အစားအသောက်မူမမှန်မှုများ—အဘယ်အရာက အကူအညီဖြစ်စေနိုင်မည်နည်း
အစားအသောက်မူမမှန်မှုများ—အဘယ်အရာက အကူအညီဖြစ်စေနိုင်မည်နည်း
သင့်သမီး၌ အစားအသောက်မူမမှန်မှုတစ်ရပ်ဖြစ်နေပါက သူ့အတွက် အကူအညီလိုသည်။ သူ့ဘာသာသူ ပြဿနာပြေလည်သွားမည်ဟူသော ယူဆချက်ဖြင့် လုပ်စရာကိစ္စကို ရွှေ့ဆိုင်းမထားပါနှင့်။ အစားအသောက်မူမမှန်မှုတစ်ရပ်မှာ ကာယရေးနှင့် စိတ်ပိုင်းဆိုင်ရာဖက်စပ်ပါဝင်သော ရှုပ်ထွေးသည့်ဖျားနာမှုတစ်ရပ်ဖြစ်၏။
မှန်ပါသည်၊ ပညာရှင်တို့က အစားအသောက်မူမမှန်မှုများအတွက် ရှုပ်ထွေးပွေလီသောကုသနည်းအမျိုးမျိုးကို ဖော်ပြကြသည်။ အချို့က ဆေးဝါးမှီဝဲခြင်းကို ထောက်ခံကြ၏။ အခြားသူတို့က စိတ်ကုထုံးကိုအတည်ပြုကြသည်။ များစွာတို့က နှစ်မျိုးစလုံးကိုပေါင်းစပ်လိုက်ခြင်းမှာ အထိရောက်ဆုံးဖြစ်သည်ဟုဆို၏။ သို့ဖြစ်၍ ဝေဒနာသည်မှာ အိမ်၌နေထိုင်နေသေးလျှင် အချို့တို့ပြောထားသည့်အဘယ်အရာမှာ အထူးလိုအပ်ရာဖြစ်ကြောင်းကို မိသားစုလိုက်တိုင်ပင်နှီးနှောကြရသည်။ *
ပညာရှင်တို့၏ချဉ်းကပ်ပုံမှာ ခြားနားမည်ဖြစ်သော်လည်း အများစုက အနည်းဆုံးဤအချက်တစ်ချက်တည်းကိုပင် သဘောတူညီကြသည်– အစားအသောက်မူမမှန်မှုများမှာ အစာနှင့်သာပတ်သက်သည်မဟုတ်။ အစာငတ်ခံစိတ်ရောဂါနှင့် ဆာလောင်စိတ်ရောဂါမှ နာလန်ပြန်ထူလာရန် တစ်စုံတစ်ဦးကို အကူအညီဖြစ်စေနိုင်သည့် အထူးဖော်ပြဖို့လိုအပ်သော လေးနက်သည့်အရေးကိစ္စအချို့ကို သုံးသပ်ကြည့်ကြစို့။
ကိုယ်ခန္ဓာပုံပန်းနှင့်ပက်သက်၍ မျှတသောအမြင်
“အသက် ၂၄ နှစ်အရွယ်ခန့်ကစပြီး ဖက်ရှင်မဂ္ဂဇင်းတွေကို ကျွန်မလုံးဝမဝယ်တော့ဘူး” ဟူ၍ အမျိုးသမီးတစ်ဦးကဆိုသည်။ “မော်ဒယ်လ်တွေနဲ့ ကိုယ့်ကိုယ်ကိုနှိုင်းယှဉ်ကြည့်ခြင်းက အလွန်ပြင်းထန်တဲ့အဆိုးမြင်မှုကိုပဲ စွဲကျန်ခဲ့စေတယ်။” ဆွေးနွေးခဲ့ပြီးသည့်အတိုင်း စာနယ်ဇင်းများက လှပမှုနှင့်စပ်လျဉ်း၍ မိန်းမငယ်လေးများ၏အယူအဆကို ကပြောင်းကပြန်ဖြစ်စေနိုင်သည်။ အမှန်မှာ အစားအသောက်မူမမှန်မှုကို မိန်းကလေးတစ်ဦး၏မိခင်တစ်ဦးဖြစ်သူက “သတင်းစာတွေ၊ မဂ္ဂဇင်းတွေနဲ့ ရုပ်မြင်သံကြားတွေမှာ ကြော်ငြာလုပ်ငန်းက ပိန်ကြပါ၊ ပိန်ကြပါ၊ ပိန်ကြပါလို့ မနားတမ်းကြော်ငြာနေ” သည်ဟုဆိုသည်။ သူက “ကျွန်မရော ကျွန်မသမီးပါ သွယ်သွယ်လျလျဖြစ်တာကို နှစ်သက်ကြပေမဲ့ တရစပ်ကြားနေ၊ မြင်နေရတဲ့ကြော်ငြာတွေကြောင့် ဒါကို ဘဝမှာ ဘယ်အရာအားလုံးထက်မဆို အရေးကြီးဆုံးအရာအဖြစ်ပြောင်းလဲသွားစေတယ်လို့ ကျွန်မတို့ခံစားမိတယ်။” ထင်ရှားနေသည်မှာ အစားအသောက်မူမမှန်မှုတစ်ရပ်မှ နာလန်ထူလာရန် စစ်မှန်သောအလှတွင် အဘယ်အရာပါဝင်ကြောင်း ယူဆချက်အသစ်များကို ခံယူဖို့လိုအပ်ပေမည်။
ယင်းနှင့်ပတ်သက်၍ သမ္မာကျမ်းစာက အကူအညီပေးနိုင်သည်။ ခရစ်ယာန်တမန်တော်ပေတရုက ဤသို့ရေးသားခဲ့သည်– “သင်တို့၌တန်ဆာဆင်ခြင်းမူကား၊ ဆံပင်ကျစ်ခြင်း၊ ရွှေဆင်ခြင်း၊ အဝတ်ဝတ်ခြင်းတည်းဟူသော အပြင်တန်ဆာဆင်ခြင်းမဖြစ်စေဘဲ၊ ဘုရားသခင့်ရှေ့မှာအဖိုးများစွာထိုက်သော နူးညံ့ငြိမ်သက်ခြင်းသဘောတည်းဟူသော မဖောက်ပြန်မပျက်စီးတတ်သောတန်ဆာဆင်ခြင်းရှိသော စိတ်နှလုံး၏အတွင်းလူဖြစ်စေကြလော့။”—ပေတရုက ပြင်ပအသွင်သဏ္ဌာန်ထက် အတွင်းကြန်အင်လက္ခဏာများကို ကျွန်ုပ်တို့ သာ၍အလေးထားသင့်ကြောင်း ဆိုထား၏။ အမှန်မှာ သမ္မာကျမ်းစာက ကျွန်ုပ်တို့ကို ဤသို့အခိုင်အမာဆိုသည်– “ထာဝရဘုရားသည် လူမြင်သကဲ့သို့မြင်တော်မူသည်မဟုတ်။ လူသည် အဆင်းသဏ္ဌာန်ကိုကြည့်ရှုတတ်၏။ ထာဝရဘုရားမူကား နှလုံးကိုကြည့်ရှုတတ်သည်။” (၁ ဓမ္မရာဇဝင် ၁၆:၇) ကျွန်ုပ်တို့ကိုယ်ကာယ၏အသွင်အပြင်အချို့ကို ပြောင်းလဲ၍မရနိုင်သော်လည်း ကျွန်ုပ်တို့ဖြစ်စေလိုသည့် ပုဂ္ဂိုလ်မျိုးဖြစ်ရန် အစဉ်အမြဲတိုးတက်စေနိုင်သည့်အတွက် ယင်းသည် နှစ်သိမ့်မှုဖြစ်စေသည်။—ဧဖက် ၄:၂၂-၂၄။
အစားအသောက်မူမမှန်မှုများသည် ကိုယ့်ကိုယ်ကိုလေးစားမှုနည်းသော ဝန်းကျင်တစ်ခုတွင် ရှင်သန်လာနိုင်ခြင်းကြောင့် ပုဂ္ဂိုလ်တစ်ဦးအဖြစ် သင်ကိုယ်နှိုက်ကိုပြန်၍တန်ဖိုးထားဖို့ လိုအပ်ပေသည်။ မှန်ပါသည်၊ သမ္မာကျမ်းစာက ကျွန်ုပ်တို့အား ကိုယ်ကိုထင်သင့်သည်အတိုင်းထက် လွန်၍မထင်ဖို့ဆိုထားသည်။ (ရောမ ၁၂:၃) သို့သော် ယင်းက ဘုရားသခင်၏မျက်စိရှေ့တွင် စာငှက်တစ်ကောင်ပင် တန်ဖိုးရှိကြောင်း ကျွန်ုပ်တို့အားဆိုထားပြီး ထပ်ဆင့်၍ “သင်တို့သည် စာငှက်အများတို့ထက် သာ၍မြတ်ကြ၏” ဟုဖော်ပြသည်။ (လုကာ ၁၂:၆၊ ၇) သို့ဖြစ်၍ သမ္မာကျမ်းစာက ကျန်းခံ့သောမိမိကိုယ်ကိုလေးစားမှုကို တိုးပွားစေဖို့ သင့်အား အ ကူအညီဖြစ်စေနိုင်သည်။ သင့်ကိုယ်ခန္ဓာကိုလေးမြတ်ပါ၊ သို့ဖြစ်လျှင် ယင်းကို သင်ဂရုစိုက်မည်။—ဧဖက် ၅:၂၉ နှိုင်းယှဉ်။
သို့သော် သင်သည် အမှန်ပင် ကိုယ်အလေးချိန်လျော့ချဖို့ လိုအပ်နေလျှင်ကော။ ကျန်းမာရေးနှင့်ညီညွတ်စွာ အစာရှောင်ခြင်းနှင့် လေ့ကျင့်ခန်းအစီအစဉ်တစ်ရပ်မှ သင့်ကို အကူအညီဖြစ်စေပေမည်။ သမ္မာကျမ်းစာက အတိုင်းအတာတစ်ခုအထိသာလျှင် “ကိုယ်ခန္ဓာ သန်စွမ်းရန်လေ့ကျင့်ခြင်းသည် . . . အကျိုးရှိ၏” ဟုဖော်ပြထားသည်။ (၁ တိမောသေ ၄:၈၊ သမ) သို့သော် သင့်ကိုယ်အလေးချိန်နှင့်စပ်လျဉ်း၍ ဘယ်တော့မျှဥပါဒါန်အစွဲမရှိသင့်ချေ။ ကိုယ်ခန္ဓာပုံပန်းနှင့်ပတ်သက်သည့် လေ့လာချက်တစ်ရပ်က “ပညာအရှိဆုံးလမ်းစဉ်မှာ လေ့ကျင့်ခန်းများများယူခြင်းဖြစ်သည်—ကန့်သတ်ပြဋ္ဌာန်းကာ ဆန္ဒစံနှုန်းဖြင့် မိမိကိုယ်ကိုပုံသွင်းဖို့ ကြိုးစားမည့်အစား သင့်ကိုယ်ကိုအရှိအတိုင်းလက်ခံပါ” ဟူ၍ကောက်ချက်ချသည်။ အမေရိကန်ပြည်ထောင်စုမှ အသက် ၃၃ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးက ဤချဉ်းကပ်နည်းမှာ အကူအညီဖြစ်စေကြောင်း တွေ့ရှိခဲ့၏။ “ကျွန်မရဲ့ကျင့်ထုံးတစ်ခုကတော့ ရိုးရိုးလေးပါပဲ” ဟုသူကပြောသည်။ “သင်အမှန်တကယ်ပြောင်းလဲနိုင်တဲ့အရာကို သင် တိုးတက်ဖို့လုပ်ဆောင်ပါ၊ ကျန်တာတွေကိုစိတ်ပူပြီ အချိန်ဖြုန်းမနေပါနဲ့။”
သင့်အနေနှင့် ဘဝကို အပြုသဘောရှုမြင်ပြီး ယင်းတွင် ကျန်းမာရေးနှင့်ညီညွတ်သောအစာနှင့် ကျိုးကြောင်းညီညွတ်သော လေ့ကျင့်ခန်းအစီအစဉ်တို့ဖြင့် ထပ်ဆင့်ဖြည်စွက်လိုက်ပါက လျှော့ချပစ်ရန်လိုသောကိုယ်အလေးချိန်မှာ လျော့ကျသွားပေမည်။
“အဆွေခင်ပွန်း” စစ်ကိုရှာဖွေခြင်း
ဆာလောင်စိတ်ရောဂါဖြစ်သူအတော်များများကို လေ့လာမှုပြုပြီးနောက် ပါမောက္ခ ဂျိမ်း ပန်နာဘက်ကာက ကြီးမားသောအတိုင်းအတာတစ်ခုအထိ သူတို့၏စားသောက်ခြင်းနှင့် ဖယ်ရှားပစ်ခြင်းသံသရာတို့က ထိုအမျိုးသမီးတို့အား နှစ်ဘဝစံဖို့ ဖိအားပေးခဲ့ကြသည်ဟူ၍ ကောက်ချက်ချ၏။ “မိမိ၏ရင်းနှီးသောမိတ်ဆွေများနှင့် မိသားစုများကို မိမိ၌စားသောက်ခြင်းအလေ့အထများကိုဖုံးကွယ်ဖို့ အချိန်နှင့် ကြိုးပမ်းမှုအတော်ပင်ပြုရကြောင်း အားလုံးနီးပါးက အလိုအလျောက်သတိပြုမိကြသည်။ သူတို့အားလုံးမှာ ညာနေကြရပြီး ယင်းသို့ပြုရခြင်းကိုမုန်းတီးကြ၏” ဟူ၍ သူကဆိုသည်။
သို့ဖြစ်၍ နာလန်ထူလာဖို့ အဓိကခြေလှမ်းတစ်ရပ်မှာ တိတ်ဆိတ်ခြင်းကိုဖြိုခွဲပစ်ရန်ဖြစ်သည်။ အစာငတ်ခံစိတ်ရောဂါနှင့် ဆာလောင်စိတ်ရောဂါဝေဒနာသည် နှစ်ဦးစလုံးသည် ထိုပြဿနာနှင့်ပတ်သက်၍ ပြောဆိုရန်လိုအပ်သည်။ သို့သော် မည်သူ့ကိုပြောမည်နည်း။ သမ္မာကျမ်းစာ စကားပုံက ဤသို့ဆိုသည်– “အဆွေခင်ပွန်းသည် အခါခပ်သိမ်းချစ်တတ်၏။ ညီအစ်ကိုသည် [ဆင်းရဲ] ကာလအဖို့ မွေးဖွားလျက်ရှိ၏။” (သု. ၁၇:၁၇) “အဆွေခင်ပွန်း” မှာ မိဘတစ်ဦး သို့မဟုတ် အခြားရင့်ကျက်သူတစ်ဦး ဖြစ်နိုင်ပေသည်။ အချို့သူတို့က အစားအသောက်မူမမှန်မှုများကို ကုသရာ၌ အတွေ့အကြုံရှိခဲ့ကြသူတစ်ဦးကို ရင်ဖွင့်ရန်လိုအပ်ကြောင်းကိုလည်း တွေ့မြင်ခဲ့ကြသည်။
ယေဟောဝါသက်သေများ၌ နောက်ထပ်ရင်းမြစ်တစ်ခုဖြစ်သော အသင်းတော်အကြီးအကဲများရှိကြသည်။ ထိုသူတို့သည် “လေလုံ၍ မိုးသက်မုန်တိုင်းကွယ်ရာအရပ်ကဲ့သို့လည်းကောင်း၊ သွေ့ခြောက်သောမြေ၌စီးသော ချောင်းရေကဲ့သို့လည်းကောင်း၊ နေပူသောအရပ်၌ ကျောက်လုံးကြီးအရိပ်ကဲ့သို့လည်းကောင်းဖြစ်” နိုင်ကြပေသည်။ (ဟေရှာယ ၃၂:၂) မှန်ပါသည်၊ အသင်းတော်အကြီးအကဲများသည် ဆရာဝန်များမဟုတ်ကြချေ၊ သို့ဖြစ်၍ သူတို့၏အကူအညီဖြစ်စေသော အကြံပေးချက်အပြင် သင့်အနေဖြင့် ဆေးကုသမှုခံယူဖို့လိုအပ်နေသေးမည်။ မည်သို့ပင်ဖြစ်စေကာမူ ဝိညာဉ်ရေးဆိုင်ရာ အရည်အချင်းပြည့်ဝသော ဤသူတို့သည် သင်နာလန်ထူရေးအတွက် အလွန်ကောင်းသောအထောက်အကူပေးနိုင်သည်။ *—ယာကုပ် ၅:၁၄၊ ၁၅။
သို့သော် သင်ယုံကြည်စိတ်ချရဆုံးမှာ သင်၏ဖန်ဆင်းရှင်ဖြစ်နိုင်သည်။ ဆာလံဆရာက ဤသို့ရေးသားခဲ့သည်– “ထမ်းရွက်ရသောဝန်ကို ထာဝရဘုရား၌ချထားလော့။ သင့်ကိုမစတော်မူမည်။ ဖြောင့်မတ်သောသူကို အစဉ်အမြဲလှုပ်ရှားစေတော်မမူရာ။” (ဆာလံ ၅၅:၂၂) မှန်ပါသည်၊ ယေဟောဝါဘုရားသခင်သည် မိမိ၏ကမ္ဘာပေါ်ရှိသားသ မီးများကို စိတ်ဝင်စားတော်မူ၏။ သို့ဖြစ်၍ အတွင်းအကျဆုံးသော သင်၏စိုးရိမ်ပူပန်မှုများနှင့်ပတ်သက်၍ ကိုယ်တော်ထံဆုတောင်းရန် ဘယ်တော့မျှမပျက်ကွက်ပါနှင့်။ ပေတရုက ကျွန်ုပ်တို့ကို ဤသို့သတိပေးဆုံးမထားသည်– “သင်တို့ကို သတိနှင့်ကြည့်ရှုတော်မူသောကြောင့်၊ သင်တို့၌စိုးရိမ်ခြင်းအမှုရှိသမျှတို့ကို ကိုယ်တော်၌အပ်နှံကြလော့။”—၁ ပေတရု ၅:၇။
ဆေးရုံတက်ရန် လိုအပ်သောအခါဝယ်
ဆေးရုံတက်ခြင်းကိုယ်နှိုက်က ကုသမှုတစ်ခုမဟုတ်ချေ။ သို့သော် မိန်းမငယ်တစ်ဦးသည် ပြင်းထန်သောအစာငတ်ခံစိတ်ရောဂါကြောင့် အာဟာရချို့တဲ့လာသောအခါ အထူးကုသမှုလိုအပ်ပေမည်။ မိဘအတွက် လွယ်ကူမည်မဟုတ်ကြောင်းကို ဝန်ခံပါသည်။ သမီးဖြစ်သူကို ဆေးရုံတင်လိုက်ရသော အမ်မလီ၏ပြောပြချက်အရ ဘဝသည် “သူ့အတွက်ကော ကျွန်မတို့အတွက်ပါ မခံမရပ်ဖြစ်နိုင်စရာဖြစ်လာတယ်။” “သူ့ကို ငိုငိုယိုယိုနဲ့ဆေးရုံတင်လိုက်ရခြင်းဟာ ကျွန်မကြုံတွေ့ခဲ့သမျှမှာ အခက်ခဲဆုံး၊ ဘဝတစ်လျှောက်မှာ အဆိုးဆုံးနေ့ပါပဲ” ဟု သူကဆက်၍ပြော၏။ သမီးဖြစ်သူကို ဆေးရုံတင်လိုက်ရသော အီလန်မှာလည်း အလားတူဖြစ်သည်။ “ကျွန်မ မေ့မရနိုင်တဲ့ အဆိုးဆုံးတဒင်္ဂအချိန်ကတော့ ဆေးရုံမှာ သူက အစာစားဖို့ငြင်းဆန်ပြီး သူတို့က သူ့ကို ပိုက်တပ်ပြီးအစာသွင်းတာကိုပါပဲ။ သူ့ရဲ့လိုအင်ဆန္ဒကို သူတို့ဖျက်ပစ်လိုက်တယ်လို့ ကျွန်မခံစားမိတယ်” ဟုသူကဆိုသည်။
ဆေးရုံတက်ရောက်ကုသခြင်းမှာ နှစ်သက်စရာမရှိဟု ယူမှတ်ရသော်လည်း အချို့ကိစ္စ၌ ယင်းကို လိုအပ်သည်။ အစားအသောက်မူမမှန်မှုဖြစ်သူ တော်တော်များများကို ယင်းက နာလန်ထူလာရန်အတွက် လမ်းခင်းပေးသည်။ အမ်မလီက သူ၏သမီးနှင့်ပတ်သက်၍ ဤသို့ဆိုသည်– “ဆေးရုံတက်ဖို့ သူတကယ်ပဲလိုအပ်တယ်။ စပြီးပြန်ကောင်းလာဖို့ ဆေးရုံတက်ရောက်ခဲ့ခြင်းက သူ့အတွက် တကယ်ပဲအကူအညီဖြစ်စေတယ်။”
အစားအသောက်မူမမှန်မှုများမရှိဘဲ အသက်ရှင်ခြင်း
နာလန်ထူလာမှု၏ကဏ္ဍအနေနှင့် အစာငတ်ခံစိတ်ရောဂါ သို့မဟုတ် ဆာလောင်စိတ်ရောဂါသည်မှာ အစားအသောက်မူမမှန်မှုမရှိဘဲ အသက်ရှင်တတ်ဖို့ သင်ယူရန်လိုအပ်သည်။ ယင်းသည် ခက်ခဲမှုဖြစ်စေနိုင်သည်။ ဥပမာ၊ ကင်းမ်က အစာငတ်ခံစိတ်ရောဂါဖြစ်နေစဉ်၌ ဆယ်လအတွင်း သူသည် ပေါင် ၄၀ ကျသွားကြောင်း ခန့်မှန်းလေသည်။ သို့တိုင် ကျသွားသည့် ၃၅ ပေါင်ကိုပြန်တက်ဖို့ ကိုးနှစ်တိုင်ကြာခဲ့သည်တကား! “အတော့်ကိုခက်ခက်ခဲခဲနဲ့ ကယ်လိုရီမှတ်ခြင်း၊ အစားအစာကို ချင့်တွက်ခြင်း၊ ‘စိတ်ချရတဲ့’ အစားအစာကိုပဲစားသောက်ခြင်း ဟင်းတစ်ပွဲ ဒါမှမဟုတ် အချိုပွဲတစ်ပွဲမှာပါဝင်တဲ့ အမည်စာရင်းကိုမသိရရင် မွှန်ထူသွားခြင်း၊ ဒါမှမဟုတ် ညစာကို သက်သတ်လွတ်စားသောက်ဆိုင်တွေမှာပဲ စားသောက်ခြင်းကိုမပြုလုပ်တော့ဘဲ ပုံမှန်အတိုင်းပြန်စားလာဖို့ တဖြည်းဖြည်းနဲ့ ကျွန်မသင်ယူခဲ့ရတယ်” ဟူ၍ဆိုသည်။
သို့သော် ကင်းမ်အတွက် နာလန်ပြန်ထူလာဖို့ ထိုထက်မက သာ၍လိုအပ်သည်။ သူက “ကျွန်မရဲ့ခံစားချက်တွေကို သိရှိပြီး အဲ့ဒီခံစားချက်တွေကို အပြုအမူ ဒါမှမဟုတ် စားသောက်ခြင်းအကျင့်တွေနဲ့မပြဘဲ စကားလုံးတွေနဲ့ဖွင်ပြတတ်ဖို့ သင်ယူရတယ်။ တခြားသူတို့နဲ့သဘောထားကွဲလွဲမှုတွေကို ရင်ဆိုင်ဖြေရှင်းဖို့ နည်းသစ်တွေကိုသိလာပြီး မိတ်ဆွေ၊ မိသားစုတို့နဲ့ရင်းရင်းနှီးနှီးဆက်ဆံဖို့ လမ်းပွင့်သွားတယ်” ဟုပြောပြသည်။
ထင်ရှားနေသည်မှာ အစားအသောက်မူမမှန်မှုတစ်ရပ်မှ ပြန်နာလန်ထူလာခြင်းသည် စိန်ခေါ်ချက်တစ်ရပ်ဖြစ်သော်လည်း အဆုံးတွင် ကြိုးပမ်းရကျိုးနပ်ပေသည်။ ယင်းသည် ဤဆောင်းပါးတွဲ၏ ပထမဆုံးဆောင်းပါး၌ ဖော်ပြထားသောဂျင်းန်၏ယုံကြည်ရာဖြစ်သည်။ “အစားအသောက်မူမမှန်မှုကိုပြန်သွားခြင်းဟာ ခဏတာလွတ်မြောက်မှုရပြီးနောက် [ကိုယ့်ကိုယ်ကိုမထိခိုက်စေဖို့ စိတ်ရောဂါသမားများကိုထားရာ] ဖော့နံရံအခန်းငယ်သို့ တစ်ဖန် နောက်ကြောင်းပြန်ခြင်းနှင့်တူ၏” ဟုသူကဆိုသည်။
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 3 မည်သည့်ကုသနည်းကိုမဆို နိုးလော့! မှထောက်ခံနေခြင်းမဟုတ်ပါ။ ခရစ်ယာန်များအနေဖြင့် ကိုယ်တိုင်ဆုံးဖြတ်သင့်ပြီး မိမိတို့မှီဝဲသောမည်သည့်ကုသနည်းမဆို သမ္မာကျမ်းစာမူများနှင့် ဆန့်ကျင်မှုမရှိကြောင်း သေချာစေပါ။ အခြားသူတို့အနေဖြင့် သူတို့၏ဆုံးဖြတ်ချက်များကို ဝေဖန်ခြင်း သို့မဟုတ် စီရင်ချက်ချခြင်းတို့ကို မပြုသင့်ချေ။
^ အပိုဒ်၊ 15 အစာငတ်ခံစိတ်ရောဂါနှင့် ဆာလောင်စိတ်ရောဂါသည်များကို ကူညီပေးခြင်းနှင့်ပတ်သက်၍ ပိုမိုသိရှိရန် ၁၉၉၂၊ ဖေဖော်ဝါရီ ၂၂၊ နိုးလော့! [လိပ်] မှ “အစားအသောက်မူမမှန်သူများကို ကူညီပေးခြင်း” နှင့် ၁၉၉၀၊ ဒီဇင်ဘာ ၂၂၊ နိုးလော့! [လိပ်] မှ “အစားအသောက်မူမမှန်မှုများ—အဘယ်အရာလုပ်ပေးနိုင်မည်နည်း” ဆောင်းပါးတွဲများကိုရှု။
[စာမျက်နှာ ၁၁ ပါ လေးထောင့်ကွက်]
နာလန်ထူရန်အတွက် အခြေခံအုတ်မြစ်ချခြင်း
သင့်သမီး၌ အစားအသောက်မူမမှန်ဖြစ်နေသည်ဟု သံသယဝင်ပါက သင်ဘာလုပ်သင့်သနည်း။ အဆိုပါအခြေအနေကို သင်လျစ်လျူရှု၍မရနိုင်သည်မှာ ထင်ရှားပါ၏။ သို့သော် ဤအကြောင်းအရာကို သင်မည်သို့စတင်ဖွင့်ဟဆွေးနွေးမည်နည်း။ “တစ်ခါတစ်ရံ သူ့ကို တိုက်ရိုက်မေးမြန်းလိုက်ခြင်းက အဆင်ပြေမည်ဖြစ်သော်လည်း မကြာခဏဆိုသလို အုတ်နံရံတစ်ခုခြားလိုက်သကဲ့သို့ အဆုံးသတ်သွားတတ်သည်” ဟူ၍ ကလောင်ရှင်မိုက်ကယ်လ်ရီယာက တွေ့ မြင်လေသည်။
ဤအကြောင်းကြောင့် ညင်ညင်သာသာဖြင့်ချဉ်းကပ်ခြင်းမှာ သာ၍ထိရောက်မှုရှိကြောင်း သိရ၏။ “သင့်သမီးနှင့် စကားပြောဆိုသောအခါ သူ့ကိုနားလည်ပေးဖို့နှင့် အမှားတစ်ခုခုပြုလုပ်ခြင်းအတွက် သူ့အား အပြစ်တင်နေခြင်းမဟုတ်ကြောင်းခံစားမိစေဖို့လိုသည်” ဟူ၍ ရီယာကအကြံပေးသည်။ “ဤသို့သောဝန်းကျင်ကို သင်ဖန်တီးပေးနိုင်လျှင် မြီးကောင်ပေါက်များစွာတို့သည် သင့်အား အရှိကိုအရှိအတိုင်းဖွင့်ချမည်ဖြစ်ရာ အတော်ပင် သက်သာမှုရစေသည်။ မိဘအချို့သည် မိမိတို့၏ရတက်မအေးမှုနှင့် ကူညီပေးမှုကို မိမိတို့၏ဆယ်ကျော်သက်ကလေးများထံစာရေးခြင်းအားဖြင့် အောင်မြင်မှုရခဲ့ကြ၏။ သူတို့ စကားပြောဆို ဆွေးနွေးပြီးနောက်တွင် အခြေခံအုတ်မြစ်မှာ ချနှင့်ပြီးသားဖြစ်လေပြီ။”
[စာမျက်နှာ ၁၂ ပါ လေးထောင့်ကွက်]
မိဘများအတွက် စိန်ခေါ်ချက်တစ်ရပ်
အစားအသောက်မူမမှန်မှုတစ်ရပ်ဖြစ်နေသော သားသမီးတစ်ဦးရှိထားခြင်းက မိဘများအတွက် စိန်ခေါ်ချက်အတော်များများဖြစ်စေသည်။ “သင်သည် ကိုယ်ကိုယ်ကို သံမဏိ သို့မဟုတ် ကျောက်တုံးဖြစ်စေရမည်” ဟူ၍ဖခင်တစ်ဦးကဆိုသည်။ “သင့်မျက်စိရှေ့မှောက်တွင် သင့်ရင်သွေးဖျက်ဆီးခံနေရသည်ကို သင်တွေ့နေရပြီ။”
စားသောက်ခြင်းဝေဒနာတစ်ရပ်ရှိသော သားသမီးတစ်ဦး သင်၌ရှိနေလျှင် တစ်ခါတစ်ရံ သူ၏ခေါင်းမာသောအပြုအမူကြောင့် သင်စိတ်ပျက်မိလိမ့်မည်ကို မျှော်လင့်ရန်သာဖြစ်သည်။ သို့သော် စိတ်ရှည်ပါ။ မေတ္တာပြခြင်းကို ဘယ်တော့မျှမရပ်လိုက်ပါနှင့်။ အစာငတ်ခံစိတ်ရောဂါသည်သမီးရှိသောမိခင်ဖြစ်သူ အမ်မလီက ယင်းသည် အမြဲပင်မလွယ်ကူကြောင်းဝန်ခံခဲ့၏။ မည်သို့ပင်ဖြစ်စေကာမူ သူက ဤသို့ဆိုသည်– “ကျွန်မဟာ အမြဲယုယပေးဖို့ ကြိုးစားတယ်; သူ့ကိုဖက်ဖို့ကြိုးစားတယ်; နမ်းဖို့ကြိုးစားတယ် . . . သူ့အပေါ်နွေးထွေးမှုနဲ့ ချစ်ခင်ယုယမှုကို ရပ်ပစ်လိုက်မယ်ဆိုရင် မေတ္တာပါတဲ့ဆက်ဆံရေးကို ကျွန်မတို့ ဘယ်တော့မှပြန်ရမှာမဟုတ်ဘူး။”
အစားအသောက်မူမမှန်မှုတစ်ရပ်မှ သင့်ကလေးကို ပြန်နာလန်ထူလာဖို့ကူညီရာ၌ အကောင်းဆုံးနည်းလမ်းများထဲမှတစ်ခုမှာ သူနှင့်ဆက်သွယ်ခြင်းဖြစ်၏။ ထိုသို့ပြုလုပ်ရာ၌ သင်သည် စကားပြောဆိုခြင်းထက် နားထောင်ပေးခြင်း သာ၍လိုအပ်သည်။ သူ့အား “ဒါမမှန်ဘူး” သို့မဟုတ် “ဒီလိုမယူမှတ်သင့်ဘူး” ကဲ့သို့သောအဆိုများဖြင့် စကားဖြတ်ပစ်လိုခြင်းကိုချုပ်တည်းပါ။ အမှန်မှာ၊ ‘ဆင်းရဲသောသူ၏အော်ဟစ်သံကို မကြားလို၍ နားပိတ်ထားခြင်းကို’ မပြုရချေ။ (သု. ၂၁:၁၃) ပွင့်ပွင့်လင်းလင်းဆက်သွယ်မှုရှိသောအခါ လူငယ်တစ်ဦးသည် စိတ်ပူပင်သောကရောက်နေချိန်များအတွင်းတွင် တစ်နေရာရာ၌ အားကိုးအားထားရှိစေပြီး မကျန်းမာစေသည့် စားသောက်ခြင်းအမူအကျင့်များ ပြန်ဖြစ်စေဖို့နည်းပါးစေ၏။
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
အစားအသောက်မူမမှန်သူတို့ကို ကူညီရန် စိတ်ရှည်မှု၊ နားလည်မှုနှင့် မေတ္တာများစွာလိုအပ်