မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

နှစ်မျိုးကြည့်မှန်များ—မည်သူ စအသုံးပြုခဲ့သနည်း

နှစ်မျိုးကြည့်မှန်များ—မည်သူ စအသုံးပြုခဲ့သနည်း

နှစ်မျိုးကြည့်မှန်များ—မည်သူ စအသုံးပြုခဲ့သနည်း

လွန်ခဲ့သည့် ရာစုနှစ်နှစ်ခုက ဘင်ဂျမင် ဘရန့်ကလင်သည် အဝေးကြည့်နှင့် အနီးကြည့် မျက်မှန်နှစ်လက်ကိုယူကာ မှန်တစ်ချပ်စီကို အလျားလိုက် ထက်ဝက်ဖြတ်လိုက်သည်။ ထို့နောက် ဤမျက်မှန်ကိုင်းတစ်ခုတည်းထဲတွင် အဝေးကြည့်ကို အပေါ်၊ အနီးကြည့်ကို အောက်မှတပ်ကာ ကြည့်လိုက်ရာ ပထမဆုံး နှစ်မျိုးကြည့်မျက်မှန်တစ်လက်ဖြစ်သွားလေသည်!

ယနေ့၊ တိုးတက်သောနည်းပညာကြောင့် မှန်တစ်ချပ်တည်းတွင် အထက်အောက် စွမ်းအားတစ်မျိုးစီကွေးယူကာ နှစ်မျိုးကြည့်နိုင်ရန် ဖန်တီးနိုင်လေပြီ။ နှစ်မျိုးကြည့် မျက်ကပ်မှန်များပင်ရှိသည်။ သို့သော် မျက်မှန်ဆိုင်ရာ သိပ္ပံပညာက နှစ်မျိုးကြည့်မှန်များကို မဖြစ်ပေါ်စေမီ ကြာမြင့်စွာအချိန်ကတည်းက မထင်ရှားသော ရေချိုငါးတစ်မျိုးသည် ‘ခေတ်အမီဆုံးသော’ မှန်တစ်ချပ်-နှစ်မျိုးကြည့်မျက်မှန်ကို တပ်ဆင်ခဲ့ကြောင်း သင်သိပါသလော။

သိပ္ပံပညာရှင်တို့က အဲနာဘလက်ပ်စ်ဟုခေါ်သည့် ငါးသိုင်းနှင့်တူသော တစ်ပေရှည်သည့်အဆိုပါငါးကို တောင်ပိုင်းမက္ကစီကိုမှ မြောက်ပိုင်း တောင်အမေရိကအထိ ကျယ်ပြန့်သောရေပြင်တွင် တွေ့ ရှိရမည်။ အမြီးမှပါးဟက်အထိ ပုံသဏ္ဌာန်မထူးခြားသော်လည်း ပါးဟက်အလွန်တွင် အံ့ဩစရာတွေ့လိုက်ရသည်။

ဖျတ်ခနဲကြည့်လိုက်လျှင် ဤငါးများတွင် မျက်လုံးလေးလုံး—⁠တစ်စုံက အပေါ်ကိုကြည့်ပြီး တစ်စုံက အောက်ကိုကြည့်—⁠ရှိနေပုံထွက်ရာ လူများက မျက်လုံးလေးလုံးနှင့်ငါးဟု ၎င်းကိုခေါ်မိကြသည်။ သို့သော် ယင်းသည် အမြင်မှားခြင်းဖြစ်သည်။ ယင်းတို့တွင် လုံးဝန်းသည့်မျက်လုံးကြီးနှစ်လုံးရှိပြီး တစ်လုံးစီကို အရေပြားတန်းတစ်ခုက အလျားလိုက် ထက်ဝက်ခွဲထားသည်။ ဤငါးတို့သည် ရေပြင်တွင်ကူးခတ်လေ့ရှိသောကြောင့် မျက်လုံး၏အပေါ်ခြမ်းသည် ရေပြင်အထက်သို့ထိုးထွက်နေသည့် ပယ်ရီစကုပ်အဝေးကြည့်မှန်ပြောင်းနှင့်တူပြီး အောက်ဘက်အခြမ်းသည် ရေတွင်မြုပ်နေကာ ရေအောက်သို့ ကြည့်သည်။ သို့ဖြင့် မျက်စိလေးလုံးပါသောဤငါးသည် အောက်ဘက်ရှိအစာကိုရှာကာ တစ်ချိန်တည်းတွင် မျက်လုံးတစ်လုံး—⁠နှစ်လုံးဟုဆိုလျှင်ပို၍မှန်မည်—⁠ဖြင့် ရေအပေါ်ရှိ ဆာလောင်နေသော ရေပျော်ငှက်များရန်မှ ရှောင်ရှားပါသည်။

သို့သော် ထိုငါးသည် ရေအောက်ကြည့်ရန် လေထုထဲကြည့်ရန်ထက်ထူသောမှန်ဘီလူးလိုအပ်သည်။ ဤပြဿနာကို မည်သို့ဖြေရှင်းသနည်း။ နှစ်မျိုးကြည့်မှန်ဖြင့်တည်း! မျက်လုံးတစ်လုံးစီတွင် အပေါ်ပိုင်းထက် အောက်ပိုင်းက သာ၍ထူသည့် ဘဲဥပုံ မှန်ဘီလူးပါရှိလေသည်။ ထို့ကြောင့် ရေအောက်ထဲတွင် သာ၍ထူသောမှန်ဘီလူးအပိုင်းဖြင့်ကြည့်စဉ် ပြားသောအထက်ခြမ်းဖြင့် ကောင်းကင်ကို ကြည့်သည်။

သို့သော် ထိုငါး၏နှစ်ထပ်အမြင်အာရုံသည် မှန်ဘီလူးများကြည်လင်နေသ၍သာ ရှင်းလင်းစွာမြင်နေရမည်ဖြစ်သည်။ ထိုမှန်ဘီလူးများကို ၎င်းတို့ မည်သို့သန့်စင်ပေးကြသနည်း။ မှန်ဘီလူးများ ခြောက်လာသည့်အခါတိုင်း ဦးခေါင်းကို ရေအောက်ငုပ်လိုက်ရာ အရောင်တောက်သော နှစ်မျိုးကြည့်မှန်ဖြင့် ပြန်ပေါ်လာပေသည်။ ဤတောက်ပသောမှန်ဘီလူးများသည် ယင်းတို့ကိုဖန်ဆင်းသည့်အရှင်၏ဉာဏ်ပညာတော်ကို အမှန်တကယ်ပင်ထင်ဟပ်ပြသည်တကား!

[Picture Credit Lines on page 23]

Painting by Charles Willson Peale/Dictionary of American Portraits/Dover

©Dr. Paul A. Zahl, The National Audubon Society Collection/PR

©William E. Townsend, Jr., The National Audubon Society Collection/PR