မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင့်နေအိမ် မည်မျှတိုင် အဆိပ်သင့်နေပြီနည်း

သင့်နေအိမ် မည်မျှတိုင် အဆိပ်သင့်နေပြီနည်း

သင့်နေအိမ် မည်မျှတိုင် အဆိပ်သင့်နေပြီနည်း

မကြာသေးမီက အမေရိကန်သိပ္ပံမဂ္ဂဇင်းအရ အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါနိုင်ငံတွင် လူပေါင်း ၃,၀၀၀ ကျော်ကို လေ့လာခဲ့ရာ “နိုင်ငံသားအများစုမှာ အများအားဖြင့် ညစ်ညမ်းမှုရှိသည်ဟု ယူမှတ်လေ့မရှိသောနေရာများဖြစ်သည့် နေအိမ်များ၊ ရုံးခန်းများနှင့် ကားထဲတွင် . . . အဆိပ်သင့်နိုင်ခြေရှိ ညစ်ညမ်းစေသည့်အရာများနှင့် အများဆုံးထိတွေ့ကြရဖွယ်ရာရှိကြောင်း” သိရှိရသည်။ နေအိမ်များတွင် လေထုညစ်ညမ်းမှုကိုဖြစ်စေသော အဓိကပင်ရင်းများမှာ ဆေးကြောသန့်စင်ရေးဒြပ်ပေါင်းများ၊ ပိုးမွှားနှင်ဆေးများ၊ ဆောက်လုပ်ရေးပစ္စည်းများ၊ လောင်စာများ၊ အနံ့အသက်ပျောက်ဆေးများနှင့် ပိုးသတ်ဆေးရည်များအပြင် အခြောက်လျှော်အဝတ်များနှင့် ဓာတုပစ္စည်းဖြင့်ပြုလုပ်ထားသောပရိဘောဂတွင် အသုံးပြုသည့်ဓာတုပစ္စည်းကဲ့သို့သော သာမန်အသုံးအဆောင်ပစ္စည်းများမှ ထွက်လာသည့်အခိုးအငွေ့များပင်ဖြစ်၏။

အာကာသယာဉ်မှူးများ၌ “အာကာသတုပ်ကွေး” ဖြစ်ရခြင်းအကြောင်းရင်းကို နောက်ဆုံးမှရှာဖွေတွေ့ရှိရသည်မှာ အခိုးအငွေ့များ သို့မဟုတ် “ထွက်လာသောဓာတ်ငွေ့” ကြောင့်ဖြစ်ရသည်။ ကားသစ်အတွင်း သင်ထိုင်နေသောအခါ သို့မဟုတ် ဈေးရုံကြီးအတွင်း သန့်စင်ရေးကုန်ပစ္စည်းများကို ဘူးထဲတွင်အလုံပိတ်ထားလင့်ကစား ယင်းတို့ထားရှိသောစင်များအတွင်း လမ်းလျှောက်သွားသည့်အခါ၌ ထွက်လာသောဓာတ်ငွေ့ကို သင်သတိပြုမိပေမည်။ သို့ဖြစ်၍ ဥပမာ၊ ဆောင်းရာသီ၏အအေးကို အိမ်ထဲမဝင်ရလေအောင် အလုံပိတ်ထားရာ၌ အိမ်တွင်းရှိ ဓာတုပစ္စည်းအမျိုးမျိုးမှထွက်လာသောဓာတ်ငွေ့ကြောင့် အပြင်ဘက်လေထုညစ်ညမ်းမှုထက် အိမ်တွင်းလေထုညစ်ညမ်းမှုပမာဏမှာ သာ၍များနေနိုင်သည်။

ကလေးငယ်များ၊ အထူးသဖြင့် လမ်းလျှောက်တတ်စကလေးများသည် အိမ်တွင်းညစ်ညမ်းစေသည့်အရာများကို ခုခံကာကွယ်နိုင်စွမ်းအနည်းဆုံးဖြစ်ကြောင်း ကနေဒါမှ မယ်ဒီကယ်လ်ပို့စ်ထ်ကဆိုသည်။ သူတို့သည် လူကြီးတို့ထက် ကြမ်းပြင်နှင့်သာ၍နီးကပ်စွာနေကြသည်; အသက်ရှုရာ၌ လူကြီးများထက် သာ၍မြန်သည်; သူတို့၏အချိန် ၉၀ ရာခိုင်နှုန်းမှာ အိမ်ထဲတွင်ဖြစ်သည်; သူတို့၏ကိုယ်အင်္ဂါများမှာ နုနယ်နေသေးသဖြင့် သူတို့၏ခန္ဓာကိုယ်မှာ အဆိပ်အတောက်များကို သာ၍အလွယ်တကူလက်ခံနိုင်သည်။ လူကြီးတို့သည် မျိုချမိသော ခဲ၏ ၁၀ ရာခိုင်နှုန်းခန့်ကိုသာ စုပ်ယူသော်လည်း ကလေးများမှာမူ ၄၀ ရာခိုင်နှုန်းခန့်ကိုစုပ်ယူ၏။

မျှတသောသဘောထားကို ထိန်းထားခြင်း

ယခုလူမျိုးဆက်သည် ယခင်ကထက် ဓာတုပစ္စည်းများကို အများအပြားအသုံးပြုလာရာ ယင်းတို့၏အကျိုးဆက်များနှင့်ပတ်သက်၍ သိပ္ပံပညာရှင်များအနေဖြင့် လေ့လာစရာများစွာ ရှိဆဲဖြစ်သည်။ ဓာတုပစ္စည်းကို သုံးစွဲခြင်းဖြင့် ကင်ဆာရောဂါဖြစ်မည် သို့မဟုတ် သေမည်ကို ကြောက်နေဖို့ဖြစ်သည်ဟုမဆိုလိုပါ။ အမှန်မှာ၊ လူအများစုသည် ကောင်းစွာဖြေရှင်းနိုင်ပုံရှိသည့်အတွက် အံ့သြဖွယ်ကောင်းသောလူ့ခန္ဓာကိုယ်၏ ဖန်ဆင်းရှင်အား ဂုဏ်တင်ချီးမွမ်းဖို့ကောင်းပေသည်။ (ဆာလံ ၁၃၉:၁၄) သို့တိုင် ကျိုးကြောင်းညီညွတ်သော ကြိုတင်ကာကွယ်မှုများရှိမည်၊ အထူးသဖြင့် သင်သည် အဆိပ်အတောက်ဖြစ်နိုင်ခြေရှိသော ဓာတုပစ္စည်းများနှင့် ပုံမှန်ထိတွေ့နေရသည့်အခါ၌ဖြစ်သည်။

ဓာတုပစ္စည်း သတိပြု! စာအုပ်က “ဓာတုပစ္စည်းအချို့မှာ [ခန္ဓာ၏] ဖြစ်စဉ်များ၏ညီမျှမှုကို အနှောင့်အယှက်ပေးသည့်အနေအထားဖြင့် အဆိပ်အတောက်ဖြစ်စေရာ မသဲကွဲသောရောဂါလက္ခဏာများကိုဖြစ်ပေါ်စေပြီး ယင်းကို ကိုယ်လက်မအီမသာဖြစ်ခြင်းမျှသာဟု အသင့်တော်ဆုံးဖော်ပြနိုင်၏” ဟူ၍ဆိုထားသည်။ အန္တရာယ်ရှိသော ဓာတုပစ္စည်းများ၏ဒဏ်ခံရမှုနည်းစေရန် ဘဝပုံစံကိုအကြီးအကျယ်ပြောင်းပစ်စရာမလိုပါ၊ နေ့စဉ်လုပ်ရိုးလုပ်စဉ် အနည်းငယ်ပြောင်းလိုက်ရုံမျှနှင့် ပြုလုပ်နိုင်သည်။ စာမျက်နှာ ၈ တွင် ဖော်ပြထားသော အကြံပေးချက်များကို ကျေးဇူးပြု၍သတိပြုပါ။ ယင်းတို့ထဲမှ အချို့မှာ သင့်အတွက် အကူအညီဖြစ်စေပေမည်။

ဓာတုပစ္စည်းများနှင့်ပတ်သက်၍ အတော်အသင့်ကြိုတင်ကာကွယ်မှုပြုထားခြင်းအပြင် အထူးသဖြင့် ကျွန်ုပ်တို့ ဘာမျှမတတ်နိုင်သောအရာအပေါ် အစိုးရိမ်လွန်ကဲခြင်းကို ကျွန်ုပ်တို့ရှောင်ရှားခြင်းဖြင့် ကိုယ့်ကိုယ်ကို အကူအညီဖြစ်စေမည်။ “ကျန်းမာသောနှလုံးသည် ကိုယ်အသက်ရှင်စေသောအကြောင်း . . . ဖြစ်၏” ဟုသမ္မာကျမ်းစာရှိ နယပုံပြင် ၁၄:၃၀ ကဆိုသည်။

သို့သော် များစွာတို့မှာ ဓာတုအဆိပ်အတောက်များကြောင့် ဝေဒနာခံစားရပြီး ဖျားနာကြကာ၊ တစ်ခါတစ်ရံ ဖျားနာမှုမှာ နာတာရှည်ပင်ဖြစ်လေသည်။ * ယနေ့တွင် အခြားရင်းမြစ်များကြောင့် ဝေဒနာခံစားရသူ သန်းနှင့်ချီသူတို့ကဲ့သို့ပင် ဓာတုပစ္စည်းနှင့်ဆက်နွှယ်မှုကြောင့် ဝေဒနာခံစားရသောဖျားနာသူတို့သည် မကြာမီတွင် မြေကြီးသားအပေါင်းကို ဘေးအန္တရာယ်ဖြစ်စေခြင်းမှ လုံးဝလွတ်မြောက်စေမည့် အနာဂတ်ကမ္ဘာမြေကိုမျှော်လင့်ရန် ခြေမြစ်သောအကြောင်းရှိလေ၏။ အဆိပ်အတောက်ဖြစ်စေသော အတွေးအခေါ်များနှင့်အတူ ယင်းတို့ကို မွေးမြူထားသူတို့မှာ ဤအခန်းဆက်၏နောက်ဆုံးဆောင်းပါးတွင် ဖော်ပြထားမည့်အတိုင်း အတိတ်ကာလတွင်ကျန်ရစ်ပေလိမ့်မည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 9 မကြာမီနှစ်များတွင် များစွာသောလူတို့မှာ ဓာတ်ပစ္စည်းမျိုးစုံအကဲဆတ်ခြင်း ဟုခေါ်ဆိုသည့် အခြေအနေကို ခံစားနေကြရသည်။ မကြာမီထုတ်ဝေမည့် နိုးလော့! တွင် ဤအခြေအနေနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြပါလိမ့်မည်။

[စာမျက်နှာ ၈ ပါ လေးထောင့်ကွက်]

သာ၍ကျန်းမာရေးနှင့် ညီညွတ်ပြီး သာ၍ဘေးအန္တရာယ်ကင်းသောနေအိမ်ဖြစ်ရန်အလို့ငှာ

အဆိပ်အတောက်ဖြစ်နိုင်သည့်အန္တရာယ်ကိုနည်းစေဖို့ သင့်ဘဝပုံစံကို အနည်းငယ်ပြောင်းလဲပစ်ရုံဖြင့် လုံလောက်ပေသည်။ အောက်ပါတို့မှာ သင့်အတွက် အကူအညီဖြစ်ကောင်းဖြစ်စေမည့် အကြံပြုချက်အချို့ဖြစ်သည်။ (ထို့အပြင် သာ၍အတိအကျအသေးစိတ်သိလိုပါက သင့်ဒေသရှိစာကြည့်တိုက်တွင် ရှာဖွေဆန်းစစ်ဖို့ ကျွန်ုပ်တို့အကြံပြုလိုပါသည်။)

၁။ အငွေ့ထွက်တတ်သည့် ဓာတုပစ္စည်းအများစုကို သင့်အိမ်ရှိလေထုအား မညစ်ညမ်းစေမည့်နေရာ၌ သိမ်းဆည်းဖို့ ကြိုးစားပါ။ ဤဓာတုပစ္စည်းများတွင် ဖော်မယ်ဒီဟိုက်နှင့် သင်္ဘောဆေး၊ အရောင်တင်ဆီ၊ ကော်များ၊ ပိုးသတ်ဆေးများနှင့် ဆေးကြောသန့်စင်ရည်များကဲ့သို့ အငွေ့ ပြန်လွယ်သောဖျော်ရည်များပါဝင်သည့် ကုန်ပစ္စည်းများပါဝင်သည်။ အငွေ့ ပြန်လွယ်သောရေနံထွက်ပစ္စည်းများသည် အဆိပ်အတောက်ဖြစ်စေသည့် အခိုးအငွေ့ကို ထုတ်လွှတ်လေသည်။ ဤအုပ်စုတွင် ဗင်ဇင်းပါဝင်ပြီး ယင်းကို ကြာရှည်အသုံးပြုမည်ဆိုလျှင် ကင်ဆာ၊ မွေးရာပါချို့ယွင်းချက်နှင့် မျိုးပွားခြင်းဆိုင်ရာဘေးအန္တရာယ်ကို ဖြစ်စေသည်ဟုသိရှိရ၏။

၂။ ရေချိုးခန်းအပါအဝင် အခန်းအားလုံးကို လေဝင်လေထွက်ကောင်းပါစေ။ ရေထဲတွင်ရှိနေနိုင်သည့် ကလိုရင်းကဲ့သို့သော ဖြည့်စွက်ပစ္စည်းအချို့မှာ ရေချိုးသည့်အခါတွင် အငွေ့ပြန်၍ထွက်လာသည်။ ယင်းသည် ကလိုရင်းကိုများလာစေပြီး ကလိုရိုဖောင်းကိုပင်ဖြစ်စေနိုင်သည်။

၃။ အိမ်ထဲသို့မဝင်မီ ခြေသုတ်ပါ။ အမေရိကန်သိပ္ပံက ဤဆောင်ရွက်မှုရိုးရိုးလေးသည် ကော်ဇောပေါ်တွင် ခဲပမာဏခြောက်ဆကို လျော့နည်းသွားစေနိုင်သည်။ ယင်းက ပိုးသတ်ဆေးများကို လျော့ပါးစေမည်၊ ယင်းတို့ မှအချို့သည် အပြင်ဘက်နေရောင်အောက်တွင် လျင်မြန်စွာဓာတ်ပြယ်သွားသော်လည်း ကော်ဇောများပေါ်တွင်မူ နှစ်ပေါင်းများစွာကျန်ရှိနေနိုင်သည်။ အခြားနည်းလမ်းတစ်ခုမှာ ကမ္ဘာ့အချို့ဒေသများရှိ ထုံးတမ်းစဉ်လာစံနှုန်းတစ်ခုဖြစ်သော သင့်ဖိနပ်ကိုချွတ်လိုက်ခြင်းပင်ဖြစ်သည်။ ဝေ့ဝိုက်လှည့်ပတ်၍ရသောဝက်မှင်ဘီးပါသည့် ကောင်းမွန်သောဖုန်စုပ်စက်တစ်ခုမှာ ကော်ဇောများပေါ်ရှိ ညစ်ညမ်းမှုကိုလည်းလျော့ပါးစေနိုင်သည်။

၄။ အခန်းတစ်ခန်းကို ပိုးသတ်ဆေးဖြန်းသည်ဆိုလျှင် ပိုးသတ်ဆေးဖြန်းပြီးနောက် နာရီအနည်းငယ်အကြာတွင် စိတ်ချရပြီဟု အမှတ်အသားတွင်ရေးထားလင့်ကစား ကစားစရာများကို ထိုအခန်းမှ အနည်းဆုံးနှစ်ပတ်ကြာ ရွှေ့ထားပေးပါ။ ကစားစရာများတွင် တွေ့ရသောပလတ်စတစ်အချို့နှင့် အရုပ်ထဲတွင်သွတ်ထားသောရေမြှုပ်တို့မှာ ရေမြှုပ်တစ်ခုကဲ့သို့ပင် ပိုးသတ်ဆေးအကြွင်းအကျန်ကို တိုက်ရိုက်စုပ်ယူကြောင်း မကြာသေးမီကမှ သိပ္ပံပညာရှင်များတွေ့မြင်ခဲ့ကြသည်။ ကလေးငယ်များသည် အရေပြားနှင့် ပါးစပ်မှတစ်ဆင့် အဆိပ်အတောက်များကို စုပ်ယူမည်။

၅။ ပိုးသတ်ဆေးများအသုံးပြုခြင်းကို အတတ်နိုင်ဆုံးလျှော့ချပါ။ သူ၏စာအုပ်ဆိတ်ငြိမ်ဂိမှာန်ဦးဖြစ်ကတည်းကတွင် ဖရန့်ခ် ဂရေဟမ်က ပိုးသတ်ဆေးများကို “နေအိမ်နှင့် ပန်းခြံ၌ သူ့နေရာနှင့်သူ အသုံးပြုရသော်လည်း အရောင်းမြှင့်တင်သူများက ခြံဝင်းနှင့်နေထိုင်သူ သာမန်အိမ်ပိုင်ရှင်အနေဖြင့် အာဖရိကန်ကျိုင်းကောင်တစ်ကောင်ကိုတားဆီးဖို့ရာ ဓာတုပစ္စည်းများကို လက်လှမ်းမီသည့်နေရာတွင် အလုံအလောက်အကြီးအကျယ်သိုလှောင်ထားရှိရမည်ဖြစ်ကြောင်း ယုံကြည်ရန်ပြုကြသည်” ဟုရေးသားခဲ့၏။

၆။ မျက်နှာပြင်အားလုံးတွင်ရှိသောခဲပါသောသုတ်ဆေးများကို ခွာပစ်၍ ခဲမပါသောသင်္ဘောဆေးများဖြင့် ပြန်သုတ်ပါ။ ခဲပါသောသုတ်ဆေးများနှင့် ညစ်ပေနေသောမြေမှုန့်တွင် ကလေးများကိုမကစားစေပါနှင့်။ ရေပိုက်ထဲတွင် ခဲပါဝင်နေသည်ဟုသံသယဖြစ်ပါက ရေပိုက်ခေါင်းမှရေအေးကို ရေအပူချိန်သိသိသာသာမပြောင်းလဲမချင်း ဖွင့်ချထားလိုက်ပြီး ရေပူပိုက်မှရေကို မသောက်သင့်ချေ။—⁠ကျွန်ုပ်တို့အစားအသောက်၌ ဝန်းကျင်ဆိုင်ရာအဆိပ်သင့်မှု။

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

လမ်းလျှောက်တတ်စကလေးများသည် အိမ်တွင်းညစ်ညမ်းစေသည့်အရာများကို ခုခံကာကွယ်နိုင်စွမ်းအနည်းဆုံးဖြစ်သည်