မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဓာတုပစ္စည်းများ—မိတ်ဆွေလော၊ ရန်သူလော

ဓာတုပစ္စည်းများ—မိတ်ဆွေလော၊ ရန်သူလော

ဓာတုပစ္စည်းများ—⁠မိတ်ဆွေလော၊ ရန်သူလော

ဘဝတွင် အားသာချက်များနှင့် အားနည်းချက်များကိုချင့်ချိန်ကာ ဆုံးဖြတ်ချက်များစွာကို ကျွန်ုပ်တို့ချတတ်ကြသည်။ ဥပမာ၊ များစွာတို့အနေဖြင့် သွားရေးလာရေးအဆင်ပြေစေဖို့ ကားဝယ်ကြ၏။ သို့သော် ထိုအဆင်ပြေမှုကို ကားပိုင်ဆိုင်မှု၏အကုန်အကျ—⁠အာမခံကြေး၊ မှတ်ပုံတင်ကြေး၊ တန်ဖိုးလျော့မှု—⁠အပြင် လမ်းပေါ်တွင်မောင်းဖို့သင့်တော်နေစေရေးအကုန်အကျတို့နှင့် ချိန်ထိုးကြည့်ရမည်။ မတော်တဆဖြစ်မှုကြောင့် ထိခိုက်အနာတရဖြစ်မှု သို့မဟုတ် အသက်ဆုံးရမှုတို့ကိုလည်း ထည့်သွင်းစဉ်းစားရမည်။ ဓာတုဗေဒနည်းဖြင့်ဖန်တီးထားသော ပစ္စည်းများမှာလည်း အလားတူအခြေအနေနှင့် တူညီသည်—⁠ယင်းတို့၏ အားသာချက်များနှင့်အတူ အားနည်းချက်များကို နှိုင်းယှဉ်၍ကြည့်ရပေမည်။ ဥပမာအဖြစ် ဓာတုပစ္စည်းတစ်မျိုးဖြစ်သော အမ်တီဘီအီး (မီသိုင်း တာရှရီ ဗျူတိုင် အီသာ) ကိုကြည့်ပါ၊ လောင်ကျွမ်းမှုကို တိုးမြှင့်ပေးသည့် အားဖြည့်လောင်စာတစ်မျိုးဖြစ်ရာ ယာဉ်မှမီးခိုးထွက်မှုကို လျော့နည်းစေ၏။

တစ်စိတ်တစ်ပိုင်းအားဖြင့် အမ်တီဘီအီးကြောင့် အမေရိကန်ပြည်ထောင်စုရှိ မြို့များစွာတွင် လေထုမှာ နှစ်နှင့်ချီ၍သန့်ရှင်းစင်ကြယ်ခဲ့၏။ သို့သော် လေကိုသန့်စင်စေသည့်ပစ္စည်းအတွက် “အဖိုးအခပေးဆပ်ခဲ့ရသည်” ဟူ၍ နယူးဆိုင်းယင်းတစ်ကဆိုသည်။ အကြောင်းရင်းမှာ အမ်တီဘီအီးသည် ကင်ဆာဖြစ်ဝတ္ထုတစ်ခုဖြစ်နိုင်ဖွယ်ရှိပြီး ယင်းသည် ထောင်ပေါင်းများစွာသော မြေအောက်ဓာတ်ဆီသိုလှောင်ကန်များမှ ယိုစိမ့်ထွက်လာကာ မြေအောက်ရေကိုညစ်ညမ်းစေလေ့ရှိသည်။ ရလဒ်မှာ ယခုတွင် မြို့တစ်မြို့သည် အခြားနေရာမှ ရေ ၈၂ ရာခိုင်နှုန်းကိုဝယ်ယူရပြီး တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၃.၅ သန်းကုန်ကျလေသည်! နယူးဆိုင်းယင်းတစ်က ဤဘေးဒဏ်မှာ “နှစ်နှင့်ချီပြီးအခက်ကြုံရမည့် အမေရိကန်၏အစိုးရိမ်ရဆုံးသော မြေအောက်ရေထုညစ်ညမ်းခြင်းတစ်ခု ဖြစ်လာနိုင်သည်” ဟုဆို၏။

အချို့ဓာတုပစ္စည်းများမှာ ဝန်းကျင်နှင့် ကျန်းမာရေးကိုထိခိုက်စေသောကြောင့် ထိုဓာတုပစ္စည်းများကို ပိတ်ပင်တားမြစ်၍ လုံးလုံးလျားလျားဈေးကွက်မှ ရုပ်သိမ်းလိုက်ကြသည်။ ‘သို့သော် အဘယ်ကြောင့် ဤသို့ဖြစ်ရသနည်း။ ဓာတုပစ္စည်းအသစ်များအားလုံး မဖြန့်ချိမီ အဆိပ်အတောက်ဖြစ်စေမှုကို စေ့စပ်သေချာစွာ စမ်းသပ်ခဲ့ပြီးမဟုတ်ပေလော’ ဟုအသင်မေးမည်။

အဆိပ်အတောက်ဖြစ်စေမှုကို စမ်းသပ်ရာ၌ အခက်အခဲများ

အမှန်အားဖြင့် အဆိပ်အတောက်ဖြစ်စေမှုအတွက် ဓာတုပစ္စည်းများကိုစမ်းသပ်ခြင်းမှာ သိပ္ပံပညာနှင့် မှန်းဆထင်မြင်ချက်တို့ ရောနှောနေခြင်းဖြစ်သည်။ ဂျိုးဇက် ရောရစ်ရေးသားသော အန္တရာယ်များကို တွက်ချက်ခြင်းစာအုပ်တွင် “မည်သည့်ဓာတုပစ္စည်းကိုမဆို ‘စိတ်ချရမှု’ နှင့် ‘စိတ်မချရမှု’ စပ်ကြား၌ အန္တရာယ်ရှိ၊ မရှိအကဲဖြတ်သူတို့အနေဖြင့် မည်သို့ပြတ်ပြတ်သားသားသတ်မှတ်ရမည်ကို မသိကြချေ” ဟူ၍ဆိုထား၏။ ယင်းသည် ဓာတုဗေဒနည်းအားဖြင့် ထုတ်လုပ်ထားသော ဆေးဝါးများစွာ၌ပင် မှန်ကန်ခဲ့လေပြီ။ ကမ္ဘာ့စာအုပ်စွယ်စုံကျမ်းက “အလွန်တရာမှ ဂရုတစိုက်စမ်းသပ်မှုပြုလင့်ကစား ဆေးဝါးတစ်မျိုးမှာ မျှော်လင့်မထားသော အန္တရာယ်ရှိစေသည့်အကျိုးဆက်တစ်ခု ဖြစ်ပေါ်စေနိုင်သည့်အလားအလာကို အမြဲပင် ဖော်ထုတ်ပြနိုင်ခြင်းမရှိချေ” ဟူ၍ဆိုသည်။

ဓာတ်ခွဲခန်းများသည် တစ်စုံတစ်ရာသော ပင်ကိုအကန့်အသတ်များရှိသည်။ ဥပမာ၊ ၎င်းတို့သည် အပြင်ဘက်လောကရှိ ကွဲပြားခြားနား၍ရှုပ်ထွေးသော တုံ့ပြန်ဓာတ်ပြုမှုအတိုင်း အပြည့်အဝတုပဖန်တီးပေးနိုင်ခြင်းမရှိချေ။ ဓာတ်ခွဲခန်း၏ပြင်ပကမ္ဘာတွင် ဓာတုနည်းဖြင့်ပေါင်းစပ်ဖွဲ့စည်းထားသော ဓာတုပစ္စည်းမျိုးကွဲပေါင်းရာထောင်ချီ၍ပင်ရှိနေရာ ယင်းတို့မှများစွာတို့သည် အချင်းချင်းတစ်ခုနှင့်တစ်ခုအပြင် သက်ရှိများနှင့်လည်း အပြန်အလှန်သက်ရောက်မှုရှိနိုင်သည်။ ဤဓာတုပစ္စည်းများထဲမှ အချို့သည် တစ်မျိုးတည်းဆိုလျှင် ဘေးအန္တရာယ်မဖြစ်စေနိုင်သော်လည်း ကျွန်ုပ်တို့၏ခန္ဓာကိုယ်အပြင်၌ဖြစ်စေ၊ အတွင်း၌ဖြစ်စေ ယင်းတို့ပေါင်းစပ်လိုက်လျှင် အဆိပ်အတောက်ဖြစ်စေနိုင်သော ဒြပ်ပေါင်းအသစ်တစ်မျိုးကို ပေါ်ထွက်စေနိုင်သည်။ ဓာတုပစ္စည်းအချို့သည် ကိုယ်ခန္ဓာ၏ဇီဝတွင်းဖြစ်ပျက်မှုက ယင်းတို့ကိုဖြစ်ပျက်စေပြီးနောက်မှသာလျှင် အဆိပ်အတောက်၊ ကင်ဆာဖြစ်ဝတ္ထုပင်ဖြစ်လာ၏။

အထက်ပါဖြစ်နိုင်ခြေများအတိုင်း ဓာတုပစ္စည်းတစ်မျိုး၏စိတ်ချရမှုကို အန္တရာယ်ရှိ၊ မရှိအကဲဖြတ်သူတို့က မည်သို့ကြိုးစား၍ဆုံးဖြတ်ကြသနည်း။ စံထားသောစနစ်အတိုင်း ဓာတ်ခွဲခန်းမှတိရစ္ဆာန်များကို ဓာတုဆေးဝါး၏ပမာဏတစ်ခုဖြင့် စမ်းသပ်၍ ထို့နောက် ရလဒ်များကို လူသားတို့တွင်အသုံးပြုဖို့ ကြိုးစားကြသည်။ ဤစနစ်ကို အမြဲပင် ယုံကြည်စိတ်ချရပါသလော။

တိရစ္ဆာန်များဖြင့် စမ်းသပ်ခြင်းမှာ စိတ်ချရပါသလော

တိရစ္ဆာန်များအား ရက်စက်ခြင်းနှင့်ပတ်သက်၍ ကျင့်ဝတ်ဆိုင်ရာမေးခွန်းများကို ပေါ်ထွက်လာစေသည့်အပြင် တိရစ္ဆာန်များဖြင့် အဆိပ်အတောက်များကို စမ်းသပ်ခြင်း၌ အခြားမေးခွန်းများကိုလည်း ပေါ်ပေါက်စေသည်။ ဥပမာ၊ ကွဲပြားသောတိရစ္ဆာန်များ၏ ဓာတုပစ္စည်းများအပေါ်တုံ့ပြန်ပုံမှာ သိသိသာသာပင်ကွဲပြားခြားနားကြသည်။ အလွန်အဆိပ်အတောက်ဖြစ်စေသော ဒိုင်အောက်စင်းပမာဏအနည်းငယ်သည် ပူးသတ္တဝါအမကို သေစေမည်ဖြစ်သော်လည်း ကြွက်ကြီးမျိုးကိုသေစေရန် အဆ ၅,၀၀၀ တိုးမြှင့်ရမည်ဖြစ်သည်။ နီးစပ်မှုရှိသောမျိုးစိတ်များဖြစ်သည့် မြေကြွက်နှင့် အိမ်ကြွက်များ၌ပင်လျှင် ဓာတုပစ္စည်းများစွာအပေါ် တုံ့ပြန်ပုံမှာခြားနားပေသည်။

သို့ဖြစ်၍ မျိုးစိတ်တစ်မျိုးမှ တိရစ္ဆာန်တစ်ကောင်၏တုံ့ပြန်ပုံသည် အခြားမျိုးစိတ်မှတုံ့ပြန်ပုံနှင့်တူညီကြောင်း ခန့်မှန်းဖို့ရာမဖြစ်လျှင် သုတေသီများအနေဖြင့် ဓာတုပစ္စည်းတစ်မျိုးကို လူသားတို့သည် ယုံကြည်စိတ်ချစွာခံနိုင်ရည်ရှိလိမ့်မည်ဟု မည်သို့သေချာနိုင်ပါမည်နည်း။ ဖြစ်ရပ်မှန်မှာ သူတို့တပ်အပ်မသေချာနိုင်ချေ။

ဓာတုဗေဒပညာရှင်တို့၏ လုပ်ငန်းတာဝန်မှာ အမှန်ပင်ခက်ခဲပေသည်။ သူတို့သည် မိမိတို့ဖန်တီးရာများကို အလိုရှိသူတို့အား ကျေနပ်စေရမည်၊ တိရစ္ဆာန်များ၏ကောင်းကျိုးချမ်းသာကို ရှေ့ရှုသူတို့အား နှစ်သိမ့်မှုဖြစ်စေရမည်၊ မိမိတို့၏ထုတ်ကုန်တို့မှာ စိတ်ချရကြောင်း ကိုယ်ကိုယ်နှိုက်၏စိတ်ကို ကျေနပ်စေရမည်။ ဤအကြောင်းများကြောင့် ယခုအခါ အချို့ဓာတ်ခွဲခန်းတို့သည် ဓာတုပစ္စည်းများကို မွေးမြူထားသောလူ့ဆဲလ်များဖြင့် စမ်းသပ်နေကြသည်။ သို့သော် ယင်းသည် အားထားယုံကြည်နိုင်လောက်သော စိတ်ချရသည့်အာမခံချက်ဖြစ်၊ မဖြစ် အချိန်က ပြောပြပါလိမ့်မည်။

ဓာတ်ခွဲခန်းစမ်းသပ်မှုများ မအောင်မြင်သောအခါ

ဓာတုပစ္စည်းများထဲမှ ဥပမာတစ်ခုဖြစ်သော ဒီဒီတီပိုးသတ်ဆေးကို ဝန်းကျင်တွင် အနှံ့အပြားတွေ့နိုင်ဆဲဖြစ်ပြီး စတင်ဖြန့်ချိခဲ့ချိန်က စိတ်ချရသည်ဟု မှားယွင်းစွာကြွေးကြော်ခဲ့ကြသည်။ ဒီဒီတီသည် အင်္ဂါအစိတ်အပိုင်းတို့တွင် အချိန်ကြာမြင့်စွာ ဆက်လက်၍ရှိနေနိုင်ကြောင်းလည်း သိပ္ပံပညာရှင်များ နောက်ပိုင်းမှသိလာကြသည်၊ အခြားအလားအလာရှိသော အဆိပ်အတောက်တို့လည်း ထပ်တူဖြစ်သည်။ ယင်း၏ ဆိုးကျိုးကားအဘယ်နည်း။ သန်းနှင့်ချီ၍သေးငယ်သောသတ္တဝါများ၊ ထို့နောက်ငါးများနှင့် နောက်ဆုံးငှက်များ၊ ဝက်ဝံများ၊ ဖျံများ စသည်တို့ဖြင့်ဖွဲ့စည်းထားသည့်အစာကွင်းဆက်သည် သက်ရှိကတော့ပုံဖြစ်လာပြီး နောက်ဆုံးစားသုံးသောသတ္တဝါတို့တွင် အဆိပ်အတောက်များသွားရောက်စုပုံလေတော့သည်။ ဖြစ်ရပ်တစ်ခု၌ ရေနေငှက်မျိုးစိတ်တစ်ခုဖြစ်သော ဂရီဘီးငှက်ဦးရေတွင် ဆယ်နှစ်ကျော်ကြာကြာ သားတစ်ကောင်မျှ မပေါက်နိုင်ခဲ့ချေ!

ဤဇီဝရုပ်ကတော့ပုံများသည် မည်မျှစွမ်းဆောင်နိုင်စွမ်းရှိသနည်းဟူမူ အချို့ဓာတုပစ္စည်းများကို ရေထဲ၌ ရှာဖွေ၍မတွေ့နိုင်သလောက်ပင်ဖြစ်ကာ နောက်ဆုံးစားသုံးသည့်သတ္တဝါများ၌ အံ့သြဖွယ်ကောင်းလောက်သည့်ပမာဏဖြင့် စုပုံလာခဲ့သည်။ တောင်အမေရိက စိန့်လော်ရင့်မြစ်ထဲမှ ဘီလျူဂါဝေလငါးများသည် ဥပမာကောင်းတစ်ခုဖြစ်သည်။ ၎င်းတို့ထဲတွင် အဆိပ်အတောက်အလွန်များစွာဝင်ရောက်နေသဖြင့် သေသွားသောအခါ၌ အန္တရာယ်ရှိသည့်အမှိုက်သရိုက်အဖြစ် သတ်မှတ်ကြသည်တကား!

တိရစ္ဆာန်များစွာတွင်ရှိနေသော ဓာတုပစ္စည်းအချို့မှာ ဟော်မုန်းအဖြစ် အယောင်ဆောင်တတ်ကြကြောင်းတွေ့ရှိရလေသည်။ မကြာသေးမီအချိန်ကမှ သိပ္ပံပညာရှင်များသည် ဤဓာတုပစ္စည်းများက ဖြစ်ပေါ်စေနိုင်သည့် ပုန်းလျှိုးနေသော အဆိပ်အတောက်သက်ရောက်မှုကို စတင်သိရှိလာခဲ့ကြသည်။

ဟော်မုန်းများကိုတုပသည့် ဓာတုပစ္စည်းများ

ဟော်မုန်းများသည် ခန္ဓာကိုယ်အတွင်း၌ အရေးပါသော ဓာတုဆိုင်ရာစေတမန်များဖြစ်သည်။ ယင်းတို့သည် ကျွန်ုပ်တို့ခန္ဓာကိုယ်၏အခြားအစိတ်အပိုင်းများသို့ သွေးလှည့်ပတ်မှုမှတစ်ဆင့် သွားလာနေပြီး ထိုအထဲတွင် ကိုယ်ခန္ဓာကြီးထွားမှု သို့မဟုတ် မျိုးပွားခြင်းသံသရာများကဲ့သို့သော အချို့လုပ်ဆောင်မှုကိုလှုံ့ဆော်ပေး သို့မဟုတ် ထိန်းချုပ်ပေးလေသည်။ စိတ်ဝင်စားစရာမှာ “မြန်မြန်ဆန်ဆန်တိုးများလာနေသော သိပ္ပံဆိုင်ရာသာဓကများက” ဓာတုဗေဒနည်းဖြင့် ဖန်တီးထားသောပစ္စည်းအချို့ကို စားသုံးလိုက်ရာ၌ ဘေးအန္တရာယ်ဖြစ်စေသောနည်းနှင့် ဟော်မုန်းများကို ပုံတူကူးခြင်းဖြစ်စေ၊ ပိတ်ဆို့ခြင်းကိုဖြစ်စေခြင်းဖြင့် ဟော်မုန်းတို့ကို ဟန့်တားနှောင့်ယှက်သည်ဟု ညွှန်ပြကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (ဒဗလျူအိပ်ခ်ျအို) မှ မကြာမီကထုတ်ဝေသောစာစောင်၌ ဖော်ပြထား၏။

ဓာတုပစ္စည်းများတွင် PCBs၊ *နှင့်အတူ ဒိုင်အောက်စင်း၊ ဖြူရန်နှင့် ဒီဒီတီအနယ်အနှစ်များအပါအဝင် ပိုးသတ်ဆေးအချို့ပါဝင်သည်။ အတွင်းစိမ့်ဂလင်းများကိုဖြိုဖျက်သူဟု သမုတ်ထားသော ဤဓာတုပစ္စည်းများသည် ဟော်မုန်း၏အဓိကပင်ရင်းဖြစ်သော ခန္ဓာကိုယ်စိမ့်ဂလင်းစနစ်၏ ပုံမှန်လုပ်ဆောင်မှုများကို ပြိုကွဲပျက်စီးစေနိုင်သည်။

ဤဓာတုပစ္စည်းများကတုပသောဟော်မုန်းတစ်မျိုးမှာ အမလိင်ဟော်မုန်းဖြစ်သည့် အီစတြိုဂျင်ဖြစ်၏။ ဆေးဘက်ဆိုင်ရာဂျာနယ်ဖြစ်သည့် ဝေဖန်သုံးသပ်ချက် ၌ပါရှိသော လေ့လာချက်တစ်ရပ်က မိန်းမငယ်များစွာတွင် လူလားမြောက်ချိန်စောသည့် ကြုံတွေ့မှုတိုးများလာရခြင်းမှာ အီစတြိုဂျင်ပါဝင်သည့် ဆံပင်အတွက်အသုံးပြုပစ္စည်းများအပြင် အီစတြိုဂျင်ကိုတုပသည့် ဝန်းကျင်ရှိဓာတုပစ္စည်းများနှင့် ဆက်စပ်နိုင်သည်ဟုဆိုထားသည်။

ဖိုသတ္တဝါ၏အရေးကြီးသော ကြီးထွားချိန်အတွင်း၌ ဓာတုပစ္စည်းအချို့ဖြင့် သူ့အားထိတွေ့မိစေခြင်းက ဆန့်ကျင်ဘက်အကျိုးသက်ရောက်မှုများ ဖြစ်စေနိုင်သည်။ ရှာဖွေတွေ့ရှိချက် မဂ္ဂဇင်းမှမှတ်တမ်းတစ်ခုက “ကြီးထွားနေစဉ်အတွင်း PCBs ကို အချိန်ကိုက်အသုံးပြုပါက လိပ်အထီးများနှင့် မိချောင်းအထီးများသည် အမများ သို့မဟုတ် ‘ဒွိလိင်ရှိသော’ အကောင်များအဖြစ် ပြောင်းလဲစေနိုင်ကြောင်း လက်တွေ့စမ်းသပ်ချက်များက ပြသခဲ့လေပြီ” ဟုဖော်ပြသည်။

ထို့အပြင် ဓာတုပစ္စည်းများသည် ရောဂါပြီးစနစ်များကိုအားပျော့စေကာ တိရစ္ဆာန်များအား ဗိုင်းရတ်ကူးစက်မှုများကို သာ၍လွယ်ကူစေလေ့ရှိသည်။ အမှန်မှာ လင်းပိုင်များနှင့် ရေနေငှက်များကဲ့သို့သော အထူးသဖြင့် ကြီးသည်ကငယ်သည်ကို အဆင့်ဆင့်ပြန်စားသုံးသောတိရစ္ဆာန်များ၌ တစ်ကြိမ်တစ်ခါကနှင့်မျှမတူဘဲ ဗိုင်းရတ်ကူးစက်ပျံ့နှံ့မှုမှာ ပိုများ၍လျင်မြန်လာပုံရှိ၏။

လူသားတို့၌ ဟော်မုန်းများကိုတုပသည့် ဓာတုပစ္စည်းများအားဖြင့် ထိခိုက်မှုအခံရဆုံးသောသူတို့မှာ ကလေးငယ်များဖြစ်သည်။ လွန်လေပြီးခဲ့သောနှစ်များက ဂျပန်နိုင်ငံတွင် PCB ကြောင့်ညစ်ညမ်းခဲ့သည့် ဖွဲနုဆီများစားသုံးမိသူအမျိုးသမီးများမှ မွေးဖွားသောကလေးငယ်များသည် “ကာယရေးနှင့် ဉာဏရေးဖွံ့ဖြိုးမှုနှောင့်နှေးခြင်း၊ လှုပ်ရှားမှုနည်းလွန်းခြင်းနှင့် များလွန်းခြင်း၊ လိင်တံအလွန်သေးငယ်သွားခြင်းတို့ပါဝင်သည့် အမူအကျင့်ဆိုင်ရာပြဿနာများအပြင် ပျမ်းမျှဉာဏ်ရည်နိမ့်မြင့်ပြအမှတ်ငါးမှတ် နိမ့်ဆင်းသွားခြင်းကို ခံစားကြရ၏” ဟူ၍ ရှာဖွေတွေ့ရှိချက်မဂ္ဂဇင်းက ဖော်ပြသည်။ နယ်သာလန်နှင့် မြောက်အမေရိကတိုက်တွင် ဘေးသင့်စေနိုင်သော PCBs မြင့်မားမှုနှုန်းထားနှင့်ပတ်သက်၍ ကလေးများ၌ ပြုလုပ်သောစမ်းသပ်ချက်များက သူတို့၏ကာယရေးနှင့် ဉာဏရေးဖွံ့ဖြိုးမှုအပေါ်အကျိုးယုတ်စေသော အလားတူထိခိုက်မှုမျိုးကို ဖော်ပြသည်။

ထို့အပြင် ဤဓာတုပစ္စည်းများသည် အမျိုးသမီးနှင့်အမျိုးသားတို့တွင် ရင်သား၊ ဝှေးစေ့ဆိုင်ရာနှင့် ပရိုစတိတ်ကင်ဆာကဲ့သို့သော “ဟော်မုန်းဆိုင်ရာအကဲဆတ်” ကင်ဆာများဖြစ်ပွားမှု တိုးမြှင့်စေနိုင်ကြောင်း ဒဗလျူအိပ်ခ်ျအိုကဖော်ပြသည်။ ထိုမျှမက နိုင်ငံများစွာတွင် အမျိုးသားများ၌ ပျမ်းမျှသုက်ကောင်အရေအတွက် အမြဲကျဆင်းမှုထင်ရှားနေခြင်းအပြင် သုက်ကောင်များ၏အရည်အသွေးကျဆင်းမှုမှာ ဓာတုပစ္စည်းများအသုံးပြုမှု တိုးများလာခြင်းနှင့် ဆက်နွှယ်လျက်ရှိပေသည်။ နိုင်ငံအချို့တွင် အနှစ် ၅၀ အတွင်း ပျမ်းမျှသုက်ကောင် အရေအတွက်မှာ ထက်ဝက်နီးပါးကျဆင်းခဲ့သည်!

ရှေ့ဆောင်းပါး၌ ဆရာဝန်တစ်ဦးက ကျွန်ုပ်တို့သည် “စမ်းသပ်မှုဆိုင်ရာလူမျိုးဆက်” ဖြစ်သည်ဟုပြောဆိုကြောင်း ကိုးကားထားခဲ့သည်။ သူဟုတ်မှန်ပုံရှိ၏။ မှန်ပေသည်၊ တီထွင်ဖန်တီးထားသော ဓာတုပစ္စည်းများစွာမှာ ကျွန်ုပ်တို့အား ကောင်းစွာအကျိုးပြုသော်လည်း အခြားပစ္စည်းများမှာမူ အကျိုးမပြုချေ။ သို့ဖြစ်၍ ကျွန်ုပ်တို့အား အန္တရာယ်ဖြစ်စေဖို့ အလားအလာရှိသော ဓာတုပစ္စည်းများကို မလိုအပ်ဘဲထိတွေ့ခြင်းကို ရှောင်ရှားခြင်းသည် ပညာရှိရာကျပေသည်။ အံ့အားသင့်စရာမှာ ဤပစ္စည်းများထဲမှ များစွာကို ကျွန်ုပ်တို့၏နေအိမ်များ၌ တွေ့ရှိနိုင်ခြင်းပင်ဖြစ်သည်။ ဘေးအန္တရာယ်ဖြစ်စေဖို့ အလားအလာရှိသော ဓာတုပစ္စည်းများမှ ကျွန်ုပ်တို့ကိုယ်ကိုကာကွယ်ရန် အဘယ်အရာပြုလုပ်နိုင်ကြောင်းကို နောက်ဆောင်းပါး၌ ဆွေးနွေးတင်ပြပါမည်။

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 19 PCBs (ပေါ်လီကလိုရာနိုတ်တက် ဘိုင်ဖီနိုင်) ကို ၁၉၃၀ ပြည့်လွန်နှစ်များကတည်းက အများအပြားသုံးစွဲကြပြီး စက်ဆီများ၊ ပလတ်စတစ်များ၊ လျှပ်ကာပစ္စည်းများ၊ ပိုးသတ်ဆေးများ၊ အိုးခွက်ပန်းကန်ဆေးဆပ်ပြာရည်နှင့် အခြားထွက်ကုန်များတွင်အသုံးပြုနေသည့် အမျိုးပေါင်း ၂၀၀ ကျော်ထက်မကသော ဆီပါသည့်ဒြပ်ပေါင်းများနှင့်ဆက်နွှယ်လျက်ရှိ၏။ PCB ထုတ်ကုန်များကို နိုင်ငံများစွာတွင် ယခု ပိတ်ပင်ထားသော်လည်း တန်တစ်သန်းနှင့် တန်နှစ်သန်းကြားတွင် ထုတ်လုပ်ခဲ့ပြီးဖြစ်သည်။ ဝန်းကျင်ထဲသို့ အဆိပ်အတောက်သက်ရောက်မှုများသည် စွန့်ပစ်ထားသော PCBs မှဝင်ရောက်ခဲ့သည်။

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

ဤဝေလငါးများမှာ မည်မျှအဆိပ်သင့်နေသနည်းဟူမူ သူတို့သေဆုံးသွားသောအခါ အန္တရာယ်ရှိအမှိုက်သရိုက်အဖြစ် ယူမှတ်ကြသည်

waste when they die

[Credit Line]

©George Holton, The National Audubon Society Collection/PR