ညစ်ညမ်းမှုကို တိုက်ဖျက်သည့် အပင်များ
ညစ်ညမ်းမှုကို တိုက်ဖျက်သည့် အပင်များ
ညစ်ညမ်းသည့်မြေနှင့်ရေမှ ညစ်ညမ်းစေသည့်အရာများကို ဖယ်ရှားပစ်ခြင်းသည် အချိန်ကြာရှည်ပြီး စရိတ်စကများကာ အများအားဖြင့် ခက်ခဲသည့်အလုပ်ဖြစ်သည်။ သို့ရာတွင် သာမန်အပင်များသည် မိမိတို့ဘာသာသန့်စင်နိုင်စွမ်းရှိကြောင်း တွေ့ ရှိရသည်။
သိပ္ပံပညာရှင်များသည် ခဲယမ်းမီးကျောက်ထားသည့်မြေနေရာဟောင်းများနှင့် ဖော်ထုတ်မြေများကို ပြုပြင်ပြောင်းလဲသန့်ရှင်းစေရန် အလေ့ကျ ရေအိုင်ပေါင်းပင်တစ်မျိုးနှင့် သင်္ဘောမညှိုးပန်းပင်များကိုအသုံးပြုဖို့ စဉ်းစားသုံးသပ်နေကြသည်။ လက်တွေ့စမ်းသပ်ချက်များအရ ပိုးသတ်ထားသည့် ပဲရော့ဖဲသားပင်နှင့် သင်္ဘောမညှိုးပန်းပင်များသည် ယမ်းဘီလူးကို စုပ်ယူအားအလွန်ကောင်းရကား တစ်ပတ်အတွင်း အပင်များ၏တစ်သျှူးများတွင် ပေါက်ကွဲတတ်သည့်အရာ အစအနပင်မကျန်တော့ဘဲ ယင်းအပင်များကိုမီးရှို့သည့်အခါ ပေါက်ကွဲမှုမဖြစ်ဘဲ ဓာတ်ပြယ်သွားသည်! အခြားသုတေသီများက သကြားမုန်လာပင်၏ဆဲလ်များနှင့်ထုတ်နုတ်ပစ္စည်းများသည် နိုက်ထရိုဂလစ်ဆရင်းကိုစုပ်ယူကာ ဓာတ်ပြိုကွဲစေနိုင်ကြောင်း လေ့လာတွေ့ရှိခဲ့ကြသည်။
ရေဒီယိုသတ္တိကြွပစ္စည်းများစွာဖြင့် အကြီးအကျယ်ညစ်ညမ်းနေသည့်ရေနှင့်ပတ်သက်၍ကော အသို့နည်း။ နေကြာပင်သည် အကူအညီပေးပုံရသည်။ ယူ.အက်စ်.အေ. အိုဟိုင်အိုရှိ ယူရေနီယံစက်ရုံမှ ညစ်ညမ်းနေသော စွန့်ပစ်ရေပြဿနာကိုဖြေရှင်းရန် ခြောက်ပတ်သားအရွယ်နေကြာပင်များကို အသုံးပြုခဲ့သည်။ ရလဒ်မှာ ယူရေနီယံညစ်ညမ်းမှုသည် ပျမ်းမျှရေတစ်လီတာလျှင် ၂၀၀ မိုက်ခရိုဂရမ်ပါရှိရာမှ တစ်လီတာလျှင် ဘေးကင်းအမှတ် ၂၀ မိုက်ခရိုဂရမ်သို့ကျဆင်းသွားခဲ့သည်။ ကီယက်ဗ်အနီးရှိ ချာနိုဘိုင်းလ်နျူကလီးယားဓာတ်ပေါင်းဖိုတွင် ပြုလုပ်သည့် အခြားစမ်းသပ်မှုများ၌ နေကြာပင်များသည် ရေဒီယိုသတ္တိကြွ စထရွန်တီယမ်နှင့် စီဇီယံဒြပ်စင်များ၏ ၉၅ ရာခိုင်နှုန်းကို ဆယ်ရက်အတွင်းစုပ်ယူခဲ့သည်!
မကြာမီတွင် လယ်သမားများသည် ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများဖြင့် ရေသွယ်မြောင်းများညစ်ညမ်းခြင်းကို ကာကွယ်ရန်ကြိုးစားရာတွင် အဝါရောင်အိုင်ရစ်ပန်းများနှင့် ကျူပင်ကြီးများကို အသုံးပြုနိုင်ကြတော့မည်။ အပင်များ၏အမြစ်စနစ်များ၌ရှိသော ပိုးမွှားများသည် ညစ်ညမ်းစေသည့်အရာများကိုဖြိုခွဲပြီး ရေကိုသန့်စင်စေခြင်းအားဖြင့် ဤညစ်ညမ်းမှုကိုဖယ်ရှားပစ်သည့်နည်းစနစ်များသည် အခြေခံအားဖြင့်အောင်မြင်ပါသည်။
အထက်ပါဥပမာများက မိမိဘာသာသန့်ရှင်းစင်ကြယ်မှုရှိရန် ကမ္ဘာမြေကြီး၏ အံ့ဖွယ်စွမ်းဆောင်မှုအခြေအနေကို ဖော်ပြသည်။