မိဘမရှိဘဲ ငါဘယ်လို ရပ်တည်နိုင်မလဲ
လူငယ်များ အမေး . . .
မိဘမရှိဘဲ ငါဘယ်လို ရပ်တည်နိုင်မလဲ
“ကျွန်တော့်အသက်သုံးနှစ်၊ အစ်မအသက်လေးနှစ်အရွယ်မှာ မိဘတွေကွာရှင်းလိုက်ကြတယ်။ ကျွန်တော်တို့ကိုထိန်းသိမ်းစောင့်ရှောက်ဖို့ တရားရုံးမှာသူတို့အမှုဆိုင်ခဲ့ကြပြီး နောက်ဆုံးတော့ အမေနဲ့အတူနေခဲ့ရတယ်။ ဒါပေမဲ့ ကျွန်တော့်အသက်ခုနစ်နှစ်မှာ အဖေနဲ့သွားနေဖို့ အစ်မနဲ့ကျွန်တော်ဆုံးဖြတ်ခဲ့ကြတယ်။”—အော်ရာစီယို။
နှစ်အနည်းငယ်ကြာပြီးနောက် အော်ရာစီယို၏ဖခင်နှင့် အတူနေထိုင်သောရည်းစားတို့သည် အော်ရာစီယိုနှင့်သူ့အစ်မတို့ကိုပစ်ခါ ထွက်သွားကြသည်။ အော်ရာစီယိုဤသို့ပြန်ပြောပြသည်– “ဒီလိုနဲ့ကျွန်တော့်အသက် ၁၈ နှစ်မှာ ကျွန်တော်ဟာ ၁၉ နှစ်အရွယ်အစ်မရယ် ကျွန်တော်တို့နဲ့အတူနေဖို့ဆုံးဖြတ်ထားတဲ့ ၁၂ နှစ်အရွယ် အဖေတူအမေကွဲညီမရယ် ကျွန်တော်ရယ်ပါတဲ့အိမ်ထောင်စုတစ်ခုရဲ့ ဦးစီးဖြစ်လာတယ်။”
ကမ္ဘာတစ်ဝန်းတွင် သန်းပေါင်းများစွာသောလူငယ်တို့သည် မိဘမရှိဘဲဖြစ်နေကြသည်။ * အော်ရာစီယိုကဲ့သို့ လူငယ်အချို့သည် စွန့်ပစ်ခြင်းခံရကြသည်။ အခြားသူတို့မှာမူ မိဘများသေဆုံးသွားကြသည် သို့မဟုတ် စစ်ဘေးဒဏ်များ သို့မဟုတ် သဘာဝဘေးဒဏ်များကြောင့် မိဘများနှင့်ကွဲကွာသွားကြရသည်။ မည်သို့ပင်ဖြစ်ပါစေ မိဘမဲ့ဘဝသည် ခက်ခဲ၍ပူဆွေးသောကရောက်နိုင်သည်။ ထို့ပြင် သင်၌တာဝန်များပိနေနိုင်သည်။
‘ငါ့ကိုဘယ်သူကြည့်ရှုစောင့်ရှောက်ပေးမလဲ’
သင်မည်သို့ကောင်းစွာဖြေရှင်းနိုင်မည်မှာ သင့်အသက်အရွယ်နှင့် အခြေအနေပေါ်များစွာမူတည်သည်။ ရှင်းနေသည်မှာ သင်သည် ကလေးဘဝ သို့မဟုတ် ဆယ်ကျော်သက်ဝင်စသာရှိနေသေးသည်ဆိုလျှင် အခြေအနေပို၍ခက်ခဲမည်။ သို့ဖြစ်သည့်တိုင် သင်သည် လုံးလုံးလျားလျားစွန့်ပစ်ခံရခြင်းဖြစ်ချင်မှဖြစ်ပေမည်။ ဦးလေး၊ ဒေါ်လေး သို့မဟုတ် အစ်ကို၊ အစ်မတစ်ဦးဦးက သူတို့နှင့်လာနေစေလိုပေမည်။
ယေဟောဝါသက်သေများသည် မိဘမဲ့များနှင့်မုဆိုးမများအား ကြည့်ရှုစောင့်ရှောက်ခြင်းကို မိမိတို့၏ဝတ်ပြုမှုတစ်စိတ်တစ်ဒေသအဖြစ် ရှုမြင်ကြ၏။ (ယာကုပ် ၁:၂၇; ၂:၁၅-၁၇) ထို့ပြင် အသင်းတော်သားများက ကူညီပေးလေ့ရှိကြမည်။ သာဓကအနေနှင့် အော်ရာစီယိုနှင့်သူ့အစ်မ၊ ညီမတို့သည် ယေဟောဝါသက်သေများနှင့် ကျမ်းစာလေ့လာခဲ့ကြပြီး စည်းဝေးများတက်ရောက်ခဲ့ကြသည်။ ထိုတွင် သူတို့ကိုစ၍ကူညီပေးလာသည့် ခရစ်ယာန်မိသားစုတစ်ခုနှင့် တွေ့ဆုံခဲ့ရသည်။ အော်ရာစီယိုဤသို့ပြောပြသည်– “တစ်နေ့ပြီးတစ်နေ့ ကိုယ်တော်ရဲ့လမ်းညွှန်မှုနဲ့ မေတ္တာပါတဲ့စောင့်ရှောက်မှုအတွက် ယေဟောဝါကိုကျွန်တော်ကျေးဇူးတင်လိုက်တာ! ကောင်းချီးအနေနဲ့ ဝိညာဉ်ရေးသိပ်ကောင်းပြီး ကျွန်တော်တို့အရွယ်လူငယ်လေးတွေရှိတဲ့ အသင်းတော်ထဲကမိသားစုတစ်ခုရဲ့ ကူညီပေးမှုကိုရခဲ့ကြတယ်။ ကျွန်တော်တို့ကို သူတို့မွေးစားလိုက်သလိုပါပဲ၊ ဒါကြောင့် ကျွန်တော်တို့ဟာ စိတ်ချမျှော်လင့်နိုင်တဲ့မိသားစုဝင်ဖြစ်တယ်လို့ တစ်ခါနဲ့မှမတူအောင်ခံစားရကြတယ်။”
သို့ရာတွင် လူငယ်အားလုံးထိုသို့ အခြေအနေကောင်းကြသည်မဟုတ်ပေ။ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့က ဤသို့ဆိုသည်– “တစ်ခါတစ်ရံ အဖော်မရှိသောကလေးငယ်များသည် သူ
တို့ကိုအနိုင်ကျင့်သော၊ အခမပေးဘဲအတင်းအကျပ်ခိုင်းစေသော သို့မဟုတ် တိုးတက်ဖို့အခွင့်အလမ်းမပေးသော၊ ပြည့်တန်ဆာလုပ်ခိုင်းသော သို့မဟုတ် ကျွန်ပင်ပြုသောမိသားစုများထံသို့ ရောက်သွားကြသည်။” ထို့ကြောင့် သင့်အား,တော်သင့်ရုံ ကောင်းစွာကြည့်ရှုစောင့်ရှောက်သူတစ်ဦးရှိမည်ဆိုလျှင် ကျေးဇူးတင်ပါ။အမှန်ဆိုလျှင် မိဘမရှိခြင်းသည် ကြီးမားသည့်ဆုံးရှုံးမှုဖြစ်သည်။ ထို့ပြင် သင့်ကိုကြည့်ရှုပြုစုဖို့ သူတို့ရှိမနေကြသည့်အတွက် စိတ်မကျေမချမ်းဖြစ်မိခြင်းမှာ ဓမ္မတာပင်။ ဆွေမျိုးတစ်ဦး သို့မဟုတ် မွေးချင်းအကြီးတစ်ဦးက အဘယ်အရာလုပ်ဖို့ပြောသည့်အခါ သင်ဒေါသထွက်နိုင်သည်။ သို့သော် သင့်ကိုကြည့်ရှုစောင့်ရှောက်ဖို့ကြိုးစားနေသူတို့ကို ဒေါသမဖြစ်ပါနှင့်။ သမ္မာကျမ်းစာကဤသို့ဆိုသည်– “သင့်အမျက်သည် ကဲ့ရဲ့သရော်ရာ [“ရန်ငြိုးထားသည့်လုပ်ရပ်များ၊” ကဘ] သို့မသွေးဆောင်စေမည်အကြောင်း သတိပြုလော့။ . . . သတိပြုပါ။ ဒုစရိုက်ကိုမငဲ့ကွက်နှင့်။” (ယောဘ ၃၆:၁၈၊ ၂၁၊ သမ္မာ) သမ္မာကျမ်းစာမှ ဧသတာအမည်ရှိ အမျိုးသမီးငယ်ကိုပြန်သတိရပါ။ မိဘမဲ့တစ်ဦးဖြစ်သည့်သူ့ကို သူ၏ဝမ်းကွဲအစ်ကိုမော်ဒကဲက စောင့်ရှောက်ထားခဲ့သည်။ မော်ဒကဲသည် သူ့မိဘအရင်းမဟုတ်သော်လည်း လူကြီးဖြစ်လာချိန်၌ပင် ဧသတာနာခံခဲ့သည့် ‘သတိပေးချက်များ’ ကိုသူချမှတ်ခဲ့သည်! (ဧသတာ ၂:၇၊ ၁၅၊ ၂၀) နာခံမှုပြ၍ ပူးပေါင်းဆောင်ရွက်ဖို့ကြိုးစားပါ။ ယင်းက စိတ်တင်းမာမှုများကိုပြေပျောက်စေပြီး သက်ဆိုင်သူအားလုံးအတွက် ဘဝကိုပို၍လွယ်ကူစေပါလိမ့်မည်။
မိသားစုတာဝန်
အသင်၌ မွေးချင်းအကြီးရှိမည်ဆိုလျှင် သို့မဟုတ် သင်သည် အတော်အတန်အရွယ်ရောက်ပြီဆိုလျှင် သင်နှင့်သင့်မွေးချင်းများသည် ကိုယ်ခြေပေါ်ကိုယ်ရပ်တည်နိုင်ပေမည်။ ယင်းက ကြီးမားများပြားသောတာဝန်ဖြစ်ပုံပေါ်သည့်—အိမ်ထောင်ဦးစီးတာဝန်ကိုပင် သင်ယူရပေမည်။ သို့ရာတွင် ထိုသို့သောအခြေအနေများ၌ရှိသော လူငယ်များစွာသည် မိမိတို့၏မွေးချင်းများကိုကြည့်ရှုစောင့်ရှောက်သည့် ချီးမွမ်းဖွယ်လုပ်ရပ်ကိုပြုခဲ့ကြသည်။
စိတ်နာကြည်းစရာအချို့ကို ရင်ဆိုင်ဖြေရှင်းရကောင်း ဖြေရှင်းရမည်ကိုနားလည်နိုင်ပါသည်။ သင့်ညီအစ်ကိုမောင်နှမများကို ချစ်၍သူတို့ကိုကြည့်ရှုစောင့်ရှောက်ခြင်းတို့ကို လေးလေးနက်နက်စဉ်းစားခြင်းက သာ၍အပြုသဘောထားရှိစေပေမည်။ သူတို့အားကြည့်ရှုစောင့်ရှောက်ရခြင်းကို ဘုရားသခင်ပေးသည့်တာဝန်အဖြစ်ရှုမြင်လျှင်လည်း အထောက်အကူဖြစ်ပေမည်။ ထို့ထက်ကား ခရစ်ယာန်များသည် မိမိလူတို့ကိုကြည့်ရှုပြုစုရန် မိန့်မှာခြင်းခံရကြသည်။ (၁ တိမောသေ ၅:၈) သို့သော် သင့်မွေးချင်းများ၏ဖခင် သို့မဟုတ် မိခင်အလား သင်ကြိုးစားလုပ်ဆောင်ပေးလျှင်ပင် ဘယ်သောအခါမျှ သူတို့၏တကယ့်မိဘဖြစ်မလာနိုင်ပါ။
မွေးချင်းများက သင့်မိဘကိုတုံ့ ပြန်သည့်နည်းအတိုင်း သင့်ကိုတုံ့ ပြန်ဖို့ မျှော်လင့်ခြင်းသည် လက်တွေ့မကျပါ။ အမှန်ဆိုလျှင် နေသားတကျဖြစ်လာပြီး သင့်ကိုအသိအမှတ်ပြုဖို့ အချိန်အတော်အသင့်လိုပေမည်။ ထို့ကြောင့် ထိုအတောအတွင်း စိတ်ပျက်မသွားဖို့ကြိုးစားပါ။ “ခပ်သိမ်းသောစိတ်တိုခြင်း၊ စိတ်ဆိုးခြင်း၊ အမျက်ထွက်ခြင်း၊ အော်ဟစ်ငေါက်ငေါ်ခြင်း၊ သူ့အသရေပျက်အောင်ပြောဆိုခြင်းတို့ကို” ရှောင်ပါ။ “အချင်းချင်း ကျေးဇူးပြုခြင်း၊ သနားစုံမက်ခြင်း၊ . . . အချင်းချင်းအပြစ်လွှတ်ခြင်း” ရှိရန် သင့်မွေးချင်းများကို ပုံသက်သေအားဖြင့်သင်ပေးပါ။—ဧဖက် ၄:၃၁၊ ၃၂။
အော်ရာစီယိုက သူအမှားများပြုခဲ့ကြောင်း ဤသို့ဝန်ခံခဲ့သည်– “တစ်ခါတလေ ကျွန်တော့်သားချင်းတွေအပေါ် ကျွန်တော်သိပ်တင်းကျပ်ခဲ့တယ်။ ဒါပေမဲ့ အဲဒါကအတိုင်းအတာတစ်ခုအထိ အကာအကွယ်ဖြစ်ခဲ့ပြီး ယေဟောဝါရှေ့တော်မှာ မှန်တဲ့အကျင့်ကိုဆက်ကျင့်နိုင်ခဲ့တယ်။”
သင့်ကိုယ်ကိုထောက်ပံ့ခြင်း
သင့်မိဘများက သင့်ကိုမစောင့်ရှောက်နိုင်လျှင် ရုပ်ပစ္စည်းအရ သင့်ကိုသင်ထောက်ပံ့ရခြင်းသည် အဓိကပူပန်စရာဖြစ်မည်မှာသေချာသည်။ ခရစ်ယာန်အသင်းတော်၌ရှိသော လူကြီးအချို့က သင်နှင့်သင့်မွေးချင်းများအား ချက်ပြုတ်တတ်ရန်၊ သန့်ရှင်းရေးပြုတတ်ရန်နှင့် ယခုသင်ပြုလုပ်ရမည့် အခြားအိမ်မှုကိစ္စများပြုလုပ်တတ်ရန် ကူညီပေးနိုင်ကြပေမည်။ သို့သော် ငွေရဖို့သင်ဘာလုပ်မည်နည်း။ အလုပ်ရှာဖို့ကြိုးစားရန်မှတစ်ပါး ရွေးစရာမရှိဘဲဖြစ်နိုင်သည်။
သို့သော် ပညာရေး၊ အတွေ့အကြုံ သို့မဟုတ် အလုပ်အကိုင်ကျွမ်းကျင်မှုနည်းသည့် လူငယ်များအတွက် အလုပ်အကိုင်ရှားပါး၏။ ထို့ကြောင့် အခြေခံပညာရေးပြီးဆုံးသည့်အထိ—သို့မဟုတ် ထပ်ဆင့်သင်တန်းတစ်ခုခု—တက်နိုင်မည်ဆိုလျှင် ဆက်တက်သင့်သည်။ အော်ရာစီယိုက– “ကျွန်တော်နဲ့ အဖေတူအမေကွဲညီမရဲ့ကျောင်းစရိတ်ရဖို့ အစ်မနဲ့ကျွန်တော်အလုပ်လုပ်ခဲ့ကြတယ်” ဟုပြန်ပြောပြသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများ၌ သင်နေထိုင်မည်ဆိုလျှင် အလုပ်ရှာရဖို့ သင့်ကျွမ်းကျင်လိမ္မာမှုကိုအသုံးပြုရပေမည်။—၁၉၉၄၊ အောက်တိုဘာ ၂၂ ထုတ်နိုးလော့! [လိပ်] မှ “ဖွံ့ ဖြိုးဆဲနိုင်ငံများတွင် အလုပ်အကိုင်များဖန်တီးခြင်း” ဆောင်းပါးကိုရှု။
စီးပွားရေးပို၍ဖွံ့ ဖြိုးသည့်နိုင်ငံများတွင် အစိုးရထံမှငွေကြေးအထောက်အပံ့ရနိုင်ပေမည်။ တစ်ခါတစ်ရံ မိဘမဲ့များ သို့မဟုတ် စွန့်ပစ်ခံရသောကလေးငယ်များအားကူညီရန် အလေးထားလုပ်ဆောင်ပေးကြသော အစိုးရဆိုင်ရာ သို့မဟုတ် ပုဂ္ဂလိကဆိုင်ရာအေဂျင်စီများရှိကြသည်။ ဥပမာ အချို့သောအေဂျင်စီများသည် အစားအသောက်ရရှိဖို့ သို့မဟုတ် နေထိုင်စရာရရှိဖို့ထောက်ကူပေးပေမည်။ သင်ရရှိသောမည်သည့်ငွေကြေးအထောက်အကူကိုမဆို ပညာရှိစွာအသုံးပြုသင့်သည်မှာအမှန်။ သမ္မာကျမ်းစာက “ငွေသည် . . . ကွယ်ကာတတ်၏” ဟုဆိုသည်။ (ဒေ. ၇:၁၂) သင်သည် ဝင်ငွေထွက်ငွေကို ဂရုမစိုက်ပါက ငွေသည် ‘အတောင်တို့ကိုလုပ်၍ ပျံသွားတတ်၏။’—သု. ၂၃:၄၊ ၅။
လူကြီးတစ်ဦးကသင့်ကိုကြည့်ရှုစောင့်ရှောက်သည်ဆိုလျှင် မိမိကိုယ်ကိုထောက်ပံ့စရာသိပ်လိုတော့မည်မဟုတ်ချေ။ သို့သော် အနာဂတ်တွင် သင့်ကိုယ်သင်ထောက်ပံ့ရမည့်အချိန် ရောက်ရှိလာပါလိမ့်မည်။ ပညာသင်ကြားရာတွင် သင့်ကိုအားပေးမည့်မိဘများမရှိတော့သည့်အတွက် လေ့လာသင်ကြားမှုတွင် အာရုံစူးစိုက်ဖို့ အမှန်ကြိုးစားရပေမည်။ ဝိညာဉ်ရေးတိုးတက်မှုနှင့်စပ်လျဉ်း၍ တိမောသေအားပေးခဲ့သည့် ခရစ်ယာန်တမန်တော်ပေါလု၏ ဤအကြံပေးချက်သည် သင်၏ကျောင်းပညာသင်ကြားခြင်းနှင့်လည်း သက်ဆိုင်ပေမည်– “သင်၏တိုးပွားခြင်းကို လူအပေါင်းတို့အားထင်ရှားစေခြင်းငှာ၊ ဤအရာများကိုစိတ်စွဲလမ်း၍ကြိုးစားအားထုတ်လော့။” (၁ တိမောသေ ၄:၁၅) သို့ပြုခြင်းဖြင့် သင့်ပတ်လည်ရှိသူတို့ကို ပုံသက်သေကောင်းပြရာရောက်သကဲ့သို့ သင်ကိုယ်တိုင်လည်း အကျိုးရရှိပါလိမ့်မည်။
အရေးအကြီးဆုံးမှာ ဝိညာဉ်ရေးဘက် ကိုယ့်ကိုယ်ကို ထောက်ပံ့ရန်လိုအပ်ချက်ဖြစ်သည်။ မျှတသောဝိညာဉ်ရေးလုပ်ဆောင်မှု လုပ်ရိုးလုပ်စဉ်တစ်ခုဖြစ်စေရန်ကြိုးစားပါ။ (ဖိလိပ္ပိ ၃:၁၆) ဥပမာ၊ ယေဟောဝါသက်သေများအလယ်တွင် မိသားစုလိုက် နေ့စဉ်ကျမ်းချက်ဆွေးနွေးသည့်အလေ့အထရှိသည်။ ဤအလေ့အထကို အဘယ်ကြောင့် သင်၏လုပ်ရိုးလုပ်စဉ်မဖြစ်စေသနည်း။ ကျမ်းစာလေ့လာခြင်းနှင့် ခရစ်ယာန်အစည်းအဝေးများကို မှန်မှန်တက်ရောက်ခြင်းက ဝိညာဉ်ရေး၌သန်မာနေရန်လည်း ထောက်ကူပေးပါလိမ့်မည်။—ဟေဗြဲ ၁၀:၂၄၊ ၂၅။
စိန်ခေါ်ချက်ကိုရင်ဆိုင်ခြင်း
မိဘမရှိဘဲအသက်ရှင်ရခြင်းသည် ခက်ခဲသော်လည်း မှိုင်တွေစိတ်ပျက်နေဖို့မဟုတ်ပါ။ အသက်နှစ်ဆယ်အရွယ်ရှိပါအိုလာသည် ခြောက်နှစ်သမီးသာရှိသေးစဉ် သူ့မိခင်သေဆုံးသွားခဲ့သည်။ ဆယ်နှစ်အရွယ်၌ ဖခင်သေဆုံးသွားပြန်သည်။ ကြင်နာတတ်သောအမျိုးသမီးတစ်ဦးက သူတို့ညီအစ်မလေးယောက်ကို စောင့်ရှောက်ခဲ့သည်။ သူ့ဘဝ လုံးဝဆိုးရွားသွားပြီလော။ မဆိုးရွားသွားပါ။ ပါအိုလာဤသို့ပြောပြသည်– “ကျွန်မတို့မိသားစုဟာ တကယ်စံထားလောက်တဲ့မိသားစု ဖြစ်ချင်မှဖြစ်မယ်၊ ဒါပေမဲ့ အတော်သာယာတဲ့မိသားစုဖြစ်တယ်။ တကယ်ဆိုရင် ကျွန်မတို့ ကြားမှာရှိတဲ့မေတ္တာက မိသားစုအများစုမှာရှိတာထက်ပိုခိုင်မြဲပါတယ်။”
ပါအိုလာ၏အစ်မဖြစ်သူအိုင်ရင်းက “မိဘတွေမရှိပေမဲ့ ကျွန်မတို့ဟာ တခြားလူငယ်တွေလိုပါပဲ” ဟုထပ်ပြောပြသည်။ ထပ်တူအခြေအနေသို့ ရောက်နေသူတို့အတွက် သူ့အကြံပေးချက်ကား– “တစ်ပန်းရှုံးနေတယ်လို့ မယူဆပါနဲ့။” အော်ရပ်စ်ရိုကလည်း အလားတူဆိုသည်– “ဒီအခြေအနေက ကျွန်တော့်ကိုမြန်မြန်ရင့်ကျက်လာစေတယ်။”
မိဘများကိုဆုံးရှုံးရခြင်းသည် စိတ်ကူး၍ရသမျှတွင် အနာကျင်ဆုံးဖြစ်ရပ်ဖြစ်သည်။ သို့သော် ယေဟောဝါ၏ထောက်မမှုဖြင့် သင်ရပ်တည်နိုင်ပြီး ကိုယ်တော်၏ကောင်းချီးများခံစားရနိုင်သည်ကို စိတ်ချပါလေ။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 5 ၁၉၉၈၊ နိုဝင်ဘာ ၂၂ ထုတ်နိုးလော့! [လိပ်] မှ “လူငယ်များအမေး . . . မိဘများမရှိဘဲ အဘယ်ကြောင့်အသက်ရှင်ရသနည်း” ဟူသောဆောင်းပါးကိုရှု။
[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]
ခရစ်ယာန်အကြီးအကဲများထံမှ အကူအညီရယူနိုင်သည်