ဆက်ခါဆက်ခါ ကြွက်သားလှုပ်ရှားမှုဒဏ်—သင်သိသင့်ရာ
ဆက်ခါဆက်ခါ ကြွက်သားလှုပ်ရှားမှုဒဏ်—သင်သိသင့်ရာ
ဘရာဇီးနိုင်ငံမှ နိုးလော့! စာရေးသူပေးပို့သည်
ဘရာဇီးနိုင်ငံတွင်နေထိုင်သော ၂၄ နှစ်အရွယ်ရှိ အိမ်ဆေးသုတ်သမား မာစဲလိုသည် မစဉ်းစားမဆင်ခြင်ဘဲ ယင်းကို နံနက်တိုင်းလိုလိုပင် ပြုလုပ်ခဲ့သည်။ သူသည် လက်ကောက်ဝတ်ပေါ် နာရီကိုတင်ပြီး သားရေလက်ပတ်ကြိုးနှစ်ချောင်းကို ချိတ်ဖို့ကြိုးစားခဲ့သည်။ သို့ရာတွင် ဤအကြိမ်၌ လက်ပတ်ကြိုးကိုချိတ်၍မရဖြစ်နေသည်။ ထိုအခါ သူ၏လက်ကောက်ဝတ်ကို ကြည့်လိုက်ရာ အဘယ်ကြောင့်ဖြစ်ရသည်ကို သတိပြုမိခဲ့၏။ နာရီလက်ပတ်ကြိုးမတော်တော့သည့်အထိ အလွန်ရောင်ကိုင်းနေသည်။
အတန်ကြာသော် ဘီး၊ သွားပွတ်တံတို့ကို ကိုင်လိုက်ရုံဖြင့် သူ၏လက်နာကျင်လာသည်။ ထို့ကြောင့် မာစဲလိုသည် ဆရာဝန်ထံသွားပြခဲ့သည်။ မာစဲလိုကို စစ်ဆေးပြီး သူသည် နှစ်နှစ်တိုင် ဆေးခွာခြစ်ခြင်း၊ ပလတ်စတာကိုင်ခြင်း၊ နံရံများကိုဆေးသုတ်ခြင်းပြုလုပ်ခဲ့ကြောင်း ဆရာဝန်သိရှိရသည့်အခါ သူက “ခင်ဗျားခံစားနေရတဲ့နာကျင်မှုဟာ အလုပ်နဲ့ဆက်နွှယ်နေတယ်။ ခင်ဗျား ဆက်ခါဆက်ခါကြွက်သားလှုပ်ရှားမှုဒဏ် (repetitive strain injury) [RSI] ခံနေရတယ်” ဟုပြောပြသည်။
ရောဂါအသစ်လော
စက်ရုံနှင့်ရုံးအလုပ်သမားများစွာတို့သည် မာစဲလိုကဲ့သို့ အလားတူဆေးစစ်တမ်းရရှိခဲ့ကြသည်။ အာရ်အက်စ်အိုင် (RSI) သည်တစ်ဟုန်ထိုးပျံ့နှံ့လျက်ရှိရာ ဖိုလ်ယား ဒီ အက်စ်. ပေါလို သတင်းစာက ယင်းကို “ဤရာစုအကုန်ပိုင်း၏ ခေတ်စားသော အလုပ်နှင့်ဆက်နွှယ်သည့်ရောဂါ” ဟုခေါ်ဆိုသည်။ အာရ်အက်စ်အိုင်သည် ယခုခေတ်ရောဂါများထဲမှ နောက်တစ်ခုဖြစ်ရမည်ဟု အများသောသူတို့ ယူဆခဲ့သည်မှာ အံ့ဩစရာမဟုတ်ပါ! မှန်ပါသလော။
အမှန်မှာ မာစဲလိုသည် ၁၈ ရာစုအစောပိုင်း၌ ဥရောပတွင် နေထိုင်ခဲ့လျှင် ဆရာဝန်တစ်ဦးသည် သူ၏ရောဂါလက္ခဏာများကို သိမြင်ခဲ့ပေမည်။ ထိုအချိန်က ဤသို့မခေါ်ခဲ့ပါ။ ယင်းကို အီတာလျံဆရာဝန် ဘဲနာရ်ဒီနို ရာမာ့ဇီနီက လက်ကောက်ဝတ်ရောင်ရမ်းခြင်း (အကြောအမျှင်များနှင့် ကြွက်စွန်းရွတ်ဖုံးရောင်ရမ်းခြင်း) ဟုဖော်ပြကာ “စာမူကူးရေးသူများနှင့် စာချုပ်စာတမ်းသက်သေခံအရာရှိများ၏” ရောဂါဟုခေါ်ဆိုခဲ့သည်။ အဆိုပါလုပ်ငန်းများတွင် ပြုလုပ်ရသည့်ဆက်ခါဆက်ခါလှုပ်ရှားမှုများကြောင့် စာရေးများသည် ၁၈ ရာစုအာရ်အက်စ်အိုင်ရောဂါအသွင်ကွဲရှိခဲ့သည်။ သို့ရာတွင် ထိုရာစုအကုန်ပိုင်း၌ အာရ်အက်စ်အိုင်ဝေဒနာရှင် အလုပ်သမားအရေအတွက်သည် လျော့နည်းခဲ့၏။ အဘယ်ကြောင့်နည်း။
အာရ်အက်စ်အိုင်ဝေဒနာရှင်များ လျော့နည်းခြင်းနှင့်တိုးများခြင်း
ရာမာ့ဇီနီ၏အချိန်က ရုံးစာရေးများသည် စက်မှုမထွန်းကားသေးသောခေတ်တွင် အသက်ရှင်ခဲ့ကြသည်။ ထိုခေတ်မှလူတို့သည် စက်မပါဘဲ နာရီပေါင်းများစွာ အလုပ်လုပ်ခဲ့ကြရသည်။ သူတို့၏အလုပ်ကို ဆက်ခါဆက်ခါလှုပ်ရှားမှုများနှင့် ပုံသေအာရုံစိုက်မှုဖြင့် ပြုလုပ်ခဲ့ရသည်။ ယင်းသည် အာရ်အက်စ်အိုင်ပုံစံမျိုး ရောဂါများကို ဖြစ်ပေါ်စေခဲ့၏။
သို့သော် ၁၈ ရာစုအကုန်ပိုင်းတွင် ဥရောပသည် စက်မှုခေတ်သို့ ပြောင်းလဲခဲ့သောကြောင့် လူ့စွမ်းအားကို စက်စွမ်းအားဖြင့်အစားထိုးခဲ့သည်။ ယခုအခါ လူသည် စက်များကို ဆက်ခါဆက်ခါအလုပ်လုပ်ခိုင်းသောဆရာဖြစ်လာခဲ့ပြီ။ ထိုပြောင်းလဲမှုသည် အလုပ်ကြမ်းသမားများကြား အာရ်အက်စ်အိုင်ဖြစ်ပွားမှု လျော့နည်းစေမည်ဟု အာရ်အက်စ်အိုင်အကြောင်း လေ့လာသူဆရာဝန်တစ်ဦးက ကောက်ချက်ချသည်။
မှန်ပါသည်၊ စက်မှုခေတ်အတွင်း အလုပ်ခွင်တွင် မတော်တဆထိခိုက်မှုများအရေအတွက်နှင့် စက်ရုံအလုပ်သမားများခံစားရသည့် လုပ်ငန်းခွင်ဆိုင်ရာရောဂါများ တိုးများလာခဲ့သည်။ သို့ဖြစ်စေကာမူ၊ ထိုခေတ်မှ ဆေးဘက်ဆိုင်ရာစာပေသည် သတ်သတ်မှတ်မှတ်အုပ်စုများ၌သာ အာရ်အက်စ်အိုင်ရောဂါဖြစ်ကြောင်း ဖော်ပြသည်။ ဥပမာ၊ ၁၉ ရာစုမှ စန္ဒယားတီးသူများနှင့် တယောထိုးသူများသည် လက်မောင်းအထက်ပိုင်းတွင် အကြောအမျှင်များရောင်ကိုင်းခြင်းဝေဒနာခံစားခဲ့ရပြီး တင်းနစ်သမားများသည် တင်းနစ်,တံတောင်ဆစ်ရောင်နာရောဂါ သို့မဟုတ် တံတောင်ဆစ်ရှိ အကြောအမျှင်များရောင်ကိုင်းခြင်းဝေဒနာ ရရှိခဲ့သည်။
သို့သော် ကျွန်ုပ်တို့၏ရာစု၌ အလုပ်နှင့်နွှယ်နေသောအာရ်အက်စ်အိုင် ပြန်ပေါ်လာပြီ။ အဘယ်ကြောင့်နည်း။ တစ်ချက်အနေနှင့် ပိုမိုစွမ်းဆောင်နိုင်သောစက်များသည် အဘယ်အရာပြုလုပ်ရမည်၊ အဘယ်မျှမြန်ဆန်စွာပြုလုပ်ရမည်ကို အမိန့်ပေးလေ့ရှိသည်။ ဤပြောင်းလဲခြင်းကြောင့် အလုပ်သမားများတွင် ချင်ရဲမပြေသည့်အပြင် ကျန်းမာရေးပြဿနာများကိုလည်း ဖြစ်ပေါ်စေခဲ့သည်။ အလုပ်သမားများသည် ဆက်ခါဆက်ခါလှုပ်ရှားမှုများနှင့် ပုံသေအာရုံစိုက်လုပ်ဆောင်ရန် အတင်းခိုင်းလေ့ရှိသည့်အလုပ်များကို နာရီပေါင်းများစွာပြုလုပ်ကြရသည်။ ရလဒ်ကားအဘယ်နည်း။ နှစ်နိုင်ငံအမည်ကိုသာဖော်ပြရလျှင် အမေရိကန်ပြည်ထောင်စုနှင့် ဘရာဇီးနိုင်ငံတို့ရှိ အလုပ်သမားများကြားတွင် အလုပ်နှင့်နွှယ်သည့်ဖျားနာမှုရှိသမျှ၏ ၅၀ ရာခိုင်နှုန်းထက်မကသည် ယခုအခါ အာရ်အက်စ်အိုင်ကြောင့် ဖြစ်ပေါ်နေသည့်ကျန်းမာရေးပြဿနာတစ်ခုဖြစ်လာခဲ့ပြီ။
အကြောင်းတရားများနှင့် ထိခိုက်သည့်လုပ်ငန်းများ
အာရ်အက်စ်အိုင်ဖြစ်ရခြင်း၏ အဓိကအကြောင်းရင်းမှာ အလုပ်တာဝန်များစွာ၌ လျင်မြန်စွာဆက်ခါဆက်ခါပြုလုပ်လှုပ်ရှားမှုများကြောင့်ဖြစ်သည်။ ဝမ်းနည်းစရာကား၊ အလုပ်သမားများသည် သူတို့၏ကျန်းမာရေးကိုထိခိုက်နိုင်သည့် အလုပ်များကို တွယ်ကပ်လုပ်ကိုင်ခြင်းမှတစ်ပါး အခြားရွေးချယ်စရာလမ်းမရှိခြင်းဖြစ်သည်။ မော်တော်ကားအလုပ်ရုံတစ်ရုံတွင် ရေဒီယိုတစ်လုံးစီကို တစ်မိနစ်ပင်မပြည့်ဘဲ တပ်ဆင်လုပ်ရသည့် ဘရာဇီးအမျိုးသမီးတစ်ဦးကို အလုပ်သမားများစွာတို့က စာနာနိုင်သည်။ ဖိုလ်ယား ဒီ အက်စ်. ပေါလို သတင်းစာကဖော်ပြသည့် နောက်အမျိုးသမီးတစ်ဦးမှာ တစ်နာရီတိုင်းတွင် ရော်ဘာတူတစ်ချောင်းဖြင့် ပစ္စည်း ၆၃ မျိုးကိုထုခဲ့ရသည်။ ထိုအမျိုးသမီးနှစ်ဦးစလုံးသည် လက်မောင်းအထက်ပိုင်းတွင် စပြီးနာကျင်လာကာ အာရ်အက်စ်အိုင်ကြောင့် မသန်မစွမ်းဖြစ်လာ၍ နောက်ပိုင်း၌ သူတို့၏အလုပ်မှ အနားယူခဲ့ရ၏။
ကြွက်သားများနှင့်အရိုးအဆစ်များ မခံရပ်နိုင်သည့်အထိ (လေးလံသောအထုပ်များထမ်းခြင်းကဲ့သို့သော) အားစိုက်ရခြင်းနှင့် တည်ငြိမ်အားစိုက်မှု (ပုံသေအနေအထားတွင် ကိုယ်ခန္ဓာအစိတ်အပိုင်းများကိုထားရှိရန် ကြွက်သားများကိုအားစိုက်ရခြင်း) တို့သည်လည်း အာရ်အက်စ်အိုင်ကိုဖြစ်စေသည်။ သက်သောင့်သက်သာမရှိသောအနေအထားဖြင့် အလုပ်လုပ်ရသောအခါ ဤကဲ့သို့သောလှုပ်ရှားမှုများသည် ဒဏ်ဖြစ်စေပေမည်။
သုတေသီများ၏စာရင်းအရ အာရ်အက်စ်အိုင်ဖြစ်လေ့ဖြစ်ထရှိသူအချို့မှာ သတ္တုဗေဒပညာရှင်များ၊ ဘဏ်စာရေးများ၊ ခလုတ်ခုံအော်ပရေတာများ၊ တယ်
လီဖုန်းအော်ပရေတာများ၊ ကုန်ပဒေသာဆိုင်ကြီး၏ငွေကိုင်များ၊ စားပွဲထိုးများ၊ အိမ်ဆေးသုတ်သူများ၊ ကစားစရာဆင်သူများ၊ အပ်ချုပ်သမများ၊ ဆံပင်ပြုပြင်သူများ၊ ဆွယ်တာထိုးသူများ၊ ကြံခုတ်သူများနှင့် အခြားလက်မှုအလုပ်ကြမ်းသမားများဖြစ်ကြသည်။လှုပ်ရှားမှုများထက်မက
ဆက်ခါဆက်ခါလှုပ်ရှားမှုကြောင့်သာ အာရ်အက်စ်အိုင်ဖြစ်ပေါ်ရသည်ဟု လူအများစုက ထင်မြင်ကြသော်လည်း ဘရာဇီးနိုင်ငံ၏မြို့တော် ဘရာဇီးလီယာတွင်ကျင်းပခဲ့သော အာရ်အက်စ်အိုင်နှင့်ပတ်သက်သည့် ပထမဦးဆုံးအပြည်ပြည်ဆိုင်ရာနှီးနှောဖလှယ်ပွဲကို တက်ရောက်သူပညာကျော်များက ဆက်ခါဆက်ခါလှုပ်ရှားမှုထက်မက ပါဝင်သည်ဟူ၍ ဖော်ပြခဲ့သည်။
ဘရာဇီးလီယာတက္ကသိုလ်မှ စိတ်ရောဂါကုနှင့်အတိုင်ပင်ခံဖြစ်သည့် ဒေါက်တာဗာန်ဒါရ်လေခိုဒူးက ဤသို့ရှင်းပြခဲ့သည်– “အလုပ်ခွင်ဖွဲ့စည်းမှုပုံစံ—တာဝန်များ၊ အလုပ်သမား-စီမံအုပ်ချုပ်သူ၏ ဆက်ဆံရေးများ၊ စီးပွားရေးအခြေအနေကိုယ်နှိုက်၊ အလုပ်သမားပါဝင်မှုအဆင့်နှင့် အလုပ်ခွင်လုပ်ရိုးလုပ်စဉ်—သည် ဖျားနာမှုနှင့်ဆက်နွှယ်နေသော အချက်များထဲမှတစ်ခုဖြစ်သည်။”
အာရ်အက်စ်အိုင်နှီးနှောဖလှယ်ပွဲ၌ အခြားဆေးဘက်ဆိုင်ရာပညာအကျော်အမော်များကလည်း ဖျားနာမှုနှင့်အလုပ်ခွင်ဖွဲ့စည်းမှုပုံစံတို့သည် ဆက်နွှယ်လျက်ရှိသည်ဟုအလေးအနက်တင်ပြခဲ့သည်။ သူတို့က စက်မှုနည်းပညာသစ်များ၏ပျော့ကွက်တစ်ခုမှာ ယင်းတို့သည် အလုပ်သမားအား မိမိ၏အလုပ်အပေါ်ထိန်းချုပ်မှုအားလုံးကို ပျောက်ဆုံးစေသည့်အလုပ်ဖွဲ့စည်းမှုပုံစံများသို့ ဦးတည်စေသည်ဟုဆိုသည်—အာရ်အက်စ်အိုင်ရရှိစေသည့်အချက်တစ်ချက်ပင်။
အလုပ်ခွင်ဖွဲ့စည်းမှုပုံစံနှင့် လုပ်ဆောင်နည်းသည် အာရ်အက်စ်အိုင်နှင့် အလွန်ဆက်နွှယ်နေသည့်အတွက် ယခင်ဆယ်စုနှစ်များက အလုပ်သမားအချို့သည် အာရ်အက်စ်အိုင်မခံစားရဘဲ ဆက်ခါဆက်ခါလှုပ်ရှားမှုများကို ပြုလုပ်နိုင်ခဲ့သည်။ ဤသည်ကား ပါရဂူအချို့၏ ကောက်ချက်ပင်ဖြစ်သည်။
ရောဂါကိုခွဲခြားဖော်ပြခြင်း
အာရ်အက်စ်အိုင်သည် ဖျားနာမှုတစ်ခုကိုမဟုတ်ဘဲ ဖျားနာမှုတစ်စုကိုဖော်ညွှန်းနေကြောင်း သတိရပါ။ ယင်းအုပ်စုဝင် ကိုယ်လက်မအီမသာဖြစ်မှုအားလုံးသည် အထူးသဖြင့်လက်တံများ၏ကြွက်သားများ၊ အကြောအမျှင်များ၊ အရိုးအဆစ်များနှင့် ရိုးဆက်ရွတ်များကိုက်ခဲစေသည်။ အာရ်အက်စ်အိုင်သည် ဖျားနာမှုအုပ်စုဖြစ်သောကြောင့် ရောဂါလက္ခဏာအမျိုးမျိုးကို ဖြစ်ပေါ်စေသည်။ ရောဂါလက္ခဏာများသည် မရေရာမသေချာဖြစ်ပေမည်။ ဖြစ်ရသည့်အကြောင်းရင်းများနှင့် ရောဂါလက္ခဏာများ၏ဆက်စပ်မှုကို ချက်ချင်းမပိုင်းခြားနိုင်ခြင်းဖြစ်ပေမည်။ အောက်ဖော်ပြပါ အဓိကလက္ခဏာများကို သုံးသပ်ကြည့်ပါ။
လက္ခဏာတစ်ခုမှာ ဒဏ်ဖြစ်နေသည့်ကိုယ်ခန္ဓာအစိတ်အပိုင်း (ဥပမာ၊ ပခုံးနှင့်လက်မောင်း) တွင်လေးလံပြီးသက်သောင့်သက်သာမရှိဟု ခံစားရရာမှ အဆက်မပြတ်နာကျင်ပြီး စပ်ဖျဉ်းဖျဉ်းခံစားစေသည့်အဖြစ်သို့ ရောက်ရှိစေခြင်းဖြစ်သည်။ ထို့ပြင် အရေပြားအောက်တွင် အဖုများ သို့မဟုတ် အလုံးငယ်များ ထွက်လာပေမည်။ အာရ်အက်စ်အိုင်ကျွမ်းနေသောအဆင့်များတွင် ရောင်ကိုင်းခြင်းနှင့်ကိုက်ခဲခြင်းသည် ခေါင်းဖြီးခြင်းနှင့် သွားတိုက်ခြင်းကဲ့သို့သော အသေးအမွှားအလုပ်ကလေးကိုပင် မလုပ်နိုင်သည့်အထိ အလွန်ပြင်းထန်လာပေမည်။ ဆေးမကုသလျှင် အာရ်အက်စ်အိုင်ကြောင့် ဒုက္ခိတဘဝကိုပင် ရောက်ရှိနိုင်မည်။
အာရ်အက်စ်အိုင်ကိုတိုက်လှန်ခြင်း
အကယ်၍ သင့်လက်ရှိအလုပ်သည် ဆက်ခါဆက်ခါလှုပ်ရှားမှုများပြုလုပ်ရပြီး အာရ်အက်စ်အိုင်လက္ခဏာများကို သတိပြုမိနေပြီဆိုလျှင် သင့်ကုမ္ပဏီ၏ဆေးဌာနကို အကူအညီတောင်းခံလိုပေမည်။ ထိုသို့မဖြစ်နိုင်လျှင် သင့်အခြေအနေကို ဆုံးဖြတ်ပေးနိုင်ပြီး လိုအပ်သောနည်းဖြင့် ကူညီပေးနိုင်သည့် အရိုးအကြောအထူးကုဆရာဝန်ရှိသော ကျန်းမာရေးဌာနသို့ သွားပြသင့်သည်။ အာရ်အက်စ်အိုင်စဖြစ်သည်နှင့် ဂရုစိုက်မည်ဆိုပါက ကျန်းမာလာဖို့အကြောင်းပိုများလိမ့်မည်။
အာရ်အက်စ်အိုင်ကိုတိုက်ခိုက်ရန် နောက်ထပ်အရေးကြီးသည့်နည်းတစ်နည်းမှာ လုပ်ငန်းခွင်ဗေဒကို ထည့်သွင်းစဉ်းစားရခြင်းဖြစ်သည်။ လုပ်ငန်းခွင်ဗေဒဆိုသည်ကား အဘယ်နည်း။ “လူတို့နှင့်အရာဝတ္တုများ အထိရောက်ဆုံးနည်းဖြင့် အပြန်အလှန်အကျိုးပြုနိုင်ရန် လူတို့အသုံးပြုရာများကို ပုံစံပြုစီစဉ်မှုဆိုင်ရာ လက်တွေ့ကျသိပ္ပံပညာရပ်တစ်ရပ်” ဟု ထိုဝေါဟာရကို အဓိပ္ပာယ်ဖွင့်ဆိုထား၏။
သို့ဖြင့် လုပ်ငန်းခွင်ဗေဒသည် အလုပ်ခွင်နှင့်လူ၊ လူနှင့်အလုပ်ခွင်တို့ကို လိုက်လျော်ညီထွေအောင်ပြုလုပ်ပေးခြင်းနှင့်ပတ်သက်သည်။ သို့သော် ဤတွင် ခလုတ်ခုံတစ်ခု သို့မဟုတ် တူတစ်ချောင်း၏ပုံသဏ္ဌာန်ကို တိုးတက်ကောင်းမွန်စေခြင်းထက်မက ပါဝင်သည်။ အလုပ်သမားတစ်ဦး၏စိတ်ပိုင်းနှင့် စိတ်လှုပ်ရှားမှုပိုင်းဆိုင်ရာ လိုအပ်ရာများကို ထည့်သွင်းစဉ်းစားခြင်းပါဝင်သည်။ ယင်းသို့ဖြစ်မြောက်ဖို့ရန် လုပ်ငန်းခွင်ဗေဒသည် “သက်ဆိုင်သည့်လေ့လာထားသော နယ်ပယ်အားလုံးမှအချက်အလက်၊ အကြောင်းအရာ၊ အသိပညာတို့ကိုအသုံးပြုကာ လူနှင့်သူ၏အလုပ်အကြောင်း သိနားလည်သဘောပေါက်မှုအသစ်သို့ ဆိုက်ရောက်ရန်ကြိုးပမ်းသည်” ဟူ၍ လုပ်ငန်းခွင်ဗေဒ ပညာရှင်ဒေါက်တာအင်ဂ်ျဘော့ဂ် ဇဲလ်က ဆိုသည်။
မှန်ပါသည်၊ အလုပ်ခွင်၏အခြေအနေကို လုပ်ငန်းခွင်ဗေဒအရ ပြုပြင်ပြောင်းလဲပေးခြင်းသည် အလုပ်သမားအများစုမတတ်နိုင်သည့်အမှုဖြစ်ပေမည်။ သို့သော် “ပါဝင်မှု လုပ်ငန်းခွင်ဗေဒ” မူကား ထိုသို့မဟုတ်ဟု ဘရာဇီးလီယာတွင်ကျင်းပသည့် အာရ်အက်စ်အိုင်နှီးနှောဖလှယ်ပွဲ၌ ဆေးဘက်ဆိုင်ရာ ပါရဂူများက ရှင်းပြခဲ့သည်။ ပါဝင်မှု လုပ်ငန်းခွင်ဗေဒဟုဆိုရာ၌ အဘယ်အရာကိုဆိုလိုသနည်း။
အလုပ်ခွင်တွင် ပါဝင်မှု လုပ်ငန်းခွင်ဗေဒကို အားပေးသော အလုပ်ရှင်တစ်ဦးသည် အလုပ်သမား၏ထင်မြင်ယူဆချက်ကို ထည့်သွင်းစဉ်းစားတတ်သည်။ သူသည် သူ၏အလုပ်ရုံကို မည်သို့တိုးတက်ကောင်းမွန်စေနိုင်ကြောင်း ပါဝင်ချင့်တွက်ပေးရန် အလုပ်သမားကိုခွင့်ပေးသည်။ ဤသို့သောအလုပ်ရှင်တစ်ဦးသည် အလုပ်သမားများနှင့်စီမံအုပ်ချုပ်ရေးဝန်ထမ်းများဖြင့် ဖွဲ့စည်းထားသော အလုပ်ခွင်တွင်း အာရ်အက်စ်အိုင်ကော်မတီရှိဖို့လည်း လိုလားမည်ဖြစ်သည်။ ၎င်းအဖွဲ့သည် အလုပ်ခွင်အတွင်း အန္တရာယ်ကင်းပြီး သက်သောင့်သက်သာရှိသောလုပ်ငန်းခွင်ပတ်ဝန်းကျင်ကို တည်ရှိစေရန် ဂရုစိုက်ပါလိမ့်မည်။ သူတို့သည် အာရ်အက်စ်အိုင်ဖြစ်ရခြင်းအကြောင်းများကို ကိုင်တွယ်ဖြေရှင်းကာ ကြိုတင်ကာကွယ်မှုကိုအားပေးပြီး ကုမ္ပဏီထဲတွင် အာရ်အက်စ်အိုင်ရောဂါဖြစ်မှုများကို ထိန်းချုပ်ပေး သို့မဟုတ် တိုက်ဖျက်ပေးရန် အလုပ်ရှင်နှင့်အလုပ်သမားတို့၏တာဝန်များကို ရှင်းပြပေးသည်။
အိမ်၌ဖြစ်စေ၊ အလုပ်ခွင်၌ဖြစ်စေတားဆီးပေးခြင်း
အာရ်အက်စ်အိုင်ကိုတားဆီးခြင်းသည် အိမ်တွင်းမှစတင်သည်။ သင်ဘာပြုလုပ်နိုင်သနည်း။ အိပ်ရာထသောအခါ သင့်ခွေး သို့မဟုတ် ကြောင်ကိုအတုယူပါ။ သင်၏အိမ်မွေးတိရစ္ဆာန်သည် နေ့သစ်မစမီ ၎င်းတို့၏ကြွက်သားများဆန့်ထုတ်ပုံကို သတိပြုပါ။ ထိုနည်းအတိုင်း ပြုလုပ်ပါ။ တစ်နေ့တာအတွင်း အဆိုပါကြွက်သားများဆန့်ထုတ်ခြင်းကို အကြိမ်အနည်းငယ် ထပ်ခါထပ်ခါပြုလုပ်ပါ။ သင့်အရိုးများနှင့်ကြွက်သားများ ကျန်းမာစေဖို့အတွက် ဤသို့ပြုလုပ်ခြင်းသည် မရှိမဖြစ်လိုအပ်သည်။ ကြွက်သားများပူလာရန် လေ့ကျင့်ခန်းအနည်းငယ်ပြုလုပ်ပါ။ ၎င်းသည် သွေးလည်ပတ်မှုကို မြန်စေမည်ဖြစ်ကာ သင့်ကြွက်သားများအလုပ်လုပ်နိုင်ရန်အတွက် ရရှိစေသောအောက်ဆီဂျင်ပမာဏ တိုးများလာမည်ဖြစ်၏။ အေးသောရာသီဥတုအတွင်းနှင့် အားကစားတွင်မပါဝင်မီ ဤသို့ပြုလုပ်ခြင်းသည် ပို၍ပင်အရေးကြီးသည်။ သင်အများဆုံးအသုံးပြုမည့် သတ်သတ်မှတ်မှတ်ကြွက်သားများ သန်မာစေရန် လေ့ကျင့်ခန်းအချို့ကို ပြုလုပ်ပါ။ ပို၍သန်မာသောကြွက်သားများသည် လုပ်ကိုင်ရမည့်အလုပ်ကို လုပ်ဆောင်နိုင်ရန် ထောက်ကူပေးပါလိမ့်မည်။
ဤသို့ အိမ်၌မှန်မှန်ပြုလုပ်သည့်အပြင် သင့်အလုပ်ခွင်၌လည်း ကာကွယ်ခြင်းအစီအစဉ်ရှိရန်လိုသည်။ အလုပ်သမားများကြားတွင် အလုပ်ပုံစံအမျိုးမျိုးကိုအလှည့်ကျခွဲဝေပေးခြင်း၊ အနားပေးခြင်း သို့မဟုတ် အလုပ်ပြောင်းပေးခြင်းတို့ရှိစေသည့် အလုပ်ဇယားတစ်ခုကို စီစဉ်ခြင်းအားဖြင့် အလုပ်သမားများကြားတွင် အာရ်အက်စ်အိုင်ပြဿနာများ မပေါ်လာစေရန် အလုပ်ရှင်က တားဆီးပေးနိုင်ပေမည်။
အာရ်အက်စ်အိုင်တားဆီးနည်း နောက်တစ်မျိုးမှာ အလုပ်သမားကို သင့်တော်မှန်ကန်သောကိရိယာများပေးထားခြင်းဖြစ်သည်။ အခြားအရာများအနက် ယင်းတွင် သင့်တော်သောအမြင့်ရှိသည့် စားပွဲများနှင့်ခုံများ၊ တံတောင်ဆစ်အခုအခံများ၊ အားစိုက်ဖို့မလိုသောလွန်ပူများ၊ ပလိုင်ယာများ၊ အသုံးပြုသူအတွက် အဆင်ပြေသော ကွန်ပျူတာခလုတ်ခုံများ၊ သို့မဟုတ် အကြီးအကျယ်မတုန်ခါစေရန် ဆောင့်ဒဏ်ထိန်းများပါသော လေးလံသောကိရိယာတို့ပါဝင်ပေမည်။
နိဒါန်း၌ဖော်ပြထားသော မာစဲလိုသည် အဆိုပါအကြံဉာဏ်များအတိုင်းပြုလုပ်ခဲ့သည်။ သူရရှိသော ဆေးကုသမှုနှင့်အတူ ယင်းတို့ကိုပြုလုပ်ခြင်းဖြင့် သူ၌ဖြစ်နေသော အာရ်အက်စ်အိုင်ရောဂါလက္ခဏာများကို ပျောက်ကင်းစေခဲ့သည်။ ရောဂါလုံးဝပျောက်ကင်းသွားဖို့အကြောင်းရှိသည်။ အာရ်အက်စ်အိုင်ကိုတိုက်ဖျက်ဖို့ရန် ကိုယ်တိုင်ကြိုးစားမှုနှင့် အဖွဲ့အစည်းဆိုင်ရာပြောင်းလဲမှုများရှိဖို့လိုသည်မှန်သော်လည်း အလုပ်ခွင်တွင် အာရ်အက်စ်အိုင်လူနာအရေအတွက် တိုးများလာနေသည့်အတွက် ယင်းပြောင်းလဲမှုများမှရသည့်အကျိုးသည် ကုန်ကျစရိတ်များထက် သာ၍များကြောင်းသက်သေထူပေမည်။
[စာမျက်နှာ ၁၃ ပါ လေးထောင့်ကွက်]
ဂီတပညာရှင်များ၌ အာရ်အက်စ်အိုင်
ဆက်ခါဆက်ခါကြွက်သားလှုပ်ရှားမှုဒဏ် (အာရ်အက်စ်အိုင်) သည်ကြေးစားဂီတပညာရှင်များတွင် ဖြစ်လေ့ဖြစ်ထရှိသည်။ ၁၉၈၆ ခုနှစ်၌ ထုတ်ဝေခဲ့သော သုံးသပ်ဖော်ပြချက်တစ်ခုအရ ဥရောပရှိရှစ်ခုသောသံစုံတီးဝိုင်းမှ ဂီတပညာရှင်ထက်ဝက်သည် အာရ်အက်စ်အိုင်ဝေဒနာခံစားနေကြရ၏။ ၁၉ ရာစုတွင် ယင်းရောဂါကို ဂီတပညာရှင်၏ကြွက်တက်ခြင်းဟုခေါ်ကြသည်။ ဦးဆုံးမှတ်တမ်းတင်ခံရသောလူနာမှာ ရော်ဘတ် စခူးမဲန်ဖြစ်သည်။ အာရ်အက်စ်အိုင်ကြောင့် သူသည် စန္ဒရားမတီးနိုင်တော့ဘဲ သီချင်းရေးစပ်ခြင်းကို အာရုံစိုက်ခဲ့ရသည်။
[စာမျက်နှာ ၁၃ ပါ လေးထောင့်ကွက်]
အာရ်အက်စ်အိုင်ကိုဖြစ်စေသောအချက်များ
၁။ ကိုယ်အနေအထားမှားခြင်း
၂။ နာရီပေါင်းများစွာအလုပ်လုပ်ခြင်း
၃။ အလုပ်ဖိစီးခြင်း
၄။ ကြွက်သားများနှင့်အရွတ်မျှင်များတွင် ယခင်ကဒဏ်များဖြစ်ခဲ့ခြင်း
၅။ သင့်အလုပ်ကို အားမရခြင်း
၆။ အအေးခံခြင်း
[စာမျက်နှာ ၁၄ ပါ လေးထောင့်ကွက်]
အာရ်အက်စ်အိုင်ကိုတားဆီးခြင်း
ရှောင်ရန်အချက်များ
၁။ လေးလံသောအရာဝတ္တုများကို အချိန်ကြာမြင့်စွာဆွဲကိုင်ထားခြင်း
၂။ အရိုးအဆစ်များအား လေးလံသောဝန်ထုပ် ထမ်းဆောင်စေခြင်း
၃။ လက်များကို ရင်ဘတ်အထက် အချိန်ကြာမြင့်စွာအသုံးပြုခြင်း
၄။ သက်သောင့်သက်သာမရှိသောအနေအထား၌ အလုပ်လုပ်ခြင်း
လုပ်ဆောင်စရာများ
၁။ အလုပ်—ပေါ့ပါးသောအလုပ်များပင်—လုပ်ကိုင်သောအခါ လက် ပြောင်းလွှဲပေးပါ
၂။ တစ်နေ့တာအတွင်း အလုပ်ပုံစံအမျိုးမျိုးကို ခွဲခြမ်းမျှဝေလုပ် ဆောင်ပါ
[Picture Credit Line on page 12]
Pages 16 and 17: The Complete Encyclopedia of Illustration/J. G. Heck