မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

နီကိုတင်၏ကဏ္ဍသစ်လော

ဆေးဝါးကုမ္ပဏီတို့သည် ဆေးလိပ်ဖြတ်ရန် လတ်တလောအကူအညီအဖြစ် နီကိုတင်ပီကေနှင့် အရေပြားမှတစ်ဆင့် နီကိုတင်ဓာတ်စိမ့်ဝင်စေသည့် ဆေးပလာစတာတို့ကို ရောင်းချလျက်ရှိသည်။ ဤပစ္စည်းများကို ၆ ပတ်မှ ၁၂ ပတ်အထိထက် ပို၍မသုံးသင့်ကြောင်း ဖော်ပြသော်လည်း ဆေးလိပ်သောက်သူများစွာသည် ၎င်းတို့ကို နှစ်နှင့်ချီ၍ ဆက်ပြီးအသုံးပြုနေကြောင်း သည်ဝေါစထရိဂျာနယ်က ဖော်ပြသည်။ ယခု ဆေးဝါးကုမ္ပဏီတို့သည် ခန္ဓာကိုယ်အတွင်းသို့ နီကိုတင်ဓာတ်ထုတ်လွှတ်ပေးသောပစ္စည်းများကို ရေရှည်အသုံးပြုရန် ရောင်းပေးနိုင်ဖို့ အစိုးရဥပေဒများ ပြောင်းလဲခွင့်ပြုချက်ရရှိရေးအတွက် ကြိုးစားနေကြသည်။ ဤဆေးဝါးကုမ္ပဏီများသည် စွဲစေသည့်ပစ္စည်းများဖြင့် အမြတ်ထုတ်သည်ဟူသည့် ဆေးလိပ်လုပ်ငန်းများရသည့် နာမည်ဆိုး မရလိုကြသော်သည်း ၎င်းတို့၏ဆေးဝါးသုံးစွဲသူများသည် နီကိုတင်ဆက်၍စွဲနေမည့်အရေးကို ထည့်မစဉ်းစားကြပါ။ မည်သို့ပင်ဆိုစေ ကယ်လီဖိုးနီးယား ပါလိုအဲလ်တို အဆုတ်ရောဂါကာကွယ်ရေးဌာန၏ ညွှန်ကြားရေးမှူး ဒေးဗစ် စက်ခ်စ်က “ဆေးဝါးကုမ္ပဏီတိုင်းနီးပါးဟာ ဒီနည်းနဲ့ ဈေးကွက်ကြီးကြီးတစ်ခု တွေ့ရှိထားတယ်” ဟုဆိုသည်။

မြေကျွံနေသည့်မြို့တော်

“မက္ကစီကိုစီးတီးသည် မြေကျွံနေသည်” ဟုနယူးယောက်တိုင်းမ်ကဆိုသည်။ “မြို့နေလူဦးရေ ၁၈ သန်းအတွက် ရေလိုအပ်ချက်ကိုဖြည့်ဆည်းပေးရန် မြေအောက်မှ ရေအမြောက်အမြားကို စုပ်ယူပေးနေရရာ မြေပြင်မှာ အလွန်မြန်ဆန်စွာ အိကျနေသည်။” တစ်ပူပေါ်နှစ်ပူဆင့်သည်မှာ “မက္ကစီကိုမြို့တော်၏ ရေပေးဝေရေးစနစ်သည် ကမ္ဘာ့အစိမ့်ထွက်ဆုံးစနစ်ဖြစ်သည်။ စုပ်ယူသည့်ရေသန့် သုံးဂါလံလျှင် တစ်ဂါလံသည် စိမ့်ထွက်လျက်ရှိ” ၏။ အဓိပ္ပာယ်မှာ ပို၍စုပ်ယူရရာ မြို့တော်သည် ပို၍နိမ့်ဆင်းသွားလေသည်။ ပြုပြင်ရေးအဖွဲ့များက ပေါက်ပြဲရာ ၄၀,၀၀၀ ကို နှစ်စဉ်ပြုပြင်ပေးကြသော်လည်း သတင်းမရရှိသော စိမ့်ထွက်နေသည့်နေရာများစွာရှိဦးမည်။ မြေကျွံနေသောမြို့တော်မှာ မက္ကစီကိုစီးတီးတစ်ခုတည်းမဟုတ်ပေ။ ဥပမာ၊ အီတလီနိုင်ငံ ဗင်းနစ်မြို့သည် ၂၀ ရာစုနှစ်အတွင်း ကိုးလက်မနိမ့်ဆင်းသွားသည်။ သို့သော် မက္ကစီကိုမြို့မူ ပေ ၃၀ ကျွံကျသွားပေပြီ!

မိုက်ခဲချာတိတ်များ

အမေရိကန် ဆယ်ကျော်သက် ၁၆,၂၆၂ ဦးကိုလေ့လာဆန်းစစ်ခဲ့ရာ ၅ ဦးတွင် တစ်ဦးသည် လက်နက်ဆောင်ကြပြီး ၁၀ ဦးလျှင် တစ်ဦးသည် ကိုယ့်ကိုယ်ကို သတ်သေရန်ကြိုးစားခဲ့ကြကြောင်း သည်နယူးယောက်တိုင်းမ်စ်က ဖော်ပြသည်။ ဤလေ့လာဆန်းစစ်မှုတွင် မေးမြန်းခံရသူတို့မှာ နိုင်ငံတစ်ဝန်းလုံးရှိ ကျောင်းပေါင်း ၁၅၁ ကျောင်းမှ ကျောင်းသားများဖြစ်သည်။ ကျောင်းသားတို့၏ကာယပိုင်းနှင့် လိင်ပိုင်းအပါအဝင် မူးယစ်ဆေး၊ အရက်နှင့် ဆေးလိပ်တို့နှင့်ပတ်သက်သည့်အချက်အလက်များကို ရရှိရန် လျှို့ဝှက်မေးခွန်းလွှာများကို အသုံးပြုခဲ့သည်။ အမျိုးသား နာတာရှည်ရောဂါတားဆီးကာကွယ်ရေးနှင့် ကျန်းမာရေးမြင့်မားရေးဗဟိုဌာနမှ လော်ရာကန်က ဤသို့ဆိုသည်– “ဤတွင် သင်ခန်းစာယူစရာမှာ လူငယ်များစွာသည် သူတို့၏အသက်အန္တရာယ်ဖြစ်စေသည့် အမူအကျင့်များကို ဆက်၍ပြုနေကြရာ လောလောဆယ် ထိခိုက်အနာတရရ၍ သေဆုံးစေဖို့ဖြစ်ပြီး ကြာလာလျှင် နာတာရှည်ရောဂါဖြစ်လာလေစေသည်။”

သေမင်းတမန် မစ်ခ်ျ ဟာရီကိန်း

၁၉၉၈၊ အောက်တိုဘာ ၂၇ ရက်နေ့တွင် မစ်ခ်ျအမည်ရှိ ဟာရီကိန်းမုန်တိုင်းသည် ဗဟိုအမေရိကကို အပြင်းအထန်မွှေနှောက်တိုက်ခတ်သွားရာ လူ ၁၁,၀၀၀ ကျော်အသက်ဆုံးခဲ့ရသည်။ ထောင်နှင့်ချီ၍ပျောက်ဆုံးနေရာ သေဆုံးပြီဟုယူမှတ်ရ၍ လူဦးရေ ၂.၃ သန်း အိုးမဲ့အိမ်မဲ့ဖြစ်သွားကြောင်း သတင်းရရှိသည်။ အပြင်းထန်ဆုံးထိခိုက်သည့်နေရာများမှာ ဟွန်ဒူးရပ်နှင့် နီကာရာဂွာနိုင်ငံတို့ဖြစ်သည်။ ကျေးလက်လယ်ယာမြေများအပေါ် မိုးရေ လေးပေလွှမ်းသွားရာ ရာစုနှစ်နှစ်ခုအတွင်း ထိုဒေသ၏ အဆိုးရွားဆုံးသဘာဝကပ်ဘေးအဖြစ် ဖော်ပြခဲ့ပေပြီ။ တောရွာ ဒါဇင်နှင့်ချီပြီး မြေမျိုခံရ၏ သို့မဟုတ် လွှမ်းမိုးရေမြင့်တက်လာ၍ ရေထဲမျောပါသွားသည်။ ဟွန်ဒူးရပ်သမ္မတ ကားလော့စ် ဖရောဖယ်ကူစီက ဤသို့ဆိုသည်– “အနှစ် ၅၀ တိုင် နည်းနည်းချင်းတည်ဆောက်ခဲ့ရသော နေရာများသည် ၇၂ နာရီအတွင်းမှာပင် ပျက်စီးဆုံးရှုံးခဲ့ရပြီ။ သေဆုံးမှုနှင့် ပျက်စီးမှုကိုထပ်၍တိုးစေသည်မှာ အဆက်အသွယ်ပြတ်တောက်သွားခြင်းဖြစ်သည်။ မုန်တိုင်းလမ်းကြောင်းကျသည့် မြို့ငယ်လေးအများစုသို့ဆက်သွယ်ထားသည့် လျှပ်စစ်နှင့်ဖုန်းလိုင်းများ ပြတ်တောက်သွားသည်။ လမ်းနှင့်တံတား ရာနှင့်ချီပြီး ရေစီးနောက်ပါသွားကာ အသက်ရှင်ကျန်ရစ်သူများမှာ အစားအစာမရှိ၊ ရေသန့်မရှိ၊ ဆေးဝါးမရှိ ရက်ပေါင်းများစွာနေရကြသည်။ ကယ်ဆယ်ရေးအေဂျင်စီများတွင် အစားအစာအလုံအလောက်ရှိထားသော်လည်း ဖြန့်ဝေရန်နည်းလမ်းမရှိဖြစ်နေသည်။ ပစ္စည်းဥစ္စာများဆုံးရှုံးရသည့်အပြင် လူအများစုမှာ အလုပ်အကိုင်များလည်း ဆုံးရှုံးကြသည်။ အဓိကစိုက်ခင်းများဖြစ်သော ငှက်ပျော၊ ဖရဲ၊ ကော်ဖီနှင့်စပါးခင်းတို့၏ ၇၀ ရာခိုင်နှုန်းမှာ ပျက်စီးသွားလေသည်။ “၁၉၇၄ ခုနှစ်တွင်တိုက်ခတ်ခဲ့သည့် ဖီဖီဟာရီကိန်းသည် ဤမုန်တိုင်းကိုမယှဉ်နိုင်ပါ” ဟုဟွန်ဒူးရပ်၏ဒုတိယသမ္မတ ဝီလျံ ဟန်ဒဲလ်ကဆိုသည်။ “ဖီဖီမုန်တိုင်းကြောင့် ၁၂ နှစ်မှ ၁၄ နှစ်အထိ အချိန်ယူ ကြိုးစားပြုပြင်ခဲ့ရသည်။ ဤတစ်ကြိမ်တွင် အနှစ် ၃၀၊ ၄၀ အချိန်ယူရလိမ့်မည်။”

အရှက်ကြီးမှုကို ကုစားနည်း

ကနေဒါ တိုရွန်တိုစတား သတင်းစာအရ “အရွယ်ရောက်သူ ၁၃ ရာခိုင်နှုန်းခန့်သည် အလွန်အရှက်ကြီးမှုကို တွေ့ကြုံခံစားနေရသည်။” ယင်းကြောင့် “ဤသူတို့သည် ဘဝကိုအပြည့်အဝမပျော်မွေ့နိုင်” ဟု ထိုသတင်းစာက ဖော်ပြသည်။ အရှက်ကြီးမှုကိုကုစားရန် အသုံးဝင်အချက်အလက်အချို့ကို ကျွမ်းကျင်သူများက ဤသို့ကိုးကားတင်ပြလိုက်သည်– “သတင်းများ၊ မဂ္ဂဇင်းဆောင်းပါးများ၊ စာအုပ်များ၊ ဝါသနာပါရာ သို့မဟုတ် ရုပ်ရှင်တို့မှ စကားလက်ဆုံ ပြောဆိုမှုအစပျိုးခြင်းတို့ကို စဉ်းစားလိုက်ပါ။” “မျက်လုံးချင်းဆက်သွယ်ခြင်း [နှင့်] စူးစိုက်နားထောင်ခြင်းအပါအဝင် စကားပြောဆိုခြင်းနှင့် အသံမပြုဘဲဆက်သွယ်ခြင်းစွမ်းရည်များကို လေ့ကျင့်ပါ။” “မိမိကြောက်သည့်အရာကိုပြုလုပ်ရန် မိမိကိုယ်ကို ဖိအားပေးပါ။” “သင်သည် အရှက်ကြီးသူတစ်ဦး၏မိဘဖြစ်နေလျှင် သင့်ကလေးငယ်ကို လူမှုပေါင်းသင်းဆက်သွယ်ခွင့် များများရရှိစေရန် အရေးကြီးသည်။” အရှက်ကြီးမှုကိုကုစားရန် ပိုပြီးကြိုးစားလေလေ အောင်မြင်ရန်သာ၍လွယ်ကူလေလေဖြစ်ကြောင်း အတွေ့အကြုံကပြခဲ့ရာ လက်မလျော့ဖို့ အားပေးလိုက်ပါသည်။

မွေးဖွားနှုန်းကျခြင်း၏ အကျိုးဆက်များ

‘မွေးဖွားနှုန်းကျဆင်းမှုများသည် စက်မှုနိုင်ငံများတွင် အန္တရာယ်အကြောင်းရင်းတစ်ခုဖြစ်လာသည်’ ဟု ပါရီမြို့ထုတ် အင်တာနေရှင်နယ် ဟဲရက်ဒ် ထရီဗြူးန်က ဖော်ပြသည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ နောက်ဆုံးတွင် အသက်အရွယ်ကြီးရင့်လာသူများကို ထောက်ပံ့ပေးမည့် လူငယ်အလုံအလောက်ရှိတော့မည်မဟုတ်သောကြောင့်ဖြစ်သည်။ ဥပမာ၊ ဥရောပနိုင်ငံအများအပြားတွင် အသက် ၆၀ အထက်လူဦးရေသည် အသက် ၂၀ အောက်လူဦးရေထက် များနေသည့်အမှတ်ကို ချဉ်းကပ်လာနေသည်။ သက်ကြီးဦးရေများခြင်းအကြောင်းရင်းများတွင် မောင်နှံစုံများသည် ခရီးသွားနိုင်ရန်၊ စီးပွားရှာနိုင်ရန် သို့မဟုတ် ပညာရေးတက်လမ်းရှာကြံနိုင်ရန် ကလေးမလိုချင်ကြသေးခြင်းပါဝင်သည်။ အခြားအကြောင်းပြချက်များမှာ စီးပွားရေးကျပ်တည်းမှုများကြောင့် ကလေးရှိခြင်းသည် “ဝန်ထုပ်ဝန်ပိုး” သို့မဟုတ် “မသက်သာသည့်အခြေအနေ” ပေါ်စေမည်ဖြစ်၍အပြင် လူတို့သည် ပို၍အသက်ရှည်လာနေခြင်းတို့ဖြစ်သည်။

ထိုင်ခုံခါးပတ်သည် ဘုရားသခင့်အလိုတော်ကိုဆန့်ကျင်သလော

အသက် ၆၅ နှစ်အရွယ်ရှိ ဒတ်ခ်ျလူမျိုးတစ်ဦးသည် သူ၏ဘာသာရေးခံယူချက်များကြောင့် နယ်သာလန်နိုင်ငံ၏ ထိုင်ခုံခါးပတ်ဥပဒေမှ ကင်းလွတ်ခွင့်ပေးရန် တောင်းဆိုလိုက်သည်။ ဖရန့်ဖာတာ အော်ဂျီမိုင်နီဇိုင်တွန်သတင်းစာအရ ထိုသူသည် ပြုပြင်ရေးချာ့ခ်ျအသင်းသားတစ်ယောက်ဖြစ်သည်။ သူ့ချာ့ခ်ျ၏သွန်သင်ချက်များတွင် လူတစ်ဦးသည် မတော်တဆမှုများမှ မိမိကိုယ်ကို မကာကွယ်ရဘဲ ဘုရားသခင်ပြုသမျှကို လက်ခံရမည်ဟုဆိုသည်။ ၎င်းချာ့ခ်ျ၏ အခြားအသင်းသားများကမူ ကားအာမခံမဆောင်ကြ၊ “ဘုရားသခင့်စီစဉ်ထားချက်” ကိုဆန့်ကျင်သည်ဟုဆိုကာ ကာကွယ်ဆေးများမထိုးကြချေ။ ဤကိစ္စကိုပြန်၍သုံးသပ်ပြီးနောက် နယ်သာလန်အထက်တရားရုံးက မိမိ၏ထိုင်ခုံခါးပတ်ကို စည်းထားခြင်းသည် လူတစ်ဦး၏ ဘာသာရေးလွတ်လပ်မှုကို ကန့်သတ်ချက်မဖြစ်စေကြောင်း ထိုသူ၏အယူခံချက်ကို ပယ်ချလိုက်သည်။

အဆီရောအစားအစာ

၁၉၇၈ ခုနှစ်၊ မတ်လတွင် ဆီတင်သင်္ဘော အမိုးကိုး ခေဒီးစ်သည် ပြင်သစ်နိုင်ငံ၊ ဗရစ်တနီကမ်းရိုးတန်းပေါ်သောင်တင်ခဲ့ရာ ရေနံစိမ်းတန်ချိန် ၂၃၀,၀၀၀ ပေါက်ထွက်ကာ ကမ်းရိုးတန်းမိုင်ပေါင်း ၂၂၀ ခန့်ကို ညစ်ညမ်းစေခဲ့သည်။ အဘယ်ပျက်စီးမှုကျန်ခဲ့သနည်း။ ၁၉၉၂ ခုနှစ်ကတည်းက ကမ်းခြေရှိ သဲအောက်လွှာအထိပင် ဤညစ်ညမ်းမှု၏အကျိုးဆက်များ လုံးဝမတွေ့ရတော့ကြောင်း မာစေလ် သိပ္ပံမဟာဌာနမှ ပါမောက္ခ ဂေးလ်ဘာ့တ်မီလ်က ဆိုသည်။ ဤမျှထူးခြားစွာ မူလအခြေအနေပြန်ရရှိမှုသည် ဟိုက်ဒရိုကာဗွန်များ ချေဖျက်ပေးသည့် သဘာဝအတိုင်းဖြစ်ပေါ်နေသော ဘက်တီးရီးယားတို့ကြောင့်ဖြစ်သည်။ ဤပိုးမွှားလေးများနှင့်အတူ ပူးပေါင်းလုပ်ဆောင်သူများမှာ သဲကို မပြတ်ရွှေ့ပြောင်းပစ်နေသည့် ခရုပက်ကျိနှင့် တီကောင်တို့ဖြစ်၏၊ ၎င်းတို့သည် ဆီရှိသမျှကို မြေမျက်နှာပြင်ပေါ်သို့ ရွှေ့တင်ပေးလိုက်ရာ ဆာလောင်နေသည့်ဘက်တီးရီးယားတို့က ယင်းအဆီကို ချေဖျက်စားသောက်ပစ်လိုက်သည်။

အိပ်ရေးမဝမှု တိုးများလာ

အမေရိကန်တို့သည် “[၂၀]ရာစုနှစ်သို့အကူးအပြောင်းကထက် တစ်ညလျှင် အိပ်ချိန် တစ်နာရီခွဲပင်လျော့နည်းလာရာ အခြေအနေသာ၍ဆိုးလာဖို့အကြောင်းရှိသည်” ဟုနယူးစဝိခ်က ဆိုသည်။ အဘယ်ကြောင့်နည်း။ “လူတို့က အိပ်စက်ခြင်းကို လျှော့ပေါ့၍ပေးနိုင်သည့်ကုန်စည်တစ်ခုအဖြစ် ယူမှတ်ထားကြသည်” ဟု ဝစ်စကန်စင်တက္ကသိုလ်မှ ကာကွယ်ဆေးပါမောက္ခ တယ်ရီ ယန်းက ဆိုသည်။ “နည်းနည်းသာအိပ်၍ များများလုပ်ကိုင်နိုင်ပါက တိုးတက်မှုရှိ၏ဟု ယူမှတ်ထားကြသည်။” သို့သော် အိပ်ရေးပျက်ခြင်းကြောင့် စိတ်ဓာတ်ကျမှုမှသည် နှလုံးဝေဒနာအမျိုးမျိုးအထိဖြစ်စေသော မမာမကျန်းမှုများ ဖြစ်စရာကြောင်းရှိနိုင်သည်။ အိပ်ရေးပျက်သည့်ကြွက်ကြီးများသည် နှစ်ပတ်ခွဲအကြာတွင် သေဆုံးသွားကြသည်။ “သင်သည် ဤသို့ ရုတ်တရက်သေချင်မှသေမည်။ သို့သော် အိပ်ရေးပျက်မှုကြောင့် အားအင်ကုန်ခန်းနေသော ဆရာဝန်တစ်ဦးက ဆေးမှားပေးသည့်အခါမျိုး သို့မဟုတ် အိပ်ချင်မူးတူးဖြစ်နေသော ကားသမားတစ်ဦးက သင်၏ယာဉ်ကြောထဲ ဇွတ်ဝင်လာသည့်အခါမျိုးတို့တွင် သင့်အသက်ကို သွယ်ဝိုက်နည်းဖြင့် ဆုံးစေနိုင်သည်” ဟုနယူးစဝိခ်က ဖော်ပြသည်။ အိပ်စက်ခြင်းသုတေသီ ဂျိမ်းဝက်လ်ရှ်က ဤသို့ဆိုသည်– “လူများသည် အိပ်ချိန်အလုံအလောက်ရှိရန်နှင့် အချိန်ကျတစ်မှေးအိပ်ပေးခြင်းတို့သည် ကားမောင်းစဉ်နှင့် အလုပ်ခွင်တွင် နိုးကြားမှု တိုး၍ရှိစေနိုင်ရန် အားအထားရဆုံးနည်းလမ်းများဖြစ်ကြောင်း သင်ကြားခံရဖို့လိုပါသည်။”

မတော်တဆဖြစ်မှုများ—⁠ကံကြမ္မာမဟုတ်

ဘရာဇီးနိုင်ငံတွင် နှစ်စဉ် အနည်းဆုံး ကလေးနှင့် ဆယ်ကျော်သက် ၂၂,၀၀၀ မတော်တဆဖြစ်မှုများကြောင့် အသက်ဆုံးရကြောင်း ဘရာဇီးကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ သေဆုံးသူအများစုမှာ ယာဉ်တိုက်မှုများကြောင့်ဖြစ်သည်။ ဘရာဇီးဆေးဘက်ဆိုင်ရာအဖွဲ့အစည်း၏ဥက္ကဋ္ဌဖြစ်သူ လင်ကွန်း ဖရေရီက ဤသို့ထုတ်ဖော်ပြောသည်– “မတော်တဆဖြစ်မှုတွေကို ရှောင်ကွင်းနိုင်ပါတယ်၊ ကံကြမ္မာအဖြစ်ရှုမြင်၍မရနိုင်ပါ။” ထို့အပြင် အမျိုးသား မတော်တဆဖြစ်မှု တားဆီးကာကွယ်ရေးကင်ပိန်း၏ ညှိနှိုင်းရေးမှူး တရီဇာကော့စ်တာက ‘လွန်ခဲ့သည့် ၁၅ နှစ်အတွင်း အစိုးရ၏ဆောင်ရွက်ချက်များက ဝမ်းရောဂါ၊ အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်းနှင့် ကူးစက်ရောဂါများကြောင့် သေဆုံးမှုကို လျော့နည်းစေနိုင်ခဲ့ပြီဖြစ်ရာ မတော်တဆမှုကိုလည်း တားဆီးကာကွယ်ခြင်းဖြင့် အသက်ကယ်ဆယ်နိုင်မည်ဖြစ်သည်။