ လူ့ခေါင်းဆောင်များနှင့် သိပ္ပံပညာရှင်များကို အားထားကြောင်းဖော်ပြသည့်အနေနှင့် ထိုသူက ဤသို့ဖြေဆိုသည်– “နောက်ဆုံးကျရင်တော့ သူတို့ ပြေလည်အောင်ဖြေရှင်းပေးမှာပါ။”

သူတို့ဆိုတာ ဘယ်သူတွေလဲ” ဟူ၍သက်သေခံကမေးလိုက်သည်။ “ရှင်တို့ ကျွန်မတို့လိုပဲ လူသားတွေမဟုတ်ဘူးလား။ သူတို့က ပညာပိုရှိတာတော့မှန်ပါတယ်၊ ဒါပေမဲ့ သူတို့မှာလည်း ကန့်သတ်ချက်တွေ၊ အားနည်းချက်တွေနဲ့ပဲ။ အမှားတွေလည်း ပြုလုပ်တတ်ကြတာပဲ။” သူတို့ရင်ဆိုင်ကြရသည့် ပြဿနာပေါင်းသောက်ခြောက်ထောင်နှင့်အတူ လူ့အဖွဲ့အစည်းအတွင်း တပ်မက်လုံးကြီးမှုနှင့် အဂတိလိုက်စားမှုတို့ကို ထည့်ပေါင်းလိုက်ပါလေ။

ပြေလည်အောင် သူတို့ ဖြေရှင်းပေးလိမ့်မည်ဟု သင်လည်း ယုံပါသလော။ ဤသို့လုပ်ဆောင်ရန်ပျက်ကွက်ခဲ့သည့် ရှည်လျားလှသောလူ့သမိုင်းကြောင်းက စိတ်ချယုံကြည်မှုကို မဖြစ်စေပါ။ အိမ်ပြင်ဘက်အသက်တာမဂ္ဂဇင်းက “သိပ္ပံပညာရှင်များနှင့် သူတို့၏အေဂျင်စီများသည် ညစ်ညမ်းမှုများကို ပပျောက်ရေးထက် ယင်းနှင့်ဆိုင်သောပြဿနာများကိုလေ့လာရေးတွင် သာ၍ကျွမ်းကြသည်” ဟုဆို၏။ ဤကြီးလေးသောပြဿနာကို လူသားတို့ဖြေရှင်းပေးနိုင်ကြောင်း အဘယ်အလားအလာများရှိသနည်း။

လူသားများသည် သူတို့ဘာသာ ယင်းကို ပြုလုပ်နိုင်မည်လော

ဓာတုပစ္စည်းညစ်ညမ်းမှုကို ထိန်းချုပ်ခြင်းမှာ ဒေသခံအာဏာပိုင်များ၏အရေးသာမဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် နိုင်ငံတစ်နိုင်ငံမှ ဓာတုပစ္စည်းများအသုံးပြုလိုက်ခြင်းဖြင့် အိမ်နီးချင်းနိုင်ငံများ၊ ကမ္ဘာတစ်ဝန်းရှိသူအားလုံးအပေါ်ပင် ထိခိုက်မှုရှိသည်! ထို့အပြင် လူသားများသည် ထိုသို့သောပြဿနာများကို ဖြေရှင်းဖို့ပူးပေါင်းဆောင်ရွက်ရာ၌ အောင်မြင်မှုမရရှိကြချေ။ သမ္မာကျမ်းစာက အကြောင်းရင်းကို ညွှန်ပြသည်– “လူသည် တစ်ဦးပေါ်တစ်ဦး အကျိုးနစ်နာအောင်အုပ်စိုးလာခဲ့ကြ၏။” (ဒေ. ၈:⁠၉ကဘ) လူသားတို့သည် မိမိတို့ဘာသာ အုပ်စိုးလာရာ၌ အဘယ်ကြောင့်မအောင်မြင်ရသနည်း။ သမ္မာကျမ်းစာက ထပ်မံ၍ဤသို့ရှင်းပြသည်– “လူသည် မိမိသွားရာလမ်းကိုအစိုးမရ။” (ယေရမိ ၁၀:၂၃) ယင်းက ဘာကိုဆိုလိုသနည်း။

ဆိုလိုသည်မှာ လူသားများသည် ဘုရားသခင့်လမ်းညွှန်မှုနှင့်ကင်းကွာ၍ မိမိတို့ဘာသာ ဘယ်တော့မျှအုပ်ချုပ်ရန် မဖြစ်နိုင်ကြောင်းပင်ဖြစ်သည်။ မှန်ပါသည်၊ လူသားများသည် အံ့ချီးဖွယ်ကောင်းလောက်သောအရာများကို ပြုလုပ်ခဲ့ကြပြီး—⁠သူတို့သည် ခမ်းနားသောနေအိမ်ကြီးများကို ဆောက်လုပ်ကြ၊ တီတွင်ဖန်တီးထားသောကိရိယာများ၊ လကမ္ဘာသို့ပင် ခရီးနှင့်ခဲ့ကြပြီ—⁠သို့တိုင် ဘုရားသခင့်လမ်းညွှန်မှုမပါဘဲ မိမိတို့ဘာသာ အုပ်ချုပ်နိုင်စွမ်းမရှိကြချေ။ ယင်းကား သမ္မာကျမ်းစာမှ သွန်သင်ချက်ဖြစ်ပြီး သမိုင်းက သမ္မာကျမ်းစာ၏တိကျမှုကို သက်သေထူသည်။

သန့်ရှင်းစင်ကြယ်သောကမ္ဘာ—⁠အဘယ်အရာအားဖြင့်နည်း

ကျွန်ုပ်တို့၏ဖန်ဆင်းရှင်၊ ယေဟောဝါဘုရားသခင်သည် လူသားတို့နှင့် လူသားတို့အတွက် မိမိပြင်ဆင်ပေးသော ဤကမ္ဘာမြေနှင့်ပတ်သက်၍ အမြဲပင်စိုးရိမ်ပူပန်တော်မူသည်။ လူသားများကို ဖန်ဆင်းတော်မူပြီးသည့်နောက် ကမ္ဘာမြေကြီးနှင့် သက်ရှိများကိုဂရုစိုက်စောင့်ရှောက်ရန် သူတို့အား ကိုယ်တော်ညွှန်ကြားတော်မူသည်။ (ကမ္ဘာဦး ၁:၂၇၊ ၂၈; ၂:၁၅) နောက်ပိုင်း ကိုယ်တော့်ညွှန်ကြားချက်များကို ကနဦးမောင်နှံက နာမခံသောအခါ၌ ကိုယ်တော်သည် ရှေးဣသရေလလူမျိုးကို ခုနစ်နှစ်တစ်ကြိမ် တစ်နှစ်ပတ်လုံးမြေကိုမထွန်မယက်ဘဲပလပ်ထားရမည်အကြောင်းနှင့်ပတ်သက်၍ တောင်းဆိုချက်အပါအဝင် လယ်ယာမြေကိုဂရုစိုက်ဖို့ ညွှန်ကြားချက်များကိုပေးလေသည်။ ယင်းက မြေဆီမြေနှစ်ပြန်ပြည့်လာစေသည်။ (ထွက်မြောက်ရာ ၂၃:၁၁; ဝတ်ပြုရာ ၂၅:၄-၆) သို့သော် လူတို့သည် တပ်မက်မှုများလာကြပြီး ဘုရားသခင်ကို မနာခံကြတော့ချေ။ သူတို့နှင့် လယ်မြေများ၌ ကပ်ဆိုက်လေတော့သည်။

ယနေ့ကြုံနေရသော ဓာတုပစ္စည်းညစ်ညမ်းမှုကို ကျွန်ုပ်တို့ နောက်ပြန်ဆုတ်၍မရနိုင်သည်မှာ မှန်ပါ၏။ သို့တိုင်၊ ဘုရားသခင့်ရည်ရွယ်တော်မူချက်နှင့်အညီ ဣသရေလများသည် လယ်မြေကိုအနားပေးဖို့ရာ ပျက်ကွက်ကြသည့်အတွက် ယင်းတို့ပျက်စီးသွားပြီး အပြစ်မဲ့သူတို့ကပ်သင့်ကြရသည်။ ထို့ကြောင့် ဘုရားသခင်သည် ဣသရေလတို့ကို ဗာဗုလုန်တို့အနိုင်ရဖို့ခွင့်ပြုလိုက်ကာ ထိုလူမျိုးကို ဗာဗုလုန်မြို့သို့ အနှစ် ၇၀ ပြည်နှင်ဒဏ်ပေးလိုက်သည်။ ဤအပြစ်ပေးမှုက မြေယာကို ပြန်ပြီးထူထောင်လာစေရန် အနားပေးလိုက်ရာကျပေသည်။—⁠ဝတ်ပြုရာ ၂၆:၂၇၊ ၂၈၊ ၃၄၊ ၃၅၊ ၄၃; ၂ ရာဇဝင်ချုပ် ၃၆:၂၀၊ ၂၁

ဤသမိုင်းဖြစ်ရပ်က ကမ္ဘာမြေကြီးကို လူသားတို့၏ပြုမူလုပ်ဆောင်မှုနှင့်ပတ်သက်၍ ဘုရားသခင်သည် စာရင်းရှင်းမည်ဖြစ်ကြောင်း ကျွန်ုပ်တို့အား သိရှိစေသည်။ (ရောမ ၁၅:⁠၄) အမှန်အားဖြင့် ဘုရားသခင်က “မြေကြီးကိုဖျက်ဆီးသောသူတို့ကို ဖျက်ဆီး” လိမ့်မည်ဖြစ်ကြောင်း ကတိပေးတော်မူသည်။ (ဗျာဒိတ် ၁၁:၁၈) “ဖျက်ဆီး” ခြင်းကိုပြုနေသူတို့မှာ မည်သို့သောလူစားမျိုးဖြစ်ကြောင်း သမ္မာကျမ်းစာ၌ဖော်ပြထားခြင်းမှာ ထူးခြားလှပေသည်။ သမ္မာကျမ်းစာပါ ၂ တိမောသေ ၃:၁-၅ တွင်စာရင်းဖော်ပြထားသော သူတို့၏ထင်ရှားသည့်စရိုက်များတွင် ငွေရရေး၌နစ်မြှုပ်နေခြင်း၊ ဘုရားသခင်ကိုလုံးဝဆိုရမလောက်လျစ်လျူရှုထားခြင်း၊ ထိုမှတစ်ဆင့်တက်ကာ လူသားချင်းအပါအဝင် ကိုယ်တော်၏ဖန်ဆင်းရာများကို လျစ်လျူရှုသည့်အထိ ပါဝင်သည်။

သို့ဖြစ်၍ ဤကျမ်းချက်နှစ်ချက်လုံး—⁠၂ တိမောသေ ၃:၁-၅ နှင့် ဗျာဒိတ် ၁၁:၁၈—⁠က ခိုင်လုံခြေမြစ်သည့်ကောက်ချက်နှစ်ခုကို ချစေသည်။ ဦးဆုံး ညစ်ညမ်းသောအတွေးအခေါ်များမှာ ညစ်ညမ်းသောကမ္ဘာသို့ ဦးတည်စေသည်။ ဒုတိယမှာ ဤကမ္ဘာဂြိုဟ်နှင့် ဘုရားသခင်ကိုကြောက်ရွံ့သောလူသားများကို ကယ်တင်ရန် ဘုရားသခင်သည် ထိုညစ်ညမ်းမှုနှစ်မျိုးစလုံး အထွတ်အထိပ်သို့ရောက်လာသောအခါ၌ ဝင်ရောက်စွက်ဖက်တော်မူလိမ့်မည်။ ဘုရားသခင် မည်သို့ ဝင်ရောက်စွက်ဖက်လိမ့်မည်နည်း။

ကိုယ်တော်၏ပရောဖက် ဒံယေလမှတစ်ဆင့် ဘုရားသခင်သည် ဤသို့တင်ကြိုမိန့်တော်မူ၏– “ပျက်စီးခြင်းသို့မရောက်နိုင်သောနိုင်ငံတစ်ခုကို ထိုမင်းကြီးများ . . . လက်ထက်၌ ကောင်းကင်ဘုံရှင်ဘုရားသခင်သည် တည်တောင်စေတော်မူမည်။ ထိုနိုင်ငံသည် . . . အထက်ဆိုခဲ့ပြီးသောနိုင်ငံရှိသမျှတို့ကို ချိုးဖဲ့ဖျက်ဆီး၍ အစဉ်အမြဲတည်လိမ့်မည်။” (ဒံယေလ ၂:၄၅) အဆိုပါဘုရားသခင့်နိုင်ငံတော်သည် တကယ့်ကမ္ဘာ့အစိုးရတစ်ခုဖြစ်သည်။ ယေရှုခရစ်က မိမိ၏နောက်လိုက်များအား ထိုအစိုးရအတွက်ဆုတောင်းဖို့ ဤသို့မိန့်တော်မူခဲ့သည်– “သင်တို့ဆုတောင်းရမည်မှာ ကောင်းကင်ဘုံ၌ ရှိတော်မူသော အကျွန်ုပ်တို့အဘ . . . [ဘုရားသခင်] နိုင်ငံတော်တည်ထောင်ပါစေသော။ အလိုတော်သည် ကောင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာပြည့်စုံပါစေသော။”—⁠မဿဲ ၆:၉၊ ၁၀

ဘုရားသခင်နိုင်ငံတော်၏မေတ္တာပါသော စောင်မကြီးကြပ်မှုအောက်တွင် ကမ္ဘာမြေပေါ်နေထိုင်သူတို့သည် ကမ္ဘာဂြိုဟ်တစ်ခုလုံးကို ပရဒိသုအဖြစ်ပြုလုပ်ရသော အထူးကောင်းမွန်သည့်အခွင့်အရေးကို ရရှိကြလိမ့်မည်ဖြစ်သည်။ လေထုမှာ လေကောင်းလေသန့်ဖြစ်ပြီး မြစ်ချောင်းများမှာ ကြည်လင်သန့်စင်ကာ မြေဆီလွှာမှ သီးနှံသန့်သန့်ကို လှိုင်လှိုင်ဖြစ်ထွန်းစေမည်။ (ဆာလံ ၇၂:၁၆; ဟေရှာယ ၃၅:၁-၁၀; လုကာ ၂၃:၄၃) ထို့နောက်တွင် သမ္မာကျမ်းစာက ဤသို့သတိပေးသည်– “အရင်ဖြစ်ဖူးသောအရာများ [ယနေ့ ဖျားနာမှု၊ ဝေဒနာ၊ ညစ်ညမ်းမှုနှင့် အခြားဆိုးရွားသည့်အရာများ] ကိုသတိမရ။ မှတ်မိတော့မည်မဟုတ်။”—⁠ဟေရှာယ ၆၅:⁠၁၇သမ္မာ။

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

သန့်ရှင်းစင်ကြယ်သောကမ္ဘာ—⁠ယင်းကို သင်တွေ့ မြင်ရန် အသက်ရှင်မည်လော