မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လူ့လက်ဖြစ်ဓာတုပစ္စည်း ဒုနှင့်ဒေး

လူ့လက်ဖြစ်ဓာတုပစ္စည်း ဒုနှင့်ဒေး

လူ့လက်ဖြစ်ဓာတုပစ္စည်း ဒုနှင့်ဒေး

ဤရာစုနှစ်ကို ဓာတုဗေဒခေတ်ကာလဟု တကယ်ပင်ခေါ်ဆိုနိုင်၏။ လူ့လက်ဖြစ် ဓာတုဒြပ်ပေါင်းများသည် ကျွန်ုပ်တို့၏ဘဝကို ပြောင်းလဲစေခဲ့ပြီ။ ကျွန်ုပ်တို့၏ နေအိမ်၊ ရုံးခန်းနှင့် စက်ရုံတို့သည် မှုတ်ဆေးဘူးများ၊ ဆေးသကြားများ၊ အလှကုန်ပစ္စည်းများ၊ ဆိုးဆေးများ၊ မင်များ၊ သုတ်ဆေးများ၊ ပိုးသတ်ဆေးများ၊ ဆေးဝါးဖော်စပ်မှုများ၊ ပလတ်စတစ်များ၊ အအေးဓာတ်ပေးပစ္စည်းများ၊ ချည်မျှင်တု—⁠များပြားလွန်းလှစွာ—⁠တို့နှင့် ပြည့်နှက်လျက်ရှိသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (ဒဗလျူအိပ်ခ်ျအို) အရ ဤထုတ်ကုန်များအတွက် ကမ္ဘာ့လိုအင်ကို ဖြည့်စွက်ပေးဖို့ နှစ်စဉ်ကမ္ဘာတစ်ဝန်း ဓာတုပစ္စည်းများထုတ်လုပ်မှု ငွေပမာဏမှာ အမေရိကန်ဒေါ်လာ ၁.၅ ထရီလီယန်ရှိသည်။ ဒဗလျူအိပ်ခ်ျအိုက ဓာတုပစ္စည်းအမျိုးပေါင်း ၁၀၀,၀၀၀ ခန့်မှာ ယခုဈေးကွက်တွင်ရောက်ရှိနေပြီး နှစ်စဉ်အသစ်အဆန်းအမျိုးပေါင်း ၁,၀၀၀ မှ ၂,၀၀၀ ထပ်မံထွက်ပေါ်နေသည်ဟု ဖော်ပြထား၏။

သို့သော် ဤဓာတုပစ္စည်း ဒုနှင့်ဒေးက ဝန်းကျင်အပေါ် မည်သို့အကျိုးသက်ရောက်ကြောင်းအပြင် ကျွန်ုပ်တို့၏ကျန်းမာရေးကို မည်သို့ထိခိုက်ကြောင်းနှင့်ပတ်သက်သော မေးခွန်းများကိုပေါ်ပေါက်စေသည်။ ကျွန်ုပ်တို့သည် အကျွမ်းမဝင်သောရေပြင်ထဲသို့ ရွက်လွှင့်နေသည်မှာ ထင်ရှားသည်။ ဆရာဝန်တစ်ဦးက “ကျွန်ုပ်တို့အားလုံးသည် စမ်းသပ်မှုဆိုင်ရာလူမျိုးဆက်တွင် ပါဝင်နေပြီး လာမည့်ဆယ်စုနှစ်များစွာအထိ အကျိုးသက်ရောက်မှုအပြည့်အဝကို သိရဦးမည်မဟုတ်ချေ” ဟူ၍ဆိုသည်။

ဓာတုပစ္စည်း များလေလေ၊ ဘေးအန္တရာယ် များလေလေလော

ဓာတုညစ်ညမ်းမှုများအားဖြင့် ထိခိုက်ခံရလေ့ရှိသူအများစုမှာ “ဆင်းရဲ၍ လုံးဝ သို့မဟုတ် လျောက်ပတ်သောလေ့ကျင့်မှု အခွင့်အလမ်းမရရှိသည့် စာပေမတတ်မြောက်သူများ၊ နေ့စဉ် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ သူတို့အား ဘေးသင့်စေသည့်ဓာတုပစ္စည်းများမှ အန္တရာယ်များသောကိစ္စနှင့်ပတ်သက်၍ အခြေခံအချက်ကို မသိရှိ” သူတို့ဖြစ်သည်ဟု ဒဗလျူအိပ်ခ်ျအိုကဖော်ပြသည်။ ယင်းသည် ပိုးသတ်ဆေးများနှင့်ပတ်သက်လျှင် အထူးမှန်ကန်သည်။ သို့သော် ကျွန်ုပ်တို့အားလုံးမှာ ဓာတုပစ္စည်းများဖြင့် ထိခိုက်နေသည်။

ကမ္ဘာကြီး၏အစိမ်းရောင်သမိုင်းစာအုပ်က ကယ်လီဖိုးနီးယားရှိ ရေတွင်းပေါင်း ၂၀ ရာခိုင်နှုန်းခန့်တွင် ပိုးသတ်ဆေးအပါအဝင် ညစ်ညမ်းမှုအဆင့်များမှာ တရားဝင်စိတ်ချရသည့် သတ်မှတ်ချက်များကို ကျော်လွန်နေသည်ဟုဆိုသည်။ “ဖလော်ရီဒါတွင် ညစ်ညမ်းမှုကြောင့် ရေတွင်း ၁,၀၀၀ ကိုပိတ်ပင်ထားလိုက်ရသည်; ဟန်ဂေရီရှိ ကျေးရွာနှင့်မြို့ပေါင်း ၇၇၃ တွင် ရေမှာ သောက်ရန်မသင့်လျော်ချေ၊ ဗြိတိန်တွင် ရေအောင်းလွှာ၏ဆယ်ရာခိုင်နှုန်းမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ စိတ်ချရသည်ဟု သတ်မှတ်ထားချက်များထက်ညစ်ညမ်းနေပြီး ဗြိတိန်နှင့် အမေရိကန်ပြည်ထောင်စုနှစ်ခုစလုံးရှိ ဒေသများတွင် နိုက်ထရိတ်ပါဝင်နှုန်းမြင့်မားမှုကြောင့် မွေးကင်းစကလေးငယ်များအတွက် ဘုံပိုင်ခေါင်းမှရေကို အသုံးမပြုနိုင်ချေ” ဟုထိုစာအုပ်ကဆက်ဖော်ပြ၏။

မာကျူရီမှာအသုံးဝင်သော်လည်း နောက်ထပ်အဆိပ်အတောက်ဖြစ်စေနိုင်သည့် ဓာတုပစ္စည်းတစ်မျိုးဖြစ်သည်။ ယင်းသည် စက်ရုံမီးခိုးခေါင်းတိုင်များမှအစ ဘီလီယံနှင့်ချီသောမီးချောင်းများမှတစ်ဆင့် ဝန်းကျင်ထဲသို့ ပျံ့နှံ့သွား၏။ အလားတူပင် ခဲကိုလည်း လောင်စာမှအစ သုတ်ဆေးများအဆုံး ထုတ်ကုန်ပစ္စည်းများစွာတွင် တွေ့ရှိနိုင်သည်။ သို့သော် မာကျူရီကဲ့သို့ပင် ယင်းသည် အဆိပ်ဖြစ်စေနိုင်ပြီး အထူးသဖြင့် ကလေးများတွင်ဖြစ်သည်။ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှ မှတ်တမ်းတစ်ခုက ခဲဓာတ်ပါသောထုတ်လွှတ်မှုများကို အကာအကွယ်မဲ့ထားခြင်းက ကလေးတို့တွင် ပျမ်းမျှ “ဉာဏ်ရည်နိမ့်မြင့်ပြအမှတ် လေးမှတ်အထိကျဆင်းသွားစေ၏” ဟုဆိုသည်။

ကုလသမဂ္ဂဝန်းကျင်အစီအစဉ်၏အဆိုအရ လူတို့၏လုပ်ရပ်များကြောင့် နှစ်စဉ် မာကျူရီတန် ၁၀၀၊ ခဲတန် ၃,၈၀၀၊ ဖော့စဖိတ်တန် ၃,၆၀၀ နှင့် ချေးချွတ်ဆေးရည်တန် ၆၀,၀၀၀ တို့မှာ မြေထဲပင်လယ်သို့ ဝင်ရောက်သွားကြောင်းဖော်ပြသည်။ အဆိုပါပင်လယ်၌ အကျပ်ရိုက်နေမည်ကို နားလည်နိုင်ပါ၏။ သို့သော် မြေထဲပင်လယ်တစ်ခုတည်းမဟုတ်ချေ။ အမှန်မှာ၊ ကုလသမဂ္ဂက ၁၉၉၈ ခုနှစ်ကို အဏ္ဏဝါ၏အပြည်ပြည်ဆိုင်ရာနှစ်အဖြစ် ကြေညာခဲ့သည်။ ကမ္ဘာတစ်ဝန်း အဏ္ဏဝါရေပြင်အားလုံးမှာ အထူးသဖြင့် ညစ်ညမ်းမှုကြောင့် အခက်ကြုံနေသည်။

ဓာတုနည်းပညာမှ ကျွန်ုပ်တို့အား အကူအညီဖြစ်စေသည့် ကုန်ထုတ်ပစ္စည်းများစွာကို ရရှိသော်လည်း ကျွန်ုပ်တို့သုံးပြီးစွန့်ပစ်လိုက်သည့် ယင်းပစ္စည်းများစွာက ဝန်းကျင်ကို အတော်ပင်ပျက်စီးသွားစေသည်။ မကြာသေးမီက သတင်းစာဆရာတစ်ဦးဆိုသကဲ့သို့ ကျွန်ုပ်တို့သည် “တိုးတက်ဖို့ရန် ဓားစာခံများ” အဖြစ် မိမိတို့ကိုယ်နှိုက်ကို ဖြစ်စေကြပြီလော။

[စာမျက်နှာ ၄ ပါ လေးထောင့်ကွက်]

ဓာတုပစ္စည်းများနှင့် ဓာတ်ပြုခြင်း

“ဓာတုပစ္စည်း” ဟူသောအသုံးအနှုန်းမှာ ကျွန်ုပ်တို့ပတ်လည်ရှိ ကမ္ဘာကိုဖွဲ့စည်းထားသော အခြေခံဒြပ်ဝတ္တုအားလုံးကို ရည်ညွှန်းပြီး သံ၊ ခဲ၊ မာကျူရီ၊ ကာဗွန်၊ အောက်စီဂျင်၊ နိုက်ထရိုဂျင်ကဲ့သို့သော အခြေခံကျသည့်ဒြပ်စင်ပေါင်း တစ်ရာကျော်ထက်မကပါဝင်လေသည်။ ဓာတုဒြပ်ပေါင်းများ သို့မဟုတ် ဒြပ်စင်အမျိုးမျိုးပေါင်းစပ်မှုများတွင် ရေ၊ အက်ဆစ်၊ ဆားများနှင့် အယ်လကိုဟော စသည်ကဲ့သို့သောအရာများပါဝင်သည်။ ဤဒြပ်ပေါင်းများစွာသည် သဘာဝအရ ဖြစ်ပေါ်သည်။

“ဓာတ်ပြုခြင်း” ဟူသည်ကို “ဒြပ်ဝတ္ထုတစ်ခုမှ အခြားတစ်ခုသို့ ဓာတ်ပြောင်းလဲသွားခြင်းဖြစ်စဉ်” ဟုအနက်ဖွင့်ထားသည်။ မီးလောင်ခြင်းသည် ဓာတ်ပြုခြင်းတစ်မျိုးဖြစ်သည်; ယင်းက မီးလောင်လွယ်သောဒြပ်ဝတ္ထုတစ်ခု—⁠စက္ကူ၊ ဓာတ်ဆီ၊ ဟိုက်ဒရိုဂျင် စသည်တို့—⁠ကို လုံးဝခြားနာသောဒြပ်ဝတ္ထု သို့မဟုတ် ဒြပ်ဝတ္ထုများသို့ ပြောင်းလဲပစ်လေသည်။ ဓာတ်ပြုခြင်းများစွာမှာ ကျွန်ုပ်တို့၏အနီးအနားအပြင် ကျွန်ုပ်တို့၏ကိုယ်ထဲ၌ပါ အဆက်မပြတ်ဖြစ်ပေါ်နေ၏။

[စာမျက်နှာ ၃ ပါ ရုပ်ပုံ]

ဓာတုပစ္စည်းညစ်ညမ်းမှုများကို အများဆုံးဝေဒနာခံစားကြရသူတို့မှာ ဆင်းရဲသားများဖြစ်၏