အသက်များ ကယ်ဆယ်သည့်အလင်း
အသက်များ ကယ်ဆယ်သည့်အလင်း
၁၉ ရာစုနှောင်းပိုင်းတွင် အတ္တလန်တိတ်ကို ရက်သတ္တပတ်ငါးပတ်ကြာ ခဲယဉ်းစွာဖြတ်ကျော်ခဲ့ရသည်။ စီးနင်းလိုက်ပါသူတို့သည် ကုန်းမြေကို တစ်နေ့နေ့ တွေ့ရှိမည်ဟု မျှော်လင့်နေကြသည်။ ထိုအချိန်တွင် မိုးကုပ်စက်ဝိုင်းမှ တစ်လုံးတည်းသောကြယ်အလင်းပေါ်လာသည်။ သို့သော် ယင်းကား ကြယ်မဟုတ်ဘဲ မီးပြတိုက်တစ်ခုပင်။ “အလင်းရောင်ဘက်ကို ကျွန်တော်တို့ ဒူးထောက်ထိုင်ချလိုက်ပြီး ဘုရားသခင်ကို ကျေးဇူးတင်စကားဆိုခဲ့ကြတယ်” ဟူ၍ ပါလာသူတစ်ဦးက နောက်ပိုင်းတွင်ပြောခဲ့သည်။ ထိုအလင်းရောင်သည် သူတို့၏သွားလိုရာခရီးကို ချောမောစွာရောက်ရှိရန် လမ်းပြပေးခဲ့သည်။ သို့သော် အစောပိုင်းပင်လယ်ခရီးစဉ်တိုင်း အဆင်ပြေစွာခရီးဆုံးမရောက်ခဲ့ချေ။
၁၈၃၉၊ ဒီဇင်ဘာ ၂၂ ရက်၌ မြောက်အမေရိကရှိ နယူးအင်္ဂလန်ကမ်းရိုးတန်းတွင် ရာသီဥတုသာယာနေသည်။ မက်ဆာချူးဆက်ပြည်နယ်၊ ပလမ်းကျွန်းရှိ မီးပြတိုက်အစောင့်သည် ကျွန်းမှ ဇနီးနှင့်အတူ လက်လှော်လှေကလေးဖြင့် ဈေးဝယ်ထွက်ကာ မိုးမချုပ်မီ ပြန်ရောက်နိုင်မည်ဟု ထင်မှတ်ခဲ့၏။ သို့သော် သူတို့ထွက်သွားနေစဉ် လေစတိုက်ခိုက်လာသည်။ ရုတ်ခြည်း မုန်တိုင်းကျလာသည်။ မကြာမီ ကောင်းကင်နှင့်ပင်လယ်မှာ ညှို့မှိုင်းလာကာ မိုးများထစ်ချုံးရွာချလေသည်၊ ရေမြှုပ်များထကာ ရေမှုန်များဖြာထွက်နေသည်။ အစောင့်သည် ကျွန်းသို့ ပြန်ရောက်ရန် သက်စွန့်ကြိုးပမ်းခဲ့သော်လည်း အချည်းနှီးပင်။ ၎င်းည၌ မီးပြတိုက်သည် မည်းမှောင်ခဲ့၏။
မီးပြတိုက်က ပုံမှန်အချက်ပြပေးလေ့ရှိသည့် မြစ်ဝနှင့် ဆိပ်ကမ်းဝင်ပေါက်ကို သန်းခေါင်ယံလောက်တွင် ကြိုးစားပမ်းစားရှာဖွေနေသော ပိုကာဟာန်တာစ်သင်္ဘောမှာ အချည်းနှီးဖြစ်ခဲ့ရသည်။ ယင်းအစား၊ သင်္ဘောသည် သဲသောင်ခုံနှင့် ဝင်တိုက်မိ၏။ သင်္ဘော၏အောက်ပိုင်းကျိုးသွားသည့်အတွက် ပါလာသူသင်္ဘောသားအားလုံးနစ်မြုပ်သွားသည်။ ဝေလီဝေလင်းအချိန်တွင် အဆိုပါဆိပ်ကမ်းကို ဦးတည်လာနေသော ရစ်ခ်ျမဲန် ပဲခ်အရ် သင်္ဘောသည်လည်း ကြမ္မာငင်ခဲ့ရသည်၊ သို့သော် မာလိန်မှူး၏ဇနီးတစ်ဦးတည်းသာ အသက်ဆုံးခဲ့သည်။
ပင်လယ်ရေကြောင်းသမိုင်းသည် အချက်ပြမီးအလင်းများကကာကွယ်ပေးနိုင်ခဲ့သည့် အန္တရာယ်များအကြောင်းများစွာနှင့်ပြည့်နှက်နေသည်။ “ရှေးခေတ်က သမုဒ္ဒရာကိုချောမောစွာဖြတ်သန်းခဲ့ကြသောသင်္ဘောများစွာသည် ဆိပ်ကမ်းကပ်ရန်ကြိုးစားစဉ်နစ်မြုပ်ခဲ့ရသည်” ဟု အမေရိကပင်လယ်ရေကြောင်းအမွေအနှစ်စာအုပ်ကဆိုသည်။ “သမုဒ္ဒရာခရီးစဉ်၏အန္တရာယ်အကြီးမားဆုံးနေရာမှာ သင်္ဘောတစ်စီးကမ်းကပ်ခါနီး ကုန်းမြေကိုလှမ်းမြင်နေရသည့်မိုင်အနည်းငယ်အကွာတွင်ဖြစ်သည်။”
မီးပြတိုက်သမိုင်းပညာရှင် ဒီ. အဲလဲန် စတီဗင်ဆန်၏အဆိုအရ ၁၇၉၃ ခုနှစ်နှင့် ၁၈၃၃ ခုနှစ်ကြား၌ ဗြိတိသျှကမ်းခြေများတွင် နှစ်စဉ်ပျက်စီးသွားသောသင်္ဘော၏ ပျမ်းမျှအရေအတွက်မှာ ၅၅၀ မှ ၈၀၀ အထိတိုးများလာခဲ့သည်။ ပိုမိုကောင်းမွန်သော အလင်းမီးပြတိုက်များ လိုအပ်ခဲ့၏။
အင်္ဂလန်နှင့်အမေရိကန်ပြည်ထောင်စုအပါအဝင် နိုင်ငံအချို့တွင် ရေလမ်းခရီးသည် လကိုကျိန်ဆဲသူဟုခေါ်သည့် နာမည်ကြီးလူဆိုးများကြောင့် သာ၍အန္တရာယ်များခဲ့ရသည်။ သူတို့သည် လုယက်တိုက်ခိုက်ရန်အတွက် သင်္ဘောများကို ကျောက်ဆောင်များဘက်သို့ မျှားခေါ်ရန် မီးပြတိုက်အတုများကို တည်ဆောက်ထားကြသည်။ အသက်ရှင်ကျန်ရစ်သူများ အသတ်ခံရကြသည်; လကိုကျိန်ဆဲသူများသည် သက်သေများကိုဖျောက်ပစ်ခဲ့ကြ၏။ သို့ရာတွင် လသာနေလျှင် သူတို့၏အကြံအစည် ပျက်သွားပေမည်။ ထို့ကြောင့် လကိုကျိန်ဆဲသူများဟု အမည်တွင်ခဲ့သည်။ သို့သော်ငြားလည်း နောက်ဆုံး၌ ပို၍ကောင်းသော အလင်းမီးပြတိုက်များတည်ဆောက်ခြင်းသည် အဆိုပါသူခိုးများနှင့်လူသတ်သမားများ၏ လှုပ်ရှားမှုကိုရပ်တန့်ပစ်ရန် အကူအညီဖြစ်စေခဲ့သည်။
ပထမဆုံးအချက်ပြမီးများ
အချက်ပြမီးများအကြောင်း အစောဆုံးဖော်ပြချက်ကို အိလိယာဒ်ကဗျာတွင်တွေ့ရသည်။ “သူရိယနေမင်း ငုပ်လျှိုးချိန် အချက်ပြမီးတန်း တထိန်ထိန်” ဟုစပ်ဆိုထားသည်။ မီးပြတိုက်မှူးများ စာအုပ်အရ “မူလအချက်ပြမီးများသည် ဧရာမသစ်လုံးမီးများသာဖြစ်ပြီး ယင်းတို့ကို တစ်ခါတစ်ရံ ကျောက်တုံးပုံနှင့် နောက်ပိုင်းတွင် သံအိမ်ကြီးထဲတွင်ထားကြပြီး အချိန်ခြား၍လောင်ကျွမ်းစေရာ မနှစ်မြို့ဖွယ်ရလဒ်များဖြစ်ပေါ်စေသည်။”
ထို့နောက် ဘီ.စီ.အီး. ၃၀၀ ပြည့်နှစ်ခန့်၌ အီဂျစ်နိုင်ငံ၊ ဖာရိုကျွန်းမှ အလက်ဇန္ဒြီးယားဆိပ်ကမ်းဝတွင် ကမ္ဘာ့ပထမဆုံးစံချိန်ညီ အလက်ဇန္ဒြီးယားဖာရိုမီးပြတိုက် ပေါ်ထွက်လာသည်။ ကြီးကျယ်ခမ်းနားသော အမြင့်ပေ ၃၅၀ နှင့် ၄၀၀ ကြား (အထပ် ၄၀ ခန့်) ရှိအင်္ဂတေအဆောက်အအုံသည် ဆောက်ပြီးသမျှတွင် အမြင့်ဆုံးမီးပြတိုက်ဖြစ်သည်။ ကမ္ဘာ့အံ့ဖွယ်ခုနစ်ခုထဲမှ
တစ်ခုဖြစ်ပြီး ဖြစ်နိုင်ဖွယ်ရှိသည်မှာ မြေငလျင်ကြောင့် ဇက်ကျိုးကျသွားသည့်အထိ နှစ်ပေါင်း ၁,၆၀၀ ခန့်သက်တမ်းရှည်ခဲ့သည်။ရောမများသည် ပင်လယ်နက်မှ အတ္တလန်တိတ်အထိ အနည်းဆုံးမီးပြတိုက် ၃၀ တည်ဆောက်ခဲ့၏။ သို့ရာတွင် အင်ပါယာကျဆုံးသွားသောအခါ ကူးသန်းရောင်းဝယ်ရေး ကျဆင်းသွားပြီး မီးပြတိုက်များလည်း မဲမှောင်ကာ ပျက်စီးယိုယွင်းသွားလေသည်။ ဆောက်လုပ်မှုကို ၁၁၀၀ ပြည့်နှစ်ခန့်တွင် ပြန်လည်စတင်ခဲ့သည်။ ထင်ရှားသောခေတ်သစ်မီးပြတိုက်မှာ ဂျီနိုအာမှ လာန္တာနားဖြစ်ပြီး ၁၄၄၉ ခုနှစ်တွင် ပြတိုက်အစောင့်မှာ နယ်မြေသစ်စူးစမ်းရှာဖွေသူ ခရစ္စတိုဖာ ကိုလမ်ဘတ်စ်၏ဦးလေး အန်တိုနီယို ကိုလမ်ဘိုဖြစ်၏။
ပင်လယ်ပြင်တွင် တည်ဆောက်ထားသော ပထမဆုံးမီးပြတိုက်သည် အင်္ဂလန်ပြည်၊ ပလိုင်းမောက်မှ အန္တရာယ်ထူပြောရာ အက်ဒီစတုန်းကျောက်ဆောင်များပေါ်၌ ၁၆၉၉ ခုနှစ်တွင် ဟဲန်ရီ ဝင်စတန်လီဆောက်လုပ်ခဲ့သော သစ်သားမီးပြတိုက်ဖြစ်သည်။ သူ၏အောင်မြင်မှုကို ဂုဏ်ယူဝင့်ကြွားခဲ့၏။ ဝင်စတန်လီသည် သူ၏မီးပြတိုက်မှ ငါးမျှားနေစဉ် “ပင်လယ်ကြီး နိုးထတော့။ လာပြီး ကျွန်တော့်ရဲ့လက်ရာကို စမ်းသပ်တော့” ဟူ၍ သူပြောခဲ့မည်ဟု ဂါးဒီးယန်းအော့ဖ် သည်နိုက် သတင်းရုပ်ရှင်တွင် ဖော်ပြထားသည်။ ၁၇၀၃ ခုနှစ်၏တစ်နေ့တွင် ပင်လယ်သည် အမိန့်ကိုနာခံခဲ့၏။ ဝင်စတန်လီနှင့်သူ၏မီးပြတိုက်သည် အစအနမကျန် ပျောက်ခြင်းမလှပျောက်သွားခဲ့သည်။
အမေရိကန်ပြည်ထောင်စုနှင့် ပြင်သစ်တို့၏ချစ်ကြည်ရေးအထိမ်းအမှတ်အဖြစ် နယူးယောက်ဆိပ်ကမ်းတွင်စိုက်ထူခဲ့သော ၃၀၂ ပေမြင့်သည့် လွတ်လပ်ရေးရုပ်ထုကို ရေကြောင်းပြအထောက်အကူအဖြစ်လည်း အတန်ကြာအသုံးပြုခဲ့သည်။ ပြတိုက်အစောင့်သုံးဦးသည် ရုပ်ထု၏မီးတုတ်ထဲတွင် ၁၆ နှစ်အထိ အဆက်မပြတ်အလှည့်ကျ ထွန်းညှိပေးခဲ့ကြသည်။ ၎င်း၏အောက်ခံခုံပေါ်မှ လင်္ကာတိုတွင် “သူ၏အချက်ပြလက်မီးတောက်များ ကမ္ဘာ့တစ်ဝန်း ကြိုဆိုထား” ဟုစပ်ထားသည်။
မီးတောက်များမှ ဇီနွန်မီးလုံးများသို့
မီးပြတိုက်များတွင် အလင်းလွှတ်ဝတ္ထုအဖြစ် နောက်ဆုံး၌ သစ်အစား ကျောက်မီးသွေး၊ ဖယောင်းတိုင်များ—ကင်ဒီလာဘရာများ—နှင့်ဆီတို့ဖြင့် အစားထိုးခဲ့သည်။ အလင်းစုပေးသည့် ရောင်ပြန်မှန်များကို အသုံးပြုရန်ကြိုးစားခဲ့သော်လည်း မီးခိုးများနှင့်ကျပ်ခိုးများက ယင်းတို့ကိုမည်းသွားစေသည်။ သို့သော် ၁၇၈၂ ခုနှစ်တွင် ဆွီဒင်သိပ္ပံပညာရှင် အာမက်စ် အာရ်ဂါန်သည် ထုလုံးရှည်ပုံမီးစာ၏အလယ်တစ်လျှောက်မှ လေကို အထက်သို့ပင့်ပေးပြီး ဖန်မီးခိုးတိုင်မှတစ်ဆင့် လေထဲသို့ထွက်သွားစေသည့် ဆီမှန်အိမ်ကိုတီထွင်ခဲ့သည်။ ၎င်းတို့သည် ဆက်၍ကြည်လင်နေသောအခါ ဘဲဥပုံရောင်ပြန်မှန်များ (ကားရှေ့မီးမှမှန်နှင့်ပုံစံတူ) သည် မီးပြတိုက်များတွင် ရေပန်းစားလာသည်။ ရောင်ပြန်မှန်ကောင်းတစ်ချပ်သည် အလင်းအားကို အဆပေါင်း ၃၅၀ ခန့်အထိ တိုးစေသည်။
ပြင်သစ်ရူပဗေဒပညာရှင် ဩဂဲစ်တင်း-ဇာန် ဖရယ်စ်နဲလ်သည် မီးပြတိုက်များ၌ အသုံးပြုခဲ့ဖူးသမျှတွင် အကောင်းဆုံးမှန်ဘီလူးကို တီထွင်သောအခါ ၁၈၁၅ ခုနှစ်၌ နောက်ထပ်ကြီးမားသောတိုးတက်မှုဖြစ်ခဲ့သည်။ ဖရယ်စ်နဲလ်၏တီထွင်မှုမတိုင်မီက—နှစ်ပေါင်း ၁၀၀ ကျော်အထိ ရေပန်းစားခဲ့သော အာရ်ဂါန်မှန်အိမ်အသုံးပြုကာ—အကောင်းဆုံးမှန်စနစ်များသည် ဖယောင်းတိုင်၏ အဆ ၂၀,၀၀၀ အားခန့်ထုတ်လွှတ်ပေးခဲ့၏။ * ဖရယ်စ်နဲလ်မှန်ဘီလူးများသည် ယင်းကို အဆ ၈၀,၀၀၀ အား —မျက်မှောက်ခေတ် ကားရှေ့မီးလုံးအားနှင့်ထပ်တူခန့်—အထိ တိုးမြှင့်ပေးခဲ့ပြီး မီးစာတစ်ခုမျှနှင့်ပင် ယင်းကိုရရှိခြင်းဖြစ်သည်။ ဖိအားသုံးဆီမီးတိုင်များကို ၁၉၀၁ ခုနှစ်တွင် တီထွင်ခဲ့ပြီး မကြာမီ ဖရယ်စ်နဲလ်ယူနစ်များသည် ဖယောင်းတိုင်၏ အဆတစ်သန်းအားအထိ ထုတ်လွှတ်ပေးခဲ့သည်။ တစ်ချိန်တည်းခန့်တွင် အက်ဆီတိုင်လင်းဓာတ်ငွေ့ကို အသုံးပြုခဲ့ကြသည့်အတွက် မီးပြတိုက်နည်းပညာနှင့် အလိုအလျောက်လည်ပတ်မှုတို့ကို အလွန့်အလွန်အကျိုးသက်ရောက်ခဲ့သောကြောင့် ဆွီဒင်မှ နီလ်ဂူးစတာဖ်ဒယ်အီလ်၏လုပ်ဆောင်မှုကို အလွန်ကျေးဇူးတင်ကြသည်။ ဒယ်အီလ်၏အလိုအလျောက်နေရောင်သုံးအဆို့ရှင်—နေရောင်ကိုတုံ့ပြန်ခြင်းဖြင့် အက်ဆီတိုင်လင်းဓာတ်ငွေ့စီးဆင်းမှုထိန်းညှိပေးပြီး ဖွင့်ပိတ်၍ရသော—ကြောင့် ၁၉၁၂ ခုနှစ်တွင် ရူပဗေဒနိုဘယ်လ်ဆုကို သူ့အားချီးမြှင့်ပေးခဲ့သည်။ ၁၉၂၀ ပြည့်လွန်နှစ်များတွင် လျှပ်စစ်အမျှင်မီးအိမ်များသည် ရေပန်းစားလာခဲ့ပြီး ယနေ့အထိ အဓိကအလင်းပေးပစ္စည်းဖြစ်လျက်ရှိသည်။ ဖရယ်စ်နဲလ်မှန်ဘီလူးများနှင့် ပေါင်းစပ်လိုက်သောအခါ ၂၅၀ ဝပ်ရှိသော မီးလုံးတစ်လုံးသည် ဖယောင်းတိုင်အား သိန်းနှင့်ချီ၍ထုတ်လွှတ်ပေးနိုင်၏။ ယခုခေတ်၌ ကမ္ဘာပေါ်တွင် စွမ်းအင်အများဆုံးမီးပြတိုက်မှာ ပြင်သစ်နိုင်ငံမှ မီးပြတိုက်ဖြစ်ပြီး ညကောင်းကင်ယံတွင် ဖယောင်းတိုင် သန်းပေါင်း ၅၀၀ အားရှိသည့် ထိန်ထိန်ညီးနေသောအလင်းတန်းကို ထွန်းလင်းပေးနိုင်သည်။
မကြာသေးမီက ဆန်းသစ်တီထွင်မှုတစ်ခုမှာ ဇီနွန်မီးလုံးဖြစ်သည်။ ၎င်းသည် ဖျပ်ကနဲသာ အလင်းလက်သည်။ အလင်းလှိုင်းသည် အလွန်တိုပြီးအရှိန်ပြင်းသောကြောင့် ၎င်းသည် အခြားအလင်းများထက် ထူးခြားစွာလင်းထိန်ခြင်းဖြစ်သည်။
ပေါလောပေါ်မီးပြတိုက်များ
မျှော်စင်ဆောက်လုပ်ရန် မသင့်သောနေရာတွင် ပေါလောပေါ်မီးပြတိုက်များ၊ သို့မဟုတ် မီးပြသင်္ဘောများကို အသုံးပြုခဲ့၏။ သို့သော် မျှော်စင်များကဲ့သို့ မီးပြသင်္ဘောများတွင်လည်း ရှည်လျားသောသမိုင်းကြောင်းရှိခဲ့သည်။ ပထမဦးစွာ ဂျူးလီယက် ဆီဇာလက်ထက်၌ အသုံးပြုခဲ့သောရောမဂဲလေစစ်သင်္ဘောဖြစ်သည်။ ရွက်တိုင်ထိပ်ဖျားပေါ်ရှိ မီးသွေးလောင်ကျွမ်းနေရာ သံမီးလင်းဖိုသည် ညအမှောင်ကောင်းကင်တွင် လင်းထိန်ခဲ့ပြီး ယင်း၏အောက်တွင် သံကြိုးဖြင့်ချည်ထားသည့် လှေထိုးသားကျွန်များ၏ချွေးတဒီးဒီးကျနေသော ကိုယ်များပေါ်တွင် မီးကျီးခဲများကျခဲ့သည်။
ဒုတိယမြောက်မီးပြသင်္ဘောသည် ၁၇၃၂ ခုနှစ်၌ လန်ဒန်အနီး သိမ်းစ်မြစ်ဝတွင်ဖြစ်သည်။ ယင်းတို့နောက် မီးပြသင်္ဘောများ အတော်များပြားလာခဲ့သည်။ နှစ်ပေါင်းများစွာအထိ နယူးယောက်ဆိပ်ကမ်းသို့ ဝင်ထွက်နေသောသင်္ဘောများကို အဲမ်ဘရို့ဇ်မီးပြသင်္ဘောက လမ်းပြပေးခဲ့သည်။ သို့သော် မကြာသေးမီနှစ်များက မီးပြသင်္ဘောများကို အလိုအလျောက်မီးပြဗော်ယာများ၊ မီးပြမျှော်စင်များတို့နှင့် အစားထိုးခဲ့သည်၊ ၎င်းတို့မှာ ကမ်းလွန်ရေနံတွင်းများနှင့်ဆင်တူသော သတ္တုအဆောက်အဦများဖြစ်ကြ၏။
နှင်းမှုန်နှင့်မုန်တိုင်းတို့ကြောင့် အလင်းပိတ်သွားသောအခါ
နှင်းမှုန်ထူ၍ မိုးသည်းထန်စွာရွာသော—အချက်ပြမီးများ အလိုအပ်ဆုံးအချိန်—အခါတို့တွင် စွမ်းအင်အမြင့်ဆုံးမီးပင် အလင်းပိတ်သွားသည်! ချွတ်ယွင်းမှုရှိသော်လည်း ဖြေရှင်းနည်းကား အသံ—အလွန်ကျယ်လောင်ပြီး ပုံမှန်အသံ—ဖြစ်သည်။ ထိုအကြောင်းကြောင့် ထိုအချိန်အတွင်း မီးပြတိုက်များစွာတွင် ခေါင်းလောင်းများ၊ အချက်ပေးဥသြများနှင့် အမြောက်များကိုပင် တပ်ဆင်ပေးထားသည်! အမှန်မှာ၊ အချို့သောမီးပြတိုက်များသည် ၁၉၇၀ ပြည့်လွန်နှစ်များအထိ အမြောက်များကို အသုံးပြုခဲ့ကြ၏။
သို့သော် အသံလှိုင်းများကို လေထုက ကမောက်ကမဖြစ်စေသည်။ ရေပြင်ပေါ်ရှိ လေထုအလွှာများတွင် အပူချိန်နှင့်စိုထိုင်းဆတို့၏ ကွာခြားမှုသည် အသံလှိုင်းများကို ကမောက်ကမဖြစ်စေနိုင်သည်၊ တစ်ခါတစ်ရံအသံမြင့်သွား၊ တစ်ခါတစ်ရံနိမ့်သွားသည်။ ထို့ပြင် ကျောက်စရစ်ခဲတစ်လုံးကို ရေပေါ်တွင် လျှပ်၍ပစ်နိုင်သကဲ့သို့ လေသံသည် သင်္ဘောပေါ်မှ လျှပ်၍သွားတတ်ရာ ကြားပင်မကြားလိုက်နိုင်ချေ! ဤပြဿနာကို ထည့်မတွက်လျှင် အချက်ပြအသံများကို မိုင်ပေါင်းများစွာမှ ကြားနိုင်သည်။
ခေတ်တစ်ခေတ်၏နိဂုံး
အလိုအလျောက်စက်များရောက်လာသောအခါ မီးပြတိုက်အစောင့်များ မလိုအပ်တော့ချေ။ ယခုအခါ ရေဒါ၊ ရေဒီယို၊ ဆိုနာနှင့် ဂြိုဟ်တုရေကြောင်းအတတ်ပညာတို့သည် မီးပြတိုက်များတွင်ပင် အစားထိုးလာခဲ့ရာ မီးပြတိုက်များစွာကို အသုံးမပြုကြတော့ချေ။ သို့သော် ကျွန်ုပ်တို့သည် ယင်းတို့ကို မေ့မရနိုင်ချေ။ မီးပြတိုက်များသည် လူများစွာအတွက် အမှောင်ကမ္ဘာတွင် အလင်းနှင့်မျှော်လင့်ချက်တို့၏အမှတ်သင်္ကေတတစ်ခုဖြစ်ပြီး ယင်းတို့သည် ဓာတ်ပုံဆရာ၊ ပန်းချီဆရာနှင့် ကဗျာဆရာတို့ကို ဆက်လက်လှုံ့ဆော်ရာဖြစ်နေဆဲပင်။ အဆိုပါကျက်သရေဆောင်ရှေးအဆောက်အဦများကို ထိန်းသိမ်းရန်ကြိုးစားရာမှ ကမ္ဘာတစ်ဝန်းတွင် မီးပြတိုက်အသင်းအဖွဲ့များ ပေါ်ပေါက်ခဲ့၏။
ယခုအခါ မီးပြတိုက်အချို့သည် မီးပြတိုက်အစောင့်တစ်ဦး၏ဘဝကို စူးစမ်းရန် စိတ်ပြင်းပြသောဧည့်သည်တော်များအတွက် တစ်မူထူးသောနေရာထိုင်ခင်းကို ကမ်းလှမ်းထားသည်၊ သို့သော် ပို၍ဇိမ်ကျသည့်နေရာဖြစ်သည်။ အခြားဧည့်သည်များမူ တစ်ကိုယ်တည်းသက်သက်နေလို၍ဖြစ်သည်—အထီးကျန်စင်ရော်များ၏အော်မြည်သံနှင့် လှိုင်းပုတ်သံတို့မှတစ်ပါး အခြားအသံကိုမကြားလိုကြပေ။ ကမ္ဘာဒေသအချို့ရှိ မီးပြတိုက်များသည် ဝေလငါးများ၊ ငှက်များနှင့် ပင်လယ်ဖျံများကို စောင့်ကြည့်ရန်အတွက် အလွန်အချက်အချာကျသောနေရာလည်းဖြစ်သည်။ အလက်ဇန္ဒြီးယားမှ ပြတိုက်အစောင့်များနှင့် ဂျီနိုအာမှ ခရစ္စတိုဖာ ကိုလံဘတ်စ်၏ဦးလေးတို့သည် ထိုအတွက် သူတို့၏အားလပ်ချိန်များကို ဖြုန်းခဲ့နိုင်ဖွယ်ရှိသည်။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 16 ယခု ကင်ဒီလာယူနစ်နှင့်အစားထိုးခဲ့သည်။ ယခင်က ဖယောင်းတိုင်၏အလင်းအားနှင့်တိုင်းတာသော အပြည်ပြည်ဆိုင်ရာဖယောင်းတိုင်အားဟူသည် စံဖယောင်းတိုင်တစ်ချောင်း၏အလင်းအားနှင့်နှိုင်းယှဉ်ကာ သတ်မှတ်လားရာဘက်သို့ အလင်းတစ်ခု၏ ထိုးဖောက်ထွန်းလင်းနိုင်အားဖြစ်သည်။
[စာမျက်နှာ ၁၅ ပါ လေးထောင့်ကွက်]
သတ္တိခဲမိန်းမသားနှစ်ဦး
မီးပြတိုက်အတ္ထုပ္ပတ္တိတွင် တစ်ခါတစ်ရံ ထူးခြားဖွယ်ရဲစွမ်းသတ္တိရှိပြီး အပ်နှံခဲ့သောအမျိုးသမီးများ၏မှတ်တမ်းများ ပါဝင်သည်။ ဂရိတ်စ် ဒါရ်လင် (၁၈၁၅-၄၂) သည် အင်္ဂလန်နိုင်ငံ၏အရှေ့မြောက်ကမ်းရိုးတန်း၊ ဖာန်ကျွန်းမှ သူ့ဖခင်၏မီးပြတိုက်အနီး သင်္ဘောပျက်တစ်ခုမှ အသက်ရှင်ကျန်ရစ်သူကိုးဦးကို ကယ်တင်ရန် သူ၏အသက်ကိုစွန့်စားခဲ့သည်။ သူ၏တိုက်တွန်းမှုကြောင့် ဖခင်နှင့်အတူ အန္တရာယ်ကြီးမားသောပင်လယ်ကိုဖြတ်၍ သင်္ဘောပျက်သို့ လှေကလေးဖြင့်လှော်ခတ်သွားပြီး အသက်ရှင်ကျန်ရစ်သူများကိုတင်ကာ မီးပြတိုက်သို့ပြန်လှော်လာခဲ့ကြသည်၊ အကူအညီမရောက်မီတိုင်အောင် သူတို့ကို ကြည့်ရှုပြုစုပေးခဲ့သည်။ သူ့အား အမှတ်ရဖွယ်အထိမ်းအမှတ်တစ်ခုကို စိုက်ထူခဲ့ကြ၏။
အဘဲဂါလ် ဘူးဂါးစ်သည် မြောက်အမေရိက၊ မိုင်ကမ်းရိုးတန်းမှ မာတင်နီကပ်စ် ရော့ခ်မီးပြတိုက်အစောင့်၏ ၁၇ နှစ်အရွယ်သမီးဖြစ်သည်။ ၁၈၅၇၊ ဇန်နဝါရီလ တစ်နေ့တွင် သူ၏ဖခင်သည် မီးပြတိုက်မှထွက်သွားပြီးနောက် ဆိုးဝါးသောရာသီဥတုကြောင့် လေးပတ်အထိပြန်မလာနိုင်ခဲ့ချေ။ အဘိ,ဟူ၍လည်းခေါ်သော ဤမိန်းမငယ်သည် ယင်းကို တာဝန်ယူခဲ့ရ၏။ နာမကျန်းဖြစ်နေသောမိခင်ကိုလည်း ပြုစုစောင့်ရှောက်ရသည့်အပြင် မီးပြတိုက်တာဝန်များကို ကူညီပေးရန် ငယ်လွန်းသေးသောမောင်နှမသုံးယောက်ကို ကြီးကြပ်ပေးခဲ့ရသည်။ အဘိက “တစ်ခါတလေ အလုပ်ကြမ်း [လျှပ်စစ်မီးမပေါ်ခင်က မီးပြတိုက်ကို ဆက်ထွန်းလင်းနေရတဲ့ ခက်ခဲတဲ့အလုပ်] ကြောင့်အရမ်းကိုမောပန်းသွားခဲ့ပေမဲ့ တစ်ခါမှမီးမပြတ်ခဲ့ဘူး။ ဘုရားသခင်မစလို့ အဖေ့ရဲ့အလုပ်တွေအပြင် ကျွန်မရဲ့လုပ်နေကျအလုပ်အားလုံးလည်း လုပ်ဆောင်နိုင်ခဲ့တယ်” ဟုစာရေးသည်။ အဘိသည် နောက်ဆောင်းရာသီတွင် တစ်ဖန်တာဝန်ယူခဲ့ရပြန်သည်။ ဤအချိန်တွင် သူနှင့်သူ့မိသားစုသည် နေ့စဉ်ရိက္ခာကို ဥတစ်လုံးနှင့်ပြောင်းဖူးတစ်ခွက်အထိ လျော့ချခဲ့ရသည်။ သို့တိုင် မည်သည့်အခါမျှ မီးမပြတ်ခဲ့ချေ။
[စာမျက်နှာ ၁၇ ပါ လေးထောင့်ကွက်]
ဖရယ်စ်နဲလ်မှန်ဘီလူး
အမှန်စင်စစ် ဖရယ်စ်နဲလ်မှန်ဘီလူးသည် ကုန်းနေသော ပရစ်ဇမ်ထုပုံမှန်ဖြင့် ဝိုင်းရံထားသော ပင်မမှန်ဘီလူးပါသည့် ပေါင်းစပ်မှန်ဘီလူး သို့မဟုတ် မှန်ဘီလူးတစ်ချပ်ဖြစ်သည်။ ဖရယ်စ်နဲလ်မှန်ဘီလူးချပ်များကို အလင်းပင်ရင်းမီးအားဝိုင်းထားသော မှန်စည်ပိုင်းဖြစ်သွားရန် ပေါင်းစပ်နိုင်သည်။ အချပ်တိုင်းသည် အလင်းကို ရေပြင်ညီအတိုင်းသွားသော အလင်းတန်းစုဖြစ်အောင် စုပေးသည်။ အချပ်များလေ အလင်းတန်းစုများလေဖြစ်ရာ ဘီး၏ဗဟိုမှဖြာထွက်နေသော စမုတ်တံများနှင့်တူနေသည်။ စည်ပိုင်းသည် အလင်းပင်ရင်းမီးကို လည်ပတ်သည်နှင့်အမျှ အလင်းစမုတ်တံများသည် ရေပြင်ညီအတိုင်း ချာလည်လှည့်လေသည်။ အလင်းတန်းစုအရေအတွက်၊ အလင်းတန်းစုများကြား အချိန်နှင့် ယင်းတို့၏အရောင်များသည်ပင် မီးပြတိုက်အသီးသီး၏ ထူးခြားသောအလင်းအချက်ပြ သို့မဟုတ် အမှတ်အသားဖြစ်သည့် အခြေခံအကြောင်းအရာအချို့မျှသာဖြစ်သည်။ သင်္ဘောသားများသည် လမ်းခရီးတစ်လျှောက်ရှိ မီးပြတိုက်တိုင်းကို ခွဲခြားသိမြင်နိုင်ရန်အတွက် သင်္ဘောများတွင် အချက်ပြမီးအမျိုးမျိုး၏စာရင်းတစ်ခုပါရှိခဲ့သည်။
[Credit Line]
South Street Seaport Museum
[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]
ပက်ဂီပင်လယ်ကွေ့၊ နိုဗာစကိုရှာ၊ ကနေဒါ
[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]
လွတ်လပ်ရေးရုပ်ထု၊ နယူးယောက်
[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]
ဝီဇာမြစ်၊ ဂျာမနီ
[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]
ဝါရှင်တန်ပြည်နယ်၊ ယူ.အက်စ်.အေ.
[Picture Credit Line on page 20]
The Complete Encyclopedia of Illustration/J. G. Heck