မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မိဘများထံ အထူးစာတစ်စောင်

မိဘများထံ အထူးစာတစ်စောင်

မိဘများထံ အထူးစာတစ်စောင်

စပိန်နိုင်ငံမှ ဆယ်ကျော်သက်အရွယ် မိန်းမငယ်လေးနှစ်ဦးသည် သူတို့မိဘများထံ ကျေးဇူးတင်စာတစ်စောင်ကို မကြာသေးမီက ရေးသားပေးပို့လိုက်သည်။ ဤသည်မှာ ကောက်နုတ်ချက်အချို့ဖြစ်သည်–

သမီးတို့ရဲ့ချစ်လှစွာသော ဖေဖေ ပီပီနှင့် မေမေ ဘီသန်းတာရှင့်–

ပြောချင်တာတွေကများပြီး စကားလုံးနည်းနည်းနဲ့ အားလုံးရေးချပြဖို့ ခက်တဲ့အတွက်ကြောင့် ဘယ်ကနေစရေးရမလဲတောင် မသိဘူး။ ကျွန်မတို့ကို ၁၇ နှစ်နဲ့ ၁၅ နှစ်လုံးလုံး လိုလေသေးမရှိ ပြုစုစောင့်ရှောက် ဂရုစိုက်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။

ဖေဖေမေမေတို့ရဲ့ ဆန္ဒသဘောထားနဲ့ စည်းမျဉ်းစည်းကမ်းတွေကို ကျွန်မတို့အမြဲနားလည်သဘောပေါက်ခဲ့ရပါတယ်။ တစ်ခါတလေမှာ သမီးတို့အိမ်ပြန်ရောက်ရမယ့်အချိန်ကို ဘာကြောင့်ကန့်သတ်ထားတာလဲလို့စဉ်းစားမိတယ်၊ ဒါပေမဲ့ ခုတော့ အိမ်ပြန်ချိန်သတ်မှတ်ပေးမထားတဲ့ အခြားလူငယ်တွေ ဖြစ်ပျက်သွားကြတာကိုကြည့်ပြီး အဲ့ဒီစည်းမျဉ်းတွေဟာ ကျွန်မတို့ကို အကာအကွယ်ပေးပါလားဆိုတာ သိသွားပြီ။

တနင်္ဂနွေနေ့တွေမှာ ဖေဖေမေမေတို့နဲ့အတူ လိုက်ဟောပြောခဲ့ရတာရယ်၊ ခိုင်လုံတဲ့အကြောင်းမှတစ်ပါး နိုင်ငံတော်ခန်းမမှာ ခရစ်ယာန်စည်းဝေးတွေကို ဘယ်တော့မှမပျက်ဖူးတဲ့ ဖေဖေမေမေတို့ရဲ့ပုံသက်သေဟာ ကျွန်မတို့ကို အကူအညီအများကြီးပေးခဲ့ပါတယ်။ တနင်္ဂနွေမနက်မှာ ကျွန်မတို့ အမှုဆောင်ထွက်ရမလားလို့ မေးစရာမလိုဘူး။ ထွက်ကိုထွက်ရကြမယ်ဆိုတာ ကောင်းကောင်းသိထားတယ်။

ကျွန်မတို့ကို ပဲ့ပြင်သွန်သင်မှုထဲမှာ ဧည့်ဝတ်ကျေပွန်တတ်ဖို့ သင်ပေးတာလည်းပါတယ်။ ကျွန်မတို့အိမ်ကို ဧည့်သည်တွေအများကြီးလာကြတယ်၊ ဖေဖေမေမေတို့က အတတ်နိုင်ဆုံး ပြုစုစီမံပေးခဲ့ကြတယ်။ အဲ့ဒါတွေကို ကျွန်မတို့ငယ်ငယ်ကတည်းက တွေ့လာနေရပြီး သမီးတို့မှာ အရမ်းကောင်းတဲ့မိဘတွေရှိတာကို တန်ဖိုးထားမိပါတယ်။

ဖေဖေမေမေတို့လောက် ကျွန်မတို့အကြောင်းသိပြီး နားလည်ပေးတဲ့သူ မရှိပါဘူး။ ဖေဖေမေမေတို့ဟာ ကျွန်မတို့လုံးဝအားထားယုံကြည်ရတဲ့ အကောင်းဆုံးမိတ်ဆွေတွေပါပဲ။

နိဂုံးအနေနဲ့ ဖေဖေမေမေတို့ကို သမီးတို့ချစ်တယ်ဆိုတာ ပြောချင်ပါတယ်။ ကျွန်မတို့မိဘတွေဖြစ်တဲ့ ဖေဖေမေမေတို့ကို ဘယ်သူနဲ့မှမလဲနိုင်ပါဘူး။ အကယ်၍ တစ်နည်းနည်းနဲ့ သမီးတို့ရဲ့မိဘတွေကို ရွေးနိုင်မယ်၊ ဘဝအသက်တာကို တစ်ကနေပြန်စနိုင်မယ်ဆိုရင် ဖေဖေမေမေတို့ကိုပဲ သမီးတို့ မလွဲဧကန်ရွေးပြီး ထပ်တူဘဝအသက်တာကိုပဲ ပြန်ရွေးပါမယ်။

အကြင်နာအနမ်းများဖြင့်၊ ဖေဖေမေမေတို့ရဲ့သမီးများ၊

အက်စမရယ်လ်ဒါနှင့် ယိုလဲန်ဒါ