ခြင်္သေ့များ—အာဖရိက၏ ခန့်ညားသောလည်ဆံမွေးပါသည့် ကြောင်များ
ခြင်္သေ့များ—အာဖရိက၏ ခန့်ညားသောလည်ဆံမွေးပါသည့် ကြောင်များ
ကင်ညာနိုင်ငံမှ “နိုးလော့” စာရေးသူပေးပို့သည်
အာဖရိက ဆာရင်ဂက်တီလွင်ပြင်တွင် နေထွက်ချိန်ဖြစ်၏။ ကျွန်ုပ်တို့သည် အေးမြသောနံနက်လေညင်းထဲ လဲန်ရိုဗာကားပေါ်ထိုင်၍ သားငယ်များရှိသော ခြင်္သေ့မတစ်အုပ်ကို စောင့်ကြည့်နေကြသည်။ ၎င်းတို့၏ညိုဝါရောင်သားမွေးများသည် ချောမွတ်၍ရွှေရောင်သန်းနေရာ ရှည်လျားခြောက်သွေ့သောမြက်ခင်းနှင့် လှပစွာတစ်သားတည်းဖြစ်နေ၏။ ခြင်္သေ့ပေါက်လေးများသည် ပျော်ရွှင်ဆူညံနေကြပြီး ခွန်အားပြည့်ဝကြ၏။ သူတို့သည် ၎င်းတို့နောက်ပြောင်ဆော့ကစားခြင်းကို သိပ်သတိပြုဟန်မတူသည့် ခြင်္သေ့မများ၏ကြီးမားသောကိုယ်ခန္ဓာပတ်လည်တွင် ခုန်ပေါက်ပြေးလွှားဆော့ကစားနေကြသည်။
ခြင်္သေ့အုပ်သည် ရုတ်တရက်ငြိမ်သက်သွားကြ၏။ အားလုံးသည် အဝေးသို့စူးစိုက်ကြည့်လိုက်ကြ၏။ ကျွန်ုပ်တို့ရှိနေသည့်အမြင့်ပိုင်းမှ ၎င်းတို့စူးစိုက်ကြည့်သည့်လမ်းကြောင်းအတိုင်းကြည့်လိုက်ရာ သူတို့အာရုံစိုက်နေသည့်အရာကို တွေ့ရှိလိုက်ကြသည်။ အရုဏ်ဦးအလင်းရောင်တွင် ခြင်္သေ့ထီးကြီးတစ်ကောင်၏ခန့်ညားသောသဏ္ဌာန်ကို အထင်အရှားမြင်လိုက်ရသည်။ ကျွန်ုပ်တို့၏မျက်လုံးများသည် ကျွန်ုပ်တို့အားစူးစိုက်ကြည့်နေသည့် ၎င်း၏မျက်လုံးနှင့်ဆုံမိ၏။ နံနက်ခင်း၏အအေးဓာတ်ကြောင့်မဟုတ်ဘဲ ၎င်း၏စူးရှသောအကြည့်ကြောင့် ကျွန်ုပ်တို့၏ခန္ဓာကိုယ်များတုန်ကြသည်။ ကြောက်မက်ဖွယ်ကောင်းသော်လည်း ၎င်း၏အသွင်မှာတင့်တယ်၏။ အနက်ရောင်အစင်းများပါသော ရွှေရောင်လည်ဆံမွေးထူကြီးသည် သူ၏ကြီးမားသောခေါင်းကို ဘောင်သွင်းထား၏။ ဧရာမမျက်လုံးများသည် ပယင်းရောင်တောက်ပြီးဖျက်လတ်နိုးကြားနေ၏။ သို့ရာတွင် ၎င်း၏မိသားစုထံ အာရုံရောက်သွား၍ ၎င်းတို့ရှိရာဘက်သို့ တဖြည်းဖြည်းလှည့်ကာ ထွက်သွား၏။
၎င်း၏ခြေလှမ်းများသည် ခန့်ညားပြီး ထည်ဝါလှ၏။ ကျွန်ုပ်တို့ဘက် ဒုတိယအကြိမ်လှည့်မကြည့်တော့ဘဲ ကျွန်ုပ်တို့၏ကားရှေ့
တည့်တည့်မှဖြတ်သွား၍ ခြင်္သေ့မများနှင့်သားငယ်များရှိရာသို့ ထွက်သွားလေ၏။ ၎င်းတို့အားလုံးသည် ပတတ်ရပ်၍ကြိုကြကာ တစ်ကောင်ပြီးတစ်ကောင် ၎င်းတို့၏မျက်နှာကို ၎င်း၏သန်မာသောနှုတ်သီးများနှင့် ကြောင်များကဲ့သို့ ပါးချင်းပွတ်သပ်ကာနှုတ်ဆက်ကြ၏။ ခြင်္သေ့အုပ်ကြားသို့လျှောက်သွားပြီး နွမ်းနယ်သည့်ဟန်ဖြင့် လှဲချကာလူးလွန့်နေလိုက်လေ၏။ ၎င်း၏နွမ်းနယ်မှုသည် ကူးစက်သွားကာ မကြာမီ ခြင်္သေ့တစ်အုပ်လုံးသည် နွေးထွေးသောနံနက်နေရောင်အောက်တွင် မပူမပင် အိပ်လိုက်ကြလေတော့၏။ ကျွန်ုပ်တို့၏ရှေ့တွင် ရွှေရောင်ခြည်ယိမ်းနွဲ့နေသည့်မြက်ခင်းပြင်ကြီးအတွင်း ငြိမ်သက်ပြီး ကျေနပ်စဖွယ်မြင်ကွင်းကို ကြည့်နေကြသည်။လျှို့ဝှက်ဆန်းကြယ်သည့်သတ္တဝါ
ခြင်္သေ့လောက် လူတို့၏စိတ်ကူးကို လှုံ့ဆွပေးသည့် တိရစ္ဆာန်မရှိပါ။ ရှေးအချိန်က အာဖရိကအနုပညာရှင်များသည် သားကောင်လိုက်နေသည့် ခြင်္သေ့ပုံများကို ကျောက်မျက်နှာပြင်များတွင် ရေးဆွဲခဲ့ကြသည်။ ရှေးခေတ်နန်းတော်များနှင့် ကျောင်းဂန်များကို လည်ဆံမွေးအပြည့်ပါသည့် ခြင်္သေ့ပုံဧရာမကျောက်တုံးကြီးများဖြင့် တန်ဆာဆင်ခဲ့ကြသည်။ ယနေ့လူတို့သည် ဤဆန်းကြယ်သောကြောင်များကို တိရစ္ဆာန်ဥယျာဉ်များသို့ စု၍သွားရောက်ကြည့်ရှုကြသည်။ မိဘမဲ့ခြင်္သေ့တစ်ကောင်ကို မွေးထားပြီး နောက်ဆုံးလွှတ်ပေးလိုက်ရသည့် ဖြစ်ရပ်မှန်မှတ်တမ်းဖြစ်သော Born Free သို့သော စာအုပ်များနှင့်ရုပ်ရှင်များ၌ ခြင်္သေ့ကို ချီးမြှောက်ဂုဏ်ပြုထားသည်။ ခြင်္သေ့ကို—ဒဏ္ဍာရီတစ်ပိုင်း၊ ဖြစ်ရပ်မှန်တစ်ပိုင်း—ပုံပြင်များ၌မူ ရန်လိုသောလူသားစားသတ္တဝါအဖြစ် ရှုတ်ချထားသည်။ ခြင်္သေ့သည် လျှို့ဝှက်ဆန်းကြယ်သည့်သတ္တဝါဖြစ်နေလျက်ရှိသည်မှာ အံ့ဩစရာမရှိချေ!
ခြင်္သေ့များသည် အလွန်ကြမ်းတမ်းတတ်ကြပြီး ရံဖန်ရံခါတွင်မူ ကြောင်ကလေးများကဲ့သို့ နူးညံ့ပြီး အဆော့သန်လှ၏။ ရောင့်ရဲသောအခါ မြူးထူးသံပြုတတ်ကြသော်လည်း ငါးမိုင်အထိကြားနိုင်လောက်သည့် ဟိန်းသံကြီးကိုလည်း ပြုနိုင်၏။ ရံဖန်ရံခါ ပျင်းရိငြီးငွေ့ဟန်ရှိကြသော်လည်း အံ့ဖွယ်အမြန်နှုန်းဖြင့် လှုပ်ရှားနိုင်စွမ်းရှိသည်။ လူသည် ခြင်္သေ့၏ရဲရင့်မှုကိုအမြဲအမှတ်ရကြပြီး ရဲရင့်သူတစ်ဦးကို ခြင်္သေ့ကဲ့သို့ရဲရင့်သူဟု ခေါ်စမှတ်ပြုလေ့ရှိကြသည်။
ဆင်းဘာ *—အုပ်ဖွဲ့နေထိုင်တတ်သောကြောင်
ခြင်္သေ့များသည် ကြောင်မျိုးဝင်အားလုံးတွင် အုပ်အဖွဲ့ဆုံးဖြစ်သည်။ ၎င်းတို့သည် ကြီးမားသောမိသားစုကြီးများဖြင့် အုပ်ဖွဲ့နေထိုင်ကျက်စားကြရာ အကောင်အနည်းငယ်မှ ၃၀ ကျော်အထိပါဝင်နိုင်သည်။ ခြင်္သေ့အုပ်တွင် အမျိုးအနီးစပ်ဆုံးဖြစ်ကောင်းဖြစ်နိုင်သည့် ခြင်္သေ့မအုပ်စုတစ်စုပါဝင်သည်။ ၎င်းတို့သည် အတူနေ၊ အတူအမဲလိုက်ပြီး အတူသားမွေးလေ့ရှိကြ၏။ တစ်သက်လုံးပေါင်းစည်းသွားနိုင်သော ဤရင်းနှီးသောနှောင်ကြိုးသည် ခြင်္သေ့မိသားစုယူနစ်၏ အခြေခံအုတ်မြစ်ဖြစ်ပြီး ဆက်၍ရှင်သန်ရေးအတွက် အာမခံချက်ဖြစ်သည်။
ခြင်္သေ့အုပ်တစ်အုပ်စီတွင် ခြင်္သေ့အုပ်၏နယ်ကိုပတ်တရောင်လှည့်ပြီး အနံ့ခံမှတ်သားသည့် အရွယ်ရောက်ပြီးသောခြင်္သေ့ထီးတစ်ကောင် သို့မဟုတ် ထိုထက်မကပါရှိသည်။ ဤခန့်ညားသောသားရဲများသည် ၎င်းတို့၏မဲနက်သောနှာဖျားမှ စုတ်ဖွားအမြီးအဖျားအထိ ဆယ်ပေကျော်ရှိနိုင်ပြီး ပေါင် ၅၀၀ ကျော်လေးနိုင်သည်။ အထီးများက ခြင်္သေ့အုပ်ကိုစိုးမိုးထားသော်လည်း အမများက ဦးဆောင်ဦးရွက်ပြုတတ်ကြ၏။ ခြင်္သေ့မများသည် အရိပ်ရှိရာသို့ပြောင်းရွှေ့ခြင်း သို့မဟုတ် အမဲလိုက်ခြင်းစသည့်လုပ်ဆောင်မှု၌ အစပြုလုပ်ဆောင်ကြသည်။
ခြင်္သေ့မများသည် နှစ်နှစ်တစ်ကြိမ်သားပေါက်လေ့ရှိကြသည်။ ခြင်္သေ့ကလေးများသည် လုံးလုံးပြန်လည်မခုခံတတ်ဘဲမွေးလာကြသည်။ သားပေါက်များကိုပြုစုစောင့်ရှောက်ခြင်းသည် အသိုင်းအဝိုင်းနှင့်ကျွေးမွေးသည့်စီမံချက်တစ်ခုဖြစ်ရာ အမအားလုံးက ခြင်္သေ့အုပ်အတွင်းရှိ သားငယ်များကိုကာကွယ် ပြုစုပေးလေ့ရှိကြသည်။ သားပေါက်ငယ်များသည် ကြီးထွားမှုမြန်ဆန်၏; နှစ်လသားအရွယ်တွင် ပြေးလွှားဆော့ကစားနိုင်ကြပြီ။ ၎င်းတို့အချင်းချင်း ကြောင်ကလေးများကဲ့သို့ ရှည်လျားသောမြက်ခင်းပြင်ထဲတွင် နပန်းလုံး၊ ကစားဖော်များကို ခုန်အုပ်ကာ ခုန်ပေါက်ကြသည်။ လှုပ်ရှားသည့်အရာမှန်သမျှကို စိတ်ဝင်စားကြပြီး လိပ်ပြာများကိုခုန်ဖမ်းခြင်း၊ အင်းဆက်ပိုးများကိုလိုက်ခြင်း၊ တုတ်များ၊ နွယ်များနှင့်လုံးထွေးခြင်းတို့ကိုပြုတတ်ကြသည်။ မိခင်၏အမြီးလှုပ်ရှားမှုသည် အဆွဲဆောင်ဆုံးအရာဖြစ်ရာ ယင်းကိုတမင်တကာလှုပ်ခါခြင်းသည် ကစားဖို့ဖိတ်ခေါ်နေခြင်းဖြစ်သည်။
ခြင်္သေ့တစ်အုပ်စီသည် စတုရန်းမိုင်များစွာရှိနိုင်သည့် သတ်သတ်မှတ်မှတ်ရှိသောနယ်မြေအတွင်း နေထိုင်ကျက်စားကြသည်။ ခြင်္သေ့များသည် ရေပေါများပြီး ပူပြင်းသောနေ့ခင်းနေရိပ်ရသည့် အမြင့်ပိုင်းဒေသများကိုနှစ်သက်ကြသည်။ ထိုတွင် ဆင်များ၊ သစ်ကုလားအုတ်များ၊ ကျွဲနှင့် အခြားတိရစ္ဆာန်များကြားတွင် နေထိုင်ကြသည်။ ခြင်္သေ့
တစ်ကောင်၏ဘဝပုံစံမှာ အိပ်စက်နေသည့်အချိန်ကများပြီး အမဲလိုက်ခြင်းနှင့် မိတ်လိုက်ခြင်းပြုသည့်အချိန်နည်း၏။ ခြင်္သေ့များသည် တစ်နေ့လျှင် နာရီ ၂၀ အနားယူ၊ အိပ်စက်ပြီး ထိုင်နေတတ်သည်ကို တွေ့နိုင်ပါသည်။ နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျတတ်ကြပြီး ကြည့်လိုက်လျှင် အန္တရာယ်မပြုတတ်ဘဲ ယဉ်ပါးသည့်ပုံစံပင်။ သို့ရာတွင် ခြင်္သေ့သည် သားရဲသတ္တဝါအားလုံးထဲတွင် အကြမ်းတမ်းဆုံးဖြစ်သည်ကို မမေ့လိုက်လေနှင့်!မုဆိုး
မွန်းလွဲပိုင်းတွင် နေပူထိထားသောမြက်ခင်းပြင်သည် စတင်အေးစိမ့်လာသည်။ ကျွန်ုပ်တို့စောင့်ကြည့်နေသည့် ခြင်္သေ့အုပ်ထဲမှ ခြင်္သေ့မသုံးကောင်သည် နေ့လယ်အနားယူအိပ်စက်ရာမှ စတင်နိုးထလာသည်။ ဆာလောင်မှုကြောင့် ကြောင်များသည် စတင်လှုပ်ရှားလာပြီး အဝါရောင်မြက်ခင်းပြင်ကို သတိထားကြည့်ကြရင်း လေကိုအနံ့ခံရှုရှိုက်ကြ၏။ လည်ဆံမွေးပါ ကျွဲချိုပုံရှိသမင်အုပ် အကြီးအကျယ်ပြောင်းရွှေ့လာချိန်ဖြစ်ရာ ထောင်နှင့်ချီသောဤကလန်ကလားအင်တီလုတ်များသည် ကျွန်ုပ်တို့၏တောင်ဘက်အရပ်တွင် အေးချမ်းစွာမြက်စားနေကြ၏။ ကြောင်သုံးကောင်သည် ထိုနေရာသို့ ယခုဦးတည်နေကြသည်။ အစုခွဲလိုက်ကြပြီး ခယောင်းတောတစ်လျှောက် ခိုးကြောင်ခိုးဝှက်ရှေ့တိုးသွားကြ၏။ ညိုဝါရောင်ကြောင်များသည် ရှည်လျားသောမြက်ခင်းတွင် လုံးဝနီးပါးကွယ်ပျောက်နေရာ သားကောင်များမရိပ်မိနိုင်သည့် ပေ ၁၀၀ အတွင်းရောက်ရှိလာကြသည်။ ထို့နောက် ကြောင်များသည် စတင်လှုပ်ရှားလိုက်ကြ၏။ လျှပ်စီး၏အမြန်နှုန်းဖြင့် လည်ဆံမွေးပါကျွဲချိုပုံရှိသမင်အုပ်များရှိရာသို့ ပြေးထွက်သွားကြသည်။ သမင်အုပ်သည် လေးဘက်လေးတန်သို့ အလန့်တကြားနှင့် အသက်လုထွက်ပြေးနေကြ၏။ ရာနှင့်ချီသောခွာများကြောင့် မြေမှုန့်များထွက်လာပြီး ဖုန်တထောင်းထောင်းထလာ၏။ ဖုန်မှုန့်များကင်းစင်သွားသည်နှင့် ခြင်္သေ့မသုံးကောင်သာ ထီးတည်းရပ်နေကြပြီး အလွန်မောဟိုက်နေကြသည်။ ၎င်းတို့၏သားကောင်များသည် သူတို့ကိုရှောင်ထွက်သွားကြ၏။ ယနေ့ည နောက်ထပ်အခွင့်အရေးတစ်ခုရကောင်းရနိုင်ပါသေးသည်။ ခြင်္သေ့များသည် ပေါ့ပါးသွက်လက်လျင်မြန်သော်လည်း အမဲလိုက်သည့်အခါ ၃၀ ရာခိုင်နှုန်းသာအောင်မြင်လေ့ရှိကြသည်။ ထို့ကြောင့် ငတ်မွတ်ခြင်းသည် ခြင်္သေ့များရင်ဆိုင်ရသည့် အကြီးမားဆုံးအန္တရာယ်တစ်ခုဖြစ်သည်။
အရွယ်ရောက်ပြီးဖြစ်သည့်ခြင်္သေ့တစ်ကောင်၏ခွန်အားသည် အံ့သြဖွယ်ဖြစ်သည်။ ၎င်းတို့သည် အုပ်စုလိုက်အမဲလိုက်ရာ၌ အလေးချိန်ပေါင် ၃,၀၀၀ ကျော်ရှိသောတိရစ္ဆာန်များကို လှဲချသတ်ဖြတ်နိုင်သည်။ တာတိုပြေးရာ၌ ခြင်္သေ့များသည် တစ်နာရီ ၃၆ မိုင်နှုန်းဖြင့်ပြေးနိုင်ကြသော်လည်း တာရှည်မူ ထိုနှုန်းအတိုင်းမပြေးနိုင်ကြပါ။ ဤအကြောင်းကြောင့် ၎င်းတို့သည် အစာရရှိရန် ချောင်းမြောင်းတိုက်ခိုက်သောနည်းကို အသုံးပြုတတ်ကြသည်။ ခြင်္သေ့မများသည် အမဲလိုက်ခြင်းကို ၉၀ ရာခိုင်နှုန်းပြုကြသော်လည်း ပို၍ကြီးမားသောအထီးများသည် အစာရသောအခါ အများဆုံးဝေစုကိုယူတတ်ကြသည်။ သားကောင်ဖမ်းရခက်သည့်အခါ ခြင်္သေ့များသည် အလွန်ဆာလောင်ကြရကား ရံဖန်ရံခါ ၎င်းတို့၏သားငယ်များကို မိမိတို့ရရှိသောသားကောင်အနားသို့မလာရန် မောင်းထုတ်တတ်ကြသည်။
သားကောင်
လွန်ခဲ့သောနှစ်များစွာက ခန့်ညားထည်ဝါသောခြင်္သေ့သည် အာဖရိကတိုက်တစ်ခုလုံးနှင့် အာရှ၊ ဥရောပ၊ အိန္ဒိယနှင့် ပါလက်စတိုင်းဒေသတချို့တွင် လှည့်လည်ကျက်စားခဲ့ကြသည်။ မုဆိုးဖြစ်ခြင်းကြောင့် လူတို့နှင့်လု၍အမဲလိုက်နေရသည်။ မွေးမြူရေးတိရစ္ဆာန်များကိုတိုက်ခိုက်ပြီး လူတို့ကိုရန်ပြုခြင်းတို့ကြောင့် ခြင်္သေ့သည် ပစ်သတ်ခံသတ္တဝါဖြစ်လာသည်။ လူဦးရေအလျင်အမြန်တိုးပွားလာမှုကြောင့် ခြင်္သေ့များ၏ကျက်စားရာဒေသသည် အကြီးအကျယ်လျော့နည်းလာသည်။ အာဖရိကပြင်ပတွင် ယနေ့အသက်ရှင်ကျန်ရစ်သည့် ခြင်္သေ့ကောင်ရေအနည်းငယ်သာရှိသည်။ ယခုအခါ ခြင်္သေ့များသည် ကြိုးဝိုင်းဒေသနှင့် တိရစ္ဆာန်ဘေးမဲ့တောများ၌သာ လူတို့၏ရန်မှလွတ်ကင်းကြသည်။
ဤခန့်ညားထည်ဝါသောသားရဲများအတွက် ပြောင်းလဲမှုများရှိမည့်အချိန်ကြောင့် ဝမ်းသာစရာပင်။ ခြင်္သေ့နှင့် လူသားများငြိမ်းငြိမ်းချမ်းချမ်းနေထိုင်ရမည့် အနာဂတ်အကြောင်းကို သမ္မာကျမ်းစာက ဖော်ပြထားသည်။ (ဟေရှာယ ၁၁:၆-၉) မေတ္တာပြည့်ဝသောဖန်ဆင်းရှင်သည် ယင်းကိုမကြာမီ အမှန်တကယ်ဖြစ်မြောက်စေပါလိမ့်မည်။ ထိုအချိန်တွင် အာဖရိက၏ခန့်ညားသော လည်ဆံမွေးပါသည့်ကြောင်သည် အခြားသတ္တဝါများနှင့် တင့်သင့်ငြိမ်သက်စွာ နေထိုင်ကြပါလိမ့်မည်။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 9 ဆင်းဘာသည် ဆွာဟီလီဘာသာဖြင့် “ခြင်္သေ့” ဖြစ်၏။
[စာမျက်နှာ ၁၉ ပါ လေးထောင့်ကွက်]
ခြင်္သေ့ ဟိန်းသောအခါ
ခြင်္သေ့များသည် မိုင်နှင့်ချီ၍ကြားနိုင်အောင် ကျယ်လောင်စွာဟိန်းဟောက်နိုင်သည့် ထူးခြားသောအသံကြောင့် နာမည်ကြီးသည်။ ခြင်္သေ့ဟိန်းသံကို “စိတ်အစွဲငြိစေဆုံးသဘာဝအသံ” တစ်ခုအဖြစ် ယူမှတ်ထားသည်။ ခြင်္သေ့များသည် ညအချိန်နှင့် အရုဏ်ဦးအချိန်အတွင်း ဟိန်းလေ့ရှိကြသည်။ ခြင်္သေ့အထီးကော အမပါ ဟိန်းလေ့ရှိကြပြီး ရံဖန်ရံခါ ခြင်္သေ့တစ်အုပ်လုံးသည် တစ်ပြိုင်တည်းဟိန်းကြပါလိမ့်မည်။
ဟိန်းခြင်းသည် အရာအတော်များများကိုဖြစ်မြောက်စေကြောင်း ခြင်္သေ့ကိုလေ့လာသည့်သိပ္ပံပညာရှင်များက ဆိုကြသည်။ ခြင်္သေ့ထီးများသည် ၎င်းတို့၏နယ်မြေဒေသကိုကြေညာဖို့ ဟိန်းကြမည်ဖြစ်ပြီး ၎င်းတို့၏နယ်သို့ကျူးကျော်ဝင်လာကောင်းဝင်လာနိုင်သည့် အခြားခြင်္သေ့ထီးများကိုသတိပေးချက်တစ်ရပ်ဖြစ်သည်။ ကျမ်းစာက ကျူးကျော်လို၍ ထောင်လွှားပြီး လောဘကြီးသည့် အာရှုရိလူမျိုးနှင့် ဗာဗုလုန်လူမျိုးအုပ်စိုးရှင်များအား ဘုရားသခင့်လူမျိုးကို အကြမ်းဖက်ဆန့်ကျင်ပြီး ဖိစီးနှိပ်စက်သည့် “ဟောက်သောခြင်္သေ့” အဖြစ် ဖော်ပြထားခြင်းသည် သင့်တော်လှပေသည်။—ဟေရှာယ ၅:၂၉; ယေရမိ ၅၀:၁၇။
ဟိန်းခြင်းသည် အလှမ်းဝေးနေကြသည့် သို့မဟုတ် မှောင်သည့်အချိန်တွင် ခြင်္သေ့အုပ်အတွင်းရှိ တစ်ကောင်နှင့်တစ်ကောင် ရှာတွေ့ရန် ဖော်ပြပေးသည်။ သားကောင်ရသောအခါ ဤဟိန်းသံသည် စားရန်စောင့်နေသည့်နေရာကို အခြားခြင်္သေ့အုပ်စုဝင်များအား အသိပေးခြင်းဖြစ်သည်။ ဤစရိုက်ကိုဖော်ပြကာ သမ္မာကျမ်းစာက ဤသို့ဆိုသည်– “ခြင်္သေ့ပျိုသည် အဘယ်အရာကိုမျှမဖမ်းမိလျှင် တွင်းထဲကအသံပြုလိမ့်မည်လော။”—အာမုတ် ၃:၄။
သားရဲတိရစ္ဆာန်များကို အမဲလိုက်သောအခါ ခြင်္သေ့များသည် အမဲလိုက်ပရိယာယ်တစ်ခုအဖြစ် သားကောင်ကိုခြောက်လန့်ဖို့ ဟိန်းဟောက်ခြင်းကို အသုံးမပြုသည်မှာ အံ့ဩစရာဖြစ်သည်။ အာဖရိကနို့တိုက်သတ္တဝါများအပြုအမူလမ်းညွှန်ဟူသည့်စာအုပ်တွင် ရစ်ချာ့ဒ် အက်စ်တစ်က “ခြင်္သေ့များသည် သားကောင်အားမိမိချောင်းမြောင်းတိုက်ခိုက်မည့်နေရာသို့မောင်းသွင်းရန် တမင်တကာဟိန်းဟောက်ခြင်းမရှိ (ကျွန်ုပ်၏အတွေ့အကြုံအရ သားကောင်များသည် ခြင်္သေ့ဟိန်းသံကို လျစ်လျူရှုလေ့ရှိကြသည်)” ဟုဖော်ပြထားသည်။
သို့ဆိုလျှင် သမ္မာကျမ်းစာသည် ‘တစ်စုံတစ်ယောက်ကိုမျိုဖို့လှည့်လည်ရှာဖွေသည့် ဟောက်သောခြင်္သေ့’ တစ်ကောင်အဖြစ် စာတန်ကို အဘယ်ကြောင့်ဖော်ပြရသနည်း။ (၁ ပေတရု ၅:၈) သားရဲတိရစ္ဆာန်များသည် ခြင်္သေ့ဟိန်းဟောက်သံကြောင့် ကြောက်ရွံ့ခြင်းမရှိကြသော်လည်း လူတို့နှင့် အိမ်မွေးတိရစ္ဆာန်များမူ ယင်းသို့မဟုတ်ချေ။ ခြင်္သေ့ဟိန်းဟောက်သည့် ကြောက်မက်ဖွယ်အသံသည် ညအမှောင်ထု၌ ပဲ့တင်ထပ်ရာ အကာအကွယ်မရှိသည့်တစ်စုံတစ်ယောက်အတွက် ထိတ်လန့်ကြောက်ရွံ့ဖွယ်ဖြစ်ပါလိမ့်မည်။ ကြာမြင့်စွာကတည်းက ယင်းကိုအတိအကျဆိုထားသည်– “ခြင်္သေ့ဟောက်သောအခါ အဘယ်သူမျှ မကြောက်မလန့်ဘဲနေလိမ့်မည်နည်း။”—အာမုတ် ၃:၈။
စာတန်သည် လက်အောက်ခံစေဖို့ လူတို့ကိုခြိမ်းခြောက်ရန်အသုံးပြုရာ၌ ကျွမ်းကျင်၏။ ဘုရားသခင့်လူမျိုးသည် တန်ခိုးကြီးသောမိတ်ဆွေရရှိထားကြခြင်းအတွက် ကျေးဇူးတင်စရာပင်။ ယေဟောဝါ၏ကျောထောက်နောက်ခံမှု၌ အခိုင်အမာယုံကြည်ခြင်းဖြင့် ဤတန်ခိုးကြီးသော “ဟောက်သောခြင်္သေ့” ကိုအောင်မြင်စွာခုခံနိုင်ကြသည်။ ခရစ်ယာန်များ ‘ယုံကြည်ခြင်း၌တည်၍ [စာတန်] ကိုဆီးတားကြရန်’ အားပေးထားသည်။—၁ ပေတရု ၅:၉။