မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ငါဟာ ခန္ဓာကိုယ်အလေးချိန်အတွက် ဘာကြောင့် သောကရောက်နေရတာလဲ

ငါဟာ ခန္ဓာကိုယ်အလေးချိန်အတွက် ဘာကြောင့် သောကရောက်နေရတာလဲ

လူငယ်များအမေး . . .

ငါဟာ ခန္ဓာကိုယ်အလေးချိန်အတွက် ဘာကြောင့် သောကရောက်နေရတာလဲ

“ခေါင်းထဲမှာ ထိန်းလို့မရတဲ့ တိုက်ပွဲတစ်ခုဖြစ်နေတယ်။ တစ်ဖက်က စားချင်စိတ်၊ အခြားတစ်ဖက်မှာတော့ ကိုယ်အလေးချိန်တိုးလာမှာစိုးလို့ မစားဖို့ ငြင်းနေတယ်။”—⁠ဂျေမီး။

အဘယ်အရာကို အကြောက်ဆုံးလဲ။ မိန်းကလေးများစွာက ကိုယ်အလေးချိန် တိုးလာခြင်းဖြစ်သည်ဟု မဆိုင်းမတွဖြေကြမည်။ အမှန်မှာ ဆန္ဒမဲကောက်ယူမှုတစ်ခုအရ ယနေ့မိန်းကလေးများသည် ပေါင်ချိန်တိုးလာခြင်းကို အနုမြူစစ်ပွဲ၊ ကင်ဆာ သို့မဟုတ် မိဘများဆုံးပါးခြင်းထက်ပင် ပို၍ကြောက်ကြပါပကော!

တစ်ခါတစ်ရံ ကိုယ်အလေးချိန်အတွက်စိုးရိမ်ပူပန်မှုများသည် အတော်ငယ်ရွယ်ချိန်ကပင်စသည်မှာ အံ့ဩစရာပင်။ ဒေါက်တာ ကက်သရင်း စတင်နာအဒဲက ဆယ်ကျော်သက်အရွယ်မရောက်မီကပင် မိန်းကလေးအများအပြားသည် “ဝခြင်းအကြောင်း”—⁠မိမိ၏ခန္ဓာကိုယ်ကို ရွံမုန်းကြောင်း—⁠အပြန်အလှန်စကားဝိုင်းဖွဲ့ ၍ပြောကြသည်ဟု မှတ်သားဖော်ပြသည်။ ပြောရုံပြောခြင်းမဟုတ်သည်မှာ ထင်ရှားသည်။ မိန်းကလေး ၂,၃၇၉ ယောက်ကို စစ်တမ်းကောက်ယူခဲ့ရာ ၄၀ ရာခိုင်နှုန်းက ကိုယ်အလေးချိန်ကျအောင် အမှန်ပင်ကြိုးစားနေကြလေသည်။ စစ်တမ်းကောက်ယူခံရသူတို့မှာ အသက် ကိုးနှစ်၊ ဆယ်နှစ်အရွယ်သာရှိကြသေးသည်!

ဤလူငယ်အများသည် တဖြည်းဖြည်းနှင့် အစားအသောက်ဇီဇာကြောင်မှုထောင်ချောက်ထဲ ကျရောက်သွားနိုင်သည်။ သာ၍ဆိုးသည်မှာ အချို့တို့သည် အသက် ၂၀ ဂျဲနာကဲ့သို့ ဇာတ်သိမ်းသွားနိုင်သည်။ အရပ် ငါးပေလေးလက်မရှိ ဤမိန်းမငယ်လေးသည် ကိုယ်အလေးချိန် ပေါင် ၉၀ သာရှိသည်! “ကျွန်မ စားကိုမစားချင်တာ” ဟု ဂျဲနာက ထုတ်ဖော်ပြောခဲ့သည်။ “ကိုယ်အလေးချိန်ကျအောင် သုံးနှစ်ကြိုးစားခဲ့ပြီးနောက်မှ အစာစားရင် တစ်လတည်းနဲ့ အလေးချိန်ပြန်တက်လာမှာကို ကျွန်မ အစိုးရိမ်ဆုံးပဲ။”

ဂျဲနာ၏ခံစားချက်ကို သင်နားလည်နိုင်ပေးဖွယ်ရှိသည်။ သင်သည်လည်း ကြည့်အကောင်းဆုံးဖြစ်ရန် သူ့လိုပင် ပိန်ပိန်ပါးပါးဖြစ်ချင်နေပေမည်။ သေချာသည်မှာ ကိုယ့်ရုပ်ဆင်းအင်္ဂါအတွက် ပူပန်ခြင်းသည် မမှားပေ။ သို့သော် ဂျဲနာအတွက်မူ ပိန်ချင်လွန်းသည့်ဆန္ဒကြောင့် သေလုမတတ်ဖြစ်ခဲ့ရလေသည်။ မည်သို့ဖြစ်သွားသနည်း။

အစာငတ်ခံပြီးသေဆုံးခြင်း

ဂျဲနာသည် အစာငတ်ခံစိတ်ရောဂါ [Anorexia nervosa] ဟု ခေါ်သည့် အန္တရာယ်ရှိသော အစားအသောက်မူမမှန်မှုနှင့် တိုက်ပွဲဝင်ခဲ့သည်။ အစတွင်ကိုးကားခဲ့သော ဂျေမီးလည်း အလားတူပင်။ ဤမိန်းကလေးတို့သည် အချိန်အတော်ကြာကြာ အမှန်ပင်အငတ်ခံကာ အသေခံနေကြသည်၊ သူတို့ချည်းသာမဟုတ်ပေ။ မိန်းကလေး ၁၀၀ တွင် ၁ ယောက်သည် အစာငတ်ခံစိတ်ရောဂါစွဲကပ်နေကြောင်း ခန့်မှန်းရသည်။ ဆိုလိုသည်မှာ အမျိုးသမီးငယ်သန်းနှင့်ချီပြီး ထိုသို့ခံစားနေရသည်၊ အချို့ကို သင်ပင် သိကောင်းသိပေမည်! *

အစာငတ်ခံစိတ်ရောဂါသည် အမှတ်မဲ့ဖြစ်သွားနိုင်သည်။ မိန်းကလေးတစ်ဦးသည် ပေါင်အနည်းငယ်ကျသွားစေရန် အစာကို စ၍တိုင်းချင့်စားပေမည်။ သို့သော် ပန်းတိုင်ရောက်သွားသည့်အခါ သူသည် မတင်းတိမ်နိုင်ဖြစ်ပေမည်။ မှန်ထဲ အလိုမကျစွာ စူးစိုက်ကြည့်ရင်း “ငါဝလွန်းတုန်းပဲ!” ဟုဆိုပေမည်။ သို့နှင့် နောက်ထပ်ပေါင်အနည်းငယ် ထပ်၍ချရန် ဆုံးဖြတ်လိုက်သည်။ နောက်ထပ်နည်းနည်း၊ နောက်ထပ်နည်းနည်းနှင့် အကျင့်ရသွားရာ အစာငတ်ခံစိတ်ရောဂါမျိုးစေ့ကို ကြဲမိပြီးသားဖြစ်လေသည်။

အစာကို အတိုင်းအချင့်နှင့်စားသူတိုင်း အစာငတ်ခံစိတ်ရောဂါစွဲကပ်နေသူမဟုတ်ပေ။ အချို့သည် ကိုယ်အလေးချိန်ကိုဂရုစိုက်ရမည့်သူများဖြစ်ရာ ဤသူတို့အတွက် ပေါင်အနည်းငယ်ချခြင်းသည် အကျိုးရှိနိုင်သည်။ သို့သော် မိန်းကလေးအများသည် သူတို့၏ခန္ဓာကိုယ်ကို တလွဲရှုမြင်တတ်ကြသည်။ အက်ဖ်ဒီအေကွန်ဆူးမားမဂ္ဂဇင်းက ခန္ဓာကိုယ်အသွင်အပြင်အား တလွဲတချော်ရှုမြင်တတ်ခြင်းကို အပျော်ကြည့်မှန်များတွင်ကြည့်ခြင်းနှင့် နှိုင်းယှဉ်ပြသည်။ “လက်ရှိထက် ပို၍ဝသည်ဟု သင့်ကိုယ်သင် မြင်တတ်သည်” ဟု ထိုမဂ္ဂဇင်းကဆိုသည်။

ထို့ကြောင့် အစာငတ်ခံစိတ်ရောဂါသည်သည် အရိုးပေါ်အရေတင်ဖြစ်နေလျှင်ပင် ကိုယ်အလေးချိန်တိုးလာခြင်းကို စွဲကြောက်နေတတ်သည်။ သူသည် ပေါင်ကျသွားစေရန် လေ့ကျင့်ခန်းအပြင်းအထန်လုပ်ကာ “မူလနေရာ” ပြန်မရောက်ကြောင်းသေချာစေရန် တစ်နေ့အတွင်း အကြိမ်ကြိမ်ပေါင်ချိန်ကြည့်ပေမည်။ စားသည့်အခါ အနည်းငယ်သာစားပေမည်။ သို့မဟုတ် လုံးဝမစားဘဲနေလိမ့်မည်။ “အမေ နေ့တိုင်းထည့်ပေးတဲ့ နေ့လယ်စာကို ကျောင်းယူသွားပြီး နေ့တိုင်း သွန်ပစ်လေ့ရှိတယ်” ဟု ဟယ်သာက ဆိုသည်။ “မစားဘဲနေတဲ့အကျင့်ရှိလာလို့ အစာစားချင်တဲ့အခါမှာတောင် မစားနိုင်တော့ဘူး။ ဆာတောင်မဆာတော့ဘူး။”

အစတွင် ဟယ်သာကဲ့သို့သော အစာငတ်ခံစိတ်ရောဂါသည်များသည် ပေါင်ကျသွားသည်ကိုမြင်ရလျှင် အထူးရွှင်ပျကြသည်။ သို့သော် သင့်လျော်သောအာဟာရဓာတ်ကင်းမဲ့လာသောကြောင့် နောက်ဆုံးတွင် အကြီးအကျယ်ထိခိုက်လေတော့သည်။ အစာငတ်ခံစိတ်ရောဂါသည်သည် လေးလံထိုင်းမှိုင်း မှိုင်တွေလာသည်။ ကျောင်းစာများ စ၍ထိခိုက်လာသည်။ သူ၏ဓမ္မတာလာမှုပင် ရပ်သွားပေမည်။ * တဖြည်းဖြည်းနှင့် သူ၏နှလုံးခုန်နှုန်းနှင့် သွေးဖိအားတို့သည် အန္တရာယ်ရှိလောက်အောင် ကျဆင်းသွားနိုင်သည်။ သို့တိုင် အစာငတ်ခံစိတ်ရောဂါဝေဒနာသည်သည် အန္တရာယ်မမြင်ပေ။ အမှန်မှာ သူစိတ်စွဲနေသည့် တစ်ခုတည်းသောအန္တရာယ်မှာ ကျသွားသောကိုယ်အလေးချိန်—⁠တစ်ပေါင်လေးမျှပင်—⁠ပြန်တက်လာခြင်းဖြစ်သည်။

သို့သော် အစာငတ်ခံစိတ်ရောဂါသည် တစ်ခုတည်းသော အစားအသောက်မူမမှန်ဖောက်ပြန်မှုမဟုတ်သလို အဖြစ်အများဆုံးလည်းမဟုတ်ပေ။ ဆာလောင်မှုစိတ်ရောဂါ [Bulimia nervosa] သည် ရောဂါကပ်တစ်ခုဖြစ်ပြီး အစာငတ်ခံစိတ်ရောဂါထက် သုံးဆထိ မိန်းကလေးများကို ထိခိုက်သည်။ ထို့နောက် ဆာလောင်မှုစိတ်ရောဂါနှင့် ဆွေမျိုးနီးစပ်တော်သည့် အငမ်းမရအစားအသောက်လွန်ခြင်းဝေဒနာလည်းရှိသေးသည်။ ယင်းဝေဒနာတို့ကို အနီးကပ်လေ့လာကြည့်ကြပါစို့။

လျှို့ဝှက်ရောဂါကပ်

“ကျွန်မရဲ့သူငယ်ချင်းတစ်ယောက်ဟာ အစားအသောက်ကို တိတ်တဆိတ်ခိုးစားကြောင်း မကြာသေးမီက ဝန်ခံပါတယ်။ စားပြီးတာနဲ့ အန်ထုတ်ပစ်ဖို့ကြိုးစားတယ်။ ခုလိုလုပ်နေတာ နှစ်နှစ်ရှိပြီလို့ ဆိုပါတယ်။” မဂ္ဂဇင်းတစ်စောင်၏ အကြံပေးကဏ္ဍသို့ လူငယ်တစ်ဦးစာရေးရာတွင် ဆာလောင်မှုစိတ်ရောဂါဟုသိထားကြသည့် အစားအသောက်မူမမှန်မှု၏ ထူးခြားသောရောဂါလက္ခဏာများကို ထိုသို့ဖော်ပြလေသည်။

ဆာလောင်မှုစိတ်ရောဂါသည်သည် တစ်ခဏအတွင်း အစားအသောက်များစွာ စားသောက်ပြီးနောက် စားခဲ့သမျှအစာများကို အန်ထုတ်စေခြင်းအားဖြင့် ကိုယ်ထဲမှထုတ်ပစ်တတ်သည်။ * အစာအိမ်ကို ရှင်းထုတ်ပစ်သည့် ဤနည်းသည် ရွံစရာကောင်းသည်မှာ အမှန်ပင်။ သို့တိုင် လူမှုရေးလုပ်သား နန်စီ ဂျေ. ကော်လော့နီက ဤသို့ရေးသားဖော်ပြသည်– “စားသောက်ပြီး အန်ထုတ်ပစ်တဲ့အကျင့်ပိုရှိလေ ယင်းသို့ပြုလုပ်ရန် ပို၍လွယ်ကူလာလေဖြစ်သည်။ အစောပိုင်းတွင် သင်ခံစားရသည့် ရွံရှာမှု သို့မဟုတ် ကြောက်ရွံ့မှုတို့အစား ဤဆာလောင်မှုစိတ်ရောဂါပုံစံများကို ထပ်၍အသုံးပြုရန် အတင်းအကျပ်တွန်းခံရသည့်သြဇာ ပေါ်လာပေမည်။”

အစာငတ်ခံစိတ်ရောဂါနှင့် ဆာလောင်မှုစိတ်ရောဂါတို့ကို “ဒ င်္ဂါးတစ်ချပ်၏ ခေါင်းနှင့်ပန်း” ဟုခေါ်စမှတ်ပြုသည်။ ရောဂါလက္ခဏာမှာ ဆန့်ကျင်သော်လည်း ဝေဒနာနှစ်ရပ်စလုံးမှာ အစားအသောက်ဆိုင်ရာအစွဲအလမ်းတစ်ခုကြောင့် ဖြစ်ရသည်။ * သို့သော် အစာငတ်ခံစိတ်ရောဂါနှင့်မတူသော်လည်း ဆာလောင်မှုစိတ်ရောဂါကိုလျှို့ဝှက်ထားဖို့ သာ၍လွယ်ကူသည်။ ကျုံးစားခြင်းသည် ဝေဒနာသည်ကို ပေါင်ကျမသွားစေသော်လည်း ထိုဝမ်းနုတ်ပစ်ခြင်းက ပေါင်မတိုးစေပါ။ ထို့ကြောင့် ဆာလောင်မှုစိတ်ဝေဒနာသည်သည် ဝလည်းမဝ၊ ပိန်လည်းမပိန်ဘဲ အများအမြင်တွင် သူ၏စားသောက်ပုံသည် ပုံမှန်ပင်ဖြစ်နေပုံရသည်။ လင်ဇီးအမည်ရှိ အမျိုးသမီးတစ်ဦးက “နေ့စဉ် ကျွန်မကျုံးစားပြီး လေးငါးကြိမ်အန်ထုတ်ပစ်နေတာ ကိုးနှစ်ရှိပြီ။ . . . ကျွန်မမှာ ဆာလောင်မှုစိတ်ရောဂါဖြစ်နေတယ်ဆိုတာ ဘယ်သူမှမသိဘူး၊ ဘာကြောင့်လည်းဆိုတော့ သွက်လက်ကျွမ်းကျင်၊ ပျော်ရွှင်ပြီး သာမန်ခန္ဓာကိုယ်အလေးချိန်ရှိတဲ့ အပြင်မျက်နှာပန်းကုလားကာနောက်ကွယ်မှာ ကွယ်ဝှက်ထားနိုင်လို့ပါပဲ။”

သို့သော် ကျုံးစားခြင်းဝေဒနာသည်များမူ အတော်ပင်ကွာခြားသည်။ ဆာလောင်မှုစိတ်ရောဂါသည်ကဲ့သို့ပင် ထိုသူသည် တစ်ကြိမ်တည်းနှင့် နင်းကန်စားတတ်သည်။ ဆယ်ကျော်သက်ခန္ဓာကိုယ်အသစ်စာအုပ်က ဤသို့ဖော်ပြသည်– “ဤကျုံးစားသောအမူအကျင့်သည် ဝမ်းနုတ်ခြင်းမရှိသောကြောင့် ကျုံးစားသူ၏ခန္ဓာကိုယ်အလေးချိန်သည် အနည်းငယ်ပေါင်ပိုခြင်းမှ အကြီးအကျယ်ပေါင်ပိုနေခြင်း သို့မဟုတ် အဝလွန်ခြင်းဖြစ်နေပေမည်။

ကျန်းမာရေးအန္တရာယ်များ

အစားအသောက်မူမမှန်သုံးမျိုးစလုံးသည် လူတစ်ဦး၏ကျန်းမာရေးကို အကြီးအကျယ်ထိခိုက်စေနိုင်သည်။ အစာငတ်ခံစိတ်ရောဂါသည် အကြီးအကျယ်အာဟာရချို့တဲ့မှုဖြစ်စေနိုင်ပြီး အများအားဖြင့် ၁၅ ရာခိုင်နှုန်းခန့်အထိ သေဆုံးစေနိုင်၏ဟု ခန့်မှန်းကြသည်။ ဝမ်းနုတ်သည်ဖြစ်စေ၊ မနုတ်သည်ဖြစ်စေ ကျုံးစားခြင်းသည် ကျန်းမာရေးကိုထိခိုက်နိုင်သည်။ တဖြည်းဖြည်းနှင့် အဝလွန်ခြင်းသည် အသက်အန္တရာယ်ဖြစ်စေနိုင်သော နှလုံးသွေးကြောဆိုင်ရာရောဂါများ၊ ဆီးချိုနှင့် ကင်ဆာရောဂါများဖြစ်စေနိုင်သည်။ လုပ်အန်ခြင်းသည် လည်ချောင်းကိုကွဲအက်သွားစေနိုင်ပြီး ဝမ်းနုတ်ဆေးနှင့် ဆီးချူဆေးများကို အလွဲသုံးခြင်းတို့သည် လွန်ကဲသည့်အခြေအနေများတွင် နှလုံးရပ်တန့်သွားစေနိုင်သည်။

သို့သော် ထည့်၍စဉ်းစားရန်လိုသည့် စားသောက်ခြင်းမူမမှန်မှုဆိုင်ရာ အခြားအသွင်အပြင်တစ်ခုလည်းရှိသေးသည်။ အစာငတ်ခံစိတ်ရောဂါ၊ ဆာလောင်စိတ်ရောဂါနှင့် ကျုံးစားခြင်းဝေဒနာခံစားရသူတို့သည် များသောအားဖြင့် ပျော်ရွှင်မှုမရှိကြပါ။ ဤသူတို့သည် ကိုယ့်ကိုယ်ကို လေးစားမှုလျော့နည်းလာပြီး စိုးရိမ်မှု၊ စိတ်ကျဝေဒနာတို့ကိုခံစားရဖို့ အကြောင်းပိုများသည်။ ဤသူတို့သည် အကူအညီလိုအပ်နေသည်မှာရှင်းနေပါသည်။ သို့သော် ကိုယ်အလေးချိန်ကြောင့် သောကမရောက်စေရန် အစားအသောက်မူမမှန်သူတို့ကို မည်သို့အကူအညီပေးနိုင်မည်နည်း။ ဤမေးခွန်းကို ဤအခန်းဆက်ဆောင်းပါးများတွင် လာမည့်ဆောင်းပါးတစ်ခု၌ ဖော်ပြပေးမည်။

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 9 အစာငတ်ခံစိတ်ရောဂါကို အမျိုးသားများလည်း ခံစားရကြသည်။ သို့သော် အစာငတ်ခံစိတ်ရောဂါသည် အမျိုးသမီးများတွင် အဖြစ်များသောကြောင့် ဝေဒနာသည်များကို အမျိုးအမီးများအနေဖြင့် ကျွန်ုပ်တို့ရည်ညွှန်းမည်။

^ အပိုဒ်၊ 13 ဆေးဝါးဗေဒအရ အမျိုးသမီးတစ်ဦးသည် ပုံမှန်ကိုယ်အလေးချိန်အောက် အနည်းဆုံး ၁၅ ရာခိုင်နှုန်းကျဆင်းသွား၍ သုံးလ၊ သုံးလကျော်ဓမ္မတာမလာတော့ပါက အစာငတ်ခံစိတ်ရောဂါ လက္ခဏာပြသည်ဟုဆို၏။

^ အပိုဒ်၊ 17 ရှင်းထုတ်ပစ်သည့် အခြားနည်းများတွင် ဝမ်းနုတ်ဆေး သို့မဟုတ် ဆီးချူဆေးများအသုံးပြုခြင်းပါဝင်ပေသည်။

^ အပိုဒ်၊ 18 ဝေဒနာခံစားရသူအများသည် အစာငတ်ခံစိတ်ရောဂါဖြစ်လိုက်၊ ဆာလောင်မှုစိတ်ရောဂါဖြစ်လိုက်နှင့် တစ်လှည့်စီဖြစ်နေတတ်သည်။

[စာမျက်နှာ ၁၄ ပါ လေးထောင့်ကွက်]

ခန္ဓာကိုယ်ပုံပန်းသဏ္ဌာန်ကို အမှားအမှားအယွင်းယွင်း ရှုမြင်ခြင်း

မိမိတို့၏ခန္ဓာကိုယ်အလေးချိန်အတွက် ပူပင်နေကြသူမိန်းကလေးများစွာသည် ပူပင်စရာအကြောင်းမရှိပါ။ လေ့လာမှုတစ်ခုတွင် အသက် ၅ နှစ်နှင့် ၁၇ နှစ်ကြားမိန်းကလေး ၅၈ ရာခိုင်နှုန်းက မိမိတို့သည် အလေးချိန်ပိုနေသည်ဟု ယုံကြည်ထားကြသည်၊ အမှန်မှာ ၁၇ ရာခိုင်နှုန်းသာ အလေးချိန်ပို၏။ နောက်လေ့လာမှုတစ်ရပ်တွင် ပုံမှန်ကိုယ်လေးချိန်အောက်ရှိ အမျိုးသမီး ၄၅ ရာခိုင်နှုန်းက မိမိတို့သည် အလွန်ဝနေသည်ဟု ယူဆကြသည်။ ကနေဒီယန်စစ်တမ်းတစ်ခုက ထိုနိုင်ငံရှိ အမျိုးသမီး ၇၀ ရာခိုင်နှုန်းသည် သူတို့၏ကိုယ်အလေးချိန်ကို အလွန်အာရုံပြုနေကြရာ ၄၀ ရာခိုင်နှုန်းသည် ပေါင်ချလိုက်၊ ပြန်တက်စေလိုက်ပြုသည့်ပုံစံတစ်ရပ်ဖြစ်သော ယိုယို-အစာအတိုင်းအချင့်စားနည်းတွင် နစ်မြုပ်နေကြသည်။

ရှင်းနေသည်မှာ ခန္ဓာကိုယ်ပုံပန်းသဏ္ဌာန်ကို အမှားမှားအယွင်းယွင်းရှုမြင်မှုသည် မိန်းကလေးအချို့အား ပြဿနာမဟုတ်သည့်အရာတစ်ခုကို အလွန်အကျွံတွေးပူနေစေတတ်သည်။ “ကျွန်မရဲ့သူငယ်ချင်းတွေထဲမှာ ဓာတ်စာဆေးလုံးတွေကို အကြီးအကျယ်စားနေကြသူတွေရှိတယ်၊ အစာငတ်ခံစိတ်ရောဂါဖြစ်နေတဲ့မိန်းကလေးတချို့ကို ကျွန်မသိတယ်” ဟု ၁၆ နှစ်အရွယ် ခရစ္စတင်းကဆိုသည်။ “သူတို့ကို ဝတယ်လို့ စိတ်ကူးကြည့်လို့တောင်မရပါဘူး” ဟုသူက ထပ်၍ပြောသည်။

အကြောင်းကောင်းဖြင့် အက်ဖ်ဒီအေကွန်ဆူးမားမဂ္ဂဇင်းက ဤသို့ထောက်ခံသည်– “လူတိုင်းပြုလုပ်နေကြသဖြင့် သို့မဟုတ် သင်ပိန်ချင်သလောက်မပိန်သဖြင့် အစာကို တိုင်းချင့်မစားဘဲ သင့်အသက်၊ သင့်အရပ်အတွက် ကိုယ်ခန္ဓာအလေးချိန်များလွန်းနေမနေကို ဆရာဝန် သို့မဟုတ် အာဟာရဗေဒပညာရှင်ကို ဦးဆုံးမေးမြန်းပါ။”

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

မိမိတို့၏ကိုယ်အလေးချိန်အတွက် ပူပင်သောကရောက်နေကြသူအများသည် ပူပင်စရာအကြောင်းမရှိချေ