မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကော့စတာရီကာ၏ ဆန်းကြယ်သော ကျောက်လုံးများ

ကော့စတာရီကာ၏ ဆန်းကြယ်သော ကျောက်လုံးများ

ကော့စတာရီကာ၏ ဆန်းကြယ်သော ကျောက်လုံးများ

ကော့စတာရီကာမှ နိုးလော့! စာရေးသူပေးပို့သည်

လွန်ခဲ့သည့် နှစ်ပေါင်း ၁,၆၀၀ ကျော်ကာလကတည်းကပင် အနောက်တောင်ပိုင်း ကော့စတာရီကာမှ ဒေသခံတို့သည် အချင်း လေးလက်မအရွယ်မျှသေးငယ်သည်မှ အချင်း ရှစ်ပေအထိရှိသော မာကျောသည့် ကျောက်လုံးအမျိုးမျိုးကို ပြုလုပ်ခဲ့ကြသည်။ ‘ဘယ်လိုများလုပ်ပါလိမ့်’ ဟုတွေးယူရသည့်အထိ ယင်းတို့ကို အလွန်ပင် သေသပ်စွာပြုလုပ်ထားသည်။ အဘယ်အတွက် ယင်းတို့ကို ပြုလုပ်ကြပါသနည်း။

ကျောက်လုံးများကို ချီလီ၊ မက္ကဆီကိုနှင့် အမေရိကန်ပြည်ထောင်စုတို့အပါအဝင် အခြားနိုင်ငံအများအပြားတွင် တွေ့ရှိရသည်။ သို့သော် ကော့စတာရီကာ၏ ဧရာမကျောက်လုံးကြီးများမှာ တစ်မူထူးခြားသည်။ ယင်းတို့၏အရည်အသွေးမှာ ပထမတန်းစားဖြစ်ပြီး အချို့တို့သည် အလွန်တရာ လုံးဝန်းချောမွတ်နေသည်။ ၎င်းတို့ကို အလုံးပေါင်း ၂၀၊ ၂၀ ကျော်အပုံလိုက်စီ တွေ့ရှိခဲ့ဖူးသည်။ အထူးစိတ်ဝင်စားစရာကောင်းသည်မှာ ယင်းတို့ထဲမှအများအပြားမှာ တြိဂံပုံ၊ ထောင့်မှန်စတုဂံပုံနှင့် မျဉ်းဖြောင့်ပုံကဲ့သို့သော ဂဲသြမေထရီနည်းပုံစံဖြင့် စီရီထားသည်ကို တွေ့ခဲ့ရခြင်းဖြစ်သည်။ ဤစီရီထားမှုတို့သည် ကမ္ဘာ့သံလိုက်မြောက်ဘက်သို့ ညွှန်ပြလေ့ရှိသည်။

ကျောက်လုံးအများအပြားကို ဒီကီးစ်မြစ်ဝကျွန်းပေါ်ဒေသတွင် ရှာဖွေတွေ့ရှိခဲ့သည်။ ပါလ်မားစူး၏ တောင်ပိုင်းမြို့များ၊ ဗြူးနို့စ်အေရီစ်၊ ဂေါလ်ဖီတိုးနှင့် မြောက်ပိုင်းရှိ ဂဝမ်နာဂက်စ်တီးခရိုင်နှင့် အလယ်ပိုင်းချိုင့်ဝှမ်းဒေသတို့တွင်လည်း တွေ့ရှိရသည်။ ကျောက်လုံးများနှင့်တွဲ၍ တွေ့ရှိခဲ့သော ရှေးဟောင်းလက်ရာအများအပြားမှ ယင်းတို့ကိုနေ့စွဲသတ်မှတ်ရန် အဖိုးတန်သဲလွန်စများ တွေ့ရှိရသည်။ ရှေးဟောင်းသုတေသီတို့က ပဟေဠိဆန်သော ဤကျောက်လုံးအချို့သည် စီ.အီး. ၄၀၀ ခုနှစ်ကဖြစ်သည်ဟု တွက်ချက်ခန့်မှန်းကြသည်။ အရေအတွက်အများဆုံးကို စီ.အီး. ၈၀၀ နှင့် ၁၂၀၀ ပြည့်နှစ်ကြားတွင် တွေ့ရှိခဲ့သည်။ အချို့ကို အိမ်များဟုယူဆရသည့်နေရာများ သို့မဟုတ် သင်္ချိုင်းဂူများအနီးတွင် တွေ့ရှိရသည်။ နှစ်များတစ်လျှောက်တွင် အချို့သူများက ကျောက်လုံးများတွင် ရတနာရှိမည်အထင်နှင့် အချို့ကျောက်လုံးများကို ဖျက်ဆီးခဲ့ကြသည်။ သို့တိုင် ကော့စတာရီကာ အမျိုးသားပြတိုက်ရှိစာရင်းအရ ကျောက်လုံး ၁၃၀ ခန့်ရှိနေသေးသည်။ သို့သော် စာရင်းတွင်မပါသည့် ကျောက်လုံးများစွာရှိပါသည်။ ဤရှေးဟောင်းကျောက်လုံးအများအပြားကို ယင်းတို့၏မူလနေရာများမှ ရွှေ့ပြောင်းကာ ဥယျာဉ်များနှင့် ချာ့ခ်ျများကဲ့သို့သော သီးသန့်နေရာများတွင် အလှခြယ်ထားကြရာ ယင်းတို့ကို ရေတွက်ဖို့ခက်ပါသည်။ ကျောက်လုံးအချို့သည် မြေအောက်တွင်၊ အခြားကျောက်လုံးများမှာမူ တောနက်များထဲတွင် ရှိနေကြရာ အများအပြားကို ရှာဖွေမတွေ့ရှိရသေးသည်မှာ ယုံမှားဖွယ်မရှိချေ။

ယင်းတို့ကို မည်သို့ပြုလုပ်ကြသနည်း။ ပဟေဠိဆန်လှသည်။ ဤမျှအတိအကျရှိနိုင်ရန် စက်မှုဆိုင်ရာလုပ်ဆောင်ချက်တစ်မျိုးမျိုး လိုအပ်မည်ဟုယူဆရသည်။ ထိုခေတ်မှရုပ်တုများစွာကို သုံးသပ်ကြည့်ခြင်းဖြင့် ဤကျောက်လုံးဖန်တီးသူများသည် အလွန်တော်သော ပန်းတမော့ပညာရှင်များဖြစ်ကြောင်း သိရှိရသည်။ ထို့အပြင် စီ.အီး. ၈၀၀ မတိုင်မီက ရွှေထည်လက်ရာများဖော်ပြသည်မှာ ထိုပညာရှင်များသည် အပူပြင်းပြင်းဖြင့်ပေးရသည့် အလုပ်တွင် အတွေ့အကြုံရှိကြကြောင်းဖြစ်သည်။ ၎င်းကျောက်လုံးများကို ထွင်းထုရာတွင် ကျောက်တုံး၏အပေါ်လွှာကိုခွာပစ်ရန် အပူပြင်းပြင်းပေးကာ အအေးပေးခြင်းပါဝင်နိုင်သည်ဟု ယူဆသည်။ ထို့နောက် ကျောက်လုံးများကို ချောမွတ်စေရန် သဲ သို့မဟုတ် သားရေဖြင့် ပွတ်တိုက်ခဲ့နိုင်သည်။

သိပ္ပံပညာရှင်တစ်ဦးကရှင်းပြသည်မှာ သာ၍ကြီးသောကျောက်လုံးများသည် “အတော်ဆုံးလက်မှုပညာရှင်များ၏လက်ရာဖြစ်ပြီး ၎င်း၏အချင်းတို့ကို ပေကြိုးနှင့်ချိန်သီးဖြင့်တိုင်းတာကြရာ အပိုအလိုမရှိသည့်အထိ [ကျောက်လုံးများသည်] လုံးဝနီးပါးဝိုင်းစက်နေသည်” ဖြစ်သည်။ ဤသို့အတိအကျဖြစ်မှုက ဒေသခံတိုင်းရင်းသားတို့၌ သင်္ချာစွမ်းရည်၊ ကျောက်ထွင်းအတတ်ပညာနှင့် ဆူးဆောက်လက်နက်ကိရိယာများကို အသုံးပြုတတ်သည့် အဆင့်မြင့်ပညာ ရှိကြောင်း ဖော်ပြသည်။ သို့သော် ဤလူတို့တွင် အရေးအသားစာပေရှိပုံမရသည့်အတွက် ကျောက်လုံးများကို သူတို့မည်သို့ပြုလုပ်ကြကြောင်း အတိအကျမှတ်တမ်းမရှိပေ။

ဤကျောက်လုံးအများစုကို လိပ်သဲကျောက်ကဲ့သို့သော ကျောက်တုံးဖြင့်ပြုလုပ်ထားသည်။ အနီးဆုံးလိပ်သဲကျောက်ကျင်းမှာ ဒီကီးစ်မြစ်ဝကျွန်းပေါ်ဒေသမှ ၂၅ မိုင်မှ မိုင် ၃၀ အကွာရှိ တောင်ပေါ်ဒေသတွင် ရှိသည်။ ထိုပန်းတမော့ပညာရှင်တို့သည် ဤမျှလေးလံသည့်ကျောက်တုံးများကို မည်သို့ရွှေ့ယူကြသနည်း။ ထိုကျောက်လုံးများကို ကျောက်ကျင်းတွင် ထွင်းထုခဲ့လျှင် ထိုပန်းတမော့ပညာရှင်တို့သည် လှိမ့်ရွှေ့လာသည့်ကျောက်လုံးများကို ဂရုတစိုက်ထိန်းပေးခဲ့ရကြပေမည်။ ယခုခေတ်ကိရိယာများမရှိဘဲ အလွန်ဝေးလံသည့်နေရာများမှ အင်မတန်လေးလံသည့်ပစ္စည်းတစ်ခုခုကို ရွှေ့ယူရန် မည်မျှခက်ခဲမည်ကို စဉ်းစားကြည့်နိုင်သည်။ ဤကျောက်လုံးများ၏ အလေးချိန်အတိအကျ မည်မျှရှိသနည်း။ အချို့ကျောက်လုံးများသည် ၁၆ တန်ကျော်လေး၏!

လိပ်သဲကျောက်များကိုတူးပြီး မထွင်းထုမီ ရွှေ့ယူသည်ဆိုလျှင် အချင်း ရှစ်ပေရှိသည့်အလုံးရရန် လိုအပ်မည့် ကိုးပေပတ်လည်ကျောက်တုံးသည် ၂၄ တန်လေးပေမည်။ ဒေသခံတို့သည် ၎င်းတို့ကိုသယ်ယူပို့ဆောင်နိုင်ရန် တောနက်ကို ခုတ်ထွင်ရှင်းလင်းပြီး ညီညာသောလမ်းမကျယ်ကြီးကို ဖောက်လုပ်ရပေမည်။ အသေးအမွှားကိစ္စမဟုတ်ပေ! အခြားကျောက်လုံးများကို ဒီကီးစ်မြစ်ဝရှိ ကမ်းခြေများတွင် တွေ့ရှိနိုင်သည့် ထုံးကျောက်ကဲ့သို့သော ကိုကွီနာခေါ် ပစ္စည်းဖြင့် ပြုလုပ်ထားသည်။ ယင်းက ထိုကျောက်တုံးကို ရေဆန်မိုင် ၃၀ ခန့် ဖောင်ဖွဲ့သယ်ယူခဲ့ရနိုင်ကြောင်းဖော်ပြသည်။ အချို့ကျောက်လုံးများကို ပစိဖိတ်ကမ်းရိုးတန်းမှ ၁၂ မိုင်ခန့်ကွာဝေးသည့် ကာနိုကျွန်းပေါ်တွင် တွေ့ရှိရသည်။

ဤကျောက်လုံးများ၏ရည်ရွယ်ရင်းကို မည်သူမျှတပ်အပ်မပြောနိုင်ပေ။ ယင်းတို့သည် လူမျိုးစုအကြီးအမှူးတစ်ဦး သို့မဟုတ် ကျေးရွာတစ်ရွာ၏ အရေးပါမှုအမှတ်အသားတစ်ခု ဖြစ်ခဲ့နိုင်သည်။ သို့မဟုတ် ၎င်းတို့သည် ဘာသာရေး သို့မဟုတ် အခမ်းအနားအမှတ်အသားတစ်ခုလည်း ဖြစ်နိုင်ပါသည်။ အနာဂတ်ရှေးဟောင်းသုတေသနပြုမှုက တစ်နေ့နေ့တွင် ကော့စတာရီကာမှ ပဟေဠိဆန်သော ဤကျောက်လုံးများအကြောင်း ဖော်ပြပေမည်။

[စာမျက်နှာ ၁၉ ပါ မြေပုံ]

(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)

ကော့စတာရီကာ

[Credit Line]

Mountain High Maps® Copyright © 1997 Digital Wisdom, Inc.

[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]

ကျောက်လုံး၏နောက်ရှိ မီးရထားစက်ခေါင်းက အတိုင်းအတာကို ဖော်ပြပေး

[Credit Line]

Courtesy of National Museum of Costa Rica

[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]

ကော့စတာရီကာ အမျိုးသားပြတိုက်တွင် ပြသထားသည့်ကျောက်လုံးများ

ယနေ့အထိ တွေ့ရှိထားသည့် အချင်း ၈.၅ ပေရှိ အကြီးဆုံးကျောက်လုံး

[Credit Line]

Courtesy of National Museum of Costa Rica