မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကွာရှင်းရန် ရွေးချယ်ပိုင်ခွင့်

ကွာရှင်းရန် ရွေးချယ်ပိုင်ခွင့်

ကွာရှင်းရန် ရွေးချယ်ပိုင်ခွင့်

“သင်ဟာ အကောင်းဆုံးအိမ်ထောင်ဖက်မဖြစ်ခဲ့ရင်တောင် သင့်အိမ်ထောင်ဖက် သေဆုံးသွားတဲ့အခါ လူတွေက သင့်ကို နားလည်မှုပြတတ်ကြတယ်။ ဒါပေမဲ့ သင့်ခင်ပွန်းက သင့်ကိုပစ်သွားခဲ့ရင် ဇနီးကောင်းဖြစ်အောင် မကြိုးစားခဲ့လို့ဆိုပြီး အချို့သူတွေက ယူမှတ်ကြတယ်။ ကျေးဇူးပြုပြီး ကယ်မသနားကြပါဦး!”—⁠တောင်အာဖရိကမှ နိုးလော့! စာရှုသူတစ်ဦး။

ဖောက်ပြန်ခြင်းနှင့် ကွာရှင်းခြင်းတို့မှာ အလွန့်အလွန် စိတ်ထိခိုက်စရာဖြစ်နိုင်၏။ မိမိတို့၏အိမ်ထောင်ဖက်နှင့် ပြန်ပေါင်းပြီး အိမ်ထောင်ရေးကိုဆက်ထိန်းရန် ဆုံးဖြတ်စရာအကြောင်းရှိသူ များစွာရှိသော်လည်း အခြားသူတို့မှာမူ သူ့သားအိမ်ရာပြစ်မှားသောအိမ်ထောင်ဖက်ကို ကွာရှင်းဖို့ ဘုရားသခင်ပေးရွေးချယ်ခွင့်ကိုအသုံးပြုရန် ခိုင်လုံသောအကြောင်းများရှိကြသည်။ (မဿဲ ၅:၃၂; ၁၉:⁠၉) ဥပမာ၊ အပြစ်မဲ့ဇနီးနှင့် ကလေးများ၏ လုံခြုံမှု၊ ဝိညာဉ်ရေးနှင့် အထွေထွေအကျိုး ခက်ခဲနိုင်သည်။ လိင်ဆိုင်ရာကူးစက်ရောဂါ ကူးစက်မည်ကိုလည်း သူစိုးရိမ်ပူပန်မိပေမည်။ သို့မဟုတ် သူ့သားအိမ်ရာပြစ်မှားသောခင်ပွန်းကို သူခွင့်လွှတ်လိုက်သော်လည်း အမှန်တကယ်ပြန်၍ယုံကြည်စိတ်ချနိုင်ကာ လင်သားမှတ်မှတ်ဖြင့်ဆက်ပေါင်းနိုင်လောက်အောင် မျှော်လင့်စရာအကြောင်းမရှိ၍ ဖြစ်နိုင်ပေမည်။

စိတ်ရှုပ်ထွေးနေသော ဇနီးတစ်ဦးက “အဲ့ဒါ ကျွန်မဘဝမှာ အခက်ဆုံး ဆုံးဖြတ်ချက်ပဲ” ဟုဝန်ခံခဲ့သည်။ အမှန်တကယ် ခက်ခဲသောဆုံးဖြတ်ချက်ပင်၊ ဖောက်ပြန်ခြင်းကြောင့် အလွန်စိတ်ထိခိုက်ခဲ့ရုံမက ကွာရှင်းခြင်းက သူ့ဘဝတစ်ခုလုံးအပေါ် ရေရှည်အကျိုးဆက်များ သက်ရောက်ပေလိမ့်မည်။ သို့ဖြစ်၍ ဇနီးတစ်ဦးသည် သူ၏ဖောက်ပြန်သောအိမ်ထောင်ဖက်ကို ကွာရှင်းသင့်၊ မသင့် ဆုံးဖြတ်ခြင်းမှာ ကိုယ်ရေးကိုယ်တာကိစ္စဖြစ်သည်။ ထိုဆုံးဖြတ်ချက်ကိုချရန် အပြစ်မဲ့အိမ်ထောင်ဖက်၏သမ္မာကျမ်းဆိုင်ရာ လုပ်ပိုင်ခွင့်ကို အခြားသူတို့လေးစားသင့်သည်။

သို့သော် ဝမ်းနည်းစရာမှာ အကျိုးအမြတ်ကို လျောက်ပတ်စွာမချင့်တွက်ဘဲ အဆောတလျင်ကွာရှင်းခဲ့သူ များစွာရှိ၏။ (လုကာ ၁၄:၂၈ နှိုင်းယှဉ်။) ကွာရှင်းရန်ရွေးချယ်ပိုင်ခွင့်၌ ပါဝင်သည့် အချက်အလက်အချို့ကား အဘယ်နည်း။

သားသမီးများရှိလျှင်

အကျပ်ရိုက်မောင်နှံစုံများ စာအုပ်က ဤသို့ဆိုသည်– “မိမိတို့၏ပြဿနာများ၌သာ လွန်စွာနစ်မြုပ်နေသော မိဘများသည် သားသမီးလိုအပ်ရာများကို များသောအားဖြင့်မေ့လျော့နေ၏၊ သို့မဟုတ် လျစ်လျူရှု၏။” သို့ဖြစ်၍ ကွာရှင်းရန် စဉ်းစားနေသောအခါ သင့်သားသမီးများ၏ ဝိညာဉ်ရေးနှင့် ကောင်းကျိုးချမ်းသာကို ထည့်စဉ်းစားပါ။ ကွာရှင်းမှုတစ်ခုသည် အခင်အမင်မပျက်လေ သားသမီးများအတွက် စိတ်ဝေဒနာခံစားရစရာအကြောင်း နည်းလေဖြစ်သည်ဟု သုတေသီများစွာကဆိုကြသည်။ ခက်ခဲသောအခြေအနေများ၌ပင် နူးညံ့သိမ်မွေ့ခြင်းက ‘ရန်မတွေ့စေဘဲ ခပ်သိမ်းသောသူတို့အား ဖြည်းညင်းစွာပြုလျက် သည်းခံနိုင်ရန်’ ကူညီပေးပေလိမ့်မည်။—⁠၂ တိမောသေ ၂:၂၄၊ ၂၅ *

ကွာရှင်းရန်ရွေးချယ်သည်ဆိုလျှင် ကွာရှင်းကြသူတို့မှာ သားသမီးများမဟုတ်ဘဲ ဇနီးနှင့်ခင်ပွန်းသာဖြစ်ကြောင်း မှတ်သားထားသင့်သည်။ သားသမီးများသည် မိခင်နှင့် ဖခင်နှစ်ဦးစလုံးကို လိုအပ်နေဆဲဖြစ်၏။ မှန်ပါသည်၊ မတော်မတရားပြုခြင်းအန္တရာယ်ကို ကလေးဖြစ်သူ ခံစားရရန်အကြောင်းရှိသော ထူးခြားလွန်ကဲသည့်အခြေအနေမျိုးများ ရှိနိုင်ပေသည်။ သို့သော် ဘာသာရေး သို့မဟုတ် ကိုယ်ရေးကိုယ်တာ စိတ်ဝမ်းကွဲပြားမှုများကြောင့် သားသမီးများကို မိဘနှစ်ပါး၏ မေတ္တာအကျိုး မခံစားရဘဲ မနေစေသင့်ချေ။

ထို့အပြင် ထည့်စဉ်းစားရမည်မှာ ကလေးငယ်များ၏ ထိခိုက်လွယ်သည့် စိတ်လှုပ်ရှားမှုများနှင့် သူတို့သည် အားပေးစကားများ၊ မေတ္တာနှင့် ချစ်ခင်ကြင်နာမှုကို အလျှံပယ်လိုအပ်နေကြောင်းဖြစ်သည်။ “ဤသို့သောမေတ္တာကို သူတို့ဆက်လက်ခံစားရခြင်းက ထိုအခြေအနေအသစ်ကို ကိုင်တွယ်ဖြေရှင်းတတ်ရန် နောက်ခံနှင့် အုတ်မြစ်ကိုပါ ရရှိစေမည်” ဟု စာအုပ်တစ်အုပ်က ဖော်ပြသည်။ ထို့ပြင် သူတို့၏ ဝိညာဉ်ရေးလိုအပ်ရာများကို နေ့စဉ်အာရုံစိုက်ပေးခြင်းက တည်တည်ငြိမ်ငြိမ်ဆက်၍ရှိစေနိုင်သည်။—⁠တရားဟောရာ ၆:၆၊ ၇; မဿဲ ၄:⁠၄

ငွေရေးကြေးရေးနှင့် တရားဝင်ဆောင်ရွက်ချက်များ

ကွာရှင်းခြင်းသည် အိမ်ထောင်ဖက်တစ်ဦးစီ၏ ဝင်ငွေနှင့် ပိုင်ဆိုင်မှုကို အနည်းငယ်ထိခိုက်ပေမည်၊ စည်းစိမ်ချမ်းသာအချို့နှင့် မြတ်နိုးရာနေအိမ်ကိုလည်း ဧကန်ဆုံးရှုံးရပေလိမ့်မည်။ လျော့နည်းသွားသောဝင်ငွေနှင့် တိုးများလာသောကုန်ကျစရိတ်များကို စီမံခန့်ခွဲအသုံးပြုရလိမ့်မည်ဖြစ်သောကြောင့် ငွေကြေးဦးစားပေးအစီအစဉ်အတိုင်း လက်တွေ့ကျအသုံးစရိတ်လျာထားချက်ကို ရေးဆွဲခြင်းသည် ပညာရှိရာကျပေသည်။ ဆုံးရှုံးမှုများနှင့် စိတ်ထိခိုက်မှုများကိုဖြေသိမ့်ရန် သာ၍သုံးစွဲခြင်း သို့မဟုတ် အကြွေးတင်စေခြင်းကို ရှောင်ရှားသင့်သည်။

ကွာရှင်းပြတ်စဲဖို့ ဆုံးဖြတ်ကြမည်ဆိုလျှင် ပူးတွဲဘဏ်စာရင်းကို မည်သို့စီမံခန့်ခွဲ အသုံးပြုကြမည်အကြောင်းကိုလည်း မိမိ၏အိမ်ထောင်ဖက်နှင့် ဆွေးနွေးရန် လိုအပ်လာပေလိမ့်မည်။ ဥပမာ၊ ပူးတွဲဘဏ်စာရင်းမှ ငွေများကို တလွဲအသုံးပြုခြင်းမရှိစေရန် တစ်ဦးစီတွင် ကိုယ်ပိုင်ဘဏ်စာရင်း မရှိမချင်း ငွေထုတ်ယူသုံးခြင်းအတွက် လင်မယားနှစ်ဦးစလုံး၏လက်မှတ်ကိုတောင်းဆိုရန် ဘဏ်မန်နေဂျာအား အကြောင်းကြားထားခြင်းသည် ပညာရှိရာကျ၏။

မယားစရိတ်ကို ညှိနှိုင်းဆွေးနွေးခြင်းအတွက် ပြင်ဆင်ရာတွင် ဝင်ငွေနှင့် အသုံးစရိတ်များကို အတိအကျရေးမှတ်ထားခြင်းသည်လည်း အမြော်အမြင်ရှိရာကျပေသည်။ ထို့အပြင် မိမိတို့၏အခြေအနေ ပြောင်းလဲသွားကြောင်းကို အကောက်ခွန်ဌာနသို့ သတင်းပို့ရန် နိုင်ငံများစွာက တရားဝင်တောင်းဆိုလေ့ရှိသည်။

ထို့ပြင် ရှေ့နေတစ်ဦး—⁠ကွာရှင်းခြင်းအမှုများနှင့် အထိအတွေ့ရှိသူ—⁠နှင့် ဆွေးနွေးနှီးနှောခြင်းသည် အကျိုးများစွာရှိသည်။ နိုင်ငံအချို့သည် နှစ်ဦးနှစ်ဖက် လက်သင့်ခံနိုင်သော သဘောတူညီချက်များကို မောင်နှံစုံများအတွက် ရေးဆွဲပေးရန် ဖျန်ဖြေစေ့စပ်ပေးသူများ သို့မဟုတ် သင့်မြတ်စေသူများကို အသုံးပြုစေသည်၊ ၎င်းနောက် တရားရုံးတော်က ယင်းကို အတည်ပြုလေ့ရှိသည်။ အထူးသဖြင့် သားသမီးများရှိလျှင် မိဘများစွာသည် ပြိုင်ဘက်မဟုတ်သည့် အကျိုးဆောင်တစ်ဦးကို အသုံးပြုလိုကြသည်။ ထိုမိဘများသည် မည်သည့်နည်းဖြင့်မဆို အသာရရေးအစား သဘောထားကွဲလွဲမှုနှင့် စိတ်နာကြည်းမှု အနည်းဆုံးဖြစ်စေရန် ရည်ရွယ်ကြသည်။ စိတ်ပိုင်းဆိုင်ရာအနာခံ၊ ငွေကြေးအကုန်အကျခံပြီးမှ ရရှိလာသည့် ပစ္စည်းဥစ္စာသည် အမှန်တကယ်မတန်ပေ။

ပြောင်းလဲသွားသော ဆက်ဆံမှုများ

“ကွာရှင်းလိုက်သူများနှင့်ပတ်သက်၍ သူတို့၏မိတ်ဆွေများ၌ ဖြစ်ပေါ်ခံစားကြရသည့် အနေရခက်မှုနှင့် အသေအချာမသိမှုတို့ကို ကျွန်ုပ်တို့လျှော့မတွက်သင့်ချေ” ဟုသုတေသီတစ်ဦးက ပြောကြားသည်။ အပြစ်မဲ့အိမ်ထောင်ဖက်သည် တရားဝင်စွာ ကျင့်ဝတ်နှင့်အညီ သမ္မာကျမ်းစာလုပ်ပိုင်ခွင့်အတိုင်း ပြုမူဆောင်ရွက်လင့်ကစား သူ့အား အိမ်ထောင်ပြိုကွဲခြင်း၏အဓိကတရားခံအဖြစ် ရှုမြင်ကြသူအချို့ရှိပေမည်။ ထို့ကြောင့် သူတို့၏တုံ့ပြန်မှုမှာ အေးတိအေးစက်ဆက်ဆံခြင်းမှသည် သိသိသာသာရှောင်ဖယ်နေခြင်းအထိဖြစ်၏။ သာ၍ဆိုးသည်ကား ယခင်က ရင်းနှီးချစ်ခင်ခဲ့သော အပေါင်းအသင်းများသည် ယခုပြောင်ပြောင်တင်းတင်းပင် ရန်လိုအမုန်းပွားနေပေလိမ့်မည်။

ကွာရှင်းမှုကို ရင်ဆိုင်နေရသူတစ်ဦးအဖို့ အကူအညီ မည်မျှလိုအပ်လျက်ရှိသည်ကို သတိမပြုမိကြသူ များ၏; စာတိုလေးတစ်စောင် သို့မဟုတ် ကတ်လေးတစ်ခု ပို့ရုံဖြင့် လုံလောက်ပြီဟု မိတ်ဆွေများ အထင်ရှိကြပေမည်။ သို့သော် ကွာရှင်းပြတ်စဲခြင်းနှင့် ခွဲ၍နေခြင်း စာအုပ်က “တကယ်သိတတ်သော” မိတ်ဆွေများရှိကြောင်းနှင့် သူတို့သည် “တစ်နေရာရာသွားရန် အဖော်လိုမည်လော၊ တစ်ခုခုပြုလုပ်လိုသလော၊ သို့မဟုတ် စကားပြောလိုသလောဟု လာရောက်ကြည့်ပေလိမ့်မည်” ဟုဆိုသည်။ ဘဝ၏ ဤကဲ့သို့သောအခြေအနေမျိုး ကြုံတွေ့နေရသူတစ်ဦးအနေဖြင့် သမ္မာကျမ်းစာဆိုသည့်အတိုင်း “ညီအစ်ကိုခင်တွယ်သည်ထက် သာ၍ခင်တွယ်တတ်သောမိတ်ဆွေ” လိုအပ်သည်မှာ အမှန်တကယ်ပင်ဖြစ်၏။—⁠သု. ၁၈:⁠၂၄သမ္မာ။

ပြန်နာလန်ထူလာရန် ကြိုးစားဆောင်ရွက်ခြင်း

ကွာရှင်းပြီး ဆယ့်ခြောက်နှစ်အကြာတွင် မိခင်တစ်ဦးက ဤသို့ဝန်ခံခဲ့သည်– “ကျွန်မ လူဘုံအလယ်မှာရှိနေတာတောင် အထီးကျန်စိတ်တွေ တစ်ခါခါပေါ်လာနေတုန်းပဲ။” ယင်းကို သူမည်သို့ကိုင်တွယ်ဖြေရှင်းသနည်း။ “အလုပ်ခွင်မှာရယ်၊ သားရဲ့ဝေယျာဝစ္စလုပ်ပေးရတာရယ်၊ အိမ်သန့်ရှင်းရေး၊ ပြုပြင်ရေးတွေနဲ့ အလုပ်များနေရင်း ကျွန်မကိုယ်ကို အကာအရံချပေးထားတယ်” ဟုသူပြောပြသည်။ “အဲ့ဒီအပြင် ယေဟောဝါသက်သေတွေရဲ့ အစည်းအဝေးတွေစတက်ပြီး အိမ်နီးချင်းတွေကို ကျွန်မရဲ့ယုံကြည်ချက်အကြောင်းပြောပြတယ်၊ အခြားသူတွေကို ကူညီတယ်။ အဲ့ဒါတွေက တော်တော့်ကိုတာသွားတယ်။”

ဖောက်ပြန်မှုပေါ်ခဲ့သည့်နေ့ရက်၊ အိမ်မှသူထွက်ခွာခဲ့သည့်အချိန်၊ ရုံးချိန်းနေ့စွဲစသည့် တစ်နှစ်တာ၏ အချို့နေ့ရက်များနှင့် အချိန်အခါများတွင် စိတ်နာစရာများနှင့် စိတ်ထိခိုက်စရာများ ပြန်ပေါ်လာတတ်သည်။ အားလပ်ခရီးထွက်ခဲ့ချိန်များနှင့် မင်္ဂလာနှစ်ပတ်လည်နေ့စွဲများကဲ့သို့သော မောင်နှံစုံ အတူတကွပျော်ရွှင်ခဲ့သည့် အဖြစ်အပျက်များသည်လည်း ကိုင်တွယ်ရခဲယဉ်းသည့် စိတ်ပိုင်းဆိုင်ရာတွေ့ကြုံမှုများ ဖြစ်နိုင်ပေသည်။ ပက်တ်က “အဲဒီလိုနေ့ရက်မျိုးတွေမှာ ကျွန်မရဲ့မိသားစု၊ ဒါမှမဟုတ် ကျွန်မရဲ့အခြေအနေကိုသိထားတဲ့ ရင်းနှီးတဲ့မိတ်ဆွေတွေနဲ့အတူတူ အချိန်ကုန်စေဖို့စီစဉ်ခဲ့ရတယ်” ဟုပြောပြသည်။ “အတိတ်ကစိတ်ကူးတွေကို ထေပစ်မယ့်အရာတွေ ကျွန်မတို့လုပ်ကိုင်ကြပြီး အမှတ်တရအတွေ့အကြုံအသစ်တွေရစေတယ်။ ကျွန်မအတွက် တကယ့်အကူအညီကတော့ ယေဟောဝါနဲ့ ကျွန်မရဲ့ဆက်ဆံရေးပဲ၊ ကျွန်မ ဘယ်လိုခံစားနေရတယ်ဆိုတာကို ကိုယ်တော်နားလည်တယ်ဆိုတာက အတော်စိတ်သက်သာစေတယ်။”

စိတ်မပျက်ပါနှင့်

သမ္မာကျမ်းစာမူများကို လက်တွေ့ကျင့်သုံးသည့် အပြစ်မဲ့အိမ်ထောင်ဖက်များသည် သူ့သားအိမ်ရာပြစ်မှားသော အိမ်ထောင်ဖက်အား ကွာရှင်းရန် ဘုရားသခင်ပေး အခွင့်အရေးကို ရွေးချယ်ခဲ့သည့်အတွက် အပြစ်ပြုမိပြီဟု ခံစားနေစရာမလိုပါ၊ မိမိတို့ကို ဘုရားသခင်စွန့်ပစ်ပြီဟူ၍လည်း စိုးရိမ်ဖို့မလိုပါ။ “မျက်ရည်ကျခြင်း၊ ငိုကြွေးမြည်တမ်းခြင်း” ကိုဖြစ်စေခဲ့သည့် သူ့သားအိမ်ရာပြစ်မှားသောအိမ်ထောင်ဖက်၏ စဉ်းလဲသောလမ်းစဉ်ကို ဘုရားသခင်ရွံမုန်းတော်မူသည်။ (မာလခိ ၂:၁၃-၁၆) ‘သနားကြင်နာ’ သောဘုရားသခင်၊ ယေဟောဝါကိုယ်တိုင်ပင် ချစ်မြတ်နိုးရသူတစ်ဦး၏ ငြင်းပယ်ခံရသည့်အခါ မည်သို့ခံစားရကြောင်း သိတော်မူ၏။ (လုကာ ၁:၇၈; ယေရမိ ၃:၁; ၃၁:၃၁၊ ၃၂) ထို့ကြောင့် ‘[“ယေဟောဝါ၊” ကဘ] သည် တရားကိုနှစ်သက်တော်မူ၍ မိမိ၏သန့်ရှင်းသူတို့ကို စွန့်တော်မမူ’ ကြောင်း ယုံကြည်စိတ်ချပါလေ။—⁠ဆာလံ ၃၇:⁠၂၈

မှန်ပါသည်၊ အိမ်ထောင်ရေးဖောက်ပြားမှုနှင့် ယင်း၏ဝမ်းနည်းဖွယ် အကျိုးဆက်များကို အစကတည်းက ရှောင်ရှားနိုင်ခဲ့မည်ဆိုလျှင် သာ၍ကောင်းပေသည်။ မိသားစုပျော်ရွှင်မှု၏လျှို့ဝှက်ချက်၊ * ဟူသော လက်တွေ့ကျ မိသားစုလမ်းညွှန်သည် ကမ္ဘာတစ်ဝန်းရှိသူများစွာကို ပျော်ရွှင်သောအိမ်ထောင်ရေးများ တည်ဆောက်ပေးနိုင်ရန်နှင့် အိမ်ထောင်ရေးဖောက်ပြန်မှုကို ရှောင်ရှားစေရန် ကူညီပေးလျက်ရှိသည်။ ထိုစာအုပ်တွင် ပျော်ရွှင်သောအိမ်ထောင်တစ်ခုကို တည်ဆောက်ခြင်း၊ သားသမီးများကို လေ့ကျင့်ပေးခြင်းနှင့် အိမ်ထောင်ရေးပြဿနာများကို ဖြေရှင်းခြင်းတို့အကြောင်းပါသော အခန်းများပါရှိသည်။ ထိုအကြောင်းအရာနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကိုပေးရန် သင့်ဒေသရှိယေဟောဝါသက်သေများ၊ သို့မဟုတ် ဤမဂ္ဂဇင်းကို ထုတ်ဝေသူတို့က ဝမ်းမြောက်စွာ ကူညီပေးလိုကြပါသည်။

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 7 ထပ်ဆင့်သတင်းအချက်အလက်ကို ၁၉၉၇၊ ဒီဇင်ဘာ ၈ [လိပ်] နှင့် ၁၉၉၁၊ ဧပြီ ၂၂ [လိပ်] ထုတ် နိုးလော့! မှ “သားသမီးထိန်းသိမ်းစောင့်ရှောက်ခြင်း—⁠မျှတသောအမြင်ကား အဘယ်နည်း” အခန်းဆက်များနှင့် “ကွာရှင်းထားသူ၏ သားသမီးများကိုကူညီပေးခြင်း” ဆောင်းပါးတို့တွင် တွေ့ရှိနိုင်ပါသည်။

^ အပိုဒ်၊ 23 ယေဟောဝါသက်သေများ၊ မြန်မာမှထုတ်ဝေသည်။

[စာမျက်နှာ ၁၀ ပါ လေးထောင့်ကွက်]

ကလေးများသည် ကွာရှင်းခြင်းကို မရထိုက်

ကွယ်လွန်သွားခဲ့သူ ဝေလမင်းသမီးဒိုင်ယာနာက ဗြိတိန်နိုင်ငံတစ်နိုင်ငံတည်းတွင် မိမိတို့မိဘများ၏ ကွာရှင်းပြတ်စဲမှုကို ကလေးသူငယ် ၄၂၀ သည် နေ့စဉ်ကြုံတွေ့နေရ၏ဟု ၁၉၈၈ ခုနှစ်၌ပြောခဲ့သည်။ ထိုကလေးများမှ သုံးပုံတစ်ပုံမှာ ငါးနှစ်အောက် ကလေးများဖြစ်ကြသည်။ ဝမ်းနည်းစရာမှာ ကွာရှင်းပြီးနောက်တွင် ကလေး ၄၀ ရာခိုင်နှုန်းမျှသည် သူတို့၏မိဘတစ်ဦးဦးနှင့် အဆက်အသွယ်ပြတ်သွားရခြင်းဖြစ်သည်။

လူအများ အထင်နှင့်တလွဲဖြစ်နေသည်မှာ “ကွာရှင်းသောမိဘများ၏ ကလေးအနည်းစုသာ ထိုကွာရှင်းမှုကို လက်ခံသည်” ဟူ၍ ကျန်းမာရေးနှင့် ဆေးဘက်ဆိုင်ရာ လေးစားခံရသူ စာရေးဆရာမတစ်ဦးကဆိုသည်။ “ကလေးအများစုက မိမိတို့၏မိသားစုအခြေအနေ မလွယ်သည့်တိုင် မိဘနှစ်ပါး မခွဲမခွာပေါင်းနေကြခြင်းကို တွေ့ မြင်လိုကြသည်။” ဖောက်ပြန်ချိန်ကာလအတွင်းတွင် ၎င်းမောင်နှံစုံသည် တစ်ယောက်တစ်ခွန်း အလွန်အမင်းစကားများကြဦးတော့ အိမ်ထောင်ကွဲခြင်းသည် သားသမီးများအတွက် သာ၍ကောင်းပေလိမ့်မည်ဟု အဆောတလျင်ကောက်ချက်မချသင့်ချေ။ မိသားစုအကျိုးအတွက် သူတို့၏သဘောထားများနှင့် အပြုအမူများကို ပြောင်းလဲခြင်းက အတူတကွနေထိုင်နိုင်စေမည်။

“ဖောက်ပြားသော ခင်ပွန်းသည်များသည် မိမိတို့၏မိုက်မဲမှုနောက်လိုက်ပါလာမည့် မိသားစုပြိုကွဲမှု၌ သားသမီးများ၏မျက်စိတွင် တွေ့ရသောနာကြည်းမှုကို ထည့်စဉ်းစားသင့်သည်” ဟု စာရေးဆရာမ ပဲမလာ ဝင်းဖီးလ်ဒ်က ဆိုသည်။

[စာမျက်နှာ ၁၁ ပါ လေးထောင့်ကွက်]

ကွာရှင်းမှုမှန်သမျှကို ဘုရားသခင်ရွံ့မုန်းသလော

“ကျွန်မစိတ်ကိုနှောင့်ယှက်နေတာက ‘ကွာရှင်းခြင်းကို ယေဟောဝါရွံ့မုန်းတယ်’ ဆိုတဲ့ အတွေးအခေါ်ပါပဲ။ ကျွန်မရဲ့ ခေါင်းထဲမှာ အမြဲရှိနေတဲ့မေးခွန်းက ‘ယေဟောဝါနှစ်သက်တာကို ငါလုပ်နေရဲ့လား’ ဆိုတာပဲ။”

ထိုမေးခွန်း၏အဖြေကိုရရန် မာလခိ ၂:၁၆ ၏ရှေ့နောက်စကားကိုကြည့်ကြစို့။ မာလခိအချိန်က ဣသရေလအမျိုးသားများစွာသည် အယူမှားသောအမျိုးသမီးငယ်များကို လက်ထပ်နိုင်ကြရန် မိမိတို့၏မယားများကို ကွာရှင်းနေကြ၏။ ဘုရားသခင်က ဤမရိုးသား၊ စဉ်းလဲသောအပြုအမူကို ရှုတ်ချတော်မူသည်။ (မာလခိ ၂:၁၃-၁၆) သို့ဖြစ်၍ နောက်တစ်ယောက်ယူရန် လက်ရှိအိမ်ထောင်ဖက်အား လွယ်လွယ်နှင့်စွန့်ပစ်ခြင်းကို ယေဟောဝါမုန်းတီးတော်မူသည်။ ပရိယာယ်ဆင်ကာ သူ့သားအိမ်ရာပြစ်မှားပြီးနောက် မိမိ၏အိမ်ထောင်ဖက်ကို ကွာရှင်းသည် သို့မဟုတ် မိမိအားကွာရန် သူ့ကိုဖိအားပေးခြင်းမှာ ကောက်ကျစ်ပြီး ရွံ့မုန်းဖွယ်ကောင်းသောအပြစ် ကျူးလွန်ခြင်းဖြစ်သည်။

သို့သော် ဤအခန်းငယ်များက ကွာရှင်းခြင်းအားလုံးကို ပြစ်တင်ရှုတ်ချနေခြင်းမဟုတ်ချေ။ ယင်းကို ယေရှု၏ ဤစကားများက အတည်ပြုစေသည်– “မှားယွင်းခြင်းအကြောင်းမှတစ်ပါး အခြားသောအကြောင်းဖြင့် မိမိမယားနှင့်ကွာ၍ အခြားသောမိန်းမနှင့်စုံဖက်သောသူသည် မိမိမယားကိုပြစ်မှား၏။” (မဿဲ ၁၉:⁠၉) ဤတွင် သမ္မာကျမ်းစာအရ ကွာရှင်းနိုင်ခွင့်ရှိသည့် တစ်ခုတည်းသောအကြောင်းမှာ မတရားမေထုန်ဖြစ်ကြောင်း ယေရှုအသိအမှတ်ပြုခြင်းဖြစ်သည်၊ အမှန်မှာ ယင်းသည် အိမ်ထောင်အသစ် ထူထောင်ရန် တစ်ခုတည်းသော လက်ခံနိုင်ရာအကြောင်းဖြစ်သည်။ အပြစ်မဲ့အိမ်ထောင်ဖက်သည် အပြစ်ကျူးလွန်သောအိမ်ထောင်ဖက်ကို ခွင့်လွှတ်ရန်ဆုံးဖြတ်ကောင်းဆုံးဖြတ်ပေမည်။ သို့သော် သူ့သားအိမ်ရာပြစ်မှားသောအိမ်ထောင်ဖက်ကို ကွာရှင်းရန် ယေရှု၏စကားကို အခြေခံအဖြစ်အသုံးပြုဖို့ ရွေးချယ်သူတစ်ဦးသည် ယေဟောဝါမုန်းတီးသောအရာကို ပြုလုပ်နေခြင်းမဟုတ်ချေ။ ဘုရားသခင်ရွံမုန်းသည်ကား ဖောက်ပြန်သူအိမ်ထောင်ဖက်၏ စဉ်းလဲသောအပြုအမူပင်ဖြစ်၏။

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံများ]

အပြစ်မဲ့အိမ်ထောင်ဖက်များနှင့် သူတို့၏သားသမီးများသည် မေတ္တာပါ အားပေးမှုမှ အကျိုးခံစားကြရ