မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

မာကျစ်မြေဆီလွှာ

ဥရောပရှိမြေဧကသန်းခုနစ်ဆယ်၏မြေဆီလွှာမှာ “မြေဆီလွှာမာကျစ်ခြင်းအားဖြင့် လုံးဝညံ့ဖျင်းနေသည်” ဟူ၍နယူးဆိုင်းယင်းတစ်မဂ္ဂဇင်းက ဖော်ပြသည်။ ဂျာမနီရှိ ကီးတက္ကသိုလ်မှ သုတေသနပြုချက်အရ ဘီးတစ်ဘီးလျှင်ငါးတန်အလေးချိန်ရှိ လေးလံသောထွန်စက်များဖြင့် လယ်ကွင်းတစ်ကွင်းကို ခြောက်ကြိမ်ကျော်ဖြတ်သန်းသွားသောအခါ သုံးပေခန့်မြေအနက်တွင် ပိုးမွှားအစရှိသောအကောင်မျိုးနှင့် တီကောင်များကဲ့သို့သော ကျောရိုးမဲ့သတ္တဝါငယ်များ၏ အကောင်ရေသိပ်သည်းမှုမှာ ၈၀ ရာခိုင်နှုန်းအထိလျော့နည်းသွားကြောင်း ဖော်ပြသည်။ ဤသေးငယ်သောသတ္တဝါများသည် မြေသြဇာကောင်းစေဖို့ကူညီပေးရာ ယင်းတို့ သေကျေပျက်စီးသွားသည့်အလျောက် သီးနှံထွက်ရှိသည့်ပမာဏမှာ လျော့နည်းလာသည်။ သစ်ပင်အမြစ်များသည် မာကျောကျစ်လျစ်နေသောမြေဆီအောက်ခံလွှာကို မထိုးဖောက်နိုင်သည့်အတွက် ခြောက်သွေ့သောရာသီတွင် ထိခိုက်သည်။ မိုးရေသည် မြေကြီးထဲစိမ့်မဝင်နိုင်ချေ; ယင်းအစား မြေမျက်နှာပြင်ပေါ်မှစီးဆင်း၍ အပေါ်ယံမြေဆီလွှာကို တိုက်စားပစ်သည်။ ပုံမှန်ထွန်ယက်စိုက်ပျိုးခြင်းက အမှန်အားဖြင့် ပြဿနာတိုးစေပြီး ဖိသိပ်မှုဒဏ်ကို အတွင်းပိုင်းသို့သက်ရောက်စေသည်။ ဂျာမနီမှ သိပ္ပံပညာရှင်တို့က မြေတိမ်တိမ်တူးဆွခြင်း၊ အပေါ်ယံမြေဆီလွှာကို သုံးလက်မအနက်မျှသာ ထွန်ယက်ခြင်းအားဖြင့် မြေဆီလွှာပျက်ပြုန်းမှုကို သုံးပုံတစ်ပုံမျှလျော့နည်းသွားစေနိုင်သည်ဟု ဆိုကြ၏။

သတင်းဝန်ပိ

“မျက်မှောက်ခေတ် စက်မှုနည်းပညာဖြင့်စွမ်းဆောင်နိုင်သည့် ဆက်သွယ်ရေးကရိယာများမှာ လုပ်ငန်းခွင်၌ ကျန်းမာရေးအန္တရာယ်အသစ်တစ်ခုဖြစ်သည့် သတင်းဖိစီးမှုကိုဖြစ်ပေါ်နေစေသည်” ဟုကွန်ပျူတိန်းကနေဒါ၊ သတင်းအချက်အလက်-စက်မှုနည်းပညာစီမံအုပ်ချုပ်မှု သတင်းစာတစ်စောင်ကဖော်ပြသည်။ စတန်းဖော့ဒ် ကော်နက်တီကပ်၌ဖွင့်ထားသည့် ပစ်တနီ ဘိုစ်ကော်ပိုရေးရှင်းဦးစီးသော လုပ်ငန်းခွင်ဆက်သွယ်ရေးနှင့်ပတ်သက်သည့် မကြာသေးမီကလေ့လာမှုတစ်ရပ်အရ ပျမ်းမျှရုံးဝန်ထမ်းတစ်ဦးသည် ဖုန်းလက်ခံပြန်ကြားစက်၊ တယ်လီဖုန်း၊ ဖက်စ်၊ ပေဂျာ၊ ဘီပါနှင့် အီးမေးလ်အစရှိသည့် “သတင်းရပုံစံအမျိုးမျိုးကို တစ်နေ့လျှင် ခန့်မှန်းခြေ ၁၉၀ မျှ” ပို့ကြောင်း သို့မဟုတ် လက်ခံရရှိကြောင်း ဖော်ပြသည်။ အဆိုပါသတင်းစာက “ဆိုလိုသည်မှာ ယခုလက်ရှိလုပ်ငန်းကိုင်ငန်းများမှာ အတော်အတန် သတင်းပေးယူခြင်းပြုရန်လိုအပ်သဖြင့် ဖိစီးမှုများနှင့် အလုပ်ဝန်ပိမှုခံစားချက်များ တိုးများစေသည်” ဟုဆို၏။ ဝန်ထမ်းအများစုမှာ တေ့တေ့ဆိုင်ဆိုင် သို့မဟုတ် ဖုန်းမှတစ်ဆင့် ပြောဆိုခြင်းကို ပိုလိုလားကြောင်း တွေ့ရှိရသည်။ သတင်းဝန်ပိခြင်းကို လျော့ပါးစေရန် “အလုပ်သမားအားလုံးကို မိမိတို့၏ဆက်သွယ်ရေးကိရိယာများကို လက်သင့်ခံနိုင်စွာအသုံးပြုခြင်းနှင့်ပတ်သက်၍ ယင်းတို့ကို မည်သို့ဆီလျော်စွာအသုံးပြုရခြင်းအတွက် ညွှန်ကြားပေးရမည်” ဖြစ်ကြောင်း သုတေသီတို့ကအကြံပြုသည်။

မွေးစားကလေးနှင့် ဆက်ဆံရေးများ

ကလေးမွေးစားရန်စီစဉ်နေကြသောမိဘတို့သည် တစ်ခါတစ်ရံ ထိုဆက်ဆံရေးကို စိတ်ကူးယဉ်တတ်ကြ၏။ ကလေးသည် အမြဲပင်ချစ်စရာကောင်းပြီး အခက်အခဲများကို အလွယ်တကူဖြေရှင်းကျော်လွှားကာ နားလည်နိုင်လိမ့်မည်ဟု ယူမှတ်ကြ၏။ သို့သော် များသောအားဖြင့် ထိုသို့မဖြစ်ချေဟု အိုအက်စ်တာဒို ဒီ အက်စ်. ပေါလျူဘရာဇီးသတင်းစာကဖော်ပြသည်။ စိတ်ပညာရှင် အီလိုဇာ မာတင်က ဤသို့ဆိုသည်– “အများအားဖြင့် မိဘတို့သည် အထင်နှင့်ဆန့်ကျင်သောအခြေအနေများကို ကိုင်တွယ်ဖြေရှင်းရန် အသင့်မရှိကြချေ။” ထို့အပြင် “ကလေးသည် ထာဝစဉ်ကျေးဇူးတင်လိမ့်မည်ဟု မျှော်လင့်ကြသည့်မောင်နှံစုံများမှာ” အံ့အားသင့်ကြရမည်ဖြစ်ကြောင်း စောပေါလိုတက္ကသိုလ်မှ ပါမောက္ခ မီရီအန် ဒဗိုင်အို ရိုဇာကဆိုသည်။ တစ်ချိန်လုံး မည်သူမျှ မပျော်ရွှင်နိုင်ကြပါဟု သူပြောပြီးနောက် ဤသို့ထပ်ဆင့်သည်– “သွေးမတော်သားမစပ်၍ ခက်ခဲမှုများဖြစ်ရသည်ဟု မိဘများယူမှတ်ကြလေ့ရှိခြင်းမှာ မမှန်ကန်ချေ။” မိဘတို့သည် မွေးစားကလေးကို ချစ်ခင်ကြင်နာ၍ မေတ္တာပြဖို့လိုခြင်းအကြောင်း သူကဤသို့ဖော်ပြသည်– “ကျွေးမွေး၊ ဆေးကုသပေးရုံဖြင့် မလုံလောက်ချေ။” ကလေးအပေါ် စိတ်ပိုင်းဆိုင်ရာဆက်ဆံတွယ်တာမှုရှိဖို့လည်း လိုသည်။

တိုး၍သိလာသောဆေးလိပ်သောက်မှုမိုက်မဲရာ

“ဆေးလိပ်သောက်ခြင်းက စိတ်ယိုယွင်းမှုနှင့် အဲလ်ဇိုင်းမားရောဂါဖြစ်ပွားစေဖို့ အလားအလာနှစ်ဆကျော်ရှိစေသည်” ဟုမကြာသေးမီက နယ်သာလန်ရှိသုတေသနပြုချက်တစ်ခုမှဆို၏ဟူ၍ နိုင်ငံတကာသံတော်ဆင့်သတင်းစာ၌ဖော်ပြထားသည်။ အသက် ၅၅ နှစ်ကျော် လူပေါင်း ၆,၈၇၀ ကိုသုတေသနပြုခဲ့ရာ ကြာမြင့်စွာကတည်းက ဆေးလိပ်ကိုဖြတ်ထားသူတို့ထက် ဆေးလိပ်သောက်သူတို့မှာ အဲလ်ဇိုင်းမားရောဂါဖြစ်ပွားစေဖို့ ၂.၃ ဆသာ၍များသည်ဟု ဖော်ပြ၏။ ဆေးလိပ်ဖြတ်လိုက်သူတို့သည် တစ်ခါမျှဆေးလိပ်မသောက်ဖူးသူတို့ထက် ဖြစ်ဖို့အလားအလာမှာ အနည်းငယ်သာ သာ၍များသည်။ ဦးနှောက်၏ဆဲလ်များကို တဖြည်းဖြည်းပျက်စီးယိုယွင်းစေသော အဲလ်ဇိုင်းမားရောဂါသည် “စိတ်ယိုယွင်းခြင်း၏ အဖြစ်များဆုံးပုံစံ” ဖြစ်သည်။

ဝှက်စာအနက်ဖော်ဝံသူ

“အင်းဒတ်စ်လူမျိုးများရေးသားခဲ့ရာကို အဓိပ္ပာယ်ဖော်နိုင်သူအတွက် နိုဘယ်လ်ဆုရနိုင်စရာအကြောင်းရှိသည်” ဟုအင်းဒီးယာတူဒေးမဂ္ဂဇင်းကဖော်ပြ၏။ “အီတလီမှ အက်ထရူးစကင်းတို့နှင့်အတူ ယင်းသည် ယခုတိုင် အဓိပ္ပာယ်မဖော်နိုင်သေးသည့် ကြေးနီခေတ်မှ နောက်ဆုံးစာမူဖြစ်သည်။” အကြောင်းရင်းတစ်ရပ်မှာ ဝှက်စာကိုဖော်ထုတ်ရန် အကူအညီဖြစ်စေသည့် ဘာသာစကားနှစ်မျိုးကိုဖော်ပြသော မည်သည့်ရှေးဟောင်းပစ္စည်းကိုမျှ မတွေ့ရှိရသေး၍ဖြစ်သည်။ အီဂျစ်တို့၏အရုပ်စာများကို နပိုလီယံ၏လူတို့က ရိုးရိုးအီဂျစ်နှင့် ဂရိ အရုပ်စာဖြင့်မှတ်တမ်းတင်ထားသည့် ရိုစက်တာကျောက်စာကိုတွေ့ရှိခဲ့ပြီးနောက်၌သာ အနက်ဖွင့်ဖော်ပြနိုင်ခဲ့ကြသည်။ စူးမာ၏သပ်ပုံသဏ္ဌာန်စာမူကို ဟန္နရီ ရော်လင်ဆန်ရှာဖွေတွေ့ရှိသည့် ဘီဟစ်တန်ကျောက်စာပါ သဲလွန်စများဖြင့် အနက်ဖွင့်ဆိုနိုင်ခဲ့သည်။ ယခုအချိန်အထိ အင်းဒတ်စ်လူတို့၏စာရေးခြင်းမှာ ရေးခြစ်ရာများဖော်ပြသည့်အတိုင်း လက်ယာဘက်မှလက်ဝဲဘက်သို့ဖြစ်ကြောင်းနှင့် အဆိုပါရေးသားချက်သည် ဝဏ္ဏတွင်အခြေခံမည်ဖြစ်ကြောင်းမှလွဲ၍ အခြားမသိရချေ။ အဆိုပါစာမူတွင် အများအားဖြင့်ထွင်းထုထားရာများနှင့် ရေးစပ်ထားပြီး သင်္ကေတ ၄၁၉ လုံးခန့်ပါရှိသည်။