မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင်ရှိသလော—သိပ္ပံပညာရှင်အချို့ ဖြေဆိုကြ

ဘုရားသခင်ရှိသလော—သိပ္ပံပညာရှင်အချို့ ဖြေဆိုကြ

ဘုရားသခင်ရှိသလော—သိပ္ပံပညာရှင်အချို့ ဖြေဆိုကြ

မက်ဆာချူးဆက် စက်မှုတက္ကသိုလ်မှ ရူပဗေဒပါမောက္ခ အူလ်ရစ်ခ် ဂျေ. ဘက်ကာသည် ဘုရားသခင်ရှိခြင်းနှင့်ပတ်သက်၍ ဝေဖန်ပြောဆိုသည့်အခါ ဤသို့ဆိုခဲ့သည်– “ဖန်ဆင်းရှင်မရှိဘဲ ကျွန်တော်ဘယ်လိုရှိနိုင်မှာလဲ။ ခိုင်လုံတဲ့အဖြေတစ်ခုမှ ဖြေခဲ့ဖူးတာ မကြားဖူးဘူး။”

ယင်းက သူ၏သိပ္ပံပညာအယူအဆများကို ဆန့်ကျင်သလော။ ထိုပါမောက္ခ၏ စဉ်းစားစရာဖြစ်စေသောအဖြေမှာ “‘နာရီ’ ထဲကဘီးတစ်ဘီး ဘယ်လိုလည်တယ်ဆိုတာကို သိလာပြီဆိုရင်—⁠ကျန်တာတွေ ဘယ်လိုရွေ့ရှားတယ်ဆိုတာ မှန်းဆနိုင်ပါလိမ့်မယ်၊ ဒါပေမဲ့ အဲ့ဒီမှန်းဆချက်ကို သိပ္ပံနည်းကျတယ်လို့ ပြောပိုင်ခွင့်မရှိဘူး၊ ဒီတော့ ဘယ်သူသံပတ်ပေးသလဲဆိုတဲ့မေးခွန်းကိုမဖြေရင် ပိုကောင်းမယ်။”

အချို့ယူဆသကဲ့သို့မဟုတ်ဘဲ လေးစားခံရသောသိပ္ပံပညာရှင်များစွာသည် စကြဝဠာနှင့်လူသားတို့၏ဖန်ဆင်းခြင်းနောက်ဝယ်တွင် ဘုရားသခင်တစ်ပါး—⁠ဉာဏ်ကြီးရှင်တစ်ပါး—⁠ရှိသည်ကိုမငြင်းပယ်ကြပေ။

ဤအချက်နှင့်ပတ်သက်၍ အခြားဥပမာနှစ်ခုကို ထပ်၍သုံးသပ်ကြည့်ပါ။ ပရင်စတန်တက္ကသိုလ်မှ သင်္ချာပါမောက္ခ ဂျွန် အီး. ဖော်နက်စ် အား ဘုရားသခင်ရှိခြင်းနှင့်ပတ်သက်၍ သူ၏ထင်မြင်ချက်ကိုမေးသည့်အခါ သူကဤသို့ပြန်ဖြေခဲ့သည်– “ဘုရားသခင်ရှိတယ်၊ နောက်ပြီးတော့ အဲ့ဒီဘုရားသခင်က အခြေခံကျတဲ့မြူမှုန်ကအစ သက်ရှိသတ္တဝါတွေ၊ ဧရာမဂလက်ဆီကြယ်ပြွတ်တွေအထိ စကြဝဠာတစ်ခုလုံးကို အဆင့်ဆင့် ဖွဲ့စည်းထားတယ်လို့ ကျွန်တော်ယုံတယ်။”

ယေးလ်တက္ကသိုလ်မှ ရူပဗေဒပါမောက္ခ ဟင်နရီ မာဂနိုးက သဘာဝနိယာမတရားကို ဘုရားသခင်ဖန်ဆင်းသည်ဟု သူယုံကြည်လက်ခံကြောင်းပြောပြီး ဤသို့ထပ်ဆင့်ဆိုသည်– “လုပ်ရပ်တစ်ခုတည်းနဲ့ ဘာမှမရှိတဲ့အရာကနေ စကြဝဠာကို ဘုရားသခင်ဖန်ဆင်းခဲ့ပြီး အချိန်ကိုပါဖြစ်ပေါ်စေခဲ့တယ်။” ထို့နောက် အသက်၏မူလအစသည် ဖန်ဆင်းရှင်ပင်ဖြစ်၏ဟုဆိုခြင်းကား အဖြေမှန်ဖြစ်ပုံရှိသည်ဟု သိပ္ပံပညာရှင်သုံးဦးကရှင်းပြထားသော အသက်၏မူလအစနက်နဲရာ စာအုပ်ကို သူသတိပြုစေခဲ့သည်။ ဤရှုမြင်ချက်ကိုထောက်ခံသည့်အနေဖြင့် နက္ခတ္တဗေဒပညာရှင် ဖရက်ဒ် ဟွိုင်လ်က ပထမဆုံးဆဲလ်သည် မတော်တဆဖြစ်လာသည်ဟု ယူဆခြင်းသည် ဘိုရင်း ၇၄၇ လေယာဉ်အပိုင်းအစအစုအပုံရှိသော ခြံဝင်းတစ်ခုထဲသို့ လေဆင်နှာမောင်းတိုက်ခတ်ရာမှ ဘိုရင်း ၇၄၇ လေယာဉ်တစ်စင်းဖြစ်လာသည်ဟုယူဆခြင်းနှင့်တူသည်။

ထိုအဖြေများတွင် ကျမ်းရေးသူပေါလု၏စကားများကို ထပ်လောင်းထည့်နိုင်သည်– “အဘယ်သို့နည်းဟူမူကား ဖန်ဆင်းတော်မူသောအရာများကိုထောက်ရှုသဖြင့် ထာဝရတန်ခိုးတော်နှင့် ထာဝရအဖြစ်တော်တည်းဟူသော မျက်မြင်မရသောဘုရားသခင်၏အရာတို့သည် ကမ္ဘာတည်သည်ကာလမှစ၍ ထင်ရှားလျက်ရှိကြ၏။”—⁠ရောမ ၁:⁠၂၀

မှန်ပါသည်၊ ဘုရားသခင် တကယ်ရှိတော်မူသည်! သို့သော် မျက်မှောက်လောက၏ ဝမ်းနည်းဖွယ်အခြေအနေကို ကိုယ်တော်ခွင့်ပြုရခြင်းအကြောင်းမှာ အဘယ်နည်း။ ကမ္ဘာမြေကြီးအတွက် ကိုယ်တော်၏ရည်ရွယ်ချက်ကားအဘယ်နည်း။ စစ်မှန်သောဘုရားသခင်သည် မည်သူဖြစ်ကြောင်း ကျွန်ုပ်တို့အသေအချာသိနိုင်ပါသလော။

[စာမျက်နှာ ၃ ပါ အကျဉ်းဖော်ပြချက်]

“‘နာရီ’ ထဲက ဘီးတစ်ဘီး ဘယ်လိုလည်တယ်ဆိုတာကို သိလာပြီဆိုရင်—⁠ကျန်တာတွေ ဘယ်လိုရွေ့ရှားတယ်ဆိုတာ မှန်းဆနိုင်ပါလိမ့်မယ်၊ ဒါပေမဲ့ . . . ဘယ်သူသံပတ်ပေးသလဲဆိုတဲ့ မေးခွန်းကို မဖြေရင်ပိုကောင်းမယ်။”