မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပြန်လည်သင့်မြတ်ခြင်းသည် ဖြစ်နိုင်မည်လော

ပြန်လည်သင့်မြတ်ခြင်းသည် ဖြစ်နိုင်မည်လော

ပြန်လည်သင့်မြတ်ခြင်းသည် ဖြစ်နိုင်မည်လော

“ကွာရှင်းမှုဆိုင်ရာ ဆောင်ရွက်ချက်များကို စိတ်မြန်လက်မြန်စတင်ပြုရန် လွယ်ကူသည်၊ သို့တိုင် ဆုံးဖြတ်ချက်ချကာအချိန်ယူ၍ ပြဿနာများကိုဖြေရှင်းခဲ့ပါမူ အောင်မြင်နိုင်မည့် အိမ်ထောင်ရေးများစွာ အမှန်ပင်ရှိပေမည်” ဟု “အကျပ်ရိုက်မောင်နှံစုံများ” စာအုပ်ကဆိုသည်။

ဤအမြင်မှာ ကွာရှင်းခြင်းနှင့်ပတ်သက်သော ယေရှုခရစ်၏ ရှေးဟောင်းသွန်သင်ချက်နှင့် ကိုက်ညီပါသည်။ အိမ်ထောင်ရေးဖောက်ပြားမှုကြောင့် အပြစ်မဲ့အိမ်ထောင်ဖက်က ကွာရှင်းလိုလျှင် ကွာရှင်းခွင့်ရှိကြောင်း ကိုယ်တော်မိန့်မှာခဲ့သော်လည်း ထိုသို့မပြုမနေပြုရမည်ဟု ကိုယ်တော်မမိန့်ဆိုခဲ့ပါ။ (မဿဲ ၁၉:၃-၉) အပြစ်မဲ့အိမ်ထောင်ဖက်သည် မိမိ၏အိမ်ထောင်ကို အဖတ်ဆယ်ဖို့ကြိုးစားလိုသော အကြောင်းများရှိမည်။ မှားယွင်းသူသည် မိမိ၏ဇနီးကိုချစ်ဆဲဖြစ်ပေမည်။ * သူသည် မိသားစုကို တာဝန်သိတတ်စွာ ထောက်ပံ့ပေးသော ချစ်ခင်တွယ်တာတတ်သည့်ခင်ပွန်းနှင့် ကြီးမားသောမေတ္တာရှိ ဖခင်တစ်ဦးဖြစ်ပေမည်။ မိမိနှင့် မိမိသားသမီးများ၏လိုအပ်ရာများကို ထည့်သွင်းစဉ်းစားကာ အပြစ်မဲ့အိမ်ထောင်ဖက်သည် ကွာရှင်းမည့်အစား ပြန်သင့်မြတ်ရန် ဆုံးဖြတ်ပေမည်။ သို့ဖြစ်လျှင် အဘယ်အချက်များကို သုံးသပ်နိုင်မည်နည်း၊ အိမ်ထောင်ရေးကို ပြန်လည်တည်ဆောက်ခြင်း၏ စိန်ခေါ်ချက်များကို မည်သို့အောင်မြင်စွာ ကိုင်တွယ်နိုင်မည်နည်း။

ဆောင်းပါး၏အစတွင် ကွာရှင်းခြင်းဖြစ်စေ၊ ပြန်သင့်မြတ်ခြင်းဖြစ်စေ မလွယ်ကူကြောင်း ဖော်ပြထား၏။ ထို့ပြင် သူ့သားအိမ်ရာပြစ်မှားသောအိမ်ထောင်ဖက်ကို ခွင့်လွှတ်ရုံမျှဖြင့် အိမ်ထောင်တစ်ခု၏ အခြေခံပြဿနာများကို ဖြေရှင်းနိုင်ဖွယ်မရှိချေ။ အိမ်ထောင်ရေးကို အဖတ်ဆယ်ဖို့ များသောအားဖြင့် စိတ်မကောင်းစရာများဖြစ်ပေါ်စေမည့် စစ်ဆေးမှုပြုရန်၊ ပွင့်လင်းစွာစကားပြောဆိုဆက်သွယ်၍ များစွာကြိုးစားရန်လိုပေသည်။ ပျက်စီးသွားသောအိမ်ထောင်ရေးကို ပြန်လည်တည်ဆောက်ရန် ကုန်ခန်းမည့်အချိန်နှင့် အားထုတ်မှုကို မောင်နှံစုံတို့ လျှော့တွက်ကြလေ့ရှိ၏။ သို့သော် မောင်နှံစုံများစွာတို့သည် အားခဲ၍ကြိုးစားခဲ့ကြရာ တည်တံ့ခိုင်မြဲသောအိမ်ထောင်ရေးဘဝကို ပြန်လည်ရရှိလာခဲ့ကြပြီ။

ဖြေဆိုရန် မေးခွန်းများ

အပြစ်မဲ့အိမ်ထောင်ဖက်သည် အသိကြွယ်စွာဆုံးဖြတ်ရန် မိမိ၏ခံစားချက်များကို ရှင်းလင်းစွာသိထား၍ မိမိရွေးချယ်နိုင်မည့်လမ်းစဉ်များကို သိထားဖို့လည်းလိုသည်။ အောက်ပါတို့ကို သူစဉ်းစားနိုင်ပေသည်– သူတကယ် ပြန်သင့်မြတ်ချင်သလား။ သူဖောက်ပြန်ခဲ့သူနဲ့ အဆက်အသွယ်ပြတ်ပြီလား၊ ဒါမှမဟုတ် ချက်ချင်းအဆက်ဖြတ်ဖို့ သူတွန့်ဆုတ်နေသလား။ ဝမ်းနည်းတယ်လို့ သူပြောသလား။ ဝမ်းနည်းတယ်ဆိုရင် သူတကယ်နောင်တရပြီး သူ့အပြုအမူအတွက်ကြောင့် အမှန်တကယ်ဝမ်းနည်းကြေကွဲနေသလား။ ဒါမှမဟုတ် သူ့မှားယွင်းမှုအတွက် ငါ့ကို အပြစ်ဖို့ချင်နေသလား။ စိတ်ထိခိုက်နာကျင်စေခဲ့တာကို သူတကယ်ပဲယူကျုံးမရဖြစ်သလား။ ဒါမှမဟုတ် သူ့တရားမဝင်တဲ့ဆက်ဆံမှု ဘူးပေါ်သလိုပေါ်လာလို့ ဖြတ်ပစ်ရမှာကို စိတ်မကောင်းရုံသက်သက်ဖြစ်သလား။

အနာဂတ်နှင့်ပတ်သက်၍ကော အသို့နည်း။ သူ့သားအိမ်ရာပြစ်မှားမှုဖြစ်စေခဲ့သော သူ၏သဘောထားများနှင့် လုပ်ရပ်များကို စတင်ပြုပြင်နေပြီလော။ ထိုအမှားမျိုး နောက်ထပ်မဖြစ်စေဖို့ သူအခိုင်အမာသန္နိဋ္ဌာန်ချထားပြီလော။ သို့မဟုတ် ဆန့်ကျင်ဘက်လိင်ရှင်နှင့် ဆက်ပြီး ပရောပရည်လုပ်ရန်၊ မတော်မလျော်ရင်းနှီးတွယ်တာရန် စိတ်များရှိနေဆဲလော။ (မဿဲ ၅:၂၇၊ ၂၈) အိမ်ထောင်ရေးကို ပြန်လည်တည်ဆောက်လိုစိတ် သူ့မှာအပြည့်အဝရှိသလော။ သို့ဖြစ်လျှင် ယင်းနှင့်ပတ်သက်၍ သူမည်သို့ကြိုးစားပြုလုပ်နေသနည်း။ ဤမေးခွန်းများအတွက် အပြုသဘောပါသောအဖြေများသည် အိမ်ထောင်ရေးကို ပြန်လည်ထူထောင်နိုင်ဖွယ်ရှိကြောင်း ယုံကြည်စိတ်ချရန် အခြေခံဖြစ်ပေမည်။

အရေးပါသော စကားပြောဆိုဆက်သွယ်မှု

သမ္မာကျမ်းစာရေးသူတစ်ဦးက “တိုင်ပင်ခြင်းမရှိလျှင် အကြံပျက်တတ်၏” ဟုဆိုခဲ့သည်။ (သု. ၁၅:၂၂) အထူးသဖြင့် အပြစ်မဲ့အိမ်ထောင်ဖက်သည် မိမိ၏ခင်ပွန်းနှင့် ဖောက်ပြားခြင်းကိစ္စကို ပြောဆိုရန်လိုသည်ဟု ခံစားရသောအခါမျိုးတွင် ထိုသို့ဖြစ်သည်။ အတွင်းရေးကို အသေးစိတ်ဖော်ပြစရာမလိုဘဲ အဘယ်သို့ဖြစ်ပျက်ခဲ့ကြောင်းကိုသိရှိရန်နှင့် အထင်လွဲမှားစရာများကို ဖြေရှင်းလိုက်ရန် ရိုးရိုးသားသားမှန်မှန်ကန်ကန် ဆွေးနွေးနိုင်ကြပေမည်။ ယင်းသို့ပြုခြင်းက အထင်လွဲမှားမှုနှင့် ရေရှည်နာကြည်းမှုကြောင့် ဝေးသည်ထက်ဝေးမသွားစေရန် အဆိုပါမောင်နှံစုံကို ကာကွယ်ပေးမည်ဖြစ်သည်။ မှန်ပါ၏၊ ယင်းသို့သောဆွေးနွေးခန်းများသည် လင်နှင့်မယား နှစ်ဦးစလုံးအတွက် စိတ်ထိခိုက်စရာဖြစ်နိုင်ဖွယ်ရှိ၏။ သို့သော် ယုံကြည်စိတ်ချမှုကို ပြန်လည်တည်ဆောက်ရေးအတွက် ဤသို့ပြုလုပ်ခြင်းသည် အရေးပါကြောင်း မောင်နှံစုံအများက တွေ့ရှိခဲ့ကြသည်။

အမှန်တကယ်ပြန်လည်သင့်မြတ်ရေးအတွက် နောက်ထပ်အရေးပါသောခြေလှမ်းတစ်လှမ်းမှာ လင်မယားနှစ်ဦးစလုံး ကြိုးပမ်းလုပ်ဆောင်ရမည့် သူတို့၏အိမ်ထောင်ရေးရှိ ပြဿနာများကို ကြိုးစားဖော်ထုတ်ရန်ဖြစ်သည်။ ဇဲလ်ဒါ ဝက်စ်-မီဒ်က ဤသို့အကြံပေးသည်– “နာကြည်းမှုတွေကို ထုတ်ဖော်ပြောဆိုပြီးလို့ အဲဒီဖောက်ပြားမှုဟာ တကယ်ပြည်ဖုံးကားချသွားတဲ့နောက် လင်မယားဆက်ပေါင်းမယ်လို့ သင်ဆုံးဖြတ်တဲ့အခါ မှားခဲ့တာကိုပြန်မမှားဖို့ ကြိုးပမ်းလုပ်ဆောင်ပြီး အိမ်ထောင်ကိုအသစ်ပြန်စပါ။”

သင်တို့သည် တစ်ဦးကိုတစ်ဦး ခပ်ပေါ့ပေါ့သဘောထားခဲ့ပေမည်။ ဝိညာဉ်ရေးဆောင်ရွက်မှုများကို သင်တို့လျစ်လျူရှုခဲ့ပေမည်။ သင်တို့သည် အတူတကွပေါင်းသင်းချိန် အလုံအလောက်မရှိခဲ့ကြ၍ဖြစ်ပေမည်။ သင့်အိမ်ထောင်ဖက် လိုအပ်နေသည့် ချစ်ခြင်းမေတ္တာ၊ ကြင်နာယုယမှု၊ ချီးမွမ်းစကားနှင့် အလေးထားဂုဏ်ပြုမှုကို သင်အလုံအလောက်မပေးခဲ့၍ ဖြစ်နိုင်ပေသည်။ သင်တို့၏ပန်းတိုင်များနှင့် လေးမြတ်မှုများကိုအတူတကွ ပြန်အကဲဖြတ်ဆွေးနွေးကြခြင်းဖြင့် အချင်းချင်းပိုရင်းနှီးလာစေပြီး နောက်နောင်ဖောက်ပြားစရာအကြောင်း မရှိစေရန်ကူညီပေးပေမည်။

ကြိုးစားခွင့်လွှတ်ခြင်း

စိတ်ဒဏ်ရာရသူ ဇနီးသည်သည် အတတ်နိုင်ဆုံးကြိုးစားသော်လည်း ထိုမိန်းမကိုမဆိုထားနှင့် မိမိ၏ခင်ပွန်းကိုပင် ခွင့်လွှတ်ရန် မလွယ်ကူကြောင်းတွေ့ရှိပေမည်။ (ဧဖက် ၄:၃၂) သို့သော် နာကြည်းမှုနှင့် ခါးသီးသောစိတ်ကို တဖြည်းဖြည်းမေ့ပျောက်နိုင်ပါသည်။ “မိမိတို့သည် ဘဝဆက်ရန်အချိန်တန်ကြောင်း အပြစ်မဲ့သူအဖော်အဖက် အသိအမှတ်ပြုရန်လိုသည်။ သဘောမတိုက်ဆိုင်တိုင်း သင့်ကြင်ဖော်ကိုထိုးနှက်ရန် [သူ့] အပြစ်ဟောင်းများကို ပြန်မဖော်ဖို့အရေးကြီးသည်” ဟုကိုးကားချက်တစ်ရပ်က အကြံပေးသည်။

နာကြည်းမှုပြင်းထန်ခြင်းကို လျော့နည်းသွားစေကာ ဖျောက်ဖျက်ရန် ကြိုးစားအားထုတ်ခြင်းဖြင့် နောက်ဆုံးတွင် ကျူးလွန်သူအပေါ် ရန်လိုမှုမရှိတော့ကြောင်း အိမ်ထောင်ဖက်များစွာက တွေ့ရှိခဲ့သည်။ ထိုသို့ပြုလုပ်ခြင်းသည် အိမ်ထောင်တစ်ခုကို ပြန်လည်တည်ဆောက်ရာတွင် အလွန်အရေးပါသောခြေလှမ်းတစ်ရပ်ဖြစ်၏။

တစ်ဖန်ပြန်ယုံကြည်စိတ်ချတတ်ရန် ကြိုးစားပါ

“အရင်ကယုံကြည်စိတ်ချမှုမျိုးကို ပြန်ရနိုင်ပါ့မလား” ဟု စိတ်ရှုပ်ထွေးနေသော ဇနီးတစ်ဦးက စိတ်ထိခိုက်စွာဖော်ပြခဲ့သည်။ သူ ရတက်မအေးဖြစ်ခြင်းမှာ ခိုင်လုံသည်၊ အကြောင်းမှာ သူ့သားအိမ်ရာပြစ်မှားသူ၏လှည့်ဖြားမှုက သူ၏ယုံကြည်ကိုးစားမှုကို ချေမွပစ်ခဲ့သည်၊ အနည်းဆုံးတော့ အပြင်းအထန် ပျက်စီးသွားစေခဲ့ပြီ။ ယုံကြည်ကိုးစားမှုသည် တန်ဖိုးရှိသောပန်းအိုးတစ်လုံးကဲ့သို့ အလွယ်တကူကျကွဲသွား၍ နဂိုအတိုင်းပြန်ဆက်ရန် ခဲယဉ်းသည်။ အမှန်မှာ ဆက်ဆံရေးတစ်ခုသည် ဆက်တည်တံ့နေဖို့သာမက ရှင်သန်တိုးတက်နေစေဖို့အတွက် အပြန်အလှန် ယုံကြည်လေးစားမှုရှိရမည်ဖြစ်သည်။

သို့ဖြစ်စေရန် များသောအားဖြင့် တစ်ဦးကိုတစ်ဦးပြန်ယုံကြည်စိတ်ချတတ်လာဖို့လိုပေလိမ့်မည်။ စာနာထောက်ထားမှုကင်းစွာ မိမိကိုယုံကြည်စိတ်ချရန် ဇွတ်တောင်းဆိုနေမည့်အစား အပြစ်ရှိသောအိမ်ထောင်ဖက်သည် မိမိ၏ဆောင်ရွက်မှုများနှင့်ပတ်သက်၍ မခြွင်းမချန်ပွင့်ပွင့်လင်းလင်းနှင့် ရိုးသားစွာ ထုတ်ဖော်ပြောဆိုခြင်းဖြင့် ယုံကြည်စိတ်ချမှုကို ပြန်လည်တည်ဆောက်နိုင်သည်။ ခရစ်ယာန်များသည် “မုသာစကားကိုပယ်ရှား၍၊ မှန်သောစကားကိုသာ အချင်းချင်းတစ်ယောက်နှင့်တစ်ယောက်ပြောကြ” ရန်တိုက်တွန်းခံရ၏။ (ဧဖက် ၄:၂၅) ယုံကြည်စိတ်ချမှု ပြန်လည်ရရှိရန် အစပိုင်းတွင် “သင့် [အိမ်ထောင်ဖက်] ကို သင့်သွားလာလှုပ်ရှားမှုများအကြောင်း အတိအကျပြောပြ” ရပေမည်ဟူ၍ ဇဲလ်ဒါ ဝက်စ်-မီဒ်ကဆိုသည်။ “သင့် [အိမ်ထောင်ဖက်] ကို ဘယ်သွားမယ်၊ ဘယ်အချိန်ပြန်ရောက်မယ်ဆိုတာပြောပြပြီး သင်သွားမယ်ဆိုတဲ့နေရာကို တကယ်ပဲသွားပါ။” အစီအစဉ်ပြောင်းသွားပါက သူ့ကိုအကြောင်းကြားပါ။

တန်ဖိုးထားခံရသည်ဟူသောစိတ်ထားကို ပြန်တည်ဆောက်ပေးရန် အချိန်သာမက ကြိုးစားအားထုတ်မှုလည်းလိုပေမည်။ အပြစ်ရှိသောအိမ်ထောင်ဖက်က ကြင်နာယုယမှုပြခြင်းနှင့် ချီးမွမ်းစကား များများပြောဆိုခြင်းဖြင့် ကူညီနိုင်သည်၊ မိမိ၏ဇနီးကို တန်ဖိုးထားပြီး ချစ်မြတ်နိုးကြောင်း မကြာခဏပြောဖို့လိုသည်။ အလေးထားခံရသော အိမ်ထောင်ရေးအကြံပေးပုဂ္ဂိုလ်တစ်ဦးက ဤသို့အကြံပြုသည်– “သူပြုသမျှ . . . ကိုချီးမွမ်းပါလေ။” (သု. ၃၁:၃၁သမ္မာ) ဇနီးဖြစ်သူသည်လည်း မိမိကောင်းစွာဆောင်ရွက်ရာများကို အာရုံစိုက်ခြင်းဖြင့် မိမိကိုယ်ကိုယုံကြည်စိတ်ချမှု ပြန်ရှိစေနိုင်သည်။

အချိန်လိုသည်

အိမ်ထောင်ရေးဖောက်ပြန်မှုကြောင့် ဖြစ်ပေါ်လာသောစိတ်နာကြည်းခြင်း၏ ပြင်းထန်မှုကိုထောက်ရှု၍ နှစ်ပေါင်းများစွာကြာပြီးနောက်ပင် စိတ်နာကြည်းမှုများကို ကွက်ကွက်ကွင်းကွင်း ပြန်သတိရဆဲဖြစ်ခြင်းမှာ အံ့အားသင့်စရာမဟုတ်ချေ။ သို့သော် စိတ်နာမှုသည် တဖြည်းဖြည်းပပျောက်လာစဉ် နှစ်ဦးနှစ်ဖက်စလုံး နှိမ့်ချမှု၊ စိတ်ရှည်မှုပြပြီး ခံနိုင်ရည်ရှိခြင်းက ယုံကြည်ကိုးစားမှုနှင့် လေးစားမှုကိုပြန်လည်တည်ဆောက်ပေးလိမ့်မည်။—⁠ရောမ ၅:၃၊ ၄; ၁ ပေတရု ၃:၈၊ ၉

“ပထမလအနည်းငယ်၏ နာကြည်းမှုကြီးသည် မတာရှည်ချေ” ဟု ချစ်ရန်၊ ဂုဏ်တင်ရန်နှင့် ဖောက်ပြန်ရန်စာအုပ်က စိတ်ချစေသည်။ “နောက်ဆုံး မှေးမှိန်ပျောက်လွင့်သွားသည်၊ . . . အဆုံး၌ သင်သည် နေ့ရက်များ၊ ရက်သတ္တပတ်များ၊ လများနှင့် နှစ်များချီ၍ပင် ယင်းအကြောင်း မစဉ်းစားဘဲရှိလာနိုင်သည်ကို သင်တွေ့ရမည်။” သင့်အိမ်ထောင်ရေးတွင် သမ္မာကျမ်းစာမူများကို သင် ဆက်လက်လိုက်လျှောက်ကျင့်သုံး၍ ဘုရားသခင်၏ကောင်းချီးမင်္ဂလာနှင့် လမ်းညွှန်မှုကိုရှာယူစဉ် သင်သည် “အဘယ်သူမျှကြံ၍မမီနိုင်သော ဘုရားသခင်၏ငြိမ်သက်ခြင်း” မှသက်ရောက်သောငြိမ်းချမ်းမှုကို မလွဲဧကန်ကြုံတွေ့ရပေမည်။—⁠ဖိလိပ္ပိ ၄:၄-၇၊ ၉

ပက်ဒ်ရိုးက “ပြန်ပြောင်းကြည့်ရင် အဲဒီအတွေ့အကြုံက ကျွန်တော်တို့ရဲ့အသက်တာလမ်းစဉ်ကို အတော်လေးပြောင်းလဲစေခဲ့တယ်။ ကျွန်တော်တို့ရဲ့ အိမ်ထောင်ရေးကို ရံဖန်ရံခါပြုပြင်စရာ အခုထိ နည်းနည်းလိုနေသေးတယ်။ ဒါပေမဲ့ အလူးအလဲခံခဲ့ရတဲ့ အဲ့ဒီအဖြစ်ဆိုးကိုတော့ ကျွန်တော်တို့ ကျော်ခဲ့ပါပြီ။ ကျွန်တော်တို့ ဆက်ပေါင်းနေကြဆဲပဲ။ ပျော်လို့ပါပဲ” ဟုဆိုသည်။

သို့သော် အပြစ်မဲ့အိမ်ထောင်ဖက်က ဖောက်ပြန်သူကို ခွင့်လွှတ်စရာအကြောင်းမရှိလျှင်ကော အသို့နည်း။ သို့မဟုတ် သူသည် မိမိ၏ခင်ပွန်းကို ခွင့်လွှတ်သည် (မနာကြည်းတော့)၊ သို့တိုင် အကြောင်းကောင်းရှိ၍ သမ္မာကျမ်းစာညွှန်ကြားချက်နှင့်အညီ ကွာရှင်းလိုလျှင်ကော အသို့နည်း။ * အိမ်ထောင်ကွာရှင်းခြင်းက တစ်ဦးတစ်ယောက်အပေါ် အဘယ်တာဝန်များ ကျရောက်စေနိုင်သနည်း။ ကွာရှင်းခြင်းတွင် ပါဝင်ပတ်သက်သော အချက်အလက်များအပြင် အချို့သူတို့ မည်သို့ကိုင်တွယ်ဖြေရှင်းခဲ့ကြကြောင်းကို သုံးသပ်ကြည့်ရန် သင့်အား ကျွန်ုပ်တို့ဖိတ်ခေါ်ပါသည်။

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 3 လွယ်ကူစေရန် အပြစ်မဲ့အိမ်ထောင်ဖက်ကို ဇနီးအဖြစ် ကျွန်ုပ်တို့အများအားဖြင့်ဖော်ပြမည်။ သို့သော် ဤတွင်ဆွေးနွေးထားသောမူများသည် ဖောက်ပြန်သောဇနီးများ၏ အပြစ်မဲ့ခင်ပွန်းများနှင့်လည်း သက်ဆိုင်ပါသည်။

^ အပိုဒ်၊ 23 ၁၉၉၅၊ ဩဂုတ် ၈၊ နိုးလော့! [လိပ်] တွင်ပါ “သမ္မာကျမ်းစာရှုထောင့်– သူ့သားအိမ်ရာပြစ်မှားခြင်း—⁠ခွင့်လွှတ်ရန်လော၊ ခွင့်မလွှတ်ရန်လော” ဆောင်းပါးကိုရှု။

[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်]

အဓိပ္ပာယ်ပြည့်ဝသောထောက်ကူမှု

ဆင်ခြင်သုံးသပ်နိုင်သည့် အချက်အလက်များစွာရှိသောကြောင့် အတွေ့အကြုံရှိ၍ မျှတသည့်အမြင်ရှိ အကြံပေးပုဂ္ဂိုလ်တစ်ဦး၏ အကူအညီကိုရှာယူခြင်းသည် အကျိုးဖြစ်ထွန်းပေမည်။ ဥပမာ၊ ယေဟောဝါသက်သေများသည် သနားကြင်နာ၍ ထောက်ထားစာနာတတ်သော အသင်းတော်အကြီးအကဲများ၏ အကူအညီရရှိနိုင်သည်။—⁠ယာကုပ် ၅:၁၃-၁၅

အကြံပေးပုဂ္ဂိုလ်များ၊ မိတ်ဆွေများ၊ ဆွေမျိုးများသည် ကိုယ့်အကြိုက်ကိုယ် လိုက်စေခြင်းဖြစ်စေ၊ သမ္မာကျမ်းစာအခြေခံသည့် ကွာရှင်းခြင်းကိုဖြစ်စေ၊ ပြန်လည်သင့်မြတ်ခြင်းကိုဖြစ်စေ ထောက်ခံပြောဆိုရန် သို့မဟုတ် ပြစ်တင်ရှုတ်ချခြင်းမပြုမိရန် အားပေးခံရသည်။ ကွာရှင်းခဲ့သော ခရစ်ယာန်အမျိုးသမီးတစ်ဦးက ဤသို့တိုက်တွန်းခဲ့သည်– “များများသာထောက်ကူပါ၊ ဘာလုပ်ရမယ်ဆိုတာကိုတော့ ကျွန်မတို့ဘာသာ ကျွန်မတို့စိတ်ကြိုက်ဆုံးဖြတ်ခွင့်ပေးပါ။”

အကြံပေးချက်သည် သမ္မာကျမ်းစာပေါ် မြဲမြံစွာအခြေခံသင့်သည်။ “ဒီလိုခံစားသင့်တယ် ဒါမှမဟုတ် ဟိုလိုမခံစားသင့်ဘူးလို့ သူတို့ကိုမပြောပါနဲ့” ဟူ၍ကွာရှင်းထားသူတစ်ဦးက အကြံပေးသည်။ “အဲဒီအစား သူတို့ရဲ့ခံစားချက်တွေကို ဖွင့်ပြောဆိုပါလေစေ။” ကိုယ်ချင်းစာနာစိတ်၊ ညီအစ်ကိုချင်းမေတ္တာနှင့် သနားစုံမက်ခြင်းက အိမ်ထောင်ရေးဖောက်ပြားခြင်းကြောင့် ခံစားခဲ့ရသော စိတ်အလွန်နာကြည်းမှုများစွာကို သက်သာစေလိမ့်မည်။ (၁ ပေတရု ၃:⁠၈) အတွေ့အကြုံရှိ အကြံပေးပုဂ္ဂိုလ်တစ်ဦးက ဤသို့ဖော်ပြခဲ့သည်– “သန်လျက်နှင့်ထိုးသကဲ့သို့ စကားပြောတတ်သောလူတချို့ရှိ၏။ ပညာရှိတို့၏လျှာမူကား အနာကိုပင်ပျောက်စေတတ်၏။”—⁠သု. ၁၂:⁠၁၈

“ကျွန်တော့်ကို နားလည်ပေးကြဖို့၊ နှစ်သိမ့်အားပေးကြတဲ့စကား တစ်လုံးတလေကြားရဖို့ လိုအပ်ခဲ့တာ” ဟုအပြစ်မဲ့လင်ယောက်ျားတစ်ဦးက ပြောဆိုသည်။ “ကျွန်တော့်ဇနီးဆိုရင်လည်း သူကြိုးစားနေတဲ့အတွက် သတ်သတ်မှတ်မှတ်ညွှန်ကြားပြီး အားပေးချီးမွမ်းစကား ကြားရဖို့လိုအပ်နေတာ၊ ဒါမှ ဆက်ပြီးကြိုးစားစေနိုင်ဖို့ အားပေးမှုဖြစ်မှာ။”

လူတစ်ဦးသည် အသေအချာဆုတောင်း စဉ်းစားပြီးနောက်မှ သမ္မာကျမ်းနှင့်အညီ ကွာရှင်းပြတ်စဲရန် သို့မဟုတ် ခွဲနေရန် ဆုံးဖြတ်ခဲ့လျှင် ထိုသူအား အပြစ်ရှိသည်ဟု ခံစားစေသည့်နည်းဖြင့် အကြံပေးခြင်းမပြုသင့်ချေ။ ယင်းအစား ကျိုးကြောင်းမညီသည့် အပြစ်ရှိသည်ဟူသောခံစားချက်များကို နိုင်နင်းရန် သူ့ကိုကူညီပေးနိုင်၏။

ဖောက်ပြားခံခဲ့ရသူတစ်ဦးက “သင်ဟာ အဓိပ္ပာယ်ပြည့်ဝတဲ့နှစ်သိမ့်မှုပေးချင်ရင် အရမ်းခံစားနေရတဲ့စိတ်ထိခိုက်မှုကို ထည့်မတွက်ဘဲမနေပါနဲ့” ဟုပြောပြခဲ့၏။

[စာမျက်နှာ ၇ ပါ လေးထောင့်ကွက်]

အချို့ အဘယ်ကြောင့်ဆက်ပေါင်းကြ

နေရာဒေသများစွာတွင် နောက်တမယူ ဖောက်ပြန်သည့်ခင်ပွန်းသည်နှင့် ဆက်ပေါင်းခြင်းမှတစ်ပါး အဘယ်အရာမျှမပြုလုပ်နိုင်သော ဇနီးသည်များရှိသည်။ ဥပမာ၊ ပဋိပက္ခဖြစ်နေသော သို့မဟုတ် ဝင်ငွေနည်းသောဒေသများတွင် နေထိုင်ကြသည့် ခရစ်ယာန်ဇနီးအချို့မှာ ဖောက်ပြန်သူခင်ပွန်းနှင့် ဆက်ပေါင်းကြရသည်၊ ထိုသူသည် မယုံကြည်သူဖြစ်သော်လည်း မိမိအိမ်သူအိမ်သားတို့ကို ဆက်လက်ကြည့်ရှုစောင့်ရှောက်နေ၏။ ရလဒ်မှာ သူတို့တွင် နေစရာအိမ်၊ လိုအပ်သောကာကွယ်မှု၊ ပုံမှန်ဝင်ငွေနှင့် ဖောက်ပြန်သူဖြစ်သော်လည်း အိမ်တွင်ခင်ပွန်းရှိသည့် အတော်အသင့်အခြေခိုင်မှုတို့ကို ရရှိကြသည်။ ဆက်ပေါင်းသင်းနေထိုင်ခြင်းသည် သူတို့အတွက် မနှစ်မြို့စရာ သို့မဟုတ် မလွယ်ကူသော်လည်း—⁠အထူးသဖြင့် သူတို့၏အခြေအနေများတွင်—⁠မိမိတို့ဘာသာမိမိတို့ ရုန်းကန်ရခြင်းထက် မိမိတို့၏ဘဝကို သာ၍ထိန်းချုပ်နိုင်မည်ဟု သူတို့ဆင်ခြင်ခဲ့ကြပြီ။

ထိုသို့သောအခြေအနေကို—⁠တစ်ခါတစ်ရံ နှစ်ချီ၍—⁠သည်းခံခဲ့ကြရပြီးနောက် သူတို့ထဲမှ ဇနီးအချို့သည် မိမိတို့၏ခင်ပွန်းသည်များ သူတို့၏လမ်းစဉ်ကိုပြုပြင်ပြောင်းလဲကြပြီး တည်ကြည်၍ မေတ္တာရှိသည့် ခရစ်ယာန်ခင်ပွန်းကောင်းများဖြစ်လာကြခြင်းကို အဆုံး၌တွေ့ မြင်ရခြင်းဖြင့် ရွှင်လန်းဖွယ်ကောင်းချီးများ ရရှိလာခဲ့ကြ၏။—⁠၁ ကောရိန္သု ၇:၁၂-၁၆ နှိုင်းယှဉ်။

သို့ဖြစ်၍ အိမ်ထောင်ဖက်ဖြစ်သူသည် နောင်တမယူသည့်တိုင် ထိုသူနှင့်ဆက်ပေါင်းရန် ရွေးချယ်သူတို့ကို ဝေဖန်ပြစ်တင်ခြင်းမပြုသင့်ချေ။ သူတို့သည် မလွယ်ကူသောဆုံးဖြတ်ချက်တစ်ရပ်ကို ချခဲ့ကြရပြီး သူတို့အား လိုအပ်သမျှအကူအညီပေး၍ အားပေးသင့်သည်။

[စာမျက်နှာ ၈ ပါ လေးထောင့်ကွက်]

မည်သူ့ကြောင့်နည်း

မှန်ပါသည်၊ အချို့ကိစ္စများတွင် အပြစ်မဲ့အိမ်ထောင်ဖက်၏ မစုံလင်မှုများကြောင့် ပုံမှန်မဟုတ်သည့်ဆက်ဆံရေး ဖြစ်ပေါ်လာရခြင်းဖြစ်ပေမည်၊ သို့တိုင် သမ္မာကျမ်းစာက “မိမိတပ်မက်သောစိတ် ဆွဲငင်ဖြားယောင်းခြင်းကို ခံသောသူမည်သည်ကား၊ အပြစ်သွေးဆောင်ခြင်းသို့ရောက်တတ်၏။ တပ်မက်သောစိတ်သည် ပဋိသန္ဓေယူ၍ [မကောင်းမှု] ကိုဖွားတတ်၏” ဟုဆိုထားသည်။ (ယာကုပ် ၁:၁၄၊ ၁၅) အကြောင်းအချက်အလက်များစွာ ရှိနိုင်သော်လည်း လူတစ်ဦးသည် သူ့သားအိမ်ရာပြစ်မှားခဲ့ရခြင်းမှာ သူကိုယ်တိုင်၏ “တပ်မက်သောစိတ်” ကြောင့် အဓိကဖြစ်သည်။ အိမ်ထောင်ဖက်၏အားနည်းချက်များက အိမ်ထောင်ရေးပြဿနာများ ဖြစ်စေသည့်တိုင် သူ့သားအိမ်ရာပြစ်မှားခြင်းဖြင့် ယင်းတို့ကို ဖြေရှင်းခြင်းသည် နည်းလမ်းမကျသည်ကား အမှန်ပင်။—⁠ဟေဗြဲ ၁၃:⁠၄

ယင်းအစား လင်နှင့်မယား နှစ်ဦးစလုံးသည် သမ္မာကျမ်းစာမူများကို စွဲစွဲမြဲမြဲလိုက်လျှောက်ကျင့်သုံးကြသောအခါ အိမ်ထောင်ရေးပြဿနာများကို ဖြေရှင်းနိုင်ပါသည်။ ဤတွင် “အပြစ်တင်စရာအခွင့်ရှိလျှင်၊ အချင်းချင်းသည်းခံ၍ အပြစ်ကိုလွှတ်” ခြင်းပါဝင်သည်။ သူတို့သည် “သနားစုံမက်ခြင်း၊ ကျေးဇူးပြုခြင်း၊ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ ခြင်း၊ စိတ်ရှည်ခြင်း” အစရှိသော အရည်အသွေးများကိုလည်း စွဲစွဲမြဲမြဲတင်ပြသင့်သည်။ အရေးကြီးဆုံးကား “စုံလင်ခြင်းအဖွဲ့အစည်းတည်းဟူသော ချစ်ခြင်းမေတ္တာကို [သူတို့ကိုယ်တိုင်] ထပ်၍ယူတင်ဝတ်ဆောင်” သင့်သည်။—⁠ကောလောသဲ ၃:၁၂-၁၅

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

အချင်းချင်းတစ်ဦးကိုတစ်ဦး ဂရုစိုက်နားထောင်ပေးခြင်းက မောင်နှံစုံတစ်စုံသည် အိမ်ထောင်ရေးကို ပြန်လည်တည်ဆောက်ရန် အကူအညီဖြစ်နိုင်