အစာငတ်ခံစိတ်ရောဂါနှင့် ဆာလောင်စိတ်ရောဂါ—အချက်အလက်များ၊ အန္တရာယ်များ
အစာငတ်ခံစိတ်ရောဂါနှင့် ဆာလောင်စိတ်ရောဂါ—အချက်အလက်များ၊ အန္တရာယ်များ
“အစာကြောင့်ဖြစ်သော စိတ်လှုပ်ရှားမှုဆိုင်ရာဝန်ထုပ်က ကယ်လိုရီ သို့မဟုတ် ဂရမ်ဖြင့်တိုင်းတာခြင်တွယ်နိုင်သည့် အဘယ်အရာထက်မဆို သာ၍များစွာလေးလံ၏။”—စာရေးဆရာမ ဂျဲနက် ဂရီစင်။
အစာငတ်ခံစိတ်ရောဂါနှင့် ဆာလောင်စိတ်ရောဂါတို့မှာ အဖြစ်အများဆုံး အစားအသောက်မူမမှန်မှုများဖြစ်ကြ၏။ တစ်ခုစီတွင် ယင်း၏ထူးခြားသည့်ဝိသေသလက္ခဏာများရှိသည်။ သို့တိုင် ကျွန်ုပ်တို့တွေ့ရမည့်အတိုင်း နှစ်မျိုးစလုံးမှာ သေနိုင်သည့်အထိအန္တရာယ်ရှိလေ၏။
အစာငတ်ခံစိတ်ရောဂါ—အစာငတ်ခံခြင်း
အစာငတ်ခံစိတ်ရောဂါသည်များ၊ အစာငတ်ခံစိတ်ရောဂါဖြစ်သူသည် စားသောက်ရန် ငြင်းဆန်ခြင်း သို့မဟုတ် သူတို့သည် အာဟာရချို့တဲ့လာစေသည့် အစာပမာဏအနည်းငယ်ကိုသာစားကြ၏။ အသက် ၁၇ နှစ်အရွယ် အန်နီတာက တစ်ကြိမ်တွင် သူ၏ကိုယ်အလေးချိန်မှာ ၈၅ ပေါင်သို့ထိုးဆင်းသွား၏ ဟုပြောပြသည်—အရပ်ငါးပေ ခုနစ်လက်မရှိ ဆယ်ကျော်သက်တစ်ဦးအတွက် ကိုယ်အလေးချိန်မှာအလွန်နည်းလေသည်။ “ကျွန်မဟာ တစ်ရက်မှာ ၂၅၀ ကယ်လိုရီထက် ပိုမစားဘဲ ကျွန်မ စားသမျှကို မှတ်စုစာအုပ်ထဲမှတ်ထားတယ်” ဟုသူကပြောပြ၏။
အစာငတ်ခံစိတ်ရောဂါဖြစ်သူသည် ကိုယ်အလေးချိန်တက်ခြင်းကိုရှောင်ဖို့ အစားအသောက်နှင့်ပတ်သက်၍ ဥပါဒါန်စွဲရှိလေသည်။ “ကျွန်မဟာ ပါးစပ်ကိုသုတ်သလိုလိုနဲ့ လက်သုတ်ပဝါထဲ အစာတွေကို စပြီးထွေးထုတ်ပစ်လိုက်တယ်” ဟုဟဲသာကပြောပြ၏။ စူဇန်သည် မိမိ၏ကိုယ်အလေးချိန်ဆက်ကျစေဖို့ လေ့ကျင့်ခန်းအပြင်းအထန်ပြုလုပ်ခဲ့သည်။ သူက “နေ့တိုင်းလိုလို ကျွန်မဟာ ရှစ်မိုင်ခန့်ပြေးရင်ပြေး ဒါမှမဟုတ် တစ်နာရီကြာရေကူးရင်ကူး၊ ဒီလိုမှမလုပ်ရင် တော်တော့်ကိုစိုးရိမ်ပူပန်ပြီး အပြစ်ရှိတယ်လို့ခံစားမိတယ်။ မနက်တိုင်း ကျွန်မအတွက် အကြီးမားဆုံးပျော်ရွှင်မှု၊ အများအားဖြင့် ကျွန်မရဲ့ တစ်ခုတည်းသောစစ်မှန်တဲ့ပျော်ရွှင်မှုက ကျွန်မရဲ့ ကိုယ်အလေးချိန်ဟာ တကယ်ပဲပေါင် ၁၀၀ အောက်မှာရှိနေခြင်းကို အတည်ပြုပေးဖို့ ချိန်ချိန်ကြည့်ခြင်းပဲဖြစ်တယ်” ဟုပြောပြသည်။
ဖြစ်တန်ရာနှင့်ဆန့်ကျင်လျက် အစာငတ်ခံစိတ်ရောဂါဖြစ်သူအချို့မှာ အချက်အပြုတ်တော်သူများဖြစ်လာပြီး မိမိတို့ကိုယ်တိုင် စားသောက်မြည်းစမ်းခြင်းမပြုသည့် အထူးကောင်းမွန်သောညစာများကို ပြင်ဆင်ပေးပေမည်။ “ကျွန်မရဲ့အဆိုးဆုံးမူမမှန်ချိန်မှာ အိမ်မှာ ညစာတိုင်းကိုချက်ပြုတ်ပြင်ဆင်ပေးခဲ့ပြီး ကျွန်မရဲ့မောင်လေးနဲ့ ညီမလေးအတွက် နေ့လယ်စာတွေယူသွားဖို့ကိုလည်း ပြင်ဆင်ပေးခဲ့တယ်။ ရေခဲသေတ္တာနားကိုတောင် သူတို့ကိုကပ်ခွင့်မပေးခဲ့ဘူး။ မီးဖိုချောင်က ရှိသမျှဟာ ကျွန်မဥစ္စာပဲလို့ခံစားမိတယ်” ဟုအဲန်နီတာကပြောပြ၏။
အစာငတ်ခံစိတ်ရောဂါနှင့် ဆာလောင်စိတ်ရောဂါအတွက် မိဘတို့၏ညွှန်ကြားမှု စာအုပ်အရ အစာငတ်ခံစိတ်ရောဂါဖြစ်သူအချို့မှာ “သပ်ရပ်မှုတွင် ဥပါဒါန်အစွဲဖြစ်လာပြီး သူတို့၏သဘာဝမကျစွာဇီဇာကြောင်သည့်စံချိန်များကို မိသားစုတစ်စုလုံးတုံ့ပြန်ကြဖို့ တောင်းဆိုကြ၏။ မဂ္ဂဇင်း သို့မဟုတ် ဖိနပ်တစ်ရံ သို့မဟုတ် ကော်ဖီခွက်ကို ၎င်း၏နေရာမှ အခြားနေရာတွင် တဒင်္ဂမျှထားမိခြင်းကိုပင် လုံးဝခွင့်မပြုချေ။ သူတို့သည် တစ်ကိုယ်ရေသန့်ရှင်းမှုနှင့် ရုပ်သွင်နှင့်ပတ်သက်၍ တန်းတူ သို့မ
ဟုတ် လွန်စွာစိတ်ပူပန်သဖြင့် သန့်စင်ခန်းတံခါးကိုချက်ချပြီး နာရီနှင့်ချီအသုံးပြုကာ အခြားသူများကျောင်း သို့မဟုတ် အလုပ်သို့သွားဖို့ အဆင်သင့်ပြင်ဆင်ရန် ဝင်ခွင့်မပြုချေ။”အစာငတ်ခံစိတ်ရောဂါဟုခေါ်သည့် သမားရိုးကျမဟုတ်သောဤမူမမှန်မှုမှာ မည်သို့ဖြစ်လာသနည်း။ အထူးသဖြင့် ဆယ်ကျော်သက် သို့မဟုတ် လူငယ်—များသောအားဖြင့် အမျိုးသမီး—တစ်ဦးသည် ကိုယ်အလေးချိန်ပေါင်ကို လျော့နည်းစေဖို့ ရည်ရွယ်ရာမှဖြစ်လာ၏။ သို့သော် သူရည်မှန်းထားသည့်အတိုင်းဖြစ်လာသောအခါ၌ ကျေနပ်ခြင်းမရှိ။ မှန်ကြည့်ရင်းက မိမိမှာဝနေသေးသည်ဟုရှုမြင်ပြီး နောက်ထပ်ပေါင်အနည်းငယ်လျော့ချလိုက်လျှင် သာ၍ကောင်းမည်ဟု ဆုံးဖြတ်ချက်ချလိုက်သည်။ ဤသံသရာမှာ အစာရှောင်သူ၏ ပုံမှန်ရှိရမည့်ကိုယ်အလေးချိန်ထက် ၁၅ ရာခိုင်နှုန်း သို့မဟုတ် ယင်းထက်ပို၍လျော့သည့်အထိ ဆက်သွားနေ၏။
ဤအချိန်တွင် အစာရှောင်သူသည် အရိုးပဒေသာဖြစ်သည့်အထိ အလွန်အမင်းပိန်ကျသွားရာ သူငယ်ချင်းများနှင့် မိသားစုဝင်တို့က သူတို့၏စိုးရိမ်ပူပန်မှုကို စတင်ပြောဆိုကြသည်။ သို့သော် အစာငတ်ခံစိတ်ရောဂါဖြစ်နေသူမှာ အရာရာကို ခြားနားစွာရှုမြင်လေ၏။ “အရိုးပေါ်အရေတင်ဖြစ်နေတယ်လို့ ကျွန်တော်တော့မထင်ပါဘူး” ဟု အရပ်ငါးပေကိုးလက်မရှိ၍ တစ်ချိန်တွင် ၇၂ ပေါင်အထိ ကိုယ်အလေးချိန်တစ်စစကျဆင်းသွားသည့် အမျိုးသားအစာငတ်ခံစိတ်ရောဂါဖြစ်နေသူ အဲလန်ကဆိုသည်။ သူက “သင့်ရဲ့ ကိုယ်အလေးချိန်လျော့လာလေလေ သင့်စိတ်က ကပြောင်းကပြန်ဖြစ်လာလေလေဖြစ်ပြီး သင်ကိုယ်ကို ကြည်လင်သဲကွဲစွာမမြင်နိုင်တော့ဘူး” ဟုဆိုသည်။ *
တစ်ချိန်တွင် အစာငတ်ခံစိတ်ရောဂါသည် အရိုးကျောက်သားတက်ခြင်းနှင့် ကျောက်ကပ်ကိုပျက်စီးစေခြင်းအပါအဝင် ပြင်းထန်သောကျန်းမာရေးပြဿနာများကို ဖြစ်ပေါ်စေနိုင်သည်။ ယင်းကြောင့် အသက်ပင်ဆုံးရှုံးနိုင်၏။ “ဆရာဝန်က ကျွန်မရဲ့ကိုယ်ခန္ဓာထဲမှာ အာဟာရဓာတ်များစွာချို့တဲ့နေလို့ ကျွန်မရဲ့စားသောက်ခြင်းအလေ့အထအတိုင်း နောက်ထပ်နှစ်လကျော်ဆက်သွားမိရင် အာဟာရချို့တဲ့ပြီးသေမှာပဲလို့ ပြောပြတယ်” ဟူ၍ဟဲသာကဆိုသည်။ အစာငတ်ခံစိတ်ရောဂါလက္ခဏာပြသော အမျိုးသမီးများအနက် ၅ ရာခိုင်နှုန်းခန့်မှာ ဆယ်နှစ်ကျော်ကာလအတွင်း သေဆုံးကြရသည်ဟု ဟားဗက်စိတ္တကျန်းမာရေးစာစောင်က အစီရင်ခံသည်။
ဆာလောင်စိတ်ရောဂါ—ကျုံးစားပြီးနောက်ထုတ်ပစ်ခြင်း
ဆာလောင်စိတ်ရောဂါအမည်ရှိ အစားအသောက်မူမမှန်မှုမှာ ကျုံးစား (ကယ်လိုရီ ၅,၀၀၀ သို့မဟုတ် ထိုထက်မက ပမာဏများလွန်းသောအစာကို တစ်မုဟုတ်ချင်း စားလိုက်ခြင်း) ပြီးနောက် ထုတ်ပစ်ခြင်း (အန်ထုတ်ခြင်း သို့မဟုတ် ဝမ်းနုတ်ဆေးသုံးစွဲခြင်းဖြင့် အစာအိမ်ဟောင်းလောင်းဖြစ်စေလေ့ရှိခြင်း) အားဖြင့် ရောဂါလက္ခဏာကိုဖော်ပြသည်။ *
အစာငတ်ခံစိတ်ရောဂါနှင့်မတူဘဲ ဆာလောင်စိတ်ရောဂါမှာ အလွယ်တကူမသိနိုင်ချေ။ ဝေဒနာသည်မှာ ပိန်ချင်မှပိန်မည်၊ သူ၏စားသောက်ခြင်းအလေ့အထမှာ အနည်းဆုံးသူသူငါငါလောက်သာဖြစ်သည်ဟု ထင်ရပေမည်။ သို့သော် ဆာလောင်စိတ်ရောဂါဖြစ်နေသူအတွက် ဘဝတွင် ပုံမှန်လုံးဝမဟုတ်ချေ။ အမှန်မှာ သူသည် အစာနှင့်ပတ်သက်၍ ဥပါဒါန်စွဲကြီးလွန်းရာ အခြားမည်သည့်အရာမျှ လုံးဝအရေးမပါချေ။ “ကျွန်မဟာ ဖယ်ရှားအန်ထုတ်လိုက်လေလေ အခြားအရာတွေ ဒါမှမဟုတ် လူတွေနဲ့ပတ်သက်လို့ ဂရုမစိုက်လာလေလေဖြစ်တယ်” ဟု ၁၆ နှစ်အရွယ်ရှိ မလင်းဒါကပြောပြသည်။ “တကယ်ပါပဲ သူငယ်ချင်းတွေနဲ့ ဘယ်လိုပျော်ပျော်နေရမယ်ဆိုတာကို ကျွန်မမေ့လျော့သွားခဲ့တယ်။”
အစားအသောက်မူမမှန်မှုများနယ်ပယ်မှ ကလောင်ရှင်နှင့် ဆရာမတစ်ဦးဖြစ်သူ ဂျနင်း ရော့သ်က ကျုံးစားခြင်းကို “မိနစ်သုံးဆယ်ကြာ ကမူးရှူးထိုးငရဲထဲသို့ ဒိုင်ဗင်ထိုးချခြင်း” အဖြစ်ဖော်ပြထား၏။ သူက ကျုံးစားနေချိန်၌ “အစာမှလွဲ၍ သူငယ်ချင်း၊ မိသားစု . . . မည်သည့်ကိစ္စမျှ အရေးမပါ” ဟူ၍ဆိုသည်။ လေဒီယာအမည်ရှိ ၁၇ နှစ်အရွယ် ဝေဒနာသည်တစ်ဦးက သူ၏အခြေအနေကို ထင်သာမြင်သာသောပုံဥပမာဖြင့်ဖော်ပြ၏။ “ကျွန်မဟာ အမှိုက်ချေစက်တစ်ခုလိုပဲ ခံစားရတယ်” ဟုသူဆိုသည်။ “ဂေါ်ပြားနဲ့ကော်ထည့်၊ ချေဖျက်ပစ်ပြီး သွန်ချပစ်လိုက်။ ဒီလိုမျိုး ထပ်ခါထပ်ခါလုပ်လိုက်တယ်။”
* ဤသို့သောအယူအဆမှာ မနှစ်မြို့စရာကောင်းသည်ဟုယူမှတ်ရသော်လည်း ဆာလောင်စိတ်ရောဂါဖြစ်နေသူအဖို့ ယင်းကို ထိုသို့မရှုမြင်ပါ။ “ကျုံးစားပြီးနောက် ဖယ်ထုတ်ပစ်နိုင်လေလေ ဒါကိုပြုဖို့ သင့်အတွက် ပိုပြီးလွယ်ကူလာလေလေ” ဟုလူမှုဝန်ထမ်းဖြစ်သူ နန်စီ ကိုလောဒ်နီကရှင်းပြ၏။ “သင့်ရဲ့ အစောပိုင်းခံစားချက်များဖြစ်တဲ့ မနှစ်မြို့မှု ဒါမှမဟုတ် ကြောက်ရွံ့မှုနေရာမှာ ဆာလောင်မှုစိတ်ရောဂါလုပ်ရိုးလုပ်စဉ်တွေကို မလုပ်မနေရထပ်ခါထပ်ခါပြုလုပ်ဖို့ ချက်ချင်းဆိုသလို အစားထိုးဝင်ရောက်လာတယ်။”
ဆာလောင်စိတ်ရောဂါဖြစ်သူသည် ထိန်းချုပ်မှုမရှိသောစားသောက်မှုမှ ပုံမှန်ရလဒ်ဖြစ်သည့် ကိုယ်အလေးချိန်တက်ခြင်းကိုကာကွယ်ရန် ဘာပဲလုပ်ရလုပ်ရ ပြုလုပ်ကြသည်။ ကျုံးစားပြီးနောက်၌ ချက်ချင်းပင် သူသည် အန်ထုတ်ပစ်လိုက်ခြင်း သို့မဟုတ် ဝမ်းနုတ်လိုက်ခြင်းဖြင့် ခန္ဓာကိုယ်၏အဆီအဖြစ်သို့ မပြောင်းလဲနိုင်မီ အစားအစာကို ဖယ်ထုတ်ပစ်လိုက်၏။ဆာလောင်စိတ်ရောဂါမှာ အလွန်ပင်အန္တရာယ်ရှိသည်။ ဥပမာ၊ အန်ထုတ်ခြင်းဖြင့် ဖယ်ရှားမှုကိုထပ်ခါထပ်ခါပြုလုပ်ခြင်းက အစာအိမ်အချဉ်ဓာတ်အား ပါးစပ်တွင်းရောက်ရှိစေရာ ဆာလောင်စိတ်ရောဂါဖြစ်နေသူ၏သွားမှ ကြွေသားကိုတိုက်စားသွားစေနိုင်၏။ ထိုသို့ပြုခြင်းက ဝေဒနာသည်၏အစာပြွန်၊ အသည်း၊ အဆုတ်များနှင့် နှလုံးကိုလည်းပျက်စီးစေနိုင်သည်။ ပြင်းထန်သောကိစ္စရပ်များတွင် အန်ထုတ်ခြင်းက အစာအိမ်ပေါက်၍သေဆုံးနိုင်သည်။ ဝမ်းနုတ်ဆေးကို မတန်တဆသုံးစွဲခြင်းကလည်း အန္တရာယ်ရှိသည်။ ယင်းက အစာချေအဖွဲ့၏လုပ်ငန်းကို ဖျက်ဆီးပစ်ပြီး ဆက်တိုက်ဝမ်းသွားစေနိုင်ကာ စအိုဆိုင်ရာသွေးယိုစိမ့်မှုကိုလည်းဖြစ်စေနိုင်သည်။ ထပ်ခါထပ်ခါအန်ထုတ်ခြင်းကဲ့သို့ပင် ဝမ်းနုတ်ဆေးများကိုတလွဲအသုံးပြုခြင်းက အလွန်အကျွံဖြစ်ရပ်များ၌ သေဆုံးနိုင်၏။
နိုင်ငံတကာစိတ္တကျန်းမာရေးတက္ကသိုလ်အရ အစားအသောက်မူမမှန်မှုဆိုင်ရာဖြစ်ရပ်များသည် တစ်သမတ်တည်းတိုးများလာနေ၏။ အငတ်ခံ၍ သေခြင်းနှင့်ကစားရန် မိန်းမငယ်လေးများအား အဘယ်အရာကလှုံ့ဆော်သနည်း။ အခြားသူတို့မှာမူ အစာနှင့်ပတ်သက်၍ စားကြူးသည့်အထိ ဥပါဒါန်အစွဲကြီးပြီး ထို့နောက် တစ်ဖန် မိမိစားပြီးသားကို မဖြစ်မနေအန်ထုတ်ပစ်ဖို့ယူမှတ်သည့်အထိ သူ၏ကိုယ်အလေးချိန်ပေါ်တွင် အဘယ်ကြောင့် ဥပါဒါန်အစွဲကြီးရသနည်း။ နောက်ဆောင်းပါးတွင် ဤမေးခွန်းများကို ဆန်းစစ်ပါမည်။
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 10 ၂၀ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းအထိ လူတစ်ဦး၏စုစုပေါင်းကိုယ်အလေးချိန် လျော့ကျသွားခြင်းက မဝဘဲနှင့် မိမိဝလွန်းသည်ဟုထင်မြင်စေသည့် ထိုသူ၏သိမြင်နိုင်စွမ်းကိုပြောင်းသွားစေသော ဦးနှောက်တွင်းဓာတုဆိုင်ရာပြောင်းလဲမှုများကို ဖြစ်ပေါ်စေနိုင်သည်ဟု ကျွမ်းကျင်သူအချို့ကဆို၏။
^ အပိုဒ်၊ 13 ဖယ်ရှားခြင်းမပြုဘဲနှင့် အငမ်းမရကျုံးစားခြင်းကိုလည်း အစားအသောက်မူမမှန်မှုတစ်ခုအဖြစ်ယူမှတ်ကြသည်။
^ အပိုဒ်၊ 16 ကိုယ်ခန္ဓာအလေးချိန်တက်ခြင်းကို ထိန်းထားနိုင်ဖို့ ဆာလောင်စိတ်ရောဂါဖြစ်သူများစွာသည် အားသွန်ခွန်စိုက် လေ့ကျင့်ခန်းများကို နေ့စဉ်ပြုလုပ်ကြ၏။ ယင်းတို့ထဲမှ အချို့တို့သည် ကိုယ်အလေးချိန်ကျဆင်းရေး၌ အလွန်အောင်မြင်ကြသည်၊ အချိန်တန်သော် သူတို့သည် အစာငတ်ခံစိတ်ရောဂါဖြစ်လာပြီးနောက် အစာငတ်ခံစိတ်ရောဂါနှင့် ဆာလောင်စိတ်ရောဂါအမူအကျင့်နှစ်ခုကြား တစ်လှည့်စီဖြစ်နေပေမည်။