မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ရီယို ဒီ ဂျနေရို—လှပပြီး စိန်ခေါ်ချက်များရှိရာမြို့

ရီယို ဒီ ဂျနေရို—လှပပြီး စိန်ခေါ်ချက်များရှိရာမြို့

ရီယို ဒီ ဂျနေရို—လှပပြီး စိန်ခေါ်ချက်များရှိရာမြို့

ဘရာဇီးနိုင်ငံမှ နိုးလော့! စာရေးသူပေးပို့သည်

ရီယို ဒီ ဂျနေရိုသည် ကမ်းခြေများ၊ တောင်ကုန်းများ၊ ရေကန်ကြီးများ၊ အပူပိုင်းသစ်တောများနှင့် စုံလင်လှပေသည်။ “ရှုခင်းတွေက ကောင်းလွန်လွန်းလို့ ဘယ်ဟာကို အရင်ကြည့်ရမှန်း မသိနိုင်အောင်ပါပဲ” ဟု ဧည့်သည်တော်တစ်ဦးက ဆိုသည်။ ရီယို ဒီ ဂျနေရို ခေါ် ရီယိုကို ကမ္ဘာ့အလှပဆုံးမြို့တစ်မြို့ဟု လူအများက ယူမှတ်ထားကြသည်။ “ရီယို” ဟူသည့်စကားလုံးသည် “မြစ်” ဟုအဓိပ္ပာယ်ရှိသော်လည်း အမှန်တွင် ဤမြို့သည် ပင်လယ်အော်တစ်ခုပေါ်တွင် တည်ရှိသည်။—⁠စာမျက်နှာ ၁၆ လေးထောင့်ကွက်ရှု။

မြို့နယ်နိမိတ်အတွင်း ၁၁ သန်းခန့်နေထိုင်ကြသည်ဖြစ်ရာ ရီယို၌ အကြမ်းဖက်မှု၊ အလုပ်လက်မဲ့ဖြစ်မှုနှင့် အိမ်ရာရှားပါးမှုအပြင် ညစ်ညမ်းမှုနှင့် ယာဉ်အသွားအလာရှုပ်ထွေးမှုပြဿနာများရှိသည်။ ယင်းသို့ဖြစ်လျက်ကယ် ရီယိုမြို့သားတို့က ၎င်းကို စီဒါဒေး မာရာဗေယိုဇေး (အံ့ချီးဖွယ်မြို့) ဟုဂုဏ်ယူကာခေါ်ဝေါ်ကြသည်။ ကာရီယိုကာတစ်ယောက်က ဤသို့ဆိုသည်– * “ရီယိုဟာ ပျော်ရွှင်တဲ့မြို့ပါ။ နေသာတဲ့နေ့တစ်နေ့ အလုပ်ကနေ အသွားအပြန်လမ်းမှာမြင်ရတဲ့ ကမ်းခြေတွေနဲ့ တောင်ကုန်းတွေဟာ အရမ်းကို ကြည်နူးရွှင်မြူးစေတယ်။” စိတ်ကူးယဉ် မြင်ကွင်းလော။ တစ်ချက်ကြည့်ကြစို့။

ပင်လယ်အော်များ၊ ကမ်းခြေများနှင့် နေရောင်အမြဲရ

ရီယိုမွေးဖွားဖြစ်တည်ရာ ဂွမ်နာဘာရာပင်လယ်အော်မှ စကြစို့။ ၎င်း၏ ၁၅၀ စတုရန်းမိုင်သည် သစ်တောကျွန်းများနှင့် ပြန့်ကျဲဖုံးလွှမ်းနေကာ တောင်ကြီးတောင်ငယ်များဖြင့် ဝန်းရံထားသည်၊ အကျော်ကြားဆုံးတောင်များမှာ ခေါ်ခဗာဒို (“ခါးကုန်း” ဟုအဓိပ္ပာယ်ရှိ) နှင့် ရှူးဂါးလော့ဖ် (ပေါ်တူဂီလို ပျာအို ဒီ အကျူကာ) တောင်များဖြစ်သည်။ ပင်လယ်အော်အထက် အမြင့်ပေ ၂,၃၁၀ ရှိခေါ်ခဗာဒိုတောင်ထိပ်ပေါ်တွင် ပေ ၁၀၀ မြင့်ပြီး ၁,၁၄၅ တန်လေးသော လက်ဖြန့်ကားထားသည့် ခရစ်တော်ရုပ်ကို စိုက်တည်ထားသည်။ အမြင့်ပေ ၁,၂၉၆ သာရှိသော ရှူးဂါးလော့ဖ်တောင်သည် ကိုလိုနီခေတ်က သကြားချက်သူများအသုံးပြုခဲ့သည့် ကတော့ပုံအိုးကြောင့် ဤအမည်ရလာခြင်းဖြစ်သည်။ ဧည့်သည်တော်တို့သည် ခေါ်ခဗာဒိုတောင်ကို ရထားငယ် သို့မဟုတ် ကားဖြင့် တက်နိုင်ကြပြီး ရှုခင်းရှုစားလိုသူများကို ကေဘယ်ဖယ်ရီကားတစ်စီးသည် ရှူးဂါးလော့ဖ်တောင်ထိပ်သို့ ကြိုပို့ပေးသည်။ တစ်ဖက်တွင် နက်ရှိုင်းသောပင်လယ်ပြာ၊ အခြားတစ်ဖက်တွင် အစိမ်းရောင်ရင့်ရင့် သစ်တောနှင့် ရိုဒရီးဂို ဒီ ဖရေးတပ်စ်ကန်၏ ကွေ့ကွေ့ကောက်ကောက် ကန်ဘောင်ရိုးတို့၏ကြားတွင် တည်ရှိနေသော ရီယို၏ရှုခင်းသည် ရင်သပ်ရှုမောစရာပင်။

နေရောင်အမြဲရပြီး ငွေသောင်ယံများရှိသော ရီယိုသည် ကမ္ဘာလှည့်ခရီးသည်တစ်ဦး၏ စိတ်ကြိုက်ဖြစ်သည်။ သင်ထင်သည့်အတိုင်းပင် နွေရာသီအပူချိန် ၁၀၀ ဒီဂရီဖာရင်ဟိုက်အထိရှိသော ရီယို၏ မိုင် ၅၀ ရှည်ကမ်းရိုးတန်းတစ်လျှောက် သောင်ပြင်ကမ်းခြေပေါင်း ၇၀ ကျော်သည် လူသူပြည့်နေပါသည်။ အဘယ်ကမ်းခြေသည် အကောင်းဆုံးဖြစ်သနည်း။ အဖြေမှာ ကမ်းခြေလည်ပတ်သူအပေါ် မူတည်သည်။ ကာရီယိုကာတို့အတွက် ကမ်းခြေဟူသည် ဆုံစည်းရာအရပ်၊ စာဖတ်ခန်း၊ ဘောလုံးကွင်း၊ ဘော်လီဘောကွင်း၊ ဘား၊ စားသောက်ဆိုင်၊ အားကစားကွင်း၊ ဇာတ်ရုံ၊ အားကစားရုံနှင့် ရုံးခန်းဖြစ်သည့်အပြင် ရေကူးရန်နေရာတစ်ခုဖြစ်သည်။ ရီယို၏ကမ်းနားလျှောက်လမ်းများသည် ပြေးလွှားကစားသူများ၊ စက်ဘီးစီးသူများနှင့် နံနက်တိုင်း ပြည့်နှက်နေသည်။ နေသာသောနေ့တစ်နေ့တွင် ကမ်းခြေများ၌ အမြဲလူအပြည့်ရှိနေသည်။ ကာရီယိုကာတို့၏ဘဝသည် အေးချမ်းသည်ဟုထင်ရသော်လည်း သူတို့နေဆာလှုံနိုင်ဖို့ ပင်ပင်ပန်းပန်း အလုပ်လုပ်ကြရသည်။

၁၉ ရာစုအကုန်ပိုင်းအထိ ရီယိုမြို့သည် ဂွမ်နာဘာရာပင်လယ်အော်တစ်ဝိုက်တွင် ကျပ်ညှပ်နေသည်။ ထို့နောက် ဤပင်လယ်အော်နှင့် သမုဒ္ဒရာကမ်းခြေများကို ဆက်သွယ်ပေးသည့် တူးမြောင်းများကိုဆောက်လုပ်လိုက်သောအခါ ထိုမြို့သည် တောင်ပိုင်းသို့တိုးချဲ့သွားလေသည်။ ၁၉၂၃ ခုနှစ်တွင် တောင်အမေရိက၌ ဗွေဆော်ဦး ဇိမ်ခံဟိုတယ်ဖြစ်သော ကိုပါကာဘာနာပဲလေ့စ်ဟိုတယ် ဖွင့်ပွဲနှင့်အတူ ဦးဆုံးနာမည်ကျော်သွားသည့်ကမ်းခြေမှာ “အဏ္ဏဝါမင်းသမီးငယ်၊” ကိုပါကာဘာနာကမ်းခြေဖြစ်သည်။ နောက်ပိုင်း ၁၉၆၀ ပြည့်လွန်နှစ်များတွင် အီပါနီမားကမ်းခြေသည် ပညာတတ်များနှင့် လေလွင့်ပညာသည်များ စုဝေးရာနေရာ ဖြစ်လာလေသည်။ အီပါနီမားတွင် ရေပန်းမစားသေးသောအရာသည် ရေပန်းမစားသေး၍သာဖြစ်သည်။ ရီယိုကမ်းခြေများတွင် ဖွံ့ဖြိုးတိုးတက်လာသည့် ခေတ်အမီဆုံးနှင့် အကြီးကျယ်ဆုံးဖြစ်သည်မှာ (၁၁ မိုင်ရှည်လျားသော) ဘာရာဒါ တီဇူကာဖြစ်ပြီး ၎င်းကိုဘရာဇီးလျံ မီအမ်မီးဟူ၍လည်းခေါ်ကြသည်။ ထိုတွင် မြို့၏အကြီးမားဆုံး ကုန်တိုက်များနှင့် လူနေအဆောက်အအုံသစ်များစွာရှိသည်။

မြို့လယ်ခေါင်သစ်တော

ရီယို၏အဓိကမြင်ကွင်းတစ်ခုမှာ စိမ်းစိုမှုဖြစ်ပြီး မြို့လယ်တွင်တည်ရှိ၍ ဆိတ်ငြိမ်ရပ်ကွက်ဖြစ်သော ဧက ၃၅၀ ကျယ်ဝန်းသည့် ရုက္ခဗေဒဥယျာဉ်သည် ပျားပန်းခပ်တမျှစည်ကားလှသည့် ကမ်းခြေများမှ မိနစ်အနည်းငယ်ခရီးသာ ကွာဝေးသည်။ ၁၉ ရာစုတွင် တည်ထောင်ခဲ့သည့် ဤဥယျာဉ်သည် အပူပိုင်းပေါက်ပင် မျိုးစိတ် ၆,၂၀၀ ကျော်၏ စံအိမ်ဖြစ်သည်။

မြို့နယ်နိမိတ်အတွင်း နောက်ခိုနားစရာအရပ်တစ်ခုမှာ တီဇူကာသစ်တောဖြစ်သည်။ ၎င်းသည် ရီယိုမြို့လယ်မှ ၁၂ မိုင်ခန့်အကွာတွင်တည်ရှိပြီး ၃၉ စတုရန်းမိုင်ကျော်ကျယ်ဝန်းရာ ကမ္ဘာ့အကြီးဆုံးမြို့တွင်းသစ်တောတစ်ခု ဖြစ်ဖွယ်ရှိသည်။ ဤသစ်တောတွင် တစ်ချိန်က ဘရာဇီးကမ်းရိုးတန်းတစ်လျှောက် ဆန့်တန်းတည်ရှိခဲ့သည့် အတ္တလန်တစ်သစ်တော တစ်စိတ်တစ်ပိုင်းပါဝင်သည်။ ဧည့်သည်တော်များသည် ထည်ဝါလှပသော ပန်းရောင် ဇီကီးတီဘာနှင့် လှပပြီးအဝါရောင်ပွင့်သော ကေနေလက်စ် စန်တပ်စ်ပင်များကို တွေ့မြင်နိုင်သည်။ စက္ခုအာရုံဖမ်းစားသော အပြာရောင် မော်ဖိုမျိုးစိတ် လိပ်ပြာများလည်းရှိသည်။ ရောင်စုံ ခေါင်းစိမ်း သို့မဟုတ် လည်ပင်းနီ တာနာဂါငှက်များမှာ တွေ့မြင်နေကျဖြစ်သည်။

မြို့လယ်သို့ အလည်အပတ်

ရီယိုမြို့လယ်သည် အလောတကြီးသွားလာလှုပ်ရှားသူများနှင့် ပျားပန်းခပ်တမျှစည်ကားပြီး အလွန်ဆူညံကာ ပူလောင်အိုက်စပ်သည်။ နိုင်ငံခြားဖြစ်အီလက်ထရောနစ်ပစ္စည်းများမှအစ အဝတ်အထည်၊ ဟင်းခတ်အမွှေးအကြိုင်နှင့် အသားမာပျောက်ဆေးအဆုံး ရရာရောင်းချကြသည့် ခေါင်းရွက်ဗျတ်ထိုးဈေးသည်များနှင့် ခြေလျင်ခရီးသည်တို့သည် တိုးဝှေ့သွားလာကြရသည်။ သင်သည် အာခေါ့စ် ဒါလာပါဟု လူသိများသော နှမ်းဖတ်ကျောက်စစ်စစ် မုခ်ခုံး ၄၂ ခုပေါ်တွင် ဓာတ်ရထားစီးသွားနိုင်သည်။ ၎င်းသည် ၁၇၁၂ နှင့် ၁၇၅၀ စပ်ကြားတွင် အင်ဒီယန်းတို့နှင့် ကျေးကျွန်တို့ တည်ဆောက်ခဲ့ကြသော မူလအစက ရီယိုမြို့လယ်သို့ ရေသွယ်သည့်မြောင်းဖြစ်သည်။ သို့ရာတွင် ၁၈၉၆ ခုနှစ်တွင် ဤရေသွယ်မြောင်းပေါ် ဓာတ်ရထားစပြေးခဲ့ရာ တောင်ကြားကူးတံတားဖြစ်လာလေသည်။

မြို့လယ်ခေါင်တွင် ဥရောပသားများသာနေသည့် ရပ်ကွက်တစ်ခုရှိသည်။ ၁၉၀၆ နှင့် ၁၉၀၈ ခုနှစ်ကြားတွင် တည်ဆောက်ခဲ့သော အမျိုးသား အနုပညာပြတိုက်၏မျက်နှာစာသည် ပါရီမြို့ရှိ လူးဗားပြတိုက်မျက်နှာစာနှင့်တူပြီး မျက်နှာစာ၏ရောင်စုံ အကွက်အပျောက်များက အီတလီရီနေဆွန်းခေတ်ကို သတိရစေသည်။ အခြားအရေးပါသော အဆောက်အအုံတစ်ခုမှာ ၁၉၀၉ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ပရိသတ် ၂,၃၅၇ ဦးဆန့်သည့် မြူနီစပယ်ကဇာတ်ရုံဖြစ်သည်။ ယင်းသည် ပါရီအော်ပရာဇာတ်ရုံ၏ ပုံစံအတိုင်းပင်ဖြစ်သည်။

ဘောလုံးနှင့် စန်ဘာအက

ကာရီယိုကာတို့သည် ဘောလုံးပွဲဝါသနာအိုးများဖြစ်ကြပြီး အရေးပါသောဘောလုံးအသင်းများ ကစားဖို့အစီအစဉ်ရှိကြသည့်အခါ လူတိုင်း မာရာကာနာကစားကွင်းကို အာရုံစိုက်ကြလေသည်။ ကမ္ဘာ့အကြီးမားဆုံးဘောလုံးကွင်းအဖြစ် ၎င်းကိုလူသိများကြပြီး ဤတွင်ပရိသတ် ၂၀၀,၀၀၀ ဆံ့သည်။ လောလောဆယ်တွင် လုံခြုံရေးအကြောင်းကြောင့်နှင့် ဝါသနာအိုးများ သက်သောင့်သက်သာရှိရေးအတွက် အများဆုံးကန့်သတ်ထားသည့်ပရိသတ်မှာ ၁၀၀,၀၀၀ ဖြစ်သည်။

ကာရီယိုကာတို့အကြိုက်ဆုံးအကမှာ အာဖရိကဇာစ်မြစ်ခံ စန်ဘာအကဖြစ်သည်။ တစ်မြို့လုံးရှိ စန်ဘာအကသင်ကျောင်းများသည် တစ်ရပ်ကွက်တည်းမှ ကချေသည် အမျိုးသား၊ အမျိုးသမီးနှင့် ကလေးများကို ဆွဲဆောင်တတ်သည်။ ဥပုသ်အကြိုသီတင်းပတ်မတိုင်မီ ပွဲတော်အတွင်း ဤကျောင်းများ—⁠တစ်ကျောင်းစီလျှင် ကချေသည် ၅,၀၀၀ အထိရှိ—⁠သည် အထူးတည်ဆောက်ထားသည့် ဆန်ဘိုဒရိုမို စစ်ရေးပြကွင်းကြီးတွင် တန်းစီကာ ပရိသတ် ၁၀၀,၀၀၀ ထိုင်နိုင်သည့် ပွဲကြည့်စဉ်ခုံတန်းနှစ်ခုကြား ဖြတ်သွားကြသည်။ ဝမ်းနည်းစရာမှာ ဤပွဲတော်သည် အရက်မူးယာဉ်မောင်းခြင်းမှသည် မူးယစ်ဆေးအလွဲသုံးမှုနှင့် လိင်အရှုပ်တော်ပေါ်ပုံတို့အထိ ကျူးလွန်မှုများဖြင့် အပုပ်နံ့ထွက်လာခဲ့ခြင်းဖြစ်သည်။

ရီယို၏ပြဿနာများ

၁၉၅၀ ပြည့်လွန်နှစ်များတွင် စောပေါလိုမြို့က ကျော်တက်မသွားမီအထိ ရီယိုဒီဂျနေရိုသည် ဆယ်စုနှစ်နှင့်ချီ၍ ဘရာဇီးစက်မှုလုပ်ငန်းဗဟိုဖြစ်ခဲ့သည်။ ဘဝအခြေအနေတိုးတက်ရေး မျှော်မှန်းချက်တို့ဖြင့် လူများစွာသည် ကျေးလက်ကိုစွန့်ကာ ရီယိုမြို့သို့ တက်လာကြသည်။ ထိုအခါ မြို့နေလူထုမှာ အခန်းတွဲအဆောက်အအုံများတွင် ကျပ်ပိတ်နေရသည့်ဘဝ ရောက်ခဲ့ကြရပြီး အခွင့်မသာသူများခမျာ တောင်ကုန်းများတွင် ဖြစ်သလို ဆောက်သော အိမ်ရာများ—⁠တဲပုတ်မြို့များ သို့မဟုတ် ဖေးဘလပ်စ်တို့—⁠တွင် အုပ်စုဖွဲ့နေထိုင်ကြရသည်။ အစပိုင်းတွင် ယင်းအိမ်တို့ကို တစ်ပိုင်းစီဖြုတ်ထားသည့် ကတ်ထူဘူးများ၊ သံဖြူပြားများနှင့် ကာရံပြီး ဆောက်လုပ်၍ သွပ်ပြားများနှင့်မိုးကြသည်။ ဤအိမ်များတွင် လျှပ်စစ်မီးမရှိ၊ မိလ္လာမြောင်းမရှိ၊ ရေပေးစနစ်မရှိသော်လည်း ၎င်းတို့တည်ရှိသောနေရာသည် အလုပ်နှင့်နီးသောကြောင့် အနည်းဆုံးတော့ နေရေးထိုင်ရေးချောင်လည်စေသည်။ ယနေ့ ကိုပါကာဘာနာနှင့် အီပါနီမာကမ်းခြေတစ်လျှောက်ရှိ သားနားသော အခန်းတွဲအဆောက်အအုံကြီးများ၏ဘေးရှိ တောင်ကုန်းများပေါ်တွင် တဲပုတ်အိမ်ရာရပ်ကွက် မြောက်မြားစွာရှိသည်။ ရှိသူနှင့် မရှိဆင်းရဲသား ဤမျှအကြီးအကျယ်ကွာခြားမှုကို ကမ္ဘာတွင် တွေ့ရခဲသည်။

တဲပုတ်အိမ်ရာအသစ်များတွင် အိမ်များကို အုတ်ဖြင့်ဆောက်လုပ်ထားကြသည်။ မြို့ပြစီမံကိန်းဆွဲသူများသည် လမ်းများဖောက်လုပ်ပြီး လိုအပ်ရာများတပ်ဆင်ပေးခြင်းဖြင့် တိုးတက်ဖွံ့ဖြိုးအောင် ကြိုးစားခဲ့ကြသော်လည်း ယင်းသို့ပြုရန်မှာ လွယ်ကူသောအလုပ်မဟုတ်ပေ။ မကြာသေးမီကကောက်ယူခဲ့သော စစ်တမ်းတစ်ခုအရ ရီယို၏ တဲပုတ်မြို့ပေါင်း ၄၅၀ ကျော်တွင် လူ ၉၀၀,၀၀၀ ကျော်နေထိုင်ကြသည်။ ရိုစီနအာသည် အကျယ်ဆုံးတဲပုတ်မြို့ဖြစ်ပြီး ဤတွင် ၁၅၀,၀၀၀ နေထိုင်သည်။ ထိုမြို့တွင်နေထိုင်ပြီး အီပါနီမာဘဏ်တွင်အလုပ်လုပ်သူ အန်ထိုနီယိုက “မြို့တွင်းက မြို့တစ်မြို့နဲ့တူတယ်” ဟုရှင်းပြသည်။ ဤမြို့တွင်နေထိုင်သူတို့၌ ကေဘယ်လ်တီဗွီ၊ ဒေသခံရေဒီယိုနှင့် ရုပ်သံရေဒီယိုလွှင့်ရုံအပြင် ကြေးစားဘောလုံးအဖွဲ့နှင့် စန်ဘာအကသင်ကျောင်းတို့ပင်ရှိသည်။ သို့သော် တဲပုတ်မြို့တွင်နေထိုင်ရသည့်ဘဝမှာ ကြမ်းတမ်းလှပေသည်။ နွေရာသီရွာသောမိုးများကြောင့် တောင်ပြိုကာ ထိခိုက်ဒဏ်ရာရရုံမက အသက်ဆုံးရသည့်အထိပင်ရှိသည်။ မကြာသေးမီက ပြန်လည်ထူထောင်ရေးအစီအစဉ်တစ်ခုကြောင့် အန္တရာယ်ရှိသောဒေသအချို့တွင် ဆောက်လုပ်ထားသောနေအိမ်များကို ပြောင်းရွှေ့လိုက်ရာ အခြေအနေ တိုးတက်လာသည်။

နောက်ထပ်ကြီးမားသောပြဿနာတစ်ရပ်မှာ စနစ်တကျဖွဲ့စည်းထားသောရာဇဝတ်မှုဖြစ်သည်။ ၎င်း၏အဓိကသားကောင်များမှာ မူးယစ်ဆေးအရောင်းအဝယ်လုပ်ကာ အသက်မွေးကြသော လူငယ်များဖြစ်သည်။ မူးယစ်ဆေးရောင်းဝယ်သူနှင့် ဤတွင်နေထိုင်သူတို့စပ်ကြား ဆက်ဆံရေးကို စည်းကမ်းအချို့က သတ်မှတ်ပေးသည်။ “တကယ်ဆိုရင် ဒီတဲပုတ်မြို့တွေမှာ လုယက်မှုတွေ၊ ကြားဖြတ်လုယက်မှုတွေ၊ ဗလက္ကာရပြုမှုတွေမရှိဘူး။ ဘယ်သူမှ စွန့်စားပြီး ဒီလိုရာဇဝတ်မှုတွေမလုပ်ကြဘူး။ လုပ်မယ်ဆိုရင် အသတ်ခံရမှာကို သူတို့သိကြတယ်လေ” ဟုတဲပုတ်မြို့တွင် အနှစ် ၄၀ တိုင်နေထိုင်ခဲ့သော ဇူအိုက ရှင်းပြသည်။ မူးယစ်ဆေးရောင်းဝယ်သူများသည် မြို့နေလူထု၏ထောက်ခံမှုနှင့် ချစ်ခင်မှုရရှိရန် မူးယစ်ဆေးနှင့်မဆိုင်သော အခြားရာဇဝတ်မှုများကို အရေးယူအပြစ်ပေးသည်။ “အခြေအနေ အနည်းအကျဉ်းပြောင်းလဲလာသော်လည်း မြို့သားများက မူးယစ်ဆေးရောင်းဝယ်သူများထံမှ ဈာပနစရိတ်များ၊ ဆေး သို့မဟုတ် အစားအစာဝယ်ဖို့ငွေ၊ မပေးဆပ်ရသေးသောအိမ်ငှားခ သို့မဟုတ် ပျော်ပွဲရွှင်ပွဲစရိတ်တို့ကိုတောင်းခံလေ့ရှိဆဲပင်” ဟုဂျိုအီအဲအိုက ဆက်ပြောသည်။

အခြားစိန်ခေါ်ချက်များ

ပင်လယ်နှင့် တောင်တန်းများကြားတွင် တည်ရှိနေသော ရီယိုသည် မြို့ကြီးတစ်မြို့အဖြစ် တိုးတက်ပြောင်းလဲလာဖို့ရန် မည်သို့မျှမဖြစ်နိုင်သည့်နေရာဖြစ်သော နွံပြင်ပေါ်မှ မွေးဖွားကြီးပြင်းလာခြင်းဖြစ်သည်။ နှစ်နှင့်ချီပြီး “ဤသဘာဝတရားသုံးခုဖြစ်သော ရွှံ့နွံ၊ ပင်လယ်၊ တောင်တန်းတို့နှင့် တိုက်ပွဲဝင်” ရန်လိုအပ်လာခဲ့ကြောင်း ရီယို ဒီ ဂျနေရို—⁠စီဒါဒေး အီး ရီဂျီအဲအီအို (ရီယိုဒီဂျနေရို—⁠မြို့နှင့်အရပ်ဒေသ) စာအုပ်ကရှင်းပြသည်။ ဤတိုက်ပွဲကို အောင်ပွဲဆင်ရန် အနီးအနားဒေသအသီးသီးနှင့်ဆက်သွယ်သည့် မရေမတွက်နိုင်သော တူးမြောင်းများတူးခြင်းနှင့် မြေဖို့ခြင်းတို့ကို ပြုလုပ်ခဲ့ကြရသည်။ ယနေ့ ရထားဖြင့်ခရီးသွားခြင်းသည် စွန့်စားခန်းတစ်ခုဖြစ်နေသော်လည်း မြို့ပြဒေသများကို စည်ကားလာစေရန် ရထားများသည် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ “ရထားပေါ်ရောက်ရန် အားထုတ်မှုမလိုသည့်အထိ ရထားစီးသူများစွာရှိသည်။ လူအုပ်က သင့်ကို တွန်းတင်လိမ့်မည်” ဟု အလုပ်ခွင်သို့ ခုနစ်နာရီအရောက် ရောက်ရန် မြို့ပြင်မှ နံနက် ငါးနာရီရထားစီးရသည့် စဲရ်ဇီယိုက ဆိုသည်။ ရထားများမှာ ပြည့်ကျပ်ညှပ်ပိတ်လွန်းရကား ရထားတံခါးများကိုမပိတ်နိုင်ဘဲ ခရီးသည်များ ရထားတွဲဘေးမှ တွဲလွဲခိုစီး၍ လိုက်သွားကြရသည့်အထိ မကြာခဏဖြစ်သည်။ သတ္တိအရှိဆုံးကာရီယိုကာတို့သည် ရထားခေါင်မိုးပေါ်မှပင် လိုက်ပါသွားကြသည်၊ ယင်းကို ရထားလှိုင်းစီးကစားခြင်းဟုခေါ်ကြသည်။ ကြေးနန်းကြိုးများကိုရှောင်စဉ် တစ်ခုခုမှားသွားလျှင် အသက်ဆုံးရမည်မှာ သေချာသလောက်ပင်။

နောက်စိန်ခေါ်ချက်တစ်ခုမှာ မြို့၏အလှအပတစ်ခုဖြစ်သော ဂွာနာဘာရာပင်လယ်အော်ကို ထိန်းသိမ်းစောင့်ရှောက်ရေးဖြစ်သည်။ ကမ္ဘာ့ဘဏ်၏အစီရင်ခံစာတစ်ခုအရ နေရာအချို့တွင် ယင်းပင်လယ်အော်၏ရေသည် “စက်မှုလုပ်ငန်းသုံးရေ အကြီးအကျယ်စွန့်ပစ်မှုနှင့် မပြုပြင်ထားသော (သို့မဟုတ် အချို့အဝက်သာပြုပြင်ထားသော) ရေဆိုးကြောင့် ပကတိရေဆိုးနှင့် မထူးခြားလှချေ။” အန္တရာယ်အလွန်ကြီးမားပြီး ငါးမျိုးစိတ်များစွာကို လျော့နည်းစေနေရာ ဤပင်လယ်အော်ကိုအားကိုးအားထားပြု၍ အသက်မွေးနေရကြသည့် တံငါသည် ၇၀,၀၀၀ ၏စီးပွားရေးကိုထိခိုက်လေသည်။ ညစ်ညမ်းသောကမ်းခြေများကလည်း ကမ္ဘာလှည့်ခရီးသည်များကို လန့်ဖျပ်သွားစေသည်။ အစိုးရသည် မိလ္လာပိုက်စနစ်ကို တိုးမြှင့်ပေးပြီး စက်မှုလုပ်ငန်းကို ကြီးကြပ်ရန် ကြိုးစားခဲ့ပေပြီ။ ရီယို၏ ညစ်ညမ်းမှုတိုက်ဖျက်ရေးစီမံချက်သည် ၎င်း၏အမှတ်အသားအဖြစ် လင်းပိုင်နှစ်ကောင်ပုံကို ယူထားသည်။ စည်းရုံးရေးသမားများက ၂၀၂၅ ခုနှစ် မတိုင်မီ ဂွာနာဘာရာပင်လယ်အော်တွင် လင်းပိုင်များ ကူးခတ်ကျက်စားနေမည်ဟု ကြိုတင်နိမိတ်ပြေးနေကြသည်။

ရီယို လှပနေဆဲ!

ရီယိုကို ဤသို့တစ်ချက်ဖျတ်ခနဲကြည့်လိုက်ရာ သင်အဘယ်သို့ကောက်ချက်ချသနည်း။ ကမ္ဘာလှည့်ခရီးသည်နှင့် ကာရီယိုကာအများစုတို့အတွက် ရီယိုသည် လှပနေဆဲပင်! စိန်ခေါ်ချက်များကား အသို့နည်း။ ၎င်းတို့ကို ဖြေရှင်းနိုင်မည်ဆိုလျှင် ကောင်းလှပါဘိ။ သို့သော် မဖြေရှင်းနိုင်သေးသ၍ ကာရီယိုကာတို့လုပ်နိုင်သမျှမှာ မြို့၏ပြဿနာများနှင့် အတတ်နိုင်ဆုံး လိုက်လျောညီထွေနေတတ်ဖို့ကြိုးစားပြီး ဝန်းကျင်အလှ၌ ပျော်မွေ့ရန်သာဖြစ်သည်။ သူတို့သည် ဖန်တီးတီထွင်တတ်မှုနှင့် ဟာသဉာဉ်ဖြင့် ထိုအတိုင်းနေထိုင်တတ်ကြပြီ။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 4 “ကာရီယိုကာ” ဟူသည် ရီယိုဒီဂျနေရို ဇာတိဖွားကိုဖြစ်စေ၊ ယင်းတွင် နေထိုင်သူကိုဖြစ်စေ ရည်ညွှန်းသည်။

[စာမျက်နှာ ၁၆ ပါ လေးထောင့်ကွက်]

ရီယိုသမိုင်းကြောင်းမှ သမိုင်းမှတ်တိုင်များ

၁၅၀၂– ဇန်နဝါရီ ၁ ရက်နေ့တွင် ပေါ်တူဂီသင်္ဘောသား အန္ဒြေ ဂေါန်စာလ်ဗစ်သည် ဂွာနာဘာရာပင်လယ်အော်အဝကို မြစ်ဝဟုယူမှတ်ပြီး ထိုရေပြင်ကို ရီယို ဒီ ဂျနေရို (ဂျန်နူဝါရီမြစ်) ဟုအမည်ပေးခဲ့သည်။

၁၅၆၅– ရှူးဂါးလော့ဖ်တောင်နှင့် ကာရာဒီ စီအဲအိုတောင်ကုန်းတို့ ကြားတွင်ရှိ နယ်မြေကို ပိုင်ဆိုင်သည်ဟုဆိုနေသော ပြင်သစ်တို့ကိုတွန်းလှန်ရန် ၎င်းဒေသတွင် ပေါ်တူဂီ စစ်ဦးစီးချုပ် အီစတာစီအို ဒီစားသည် အခြေချနေထိုင်ခဲ့သည်။ ထိုအခြေချစခန်းသည် ရီယိုမြို့ဖြစ်လာလေသည်။

၁၇၆၃– အနီးအနားရှိ မီနေဇေရစ်ပြည်နယ်မှ ပေါ်တူဂီနိုင်ငံသို့ ထိုဆိပ်ကမ်းမှတစ်ဆင့်တင်ပို့သော ရွှေနှင့်စိန်များစွာကို ကြိုးစားထိန်းချုပ်ရန် ပေါ်တူဂီတို့သည် ရီယိုကို မြို့တော်အဖြစ်သတ်မှတ်လိုက်လေသည်။ အာဖရိကန်ကျွန်ကုန်ကူးမှုသည် အရှိန်အဟုန်မြင့်မားလာသည်။

၁၈၀၈– ပေါ်တူဂီကို နပိုလီယံ ၁ မကြာမီဝင်ရောက်ကျူးကျော်ဝင်ရောက်တော့မည့်ဘေးမှ အလွတ်ပြေးလာကြသည့် ပေါ်တူဂီနန်းတွင်းသူနန်းတွင်းသားများ ရီယိုသို့ရောက်လာကြ၍ ယင်းသည် ပေါ်တူဂီဘုရင်၏ ယာယီနန်းစိုက်ရာနေရာဖြစ်လာလေသည်။ ၁၉၆၀ ပြည့်နှစ်တွင် ဘရာဇီးလီးယားမြို့တည်ချိန်အထိ ရီယိုသည် မြို့တော်ဖြစ်ခဲ့သည်။

[Credit Line]

FOTO: MOURA

[စာမျက်နှာ ၁၄ ပါ ရုပ်ပုံ]

ဘာရာ ဒါ တီဇူကာ ကမ်းခြေ

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

မာရာကာနာ၊ ကမ္ဘာ့အကြီးဆုံး ဘောလုံးကစားကွင်း

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

အာခေါ့စ် ဒါ လာပါ တောင်ကြားကူးတံတားဖြစ်လာသည့် ရေသွယ်မြောင်း