မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဂြိုဟ်မွှားများ ကြယ်တံခွန်များနှင့် ကမ္ဘာ—ထိပ်တိုက် လမ်းကြောင်း ပေါ်တွင်လော

ဂြိုဟ်မွှားများ ကြယ်တံခွန်များနှင့် ကမ္ဘာ—ထိပ်တိုက် လမ်းကြောင်း ပေါ်တွင်လော

ဂြိုဟ်မွှားများ ကြယ်တံခွန်များနှင့် ကမ္ဘာ—ထိပ်တိုက် လမ်းကြောင်း ပေါ်တွင်လော

‘ဇွန်လ ၃၀ ရက် နံနက်အစောပိုင်းတွင် ဆိုက်ဘေးရီးယားရှိ ရွာတစ်ရွာ၌ အလွန်ထူးဆန်းသော သဘာဝဖြစ်ရပ်တစ်ခုဖြစ်ပျက်ခဲ့၏။ မိုးကုပ်စက်ဝိုင်းအထက်မြင့်မြင့်၌ လွန်စွာတောက်ပသောအရာဝတ္ထုတစ်ခုကို တောင်သူလယ်သမားများတွေ့မြင်ခဲ့ကြသည်; သာမန်မျက်စိအဖို့ ယင်းသည်တောက်ပလွန်းလှ၏။ ထိုအလင်းအိမ်၏အောက်တည့်တည့် မိုးကုပ်စက်ဝိုင်းနိမ့်နိမ့်တွင် မဲမှောင်သောတိမ်တိုက်ငယ်တစ်ခုကိုတွေ့မြင်နိုင်သည်။ အဆိုပါတောက်ပသည့်အရာဝတ္ထုမှာ မြေကြီးနှင့်နီးကပ်လာသောအခါ အမှုန်အမွှားအဖြစ် ကြွေမွသွားသည်ဟုထင်ရသည်။ ယင်းနေရာတွင် မီးခိုးလုံးကြီးတက်လာပြီး ကျောက်တုံးကြီးများအစုလိုက်အပြုံလိုက်ပြိုကျဘိသည့်အလား ပေါက်ကွဲသံကြီးကို ကြားကြရသည်။ အဆောက်အဦများ သိမ့်သိမ့်တုန်သွားပြီး ခွပုံမီးလျှံမှာ မိုးတိမ်အထက်သို့ ဖောက်ထွက်လာသည်။ ရွာသားများ ထိတ်ထိတ်လန့်လန့်ဖြင့် လမ်းပေါ်သို့ပြေးထွက်လာကြသည်။ အဘွားအိုတို့က ငိုကြွေးကြ၏; ကမ္ဘာ၏အဆုံးသည် သူတို့အပေါ်သို့ကျရောက်ပြီဟူ၍ လူတိုင်းကယူမှတ်ကြသည်။’—⁠ဆိုက်ဘာသတင်းစာ၌ ပါရှိသောသတင်းအကျဉ်းချုပ်၊ ရုရှားနိုင်ငံ၊ အီကွတ်စ်ခမြို့၊ ၁၉၀၈ ခုနှစ်၊ ဇူလိုင် ၂။

ဝေဟင်မှအရာဝတ္ထုတစ်ခုသည် ယခုလေးပင် သူတို့၏ဦးခေါင်းအထက်၌ ပေါက်ကွဲသွားခဲ့ကြောင်း ထိုရွာသားများမသိလိုက်ကြချေ။ ယနေ့ နှစ်ပေါင်း ၉၀ ကျော်ကြာပြီးနောက် ကျွန်ုပ်တို့၏ကမ္ဘာဂြိုဟ်အဆုံးနှင့်ပတ်သက်၍ အဆန်းပြားဆုံးသောတင်ကြိုခန့်မှန်းချက်များအနက်တစ်ခုမှာ ဂြိုဟ်မွှား သို့မဟုတ် ကြယ်တံခွန်ကြောင့်ဖြစ်သည့် သဘာဝကပ်ဘေးကြီးနှင့် ပတ်သက်၏။ အစအက္ခရာများဖြင့် ဖွဲ့စည်းဖြစ်ပေါ်လာသည့် NEOs (near-earth objects) (ကမ္ဘာဂြိုဟ်အနီးရှိ အရာဝတ္ထုများ) နှင့် PHOs (potentially hazardous objects) (အန္တရာယ်ဖြစ်နိုင်စွမ်းရှိ အရာဝတ္ထုများ) ကဲ့သို့သောစကားလုံးများကို နက္ခတ်တာရာများနှင့်တိုက်မိကြခြင်းဖြင့် ကမ္ဘာကြီး ပျက်စီးသွားခြင်းအကြောင်း ထိတ်လန့်စရာကောင်းသည့် တင်ကြိုခန့်မှန်းချက်များနှင့်ပတ်သက်ပြီး ကြားနေကြရသည်။ ဟော်လီဝုဒ်က ဤကြောက်ရွံ့ထိတ်လန့်မှုများကို အခွင့်အရေးယူကာ Deep Impact နှင့် Armageddon ကဲ့သို့သောရုပ်ရှင်ကားများရိုက်ကူး၍ များစွာအကျိုးအမြတ်ရသွားသည်။

သင် သို့မဟုတ် သင့်သားသမီးသည် ကောင်းကင်မှဥက္ကာပျံကြောင့် ဇီဝချုပ်ငြိမ်းစရာအကြောင်းရှိသလော။ သင့်အိမ်နောက်ဖေးခြံထဲသို့ မကြာမီ သံတုံးနှင့် ရေခဲတုံးများစွာ တရစပ်ကျလာဖို့ မျှော်လင့်သင့်သလော။ ပင်လယ်ကမ်းရိုးတန်းအနီးတစ်လျှောက် သင်နေထိုင်ပါက လေလွင့်ဂြိုဟ်မွှားတစ်ခု ပင်လယ်ထဲကျလာရာမှ ဒီရေအလွန်တက်ခြင်းကြောင့် သင့်နေအိမ် ပြိုပျက်သွားမည်လော။

ဂြိုဟ်အပိုင်းအစများကြား လှည့်ပတ်သွားခြင်း

ကျွန်ုပ်တို့၏နေအဖွဲ့အစည်းတွင် နေ၊ ဂြိုဟ်ကြီးကိုးလုံးနှင့် ၎င်းတို့၏ဂြိုဟ်ရံလများထက်မက ပါဝင်သည်။ ကြယ်တံခွန်များ (ရေခဲနှင့်ဖုန်မှုန့်အစိုင်အခဲများ)၊ ဂြိုဟ်မွှားများ (ဂြိုဟ်ငယ်လေးများ) နှင့် ဥက္ကာခဲများ (များသောအားဖြင့်ဂြိုဟ်မွှားများ၏အပိုင်းအစများ) သည်လည်း နေအဖွဲ့အစည်းအတွင်း လှည့်ပတ်သွားလာနေကြသည်။ ကမ္ဘာကြီးသည် အာကာသမှ တိုက်ခံရဖွယ်ရှိကြောင်း ကြာမြင့်ပြီးကတည်းကပင် သိပ္ပံပညာရှင်များသိထားကြ၏။ ကျွန်ုပ်တို့သည် ရှုပ်ထွေးလျက်ရှိသောအိမ်နီးချင်းတစ်စုတွင် နေထိုင်နေကြောင်းကိုသိရန် လ၏ကြမ်းတမ်းသောရှုခင်းကိုသာကြည့်ရှုဖို့ရှိသည်။ လေထုနှင့် ကမ္ဘာ့မျက်နှာပြင်တွင် ကျောက်လွှာရွှေ့လျားမှုများ၊ တိုက်စားမှုများ အဆက်မပြတ်ဖြစ်ပေါ်နေခြင်းတို့သာ ရှိမနေပါက ကျွန်ုပ်တို့ကမ္ဘာဂြိုဟ်၏မျက်နှာပြင်မှာ လမျက်နှာပြင်ကဲ့သို့ ချိုင့်ခွက်များဖြစ်ပေမည်။

နေ့စဉ် သန်း ၂၀၀ ခန့်ပင်ရှိသော ဥက္ကာများကို ကမ္ဘာ့လေထုတွင်တွေ့ မြင်နေရသည်ဟု သိပ္ပံပညာရှင်တို့က ခန့်မှန်းကြသည်။ လေထုထဲဝင်လာသော အရာဝတ္တုအများစုမှာသေးငယ်၍ သတိမထားမိလိုက်ခင်မှာပင် မီးလောင်ကျွမ်းသွား၏။ သို့သော် ဤအရာဝတ္ထုများထဲမှ အချို့မှာ မီးလောင်ကျွမ်းမှုမှလွတ်မြောက်လာပြီး လေထုနှင့်ပွတ်တိုက်မိခြင်းကြောင့် အရှိန်နှေးသွားရာ တစ်နာရီလျှင် မိုင် ၂၀၀ နှုန်းခန့်ဖြင့်ကျလာသည်။ ယင်းတို့မှကျန်နေသောအပိုင်းများသည် ဥက္ကာခဲများအဖြစ် မြေပြင်ပေါ်သို့ ကျလာ၏။ များသောအားဖြင့် ယင်းတို့သည် အဏ္ဏဝါပြင်များအတွင်း သို့မဟုတ် လူသူမနေသည့်နယ်မြေများထဲသို့ကျရောက်သောကြောင့် လူတို့ကို အန္တရာယ်ဖြစ်စေခြင်းမှာ နည်းပါးလေသည်။ ကျွန်ုပ်တို့လေထုထဲသို့ဝင်ရောက်လာသည့် အရာဝတ္ထုများသည် ကမ္ဘာ့အလေးချိန်ကို နေ့စဉ်တန်ပေါင်းရာနှင့်ချီ၍တိုးလာစေသည်ဟု ခန့်မှန်းကြသည်။

ထို့အပြင် ကမ္ဘာ့ပတ်လမ်းကြောင်းကို ဖြတ်သန်းသွားသည့် သို့မဟုတ် နီးကပ်လာနေသော အချင်းတစ်မိုင်၏ဆယ်ပုံခြောက်ပုံထက်ကြီးသည့် ဂြိုဟ်မွှား ၂,၀၀၀ ခန့်ရှိမည်ဟု နက္ခတ္တဗေဒပညာရှင်တို့က ခန့်မှန်းကြသည်။ ယင်းတို့ထဲမှ ၂၀၀ ခန့်ကိုသာ သူတို့တွေ့ရှိ၍ ခြေရာခံမိခဲ့ကြသည်။ ကမ္ဘာပတ်လမ်းကြောင်းသို့ အန္တရာယ်ရှိစွာနီးကပ်လာသည့် အချင်းပေ ၁၆၀ ကျော်သော ဂြိုဟ်မွှားတစ်သန်းလည်းရှိကြောင်း ခန့်မှန်းချက်တစ်ခုကဖော်ပြသည်။ ထိုအရွယ်ရှိ ဂြိုဟ်မွှားများသည် မြေကြီးပေါ်သို့ရောက်လာနိုင်ပြီး ပျက်စီးမှုဖြစ်စေနိုင်သည်။ နှိုင်းစာကြည့်လျှင် အတော်အတန်ငယ်သည့် ဤဒုံးကျည်သည် တစ်ဆယ်မီဂါတန်အင်အားရှိရာ ကြီးမားသည့်အနုမြူဗုံးတစ်လုံးနှင့် ညီမျှသည်။ ကမ္ဘာ့လေထုသည် ကျွန်ုပ်တို့ကို အသေးစားတိုက်မိခြင်းများမှ ကာကွယ်ပေးနိုင်သော်လည်း တစ်ဆယ်မီဂါတန် သို့မဟုတ် ထိုထက်များသောစွမ်းအင်များကိုမူ ကာကွယ်ရပ်တန့်စေနိုင်မည်မဟုတ်ချေ။ စာရင်းအင်းများအရ ပျမ်းမျှအားဖြင့် ရာစုနှစ်တစ်ခုတွင်တစ်ကြိမ် တစ်ဆယ်မီဂါတန်ထိမှန်ခြင်းကို ကျွန်ုပ်တို့မျှော်လင့်ထားနိုင်ကြောင်း သုတေသီအချို့ကဆိုသည်။ အချို့သူတို့၏ခန့်မှန်းချက်များအရ တစ်မိုင်အကွာမှဖြတ်သွားသည့် အရာဝတ္ထုများ၏တိုက်မိကြိမ်နှုန်းမှာ အနှစ် ၁၀၀,၀၀၀ လျှင်တစ်ကြိမ်ဖြစ်သည်။

ချိုင့်ခွက်များ၊ ပေါက်ကွဲမှုများနှင့် တိုက်မိမှုများဖော်ပြရာ

ကျွန်ုပ်တို့၏ဂြိုဟ်မှာ အာကာသမှရွာသွန်းကျလာသည့် ကြီးမားသောအရာဝတ္ထုများအားဖြင့် လွန်ခဲ့သည့်အချိန်က ထိမှန်ခြင်းခံခဲ့ရသည်ကို ယုံကြည်ရန်မခဲယဉ်းချေ။ ဤသို့သောထိမှန်မှုများ၏သက်သေသာဓကကို ရှာဖွေတွေ့ရှိထားသော ကမ္ဘာ့မျက်နှာပြင်၏ချိုင့်ခွက် ၁၅၀ ကျော်တွင် တွေ့ရှိနိုင်သည်။ ယင်းတို့ထဲမှအချို့ကို ထင်ထင်ရှားရှားတွေ့မြင်ရပြီး အခြားအရာတို့ကိုမူ လေယာဉ်ပျံ သို့မဟုတ် မိုးလေဝသဂြိုဟ်တုပေါ်မှသာ တွေ့မြင်ကြရကာ ကြာမြင့်ပြီးကတည်းက မြုပ်သွားသော သို့မဟုတ် ပင်လယ်ကြမ်းခင်းတွင်ရှိနေသော အရာများရှိသေး၏။

ချိုင့်ခွက်များထဲမှ ထင်ရှားကျော်ကြားဆုံးတစ်ခုမှာ ချက်ဇူးလျူပ်ဖြစ်ပြီ ကမ္ဘာ့မျက်နှာပြင်တွင် အချင်းမိုင် ၁၁၀ ရှိသော အမာရွတ်တစ်ခုကို ထင်ကျန်စေခဲ့သည်။ မက္ကစီကိုမြောက်ဘက်ပိုင်းစွန်း ယူကတန်ကျွန်းဆွယ်တွင်တည်ရှိပြီး ဤကြီးမားလှသောချိုင့်ခွက်သည် ခြောက်မိုင်အကျယ်ရှိ ကြယ်တံခွန် သို့မဟုတ် ဂြိုဟ်မွှားတစ်ခု၏ထိမှန်တိုက်ဆောင့်ခြင်း မြေနေရာဖြစ်သည်ဟု ယုံကြည်ထားကြသည်။ ဤထိမှန်တိုက်မှုက ရာသီဥတုကိုပြောင်းလဲစေပြီး ဒိုင်နိုဆောနှင့် အခြားကုန်းနေ၊ ရေနေသတ္တဝါများကို မျိုးသုဉ်းစေခဲ့သည်ဟူ၍ အချို့ကဆိုကြသည်။

အမေရိကန်ပြည်ထောင်စု အရီဇိုးနားပြည်နယ်တွင် သံဥက္ကာခဲတစ်ခဲက အကျယ်ပေ ၄၀၀၀ နီးပါးရှိပြီး အနက် ပေ ၆၀၀ ရှိသော အံ့သြထူးဆန်းဖွယ် ဥက္ကာချိုင့်ခွက်ကို ထွင်းထုတ်ခဲ့သည်။ ယင်းကဲ့သို့သောဥက္ကာခဲတစ်ခဲ မြို့တစ်မြို့ကိုထိမှန်ခဲ့လျှင် အသေအပျောက်ဒဏ်ရာရရှိမှုမှာ အဘယ်သို့ရှိမည်နည်း။ နယူးယောက်မြို့ရှိ အမေရိကန်သဘာဝသမိုင်းပြတိုက်တွင် လူသိများသည့်ခင်းကျင်းပြသထားရာတစ်ခုက ထိုကဲ့သို့သောအရာဝတ္ထုတစ်ခုသည် မန်ဟေတန်မြို့ကြီးကို ထိမှန်မည်ဆိုလျှင် လူနေထူထပ်သောထိုမြို့ပြကြီးမှာ လုံးဝပျက်စီးသွားလိမ့်မည်ဖြစ်ကြောင်း ဖော်ပြသည်။

၁၉၀၈ ခုနှစ်၊ ဇွန် ၃၀ ရက်တွင် နိဒါန်း၌ဖော်ပြထားသည့်အတိုင်း အချင်း ပေ ၃၀၀ မပြည့်တတ်ဟုခန့်မှန်းရသော ဂြိုဟ်မွှား သို့မဟုတ် ကြယ်တံခွန်တစ်လုံးသည် ဝေါခနဲလေထုထဲဝင်ရောက်လာပြီး လူနေထူထပ်မှုမရှိသည့် ဆိုက်ဘေးရီးယားရှိ တန်ဂပ်စ်ကာဒေသ ကောင်းကင်၌ငါးမိုင်ခန့်အကွာတွင် ပေါက်ကွဲခဲ့၏။ ပေါက်ကွဲမှုသည် ခန့်မှန်းခြေအားဖြင့် ၁၅ မီဂါတန်အင်အားရှိပြီး စတုရန်းမိုင်အကျယ် ၈၀၀ ရှိနယ်မြေတစ်ခုကို သိမ်းရုံးဖျက်ဆီးပစ်ရာ သစ်ပင်များပြိုလဲပြီ မီးလောင်ကျွမ်းမှုစတင်ကာ ရိန်းဒီးယားသမင်များကိုသေဆုံးစေသည်။ လူနေသိပ်သည်းသောနယ်မြေတွင် အလယ်ဗဟိုမှနေ၍ ထိုသို့ပေါက်ကွဲပါက လူပေါင်းမည်မျှသေကျေမည်နည်း။

၁၉၉၄ ခုနှစ်၊ ဇူလိုင်တွင် ရှူးမိတ်ကာ-လီဗယ် ၉ ကြယ်တံခွန်၏အပိုင်းအစများက ဂျူပီတာဂြိုဟ်အပေါ် အရှိန်နှင့်ကျရောက်စဉ် ကမ္ဘာတစ်ဝန်းရှိ အဝေးကြည့်မှန်ပြောင်းအားလုံးက ထိုဂြိုဟ်ပေါ်သို့ ဗဟိုပြုထားကြသည်။ ဂျူပီတာဂြိုဟ်ပေါ်၌ ဖြစ်ပေါ်သော ယာယီအမာရွတ်များသည် တိုက်ခိုက်ထိမှန်မှုများကို ကိုယ်တွေ့မြင်သူတို့၏စိတ်ဝယ် နက်နက်ရှိုင်းရှိုင်းစွဲနေကြသည်။ ဂျူပီတာ၏ ထပ်ခါထပ်ခါထိမှန်ခံရခြင်းကို ကြည့်ရှုကြခြင်းက အကယ်၍ ယင်းအစား ကမ္ဘာမြေကြီးသာ ကြယ်တံခွန်၏ပစ်မှတ်ဖြစ်ခဲ့ပါက အဘယ်သို့ဖြစ်လာမည်ကို ပညာရှင်တို့နှင့်သာမန်လူတို့အား တွေးတောစေသည်။

ဘေးအန္တရာယ် ဇာတ်လမ်းများ

ကြယ်တံခွန် သို့မဟုတ် ဂြိုဟ်မွှားတစ်ခု ကျွန်ုပ်တို့၏ကမ္ဘာဂြိုဟ်နှင့်တိုက်မိမည်ဆိုလျှင်ဖြစ်ပေါ်လာမည့် ကြောက်ခမန်းလိလိဖြစ်လာဖွယ်အကျိုးဆက်များကို သိပ္ပံပညာရှင်တို့က စိုးရိမ်တကြီးဖြင့် ဆင်ခြင်သုံးသပ်ခဲ့ကြသည်။ ကြီးမားသောတိုက်မိမှုတစ်ခု၏ လက်ငင်းရလဒ်ကို သူတို့တွေးယူကြပုံကား ဤသို့။ ဦးဆုံးကျောက်တုံးနှင့်ဖုန်မှုန့်အစိုင်အခဲ ပေါက်ကွဲမှုတစ်ခုဖြစ်လိမ့်မည်။ အကျိုးအပဲ့အပျက်အစီးများက ဥက္ကာမိုးအဖြစ် ရွာသွန်းစေမည်ဖြစ်ရာ ကောင်းကင်ကို အနီရောင်တောက်တောက်ပြောင်းသွားစေပြီး သစ်တောများနှင့်မြက်ခင်းပြင်ကို မီးလောင်ကျွမ်းစေကာ ကုန်းနေသက်ရှိများကို သေကျေစေမည်ဖြစ်၏။ လေထုထဲတွင် ကြာရှည်စွာပေါလောရှိနေသည့်ဖုန်မှုန့်က နေရောင်ခြည်ကိုပိတ်ဆို့ပစ်လိုက်ရာ အပူချိန်ထိုးကျသွားသည့်အတွက် မှောက်မိုက်နေသောအောက်ဘက်မျက်နှာပြင်၌ အလင်းမှီစုဖွဲ့ခြင်းကိုရပ်သွားစေသည်။ အလင်းမှီစုဖွဲ့ခြင်းကို ဆီးတားထားခြင်းက ပင်လယ်တွင်းအစာကွင်းဆက်ကိုလည်း ပြတ်တောက်သွားစေပြီး ရေသတ္တဝါအများစုကိုသေစေသည်။ ဤဇာတ်လမ်းအရ ကမ္ဘာချီအက်စစ်မိုးနှင့် အိုဇုန်းလွှာပျက်စီးခြင်းအားဖြင့် ဝန်းကျင်လုံးဝပျက်သုဉ်းသွားမည်ဖြစ်သည်။

ထိုသို့သောဂြိုဟ်မွှားတစ်ခု ပင်လယ်တွင်းသို့ကျရောက်ပါက ကြီးကျယ်သောပျက်စီးမှုဖြစ်နိုင်ခြေရှိသော ဒီရေလှိုင်းကြီးများ၊ ငလျင်ရေလှိုင်းများပေါ်ထွက်လာစေမည်။ ကနဦးသိမ့်လှိုင်းထက် ငလျင်ရေလှိုင်းများသည် ထိမှန်သည့်နေရာမှ ပို၍ဝေးဝေးသို့ရွေ့လျားမည်ဖြစ်ပြီး ကမ်းရိုးတန်းတစ်လျှောက် မိုင်ပေါင်းထောင်နှင့်ချီ၍ ကျယ်ကျယ်ပြန့်ပြန့်ပျက်စီးစေမည်ဖြစ်သည်။ နက္ခတ္တဗေဒပညာရှင် ဂျက်ဟေးလ်က ဤသို့ဆိုသည်– “မြို့များတည်ရှိခဲ့တဲ့နေရာမှာ ရွှံ့နွံ ပြင်တွေသာဖြစ်နေလိမ့်မယ်။”

သို့သော် ထိုသို့သောအခိုင်အမာပြောဆိုချက်များကို သတိထားရမည်။ ဤယူဆချက်အများစုမှာ တွေးဆချက်မျှသာဖြစ်သည်။ ထင်ရှားနေသည်မှာ ကမ္ဘာကြီးအား ဂြိုဟ်မွှားတစ်ခုက တိုက်ဆောင့်ခြင်းကို တွေ့ မြင်ခဲ့သည့် သို့မဟုတ် လေ့လာခဲ့သည့်သူ တစ်ဦးတစ်ယောက်မျှမရှိခဲ့ချေ။ ထို့အပြင် ယနေ့အထူးလွန်ကဲသော မီဒီယာများသည် မပြည့်စုံ သို့မဟုတ် မမှန်ကန်သောသတင်းအချက်အလက်အပေါ်အခြေခံ၍ စိတ်လှုပ်ရှားစေသော သတင်းခေါင်းစဉ်များကို ထုတ်ဝေရန်မြန်ဆန်ကြသည်။ အမှန်မှာ ကောင်းကင်မှအရာဝတ္ထုတစ်ခုကျလာခြင်းကြောင့် သေဆုံးမည့်အခွင့်အလမ်းသည် ကားတိုက်မှုတစ်ရပ်ကြောင့် သေဆုံးမည့်အခွင့်အလမ်းထက် နည်းသည်မှာ ထင်ရှားပါ၏ဟု ယင်းကဆိုသည်။

ဘာလုပ်သင့်သနည်း

ပညာရှင်များစွာတို့က ဘေးဒဏ်ကိုရှောင်ကွင်းဖို့ အကောင်းဆုံးနည်းဗျူဟာမှာ ချဉ်းကပ်လာသောကြယ်တံခွန် သို့မဟုတ် ဂြိုဟ်မွှားတစ်ခုသို့ ဒုံးပျံတစ်စင်းပစ်လွှတ်၍ ကျူးကျော်လာသည့်အရာကို ကြားဖြတ်ဆီးတားရန်ပြုလုပ်ခြင်းက အနည်းဆုံးတော့ ယင်း၏လမ်းကြောင်းကို လမ်းလွှဲပစ်လိမ့်မည်ဟု ယူမှတ်ထားကြသည်။ အကယ်၍ ဂြိုဟ်မွှားသည် သေးငယ်ပြီး တိုက်မိမည့်အခြေအနေကို နှစ်များစွာကြိုပြီး တွက်ချက်သိရှိခဲ့လျှင် ဤကြားဖြတ်ဆီးတားမှုကို ရာနှုန်းပြည့်လုပ်ဆောင်နိုင်မည်။

သို့သော် ကမ္ဘာကြီးနှင့်တိုက်မိနိုင်သည့် သာ၍ကြီးသောအရာဝတ္ထုတစ်ခုအတွက်ကိုမူ နျူကလီးယားလက်နက်များအသုံးပြုရန် သိပ္ပံပညာရှင်အချို့က အဆိုပြုကြ၏။ ထိုသို့သောကိစ္စရပ်၌ အသေအချာချိန်ကိုက်ထားသော နျူကလီးယားဖောက်ခွဲမှုတစ်ရပ်က အဆိုပါဂြိုဟ်မွှားကို အန္တရာယ်ကင်းသောပတ်လမ်းကြောင်းထဲသို့ အသာတွန်းလိုက်ခြင်းဖြင့် တိုက်မိခြင်းမှလွတ်မြောက်သွားစေနိုင်သည်ဟု ယုံကြည်ကြ၏။ ဂြိုဟ်မွှား၏အရွယ်အစားနှင့် ကမ္ဘာသို့ယင်း၏နီးကပ်လာခြင်းက လိုအပ်သည့် နျူကလီးယားပေါက်ကွဲမှုပမာဏကို အဆုံးအဖြတ်ပေးလိမ့်မည်။

ပြဿနာကား ပြည့်စုံကုံလုံသော တင်ကြိုသတိပေးချက်မရရှိဘဲနှင့် ဤဖြစ်နိုင်ခြေရှိ ခုခံကာကွယ်မှုကိရိယာများထဲမှတစ်ခုမျှ ထိရောက်မှုရှိနိုင်မည်မဟုတ်ချေ။ အာကာသသို့စောင့်ကြည့်သူတို့နှင့် ကမ္ဘာအနီးရှိဂြိုဟ်မွှားကိုခြေရာခံသူတို့ကဲ့သို့သော နက္ခတ္တဗေဒဆိုင်ရာအုပ်စုများက ဂြိုဟ်မွှားများကိုရှာဖွေရန် တစိုက်မတ်မတ်ဆောင်ရွက်ကြသည်။ များစွာတို့က ယင်းနှင့်ပတ်သက်၍ ထိုထက်မကပြုလုပ်သင့်ကြောင်း ယူမှတ်ကြ၏။

ဝန်ခံရမည်ကား ချို့တဲ့မှုရှိသောလူသားတို့သည် ဤနက္ခတ်တာရာများ၏ တည်နေရာများ၊ ရွေ့လျားမှုများနှင့်ပတ်သက်၍ အသိပညာတွင် ကန့်သတ်မှုရှိနေခြင်းဖြစ်သည်။ သို့သော် ကမ္ဘာမြေကြီးပေါ်ရှိ သက်ရှိတို့၏အနာဂတ်အတွက် အန္တရာယ်ဖြစ်လာနိုင်စရာများနှင့်ပတ်သက်၍ စိုးရိမ်ပူပန်လွန်းခြင်း သို့မဟုတ် ထိတ်လန့်ကြောက်ရွံ့လွန်းခြင်း ဖြစ်စရာမလိုချေ။ ဂြိုဟ်မွှား သို့မဟုတ် ကြယ်တံခွန်အားဖြင့် ကမ္ဘာမြေကြီးပေါ်ရှိသက်ရှိတို့ကို ဘယ်သောအခါမျှပျက်စီးစေမည်မဟုတ်ဟူသည့် စိတ်အချရဆုံးအာမခံချက်သည် စကြဝဠာဖန်ဆင်းရှင် ယေဟောဝါဘုရားသခင့်ထံတော်မှလာသည်။ * သမ္မာကျမ်းစာက ကျွန်ုပ်တို့အား ဤသို့အာမခံထားသည်– “ဖြောင့်မတ်သောသူတို့သည် ပြည်တော်ကိုအမွေခံ၍ အစဉ်အမြဲနေရကြလိမ့်မည်။”—⁠ဆာလံ ၃၇:၂၉; ဟေရှာယ ၄၅:⁠၁၈

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 23 ယင်းနှင့်စပ်လျဉ်း၍ သမ္မာကျမ်းစာရှုထောင့်ကို ပိုမိုသိလိုပါက ၁၉၉၈၊ ဒီဇင်ဘာ ၈ ရက်ထုတ် နိုးလော့! [လိပ်] စာမျက်နှာ ၂၂-၂၃ ကိုရှု။

[စာမျက်နှာ ၂၁ ပါ လေးထောင့်ကွက်]

၁၉၉၇ အိတ်စ်အက်ဖ် ၁၁ အရေးကိစ္စ

၁၉၉၈ ခုနှစ်၊ မတ် ၁၂ ရက်တွင် ကမ္ဘာတစ်ဝန်းလုံး၌ သတင်းဆိုးမှာတစ်မုဟုတ်ချင်းပျံ့သွားခဲ့သည်– အကျယ်တစ်မိုင်ရှိသော ဂြိုဟ်မွှားတစ်ခုသည် ကမ္ဘာသို့ဦးတည်လာနေခဲ့ပြီး အချိန်ဇယားအရ သက္ကရာဇ် ၂၀၂၈ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်၊ “ကြာသပတေးနေ့” တွင်ရောက်ရှိလာမည်။ အဆိုပါဂြိုဟ်မွှားကို ၁၉၉၇ အိတ်စ်အက်ဖ် ၁၁ ဟုနာမည်ပေးထားကြပြီ အရီဇိုးနားတက္ကသိုလ်၊ အာကာသသို့စောင့်ကြည့်သူအုပ်စုမှ နက္ခတ္တဗေဒပညာရှင် ဂျင်းစကော့တီက ၁၉၉၇ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်တွင် တွေ့ ရှိခဲ့ခြင်းဖြစ်သည်။ အတိတ်ကအချက်အလက်များနှင့် အသစ်သောသုံးသပ်တွေ့ ရှိချက်များကို အသုံးချ၍ ဟာဗက်ဒ်-စမစ်စိုနီရမ် ရူပနက္ခတ္တဗေဒ အခြေစိုက်ဌာနနှင့်ဆက်နွှယ်မှုရှိသော သိပ္ပံပညာရှင်တို့က သတင်းဖြန့်ချိခဲ့ကြပြီး ယင်းကိုအသုံးပြုကာ အချို့သူတို့က ဂြိုဟ်မွှား၏ပတ်လမ်းကြောင်းသည် ကမ္ဘာမြေမှ မိုင်ပေါင်း ၃၀,၀၀၀ ခန့်အကွာလောက်တွင်သာရှိကြောင်း ဟောကိန်းထုတ်ခဲ့ကြသည်၊ နက္ခတ္တဗေဒဆိုင်ရာစံနှုန်းများအရ ယင်းသည် ဆံခြည်တစ်မျှင်စာအကွာအဝေး သို့မဟုတ် “လွဲနိုင်စရာလုံးဝမရှိ” သောအကွာအဝေးဖြစ်သည်။ ရုပ်မြင်သံကြားဖန်သားပြင်များတွင် ဂြိုဟ်မွှားတစ်ခု ကမ္ဘာတွင်းသို့ အပြင်းအထန်တိုက်ခြင်းနှင့်ပတ်သက်၍ ကြောက်ရွံ့ထိတ်လန့်မှုလှုံ့ဆော်ပေးချက်များဖြင့် ပြည့်လွှမ်းခဲ့သည်။ ထို့နောက် တစ်ရက်ပင်မပြည့်ချေ၊ အဆိုပါအန္တရာယ်မှာ ပျောက်သွားခဲ့သည်။ အချက်အလက်သစ်နှင့် တွက်ချက်မှုအသစ်များက အဆိုပါဂြိုဟ်မွှားသည် ကမ္ဘာမြေကြီးမှ မိုင် ၆၀၀,၀၀၀ အကွာအဝေးဖြင့်လွဲချော်သွားလိမ့်မည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ ယင်းသည် ယခင်က တွေ့ ရှိခဲ့ကြသည့် အဆိုပါအရွယ်အစားရှိ မည်သည့်ဂြိုဟ်မွှားထက်မဆို ပို၍နီးကပ်ခဲ့သည့်တိုင် ယင်းသည် အန္တရာယ်ကင်းသည့်အကွာအဝေး ဖြစ်ခဲ့သည်။ ချက်ချင်းပင် “အိုကေပြီ၊ တွက်တာနည်းနည်းလေးလွဲသွားတယ်” ကဲ့သို့သောသတင်းခေါင်းစဉ်များဖြင့် စာနယ်ဇင်းသတင်းများထွက်လာခဲ့သည်။

[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]

၁။ ဟယ်လီကြယ်တံခွန်

၂။ အိကေယာ-ဆေကီကြယ်တံခွန်

၃။ ၉၅၁ ဂက်စ်ပရာဂြိုဟ်မွှား

၄။ ဥက္ကာချိုင့်ခွက်—⁠အကျယ်ပေ ၄,၀၀၀ နီးပါးရှိ၍ အနက်ပေ ၆၀၀ ရှိသောမြေကျင်း

[Credit Lines]

Courtesy of ROE/Anglo-Australian Observatory, photograph by David Malin

NASA photo

NASA/JPL/Caltech

Photo by D. J. Roddy and K. Zeller, U.S. Geological Survey

[Picture Credit Line on page 25]

NASA photo