အဘိုးအဘွား “သစ်” များ
အဘိုးအဘွား “သစ်” များ
“ဘိုးဘိုးဘွားဘွားတို့က ကြိုဆိုပါတယ်၊ ကလေးတို့ကို အလိုလိုက်ထားမယ်။” ဂျီးန်နှင့်ဂျေးန်တို့၏အိမ်အဝင်ဝတွင် ထိုအတိုင်း ဖတ်ရသည်။
သို့ရာတွင် အထဲဝင်လိုက်သည့်အခါ လှုပ်ကုလားထိုင်ပေါ်တွင်ထိုင်နေသည့် သက်ကြီးမောင်နှံစုံကို သင်တွေ့ရမည်မဟုတ်ပါ။ ယင်းအစား အသက် ၄၀ ကျော် နုပျိုဖျတ်လတ်သော အိမ်ထောင်သည်စုံတွဲကိုသာ တွေ့ရပါလိမ့်မည်။ ‘နိုင်ငံရေးပင်စင်စားများ’ အနေနှင့် မိမိတို့၏တာဝန်ကို ရှောင်ဖို့ဝေးစွ ဂျီးန်နှင့်ဂျေးန်တို့သည် အဘိုးအဘွားဘဝကို တလိုတလားလက်ခံခဲ့ကြသည်။ “အဘိုးအဘွားဘဝဟာ အသက်အရွယ်အိုမင်းလာပြီဆိုတဲ့ ဘဝအမှတ်အသားတွေထဲက တစ်ခုဖြစ်တယ်၊ ဒါပေမဲ့ ချာတိတ်တွေ—မြေးတွေကို ပြုစုရတာဟာ ဆုလာဘ်တစ်ခုပါပဲ” ဟုဂျီးန်းကပြောသည်။
ရှေးပညာရှိစကားက ဤသို့ဆိုသည်– “မြေးတို့သည် အသက်ကြီးသောသူ၏ သရဖူဖြစ်၏။” (သု. ၁၇:၆) အဘိုးအဘွားများနှင့်မြေးများသည် မေတ္တာနှင့်ရင်းနှီးမှုသံယောဇဉ်ဖြင့် အထူးတွယ်တာတတ်ကြသည်။ လူမျိုးဆက်ဂျာနယ်၏အဆိုအရ “အမေရိကန်လူ့အဖွဲ့အစည်းတွင် အဘိုးအဘွားဖြစ်သူများ၏အရေအတွက်မှာ မကြုံစဖူးထူးကဲနေသည်။” အကြောင်းရင်းမှာ “ပျမ်းမျှသက်တမ်း တိုးလာမှုနှင့် ဖြတ်သန်းရသည့်မိသားစုဘဝပုံစံသစ်ကြောင့်ဖြစ်သည်။ သေဆုံးမှုနှင့် မွေးဖွားမှုနှုန်းပြောင်းလဲမှုများကြောင့် လူကြီးလေးပုံသုံးပုံခန့်သည် အဘိုးအဘွားများဖြစ်ကြရမည်။ . . . လူလတ်ပိုင်းအများစုသည် အသက် ၄၅ နှစ်ဝန်းကျင်တွင် အဘိုးအဘွားများဖြစ်လာကြသည်” ဟုဆောင်းပါးကရှင်းပြသည်။
နိုင်ငံတချို့တွင် အဘိုးအဘွားမျိုးဆက်သစ်တစ်ခု ပေါ်လာသည်။ ထိုသို့ဖြစ်စေကာမူ အဘိုးအဘွားများစွာသည် သူတို့၏မြေးများကိုစောင့်ရှောက်ရေးတွင် သူတို့ကိုယ်ကို နှစ်ထားကြသည်။ ဥပမာ၊ ဂျီးန်နှင့်ဂျေးန်၏သားနှင့် ချွေးမဟောင်းတို့သည် ကွာရှင်းထားကာ ကလေးထိန်းသိမ်းစောင့်ရှောက်ခွင့်ကို တွဲ၍တာဝန်ယူခဲ့ကြသည်။ “ကျွန်မသားအလုပ်သွားနေချိန်မှာ ကျွန်မတို့ရဲ့မြေးကိုစောင့်ရှောက်ပေးခြင်းဖြင့် ကျွန်မတို့ကြိုးစားပြီးထောက်မပေးကြတယ်” ဟုဂျေးန်က ရှင်းပြသည်။ လေ့လာဆန်းစစ်ချက်တစ်ရပ်အရ အမေရိကန်ပြည်ထောင်စုရှိ အဘိုးအဘွားများသည် သူတို့၏မြေးများကို တစ်ပတ်လျှင်ပျမ်းမျှ ၁၄ နာရီခန့်ကြည့်ရှုပေးကြသည်။ ဤပမာဏသည် တစ်နှစ်လျှင် လုပ်အားခဒေါ်လာ ၂၉ ဘီလီယံကုန်ကျမည့်ပမာဏနှင့်ညီမျှသည်!
ယနေ့အချိန်တွင် အဘိုးအဘွားများသည် အဘယ်ရွှင်လန်းမှုများကို ခံစားတွေ့ကြုံရသနည်း။ သူတို့အတွက်စိန်ခေါ်ချက်များကား အဘယ်နည်း။ ဤမေးခွန်းများကို နောက်ဆောင်းပါးများတွင် ဆန်းစစ်တင်ပြထားပါသည်။