မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင့်နာမတော်ကို အသံထွက်ခေါ်ခြင်းသည် မှားသလော

ဘုရားသခင့်နာမတော်ကို အသံထွက်ခေါ်ခြင်းသည် မှားသလော

သမ္မာကျမ်းစာရှုထောင့်

ဘုရားသခင့်နာမတော်ကို အသံထွက်ခေါ်ခြင်းသည် မှားသလော

ဘုရားသခင်၏နာမတော် ယေဟောဝါသည် သန့်ရှင်းမြင့်မြတ်လွန်း၍ အသံထွက်မခေါ်ရဟု ဂျူးဘာသာတရားက ရာစုနှစ်နှင့်ချီ၍ ကြာမြင့်စွာကတည်းက သွန်သင်လာခဲ့သည်။ * (ဆာလံ ၈၃:၁၈) ဓမ္မပညာဆရာများစွာက ဘုန်းတန်ခိုးကြီးမားသော ဖန်ဆင်းရှင်အား ဤမျှရင်းနှီးစွာ အမည်တပ်ခေါ်ဆိုခြင်းသည် မလေးစားရာကျသည်၊ ‘နာမတော်ကို မထိုက်မတန်အလွဲ ကောက်ခေါ်ခြင်း’ ကိုတားမြစ်သည့် ပညတ်တော်ဆယ်ပါးမှ တတိယပညတ်ကို ချိုးဖောက်ရာရောက်သည်ဟူ၍ပင် ယူဆကြသည်။ (ထွက်မြောက်ရာ ၂၀:၇ကဘ) စီ.အီး. တတိယရာစုတွင် မစ်ရှ်နာက “ဘုရားသခင်၏နာမတော်ကို အသံထွက်ခေါ်သောသူသည် လာမည့်ကမ္ဘာပေါ်တွင် နေစရာမရှိ” ဟုကြေညာခဲ့သည်။—⁠စန်ဟီဒရင် ၁၀:⁠၁။

စိတ်ဝင်စားစရာမှာ ခရစ်ယာန်ဘောင်ရှိ ကျမ်းပညာရှင်အများသည် ကျမ်းစာကိုဘာသာပြန်သည့်အခါ ဤဂျူးထုံးတမ်း၏ သဘောအတိုင်းလိုက်သည်။ ဥပမာ၊ အောက်စ်ဖို့ဒ်အနက်ဖွင့်ကျမ်းသစ်က ယင်း၏စကားချီးတွင် ဤသို့မှတ်ချက်ချသည်– “စစ်မှန်သောဘုရားသခင်အား ခွဲခြားပြရန်လိုသည့် အခြားဘုရားများရှိသည့်ပမာ တစ်ဆူတည်းသောဘုရားသခင်အတွက် အမည်နာမတစ်မျိုးမျိုးအသုံးပြုခြင်းကို ခရစ်ယာန်ခေတ်မတိုင်မီကပင် ဂျူးဘာသာတွင် စတင်ရပ်ဆိုင်းလိုက်ကြကာ ခရစ်ယာန်အသင်းတော်၏ ကမ္ဘာချီယုံကြည်ခြင်းအတွက်လည်း မလျော်ကန်ချေ။” သို့နှင့် ဘုရားသခင်၏နာမတော်နေရာတွင် “သခင် [LORD]” ဟူသည့်စကားလုံးကို အစားထိုးဘာသာပြန်လိုက်ကြသည်။

ဘုရားသခင်၏သဘောထားကား အဘယ်နည်း

သို့သော် ဤဘာသာပြန်သူများနှင့် ဓမ္မပညာရှင်များ၏အမြင်သည် ဘုရားသခင်၏သဘောထားကို ရောင်ပြန်ဟပ်သလော။ အမှန်မှာ ဘုရားသခင်သည် မိမိ၏နာမတော်ကို လူသားများမသိအောင် ဖုံးကွယ်မထားလိုပါ; ယင်းအစား သူတို့အား ဖော်ပြတော်မူသည်။ ဓမ္မဟောင်းကျမ်းဟုအများခေါ်ကြသည့် ကျမ်းစာ၏ဟေဗြဲအပိုင်းတွင် ယေဟောဝါဟူသော ဘုရားသခင်၏နာမတော်သည် အကြိမ်ပေါင်း ၆,၈၀၀ ကျော်ပါသည်။ ကနဦးလူသားမောင်နှံ အာဒံနှင့်ဧဝတို့သည် ဘုရားသခင်၏နာမတော်ကို သိရှိပြီး အသုံးပြုခဲ့ကြသူများတွင်ပါဝင်ကြောင်း ကျမ်းစာမှတ်တမ်းက ဖော်ပြသည်။ သားဦးကို မွေးဖွားချိန်တွင် ဧဝက “ယေဟောဝါ၏အကူအညီဖြင့် လူသားတစ်ယောက်ကို ငါမွေးဖွားလိုက်ပြီ” ဟုကြွေးကြော်ခဲ့သည်။—⁠ကမ္ဘာဦး ၄:၁ကဘ။

ရာစုနှစ်ချီ၍ကြာပြီးနောက် ဣသရေလလူမျိုးကို အီဂျစ်ပြည်တွင် ကျွန်ဘဝမှ ကယ်နုတ်ရန် မောရှေကို ခေါ်တော်မူချိန်တွင် မောရှေက ဘုရားသခင်အား ဤသို့မေးလျှောက်လေ၏– “အကျွန်ုပ်သည် ဣသရေလအမျိုးသားတို့ရှိရာသို့ရောက်၍၊ ‘သင်တို့ဘိုးဘေးများ၏ဘုရားသခင်သည် ငါ့ကို သင်တို့ရှိရာသို့ စေလွှတ်တော်မူပြီ’ ဟု အကျွန်ုပ်ဆိုလျှင်၊ သူတို့က၊ ‘ထိုဘုရားသခင်၏နာမတော်ကား အဘယ်သို့နည်း’ ဟု အကျွန်ုပ်ကိုပြန်၍မေးသောအခါ၊ အဘယ်သို့ပြန်ပြောရပါမည်နည်း။” ဘုရားသခင်ဟာ မိမိကိုယ်ကို နာမတော်အသစ်တစ်မျိုးမျိုးနဲ့များ ဖော်ပြလေမလားဟု မောရှေတွေးတောခဲ့ပေမည်။ ဘုရားသခင်က မောရှေကို “‘သင်တို့ဘိုးဘေးများ၏ ဘုရားသခင်၊ အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရား တည်းဟူသော ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] သည်၊ ငါ့ကိုသင်တို့ရှိရာသို့ စေလွှတ်တော်မူပြီ’ ဟု ဣသရေလအမျိုးသားတို့အားပြောရမည်။ ထိုအမည်သည် အစဉ်ငါ့အမည်ဖြစ်၏။ လူမျိုးအစဉ်အဆက်မပြတ် ငါ့ဘွဲ့နာမဖြစ်၏” ဟုမိန့်တော်မူသည်။ (ထွက်မြောက်ရာ ၃:၁၃၊ ၁၅) စစ်မှန်သောဘုရားသခင်က မိမိနာမတော်သည် သန့်ရှင်းမြင့်မြတ်လွန်း၍ လူသားများအသံထွက်၍မခေါ်သင့်ဟု ယူမှတ်တော်မမူကြောင်း ရှင်းနေပါသည်။

အမှန်မှာ ဘုရားသခင်၏သစ္စာရှိကျေးကျွန်အဆက်ဆက်သည် ဘုရားသခင်၏နာမတော်ကို လွတ်လပ်စွာ တလေးတစားနှင့် အသံထွက်ခေါ်ဆိုခဲ့ကြသည်။ ဘုရားသခင်၏သစ္စာရှိကျေးကျွန်ဗောဇသည် လယ်ကွင်းရှိ မိမိ၏လုပ်သားများအား “ယေဟောဝါသည် သင်တို့နှင့်အတူရှိပါစေ” ဟူသည့်စကားလုံးဖြင့် ပုံမှန်နှုတ်ဆက်တတ်သည်။ ဤသို့နှုတ်ဆက်လိုက်သည်ကို လုပ်သားများ လန့်ဖျပ်သွားသလော။ မလန့်ဖျပ်ပါ။ မှတ်တမ်းက ဤသို့ဆိုသည်– “‘ကိုယ်တော်ကို ယေဟောဝါကောင်းချီးပေးတော်မူပါစေ’ ဟုပြန်ပြောကြ၏။” (ရုသ ၂:⁠၄ကဘ) ဤသို့နှုတ်ဆက်ခြင်းသည် ဘုရားသခင်အား စော်ကားခြင်းဖြစ်သည်ဟု ယူမှတ်ကြမည့်အစား သူတို့၏နေ့စဉ်လုပ်ငန်းဆောင်တာများတွင် ကိုယ်တော်အား ချီးမွမ်းဂုဏ်တင်သည့်နည်းလမ်းတစ်ခုအဖြစ် သူတို့သဘောထားကြသည်။ ဤသဘောထားဖြင့်ပင် ယေရှုက မိမိ၏တပည့်တော်များကို “ကောင်းကင်ဘုံ၌ရှိတော်မူသော အကျွန်ုပ်တို့အဘ၊ ကိုယ်တော်၏နာမတော်အား ရိုသေလေးမြတ်ခြင်းရှိပါစေသော” ဟုဆုတောင်းကြရန် သင်ကြားပေးတော်မူခဲ့သည်။—⁠မဿဲ ၆:⁠၉

တတိယပညတ်

သို့သော် ပညတ်တော်ဆယ်ပါး၏တတိယပညတ်တွင် ဖော်ပြထားသည့် တားမြစ်ချက်ကား အဘယ်နည်း။ ထွက်မြောက်ရာ ၂၀:၇၊ (ကဘ) တွင် ဤသို့အလေးအနက်ဖော်ပြသည်– “သင်၏ဘုရားသခင် ယေဟောဝါ၏နာမတော်ကို မထိုက်မတန်အလွဲနည်းဖြင့် ကောက်၍မခေါ်နှင့်။ အကြောင်းမူကား၊ နာမတော်ကို မထိုက်မတန်အလွဲနည်းဖြင့် ကောက်၍ခေါ်သောသူကို ယေဟောဝါသည် အပြစ်မပေးဘဲ နေတော်မမူ။”

ဘုရားသခင်၏နာမတော်ကို “မထိုက်မတန်အလွဲနည်းဖြင့်” ကောက်၍ခေါ်ခြင်းဟူသည့်အဓိပ္ပာယ် အတိအကျကားအဘယ်နည်း။ “မထိုက်မတန်အလွဲနည်းဖြင့်” ဟုပြန်ဆိုထားသော ဟေဗြဲဝေါဟာရ (လပ်ရှ်-ရှော’) သည် “မဟုတ်မမှန်” သို့မဟုတ် “အကျိုးမဲ့ အချည်းနှီး” ဟူ၍လည်းအဓိပ္ပာယ်ကောက်နိုင်ကြောင်း ဂျူးစာပေအသင်းမှထုတ်ဝေသော ဂျေပီအက်စ် တိုရာအကျယ်ဖွင့်ကျမ်းက ရှင်းပြသည်။ ထိုကျမ်းကပင် ဤသို့ထပ်ဆင့်ဆိုသည်– “[ဤဟေဗြဲဝေါဟာရ၏] အနက်ထွေပြားမှုကိုလိုက်၍ တရားရေးအမှုအခင်းတစ်ခုတွင် တရားပြိုင်များ မုသားသက်သေထွက်ဆိုခြင်းကိုလည်းကောင်း၊ ဘုရားသခင်၏နာမတော်ကို မလိုအပ်ဘဲ သို့မဟုတ် ကပြက်ကချော် သုံးခြင်းကိုလည်းကောင်း ကန့်ကွက် [တားမြစ်] နိုင်သည်။”

ဤဂျူးအကျယ်ဖွင့်ကျမ်းက ‘ဘုရားသခင့်နာမတော်ကို မထိုက်မတန်အလွဲနည်းဖြင့် ကောက်၍ခေါ်ခြင်း’ တွင် နာမတော်ကိုမလျော်မကန် အသုံးပြုခြင်းပါဝင်ကြောင်း မှန်ကန်စွာအလေးပေးဖော်ပြသည်။ သို့သော် ကိုယ်တော်အကြောင်း အခြားသူများကို သွန်သင်ပေးသည့်အခါ သို့မဟုတ် ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်ထံ ဆုတောင်းသည့်အခါ ဘုရားသခင်၏နာမတော်ကို အသံထွက်ခေါ်ခြင်းသည် “မလိုအပ် သို့မဟုတ် ကပြက်ကချော်” သုံးစွဲခြင်းဖြစ်သည်ဟု မှန်ကန်စွာဆိုနိုင်ပါသလော။ ယေဟောဝါသည် ဆာလံ ၉၁:၁၄ ပါစကားများဖြင့် မိမိ၏သဘောထားကို ဤသို့ဖော်ပြတော်မူသည်– “သူသည် ငါ့ကိုချစ်သောကြောင့် သူ့ကိုငါကယ်နုတ်မည်။ ငါ၏နာမကိုသိသောကြောင့် သူ့ကိုငါချီးမြှောက်မည်။”

ယင်းသည် အရေးပါသလော

အယ်ဗာရက် ဖော့က်စ်ရေးသားသည့် မောရှေ၏ကျမ်းငါးစောင်အမည်ရှိ ခေတ်သစ်အင်္ဂလိပ်ဘာသာပြန်ကျမ်းက အစဉ်အလာကို ဖယ်ရှားပစ်လိုက်သည်။ ဤဘာသာပြန်ကျမ်းသည် ဘုရားသခင်၏နာမတော်ကိုဖော်ပြရန် အစဉ်အလာဖြစ်သည့် “သခင် [LORD]” ကိုမသုံးဘဲ “ဟေဗြဲစာဖတ်ပရိသတ်များ ကြားဖူးနားဝရှိထားရာကို ထင်ဟပ်ပြလိုသည့်ဆန္ဒဖြင့်” “YHWH” ကိုအသုံးပြုသည်။ ဖော့က်စ်က ဤသို့အလေးပေးဖော်ပြသည်– “စာရှုသူအနေဖြင့် ဤဘာသာပြန်ကျမ်းတွင် ကျမ်းစာပါဘုရားသခင်၏ ကိုယ်ပိုင်နာမတော်မှာ “YHWH” ဖြစ်ကြောင်း ချက်ချင်းသတိပြုမိမည်။” ဘုရားသခင်၏နာမတော်ကို မြင်လိုက်ခြင်းသည် စာဖတ်သူအတွက် “မနှစ်မြို့ဖွယ်” ဖြစ်စေနိုင်ကြောင်း သူဝန်ခံသည်။ သို့သော် ဘာသာပြန်ရာတွင် ဘုရားသခင့်နာမတော်အား ဖုံးကွယ်မထားသည့် ချီးမွမ်းဖွယ်လုပ်ဆောင်ချက်ကို သူပြုလုပ်ပြီးနောက် ဤသို့ဖြည့်စွက်ပြောဆိုသည်– “အသံထွက်ဖတ်သည့်အခါ အစဉ်အလာအတိုင်း ‘သခင် [the LORD]’ ကိုအသုံးပြုဖို့ ကျွန်ုပ်ထောက်ခံမည်ဖြစ်သော်လည်း အခြားသူများမူ မိမိတို့ထုံးစံရှိသည်အတိုင်း ပြုလုပ်လိုပေမည်။” သို့သော် ယင်းသည် ကိုယ်ပိုင်ရွေးချယ်မှု၊ အစဉ်အလာ၊ သို့မဟုတ် မိမိ၏ထုံးစံအတိုင်း လိုက်လျှောက်ခြင်းကိစ္စတစ်ခုသာလော။

မဟုတ်ပါ။ သမ္မာကျမ်းစာက ဘုရားသခင့်နာမတော်ကို တော်သင့်စွာအသုံးပြုရန် တိုက်တွန်းထားသည်သာမက ထိုသို့ပြုရန် မိန့်မှာထားသည်။ ဟေရှာယ ၁၂:၄က (ကဘ) တွင် ဘုရားသခင့်လူမျိုးသည် ဤသို့အသေအချာဟစ်ကြော်နေသည်ဟု တင်စားဖော်ပြထားသည်– “အသင်လူများတို့ ယေဟောဝါကို ကျေးဇူးတင်ကြလော့! ကိုယ်တော်၏နာမတော်ကို ခေါ်ကြလော့။” ထို့အပြင် ဆာလံဆရာက ဘုရားသခင်၏တရားစီရင်ခံထိုက်သူများအကြောင်း ဤသို့ဆိုသည်– “ကိုယ်တော်ကို မသိသောလူမျိုးများအပေါ်သို့လည်းကောင်း၊ ကိုယ်တော်၏ကိုယ်ပိုင်နာမတော်ကိုမခေါ်သော တိုင်းနိုင်ငံတို့အပေါ်လည်းကောင်း အမျက်တော်သွန်းလောင်းတော်မူပါ။”—⁠ဆာလံ ၇၉:၆၊ ကဘ; သု. ၁၈:၁၀; ဇေဖနိ ၃:၉ တို့လည်းရှု။

ထို့ကြောင့် အချို့သူတို့သည် တတိယပညတ်ကို နားလည်မှုလွဲပြီး ယေဟောဝါ၏ ဘုန်းရှိသောနာမတော်ကို အသံထွက်မခေါ်ဘဲနေကြသော်လည်း ဘုရားသခင်အား အမှန်ချစ်သောသူတို့သည် ကိုယ်တော်၏နာမတော်ကိုခေါ်ဖို့ ရှာကြံကြပါသည်။ မှန်ပါသည်၊ အခွင့်အရေးရတိုင်း သူတို့သည် ‘အမှုတော်တို့ကို လူများတို့တွင် ဖော်ပြကြပြီး နာမတော်သည် မြင့်မြတ်သောကြောင့် ချီးမွမ်းကြပါသည်။’—⁠ဟေရှာယ ၁၂:၄ခ

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 3 ကျမ်းစာ၏ ဟေဗြဲအပိုင်း (ဓမ္မဟောင်းကျမ်း) တွင် ဘုရားသခင်၏နာမတော်ကို [YHWH] ယဟဝဟအဖြစ်စာလုံးဖလှယ်ယူနိုင်သည့် ဟေဗြဲအက္ခရာလေးလုံးဖြင့် ဖော်ပြထားသည်။ ဘုရားသခင့်နာမတော်၏ အသံထွက်အတိအကျကို မသိရသော်လည်း မြန်မာဘာသာစကားတွင် “ယေဟောဝါ” ဟုအများအားဖြင့် အသံထွက်ကြသည်။

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

ပင်လယ်သေကျမ်းလိပ်များမှ ဆာလံကျမ်း၏အပိုင်းတစ်ပိုင်း။ ဘုရားသခင်၏နာမတော် ယေဟောဝါ (YHWH) ကို ကျမ်းလိပ်၏အခြားအပိုင်းများထက် ပို၍ရှေးကျသောဟေဗြဲစာသားပုံစံဖြင့် ဖော်ပြထား

[Credit Line]

Courtesy of the Shrine of the Book, Israel Museum, Jerusalem