အဘိုးအဘွားများ—သူတို့၏ရွှင်လန်းမှုနှင့် စိန်ခေါ်ချက်များ
အဘိုးအဘွားများ—သူတို့၏ရွှင်လန်းမှုနှင့် စိန်ခေါ်ချက်များ
“အဘိုးဖြစ်ရတာကို ကျွန်တော်ကြိုက်တယ်! မြေးတွေကိုတာဝန်ကြီးတယ်လို့မခံစားရဘဲ သူတို့နဲ့ သာယာကြည်နူးမှုရတယ်။ သူတို့ကို ဩဇာလွှမ်းမိုးနိုင်ပေမဲ့ နောက်ဆုံးတော့ အပြီးသတ်ဆုံးဖြတ်ပေးပိုင်ခွင့် သင့်မှာမရှိဘူးဆိုတာကို သိထားတယ်။ အဲ့ဒါက သူတို့မိဘတွေရဲ့တာဝန်ပါ။”—ဂျီးန်၊ အဘိုးတစ်ဦး။
အဘိုးအဘွားတစ်ဦးဖြစ်ရခြင်းနှင့်ပတ်သက်၍ ယင်းသို့သောအားတက်သရောဖြစ်စေရာကား အဘယ်နည်း။ သားသမီးများထံမှ မိဘများ သာမန်တောင်းဆိုသောအရာများသည် တင်းမာမှုများစွာ ဖြစ်ပေါ်စေနိုင်ကြောင်း သုတေသီများ ထောက်ပြကြသည်။ အဘိုးအဘွားများမူကား ထိုကဲ့သို့သောတောင်းဆိုမှုများ ပြုလုပ်စရာမလိုသောကြောင့် မြေးများနှင့် ဖိစီးမှုမရှိ ပေါင်းသင်းပျော်မွေ့နိုင်ကြသည်။ အာရ်သာ ကွန်ဟေဘာ၊ အမ်.ဒီ. ဖော်ပြသည့်အတိုင်း “သူတို့၏မြေးများဖြစ်” ရုံဖြင့် လွတ်လပ်စွာချစ်နိုင်ကြသည်။ အက်စတာအမည်ရှိ အဘွားတစ်ဦး ဤသို့ဆို၏– “ကျွန်မရဲ့ကလေးတွေနဲ့ဆိုရင် ကျွန်မရဲ့နေ့စဉ်စိတ်လှုပ်ရှားမှုတွေဟာ သူတို့လုပ်ကိုင်သမျှနဲ့ သိပ်ကိုပတ်သက်နေတယ်။ အဘွားတစ်ယောက်အနေနဲ့တော့ မြေးတွေနဲ့ လွတ်လွတ်လပ်လပ်ပျော်ပြီး ချစ်နိုင်တယ်။”
ထို့ပြင် အသက်အရွယ်နှင့်ဒွန်တွဲပါလာသည့် ဉာဏ်ပညာနှင့်စွမ်းရည် တိုးများလာခြင်းလည်းရှိသေးသည်။ (ယောဘ ၁၂:၁၂) ငယ်ရွယ်ပြီး အတွေ့အကြုံနုသူများမဟုတ်ကြတော့သည့် အဘိုးအဘွားများသည် မိဘတာဝန်ကို နှစ်ချီ၍ခါးစည်းထမ်းဆောင်ခဲ့သည်။ သူတို့၏အမှားများမှ သင်ခန်းစာယူခဲ့ကြပြီဖြစ်ရာ သားသမီးများကိုကိုင်တွယ်ရာတွင် သူတို့ငယ်ရွယ်စဉ်ကထက် အရည်အချင်းပိုရှိပေမည်။
ထို့ကြောင့် ဒေါက်တာ ကွန်ဟေဘာက ဤသို့ကောက်ချက်ချ၏– “အဘိုးအဘွားနှင့် မြေးများစပ်ကြား ကျန်းခံ့ပြီး မေတ္တာပြည့်ဝသောနှောင်ကြိုးရှိခြင်းသည် လူမျိုးဆက်သုံးဆက်စလုံး၏ စိတ်လှုပ်ရှားမှုဆိုင်ရာ ကျန်းခံ့မှုနှင့် ပျော်ရွှင်မှုအတွက် မရှိမဖြစ်လိုအပ်သည်။ ဤနှောင်ကြိုးသည် ကလေးများ အလိုအလျောက်ရသော မွေးရာပါအခွင့်အရေးဖြစ်သည်၊ . . . မိသားစုတစ်ခုလုံးကို အကျိုးပြုသော လူကြီးများပေးသည့် အမွေဖြစ်သည်။” မိသားစုဆက်ဆံရေးဂျာနယ်၌လည်း အလားတူဖော်ပြထား၏– “အဘိုးအဘွားကဏ္ဍ၌ပါဝင်ပြီး ထိုအတိုင်းပြုမူဆက်ဆံသည့် အဘိုးအဘွားများသည် ပိုစိတ်ချမ်းသာ၍ စိတ်ဓာတ်ကျန်းခံ့သည်။”
အဘိုးအဘွားတစ်ဦး၏ကဏ္ဍ
အဘိုးအဘွားများဖြည့်ဆည်းပေးနိုင်သော အဖိုးမဖြတ်နိုင်သည့် ကဏ္ဍများစွာရှိသည်။ “သူတို့ရဲ့အိမ်ထောင်သည် သားသမီးတွေကို ထောက်မကူညီပေးနိုင်တယ်” ဟုဂျီးန်ကဆို၏။ “အဲ့လိုလုပ်ခြင်းက ငယ်ရွယ်တဲ့မိဘတွေကြုံရတဲ့ အခက်အခဲတချို့ကို ဖြေရှင်းပေးနိုင်မယ်လို့ ကျွန်တော်ထင်တယ်။” အဘိုးအဘွားများသည် မြေးများကိုလည်း များစွာထောက်ကူပေးနိုင်သည်။ ကလေးတစ်ဦးအား မိသားစုရာဇဝင်ကို သိစေသူမှာ များသောအားဖြင့် အဖြစ်အပျက်များကို ပြောပြတတ်သော အဘိုးအဘွားများဖြစ်သည်။ မိသားစု၏ဘာသာရေးအမွေအနှစ်ကို လက်ဆင့်ကမ်းရာတွင် အဓိကကဏ္ဍမှပါဝင်လေ့ရှိကြသူတို့မှာ အဘိုးအဘွားများဖြစ်သည်။
မိသားစုအများတွင် အဘိုးအဘွားများသည် ယုံကြည်စိတ်ချရသော အကြံပေးပုဂ္ဂိုလ်များဖြစ်ကြသည်။ “ကလေးတွေဟာ သူတို့ရဲ့မိဘတွေကို မပြောဝံ့တဲ့အရာတွေကို သင့်ကိုပြောပြပါလိမ့်မယ်” ဟု ပထမဆောင်းပါးတွင်ဖော်ပြခဲ့သော ဂျေးန်ကဆိုသည်။ ဤကဲ့သို့သောထပ်ဆင့်အကူအညီကို မိဘများသည် များသောအားဖြင့် သဘောကျကြသည်။ လေ့လာချက်တစ်ခုအရ “ဆယ်ကျော်သက် ၈၀ ရာခိုင်နှုန်းကျော်သည် သူတို့၏အဘိုးအဘွားများကို လူယုံတော်အဖြစ် ရှုမြင်ကြသည်။ . . . အရွယ်ရောက်ပြီးသောမြေး အတော်များများသည် သူတို့၏အရင်းနှီးဆုံးအဘိုးအဘွားများနှင့် ဆက်လက်အဆက်အသွယ်ပြုကြသည်။”
အိမ်တွင်တော်လျော်သော ပြုစုပျိုးထောင်ခြင်း မခံရသည့်ကလေးတစ်ဦးအတွက် မေတ္တာပြည့်ဝသည့် အဘိုးအဘွားတစ်ဦးသည် အလွန်အရေးပါသည်။ “ကျွန်မငယ်ငယ်တုန်းက ကျွန်မအဘွားဟာ ကျွန်မအတွက် အဓိကပုဂ္ဂိုလ်ပဲ” ဟုစဲလ်မာ ဝက်စ်မန်ရေးသားသည်။ “ကျွန်မကို ပြုစုပျိုးထောင်ပေးခဲ့တာ အဘွားပဲ။ အဘွားရဲ့ပေါင်က မိုင်ယာမီကမ်းခြေထက်ကြီးတယ်၊ အဲဒီအပေါ်ကျွန်မတက်ထိုင်ပြီး အဘွားရဲ့ရင်ခွင်ထဲနေလိုက်ရရင် လုံခြုံတယ်။ . . . ကျွန်မအကြောင်း အရေးအကြီးဆုံးအရာတွေ—ကျွန်မကိုချစ်ကြတယ်၊ ကျွန်မဟာချစ်စရာကောင်းတယ်ဆိုတာတွေ—ကို အဘွားဆီက သိလာရတာ။”—ဝေးရပ်မြေမှအဘွား။
မိသားစုတင်းမာမှုများ
သို့သော် အဘိုးအဘွားဘဝ၌ တင်းမာမှုများနှင့် ပြဿနာများရှိနိုင်ပါသည်။ ဥပမာ၊ ကလေးငယ်အား သင့်တော်သောလေအန်နည်းနှင့်ပတ်သက်၍ မိမိ၏မိခင်နှင့် အကြီးအကျယ်အငြင်းပွားခဲ့သည်ကို မိဘတစ်ဦးပြန်အမှတ်ရသည်။ “ကျွန်မ အရမ်းထိခိုက်လွယ်နေတဲ့အချိန်မှာ ကျွန်မတို့နှစ်ယောက်ရဲ့ဆက်ဆံရေး ပြတ်သွားစေခဲ့တယ်။” ငယ်ရွယ်သောမိဘများသည် မိမိတို့၏ကလေးများအား ပြုစုပျိုးထောင်ပုံကို မိမိတို့၏မိဘများအား လက်ခံစေလိုမည်မှာအမှန်။ ထို့ကြောင့် စေတနာဖြင့် မိဘများပေးသောအကြံပြုချက်များကို အပြစ်တင်ဝေဖန်ချက်ဟု ယူမှတ်နိုင်ပေသည်။
ဒေါက်တာ ကွန်ဟေဘာ၏ မိဘများနှင့်အဘိုးအဘွားများစပ်ကြား စာအုပ်၌ ဖြစ်လေ့ဖြစ်ထရှိသော အခြားပြဿနာတစ်ခုကြုံတွေ့နေရသည့် မိဘနှစ်ဦးအကြောင်း ဖော်ပြထားသည်။ မိဘတစ်ဦးက ဤသို့ဆို၏– “ကျွန်မမိဘတွေ နေ့တိုင်း လာစွက်ဖက်တတ်တယ်၊ သူတို့လာလို့ ကျွန်မအိမ်မှာမရှိရင် စိတ်ဆိုးကြတယ်။ . . . ကျွန်မရဲ့ခံစားချက်တွေ၊ ကျွန်မအေးအေးဆေးဆေးနေချင်တာတွေကို သူတို့ထည့်မစဉ်းစားပေးကြဘူး။” နောက်တစ်ဦးက ဤသို့ ညည်းညူပြောဆို၏– “ကျွန်မမိဘတွေက ကျွန်မရဲ့သမီးလေးကို ထိန်းချုပ်ချင်ကြတယ်။ သူတို့ဘာပဲလုပ်လုပ် တစ်ရက်ကိုနှစ်ဆယ့်လေးနာရီစလုံး ဆူစီကိုပဲစဉ်းစားနေကြတယ်။ . . . ကျွန်မတို့ အိမ်ပြောင်းသွားဖို့တောင် စဉ်းစားမိတယ်။”
တစ်ခါတစ်ရံ မြေးများကို လက်ဆောင်များစွာပေးပြီး သူတို့ကိုဖျက်ဆီးသည်ဟူ၍လည်း အဘိုးအဘွားများ စွပ်စွဲခံရကြသည်။ အဘိုးအဘွားတစ်ဦးအတွက် ရက်ရောခြင်းသည် သု. ၁၄:၃၀) “ကျွန်မရဲ့မိဘတွေဟာ ကျွန်မကိုဆိုရင် စည်းကမ်းကြပ်မတ်ပြီး ခက်ထန်လိုက်တာ။ ကျွန်မကလေးတွေနဲ့ကျတော့ စေတနာပိုပြီး [လွှတ်ထား]တော့တာပဲ။ ကျွန်မအပေါ် သူတို့ရဲ့ဆက်ဆံပုံ အခုထိမပြောင်းတဲ့အတွက် ကျွန်မ,မနာလိုဖြစ်လာတယ်” ဟုမေးလ်ဒရက်ဝန်ခံသည်။ မည်သည့်အရိုးခံအကြောင်းရင်းပင်ရှိပါစေ အဘိုးအဘွားတစ်ဦးသည် လက်ဆောင်ပေးခြင်းနှင့်ပတ်သက်လာလျှင် မိဘ၏ဆန္ဒကိုမလေးစားသည့်အခါ ပြဿနာဖြစ်နိုင်သည်။
အသက်ရှူခြင်းကဲ့သို့ပင်ဖြစ်မည်မှန်သော်လည်း အချို့တို့သည် ဤကိစ္စတွင် တစ်ဖက်ကမ်းလွန်ဖြစ်နေပုံပေါက်သည်။ သို့သော် တစ်ခါတစ်ရံ မိဘအနေနှင့် မကျေမနပ်ဖြစ်ခြင်းသည် မနာလိုစိတ်ကြောင့် ဖြစ်ပေမည်။ (ထို့ကြောင့် အဘိုးအဘွားများသည် မိမိတို့၏ရက်ရောမှုကိုတင်ပြရာတွင် ဆင်ဆင်ခြင်ခြင်ရှိခြင်းသည် ပညာရှိရာကျသည်။ ကောင်းသည့်အရာဖြစ်သည့်တိုင် များလွန်းလျှင် မကောင်းတော့ဟု သမ္မာကျမ်းစာ၌ တင်ပြထားသည်။ (သု. ၂၅:၂၇) အဘယ်လက်ဆောင်များသည် သင့်တော်မည်ကို သိလိုလျှင် ကလေး၏မိဘများနှင့်တိုင်ပင်ပါ။ ဤသို့ဖြင့် သင်သည် “ကောင်းသောအရာကိုပေးတတ်” လာမည်။—လုကာ ၁၁:၁၃။
မေတ္တာနှင့် လေးစားမှု—သော့ချက်များဖြစ်!
ဝမ်းနည်းစရာမှာ အိမ်စောင့်များ၊ ကလေးထိန်းများအဖြစ် မိမိတို့လုပ်ကိုင်သည့်အလုပ်ကို အလေးမထားကြပါဟု အဘိုးအဘွားတချို့ ညည်းညူကြသည်။ အခြားသူများမှာမူ မြေးများနှင့်ရင်းနှီးခွင့် အလုံအလောက်မရဟု ခံစားကြရသည်။ အခြားအဘိုးအဘွားများဆိုလျှင် မိမိတို့၏အရွယ်ရောက်ပြီးသော သားသမီးများသည် အဘယ်အကြောင်းကြောင့်ဖြစ်သည်ကိုမသိရဘဲ ရှောင်ဖယ်ရှောင်ဖယ်လုပ်ကြသည်ဟု ဆိုကြ၏။ မိသားစုဝင်များသည် တစ်ဦးကိုတစ်ဦးချစ်ခင်၍ လေးစားမှုပြကြမည်ဆိုလျှင် ထိုကဲ့သို့စိတ်ထိခိုက်ဖွယ်ပြဿနာများကို အများအားဖြင့် ရှောင်နိုင်ကြသည်။ သမ္မာကျမ်းစာက ဤသို့ဆို၏– “မေတ္တာသည် စိတ်ရှည်တတ်၏။ ကျေးဇူးပြုတတ်၏။ မေတ္တာသည် မနာလိုခြင်းမရှိ။ . . . ကိုယ်အကျိုးကိုမရှာတတ်၊ ဒေါသအမျက်မထွက်တတ်၊ . . . ခပ်သိမ်းသောအရာကိုခံရပ်တတ်၏။ ခပ်သိမ်းသောအရာကိုယုံတတ်၏။ ခပ်သိမ်းသောအရာကိုမျှော်လင့်တတ်၏။ ခပ်သိမ်းသောအရာကိုသည်းခံတတ်၏။”—၁ ကောရိန္သု ၁၃:၄၊ ၅၊ ၇၊ ကဘ။
သင်သည် ငယ်ရွယ်သောမိဘတစ်ဦးဖြစ်နိုင်ပြီး ဘွားအေဖြစ်သူက စေတနာဖြင့်ဖြစ်သော်လည်း စိတ်အနှောင့်အယှက်ဖြစ်စရာ အကြံပေးချက် သို့မဟုတ် ထင်မြင်ချက်တစ်ခုကိုပြောပေမည်။ သို့နှင့် ‘ဒေါသအမျက်ထွက်’ စရာအကြောင်း ရှိသလော။ အမှန်မှာ၊ သမ္မာကျမ်းစာက သက်ကြီးခရစ်ယာန်အမျိုးသမီးများ၏ တာဝန်မှာ “အသက်ပျိုသောမိန်းမတို့သည် ကိုယ်ခင်ပွန်းကိုချစ်သောသူ၊ သားသမီးကိုချစ်သောသူ၊ ဣန္ဒြေစောင့်သောသူ၊ စင်ကြယ်သောသူ၊ မိမိအိမ်ကိုပြုစုသောသူ . . . ဖြစ်စေခြင်းငှာ” သွန်သင်ပေးရန်ဖြစ်သည်ဟု ဖော်ပြထားသည်။ (တိတု ၂:၃-၅) သင်နှင့် သင့်ကလေး၏အဘိုးအဘွားဖြစ်သူတို့သည် ကလေးများအတွက် အကောင်းဆုံးဖြစ်စေလိုကြသည့် တူညီသောဆန္ဒရှိသည်မဟုတ်လော။ မေတ္တာသည် “ကိုယ်အကျိုးကိုမရှာတတ်” သောကြောင့် သင့်ခံစားချက်ကိုမဟုတ်ဘဲ ကလေးလိုအပ်ရာများကို အာရုံစိုက်ခြင်းသည် အကောင်းဆုံးဖြစ်ပေမည်။ ထိုသို့ပြုခြင်းဖြင့် အသေးအဖွဲစိတ်အနှောင့်အယှက်ဖြစ်စရာတိုင်းကို “အချင်းချင်းဖြေရှင်းနေရခြင်း” အခြေအနေမျိုးကို ရှောင်နိုင်ပေမည်။—ဂလာတိ ၅:၂၆၊ ကဘ၊ အောက်ခြေမှတ်ချက်။
အလွန့်အလွန်ရက်ရောခြင်းကြောင့် သင့်ကလေးပျက်စီးမည်ကို သင်စိုးရိမ်မည်မှာအမှန်ပင်။ သို့သော် များသောအားဖြင့် အဘိုးအဘွားတစ်ဦး ရက်ရောစွာပေးကမ်းသည့်အခါ ပျက်စီးစေလိုသည့်စိတ်ဖြင့်မဟုတ်ပါ။ ကလေးပြုစုစောင့်ရှောက်ရေး ပညာရှင်အများစုက သင့်ကလေးကို သင်,လေ့ကျင့်ပေးပုံနှင့် ဆုံးမပေးပုံသည် အဘိုးအဘွားတစ်ဦး၏ တစ်ခါတစ်ရံမျှ ကြားဝင်စွက်ဖက်မှုထက် ပို၍အကျိုးသက်ရောက်သည်ဟု သဘောတူညီကြသည်။ ပညာရှင်တစ်ဦးက ဤသို့အကြံပြု၏– “ဟာသဉာဉ်ကို ဆက်ထိန်းထားပေးနိုင်ခြင်းသည် ကောင်း၏။”
ကလေးပြုစုစောင့်ရှောက်ခြင်းနှင့်ပတ်သက်၍ စိုးရိမ်စရာအကြောင်း အခိုင်အလုံရှိနေပါက သင့်မိဘ သို့မဟုတ် ယောက္ခမများနှင့် သင့်ကလေးများ အဆက်အသွယ်ပြုခြင်းကို မဖြတ်တောက်လိုက်ပါနှင့်။ သမ္မာကျမ်းစာက “တိုင်ပင်ခြင်းမရှိလျှင် အကြံပျက်တတ်၏” ဟုဆိုသည်။ (သု. ၁၅:၂၂) “အခန့်သင့်” အချိန်တွင် လေးလေးနက်နက်ဆွေးနွေးပြီး သင့်စိုးရိမ်မှုများကို နားလည်အောင်ရှင်းပြပါ။ (သု. ၁၅:၂၃) များသောအားဖြင့် ပြဿနာများကို အောင်မြင်စွာဖြေရှင်းနိုင်ကြပါသည်။
သင်သည် အဘိုးအဘွားတစ်ဦးဖြစ်သလော။ သို့ဖြစ်လျှင် သင့်မြေးများ၏မိဘများကို လေးစားမှုပြသင့်သည်။ သင့်မြေးအတွက် အန္တရာယ်ရှိသည်ဟု သင်ခံစားရလျှင် သင့်ထင်မြင်ချက်ကို ထုတ်ဖော်ပြောဆိုရန် တာဝန်ရှိသည်ဟု သင်ယူဆမည်မှာအမှန်ပင်။ သို့သော် သင့်အနေနှင့် မြေးများကို ချစ်မြတ်နိုးသည်မှန်သော်လည်း ကိုယ်သားသမီးများကို ပြုစုပျိုးထောင်ရန်—အဘိုးအဘွားများမဟုတ်—မိဘများတာဝန်ဖြစ်သည်။ (ဧဖက် ၆:၄) သမ္မာကျမ်းစာက မိဘကို လေးစား၍ စကားနားထောင်ရန် သင့်မြေးများကို အမိန့်ပေးထားသည်။ (ဧဖက် ၆:၁၊ ၂; ဟေဗြဲ ၁၂:၉) ထို့ကြောင့် သူတို့၏မိဘများအား တောင်းဆိုမခံရဘဲ တစ်ချိန်လုံးအကြံပေးခြင်း သို့မဟုတ် မိဘအခွင့်အာဏာကို ပျက်အောင်ပြုလုပ်ခြင်းတို့ကို ကြိုးစားရှောင်ပါ။—၁ သက်သာလောနိတ် ၄:၁၁-၁၂ နှိုင်းယှဉ်။
မှန်ပါသည်၊ သင့်သားသမီးများကို မိဘတာဝန်ထမ်းစေရန် ဝင်မစွက်ရဘဲ လျှာကိုချုပ်တည်းထား၍ ရင်တမမနှင့်လွှတ်ထားပေးရခြင်းသည် အမြဲမလွယ်ကူပါ။ သို့သော် ဂျီးန်ပြောသကဲ့သို့ပင် “သူတို့က အကြံဉာဏ်မတောင်းရင် သူတို့ကလေးအတွက် အကောင်းဆုံးလို့သူတို့ထင်တာကို လိုက်လျောရမှာပဲ။” ဂျေးန်ကမူ “‘ဒီလိုလုပ်သင့်တယ်!’ လို့ ကျွန်မ,မပြောမိဖို့ သတိထားရတယ်။ ပြုလုပ်နိုင်တဲ့နည်းလမ်းတွေ
က အများကြီးပဲ၊ တကယ်လို့ တစ်ယူသန်သမားဖြစ်ရင် ပြဿနာတက်တတ်တယ်” ဟုဆို၏။အဘိုးအဘွားများပေးနိုင်သည့်အရာ
သမ္မာကျမ်းစာက မြေးများရှိခြင်းသည် ဘုရားသခင့်ထံမှကောင်းချီးတစ်ရပ်ဖြစ်ကြောင်း ဖော်ပြထားသည်။ (ဆာလံ ၁၂၈:၃-၆) သင့်မြေးများကို စိတ်ဝင်စားမှုပြခြင်းဖြင့် သူတို့အပေါ်သြဇာလွှမ်းနိုင်ပြီး ဘုရားသခင်ရေးရာအကျင့်စံနှုန်းများ တိုးများလာစေရန် ကူညီပေးနိုင်မည်။ (တရားဟောရာ ၃၂:၇ နှိုင်းယှဉ်။) ကျမ်းစာခေတ်က လောဣအမည်ရှိသူ အမျိုးသမီးတစ်ဦးသည် သူ၏မြေး တိမောသေအား ဘုရားသခင်၏လူ ထူးချွန်သူတစ်ဦးဖြစ်လာစေရန် ထူးခြားစွာကူညီပေးခဲ့သည်။ (၂ တိမောသေ ၁:၅) အလားတူပင်၊ သင့်မြေးများသည် ဘုရားသခင်ရေးရာလေ့ကျင့်မှုကို တုံ့ပြန်လာကြရာ ရွှင်လန်းနိုင်ပါသည်။
ထို့အပြင် သင်သည် သူတို့လိုအပ်သောမေတ္တာနှင့်ချစ်ခင်စုံမက်မှုကို ပြနိုင်ပါသည်။ သင်သည် အလွမ်းပိုသော၊ ချစ်ခင်ကြင်နာတတ်သောပုံစံ ရှိချင်မှရှိမည်။ သို့ရာတွင် သင့်မြေးများအပေါ် စစ်မှန်ပြီးကိုယ်ကျိုးမရှာသောစိတ်ဝင်စားမှုပြခြင်းဖြင့် ဘုရားသခင်ရေးရာမေတ္တာကိုလည်း တင်ပြနိုင်သည်။ စာရေးဆရာမ စဲလ်မာ ဝက်စ်မန်က ဤသို့ဆို၏– “ကလေး၏စကားကို ဂရုစိုက်နားထောင်ခြင်းက . . . သင်၏မေတ္တာကို အမှန်ထင်ရှားစေသည်။ ကြားဖြတ်ပြောဆိုခြင်းမရှိ ဝေဖန်ခြင်းမပြုဘဲ ကောင်းစွာနားထောင်ခြင်းသည် တန်ဖိုးထားလေးမြတ်ကြောင်း တင်ပြသည်။” ဤသို့ အဘိုးအဘွား၏ဂရုစိုက်မှုကိုခံစားရခြင်းသည် မြေးတစ်ဦးအတွက် အကောင်းဆုံးလက်ဆောင်ဖြစ်နိုင်ပါသည်။
ယခုအထိ အစဉ်အလာရှိ အဘိုးအဘွားကဏ္ဍကိုအဓိကထား ဆွေးနွေးခဲ့ကြပြီ။ သို့ရာတွင် ယနေ့ အဘိုးအဘွားများစွာ၏တာဝန်သည် ထိုထက်မကဖြစ်သည်။
[စာမျက်နှာ ၆ ပါ အကျဉ်းဖော်ပြချက်]
“ကျွန်မအကြောင်း အရေးအကြီးဆုံးအရာတွေ—ကျွန်မကိုချစ်ကြတယ်၊ ကျွန်မဟာ ချစ်စရာကောင်းတယ်ဆိုတာတွေကို အဘွားဆီကသိလာရတာ”
[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်]
အဝေးတွင်ရှိသောဘိုးဘွားများ အတွက် အကြံပေးချက်များ
• မြေးများ၏ဗီဒီယိုခွေ သို့မဟုတ် ဓာတ်ပုံများပို့ပေးရန် သူတို့မိဘများကိုတောင်းဆိုပါ။
• မြေးများထံ အသံသွင်းထားသောတိတ်ခွေ “စာများ” ပို့ပေးပါ။ ကလေးငယ်များအတွက် သင်ကိုယ်တိုင်ဖတ်ပြထားသည့် ကျမ်းစာပုံပြင်တိတ်ခွေ သို့မဟုတ် ကလေးချော့သီချင်းခွေကို ပို့ပေးပါ။
• မြေးများထံ ကတ်နှင့်စာများပို့ပေးပါ။ ဖြစ်နိုင်မည်ဆိုလျှင် သူတို့နှင့် ပုံမှန်စာအဆက်အသွယ်ရှိပါ။
• သင်တတ်နိုင်မည်ဆိုလျှင် သင့်မြေးများနှင့် ဖုန်းဖြင့်အမြဲဆက်သွယ်ပါ။ ကလေးငယ်များနှင့်စကားပြောသည့်အခါ “မနက်က ဘာစားသလဲ” စသည့် မေးခွန်းရိုးရိုးလေးများနှင့် စ,စကားပြောပါ။
• ဖြစ်နိုင်မည်ဆိုလျှင် မှန်မှန်လည်ပတ်ပါ။
• သင့်မြေးများ သင့်အိမ်သို့ လည်ပတ်လာစေရန် သူတို့မိဘများနှင့် စီစဉ်ပါ။ တိရစ္ဆာန်ဥယျာဉ်၊ ပြတိုက်၊ ပန်းခြံသို့သွားခြင်း အစရှိသော ပျော်ရွှင်ဖွယ်လုပ်ငန်းများကို စီစဉ်ပါ။
[စာမျက်နှာ ၅ ပါ ရုပ်ပုံ]
အဘိုးအဘွားများစွာသည် မိမိတို့၏မြေးများကို ကူထိန်းပေးကြသည်
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
ကလေးပြုစုစောင့်ရှောက်ခြင်းနည်းများနှင့်ပတ်သက်၍ တင်းမာမှုများဖြစ်ပွားနိုင်
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
အဘိုးအဘွားများသည် မိသားစုရာဇဝင် ပြောပြလေ့ရှိ