မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အိမ်ထောင်ရေးဖောက်ပြားမှု—ဝမ်းနည်းဖွယ်အကျိုးဆက်များ

အိမ်ထောင်ရေးဖောက်ပြားမှု—ဝမ်းနည်းဖွယ်အကျိုးဆက်များ

အိမ်ထောင်ရေးဖောက်ပြားမှု—ဝမ်းနည်းဖွယ်အကျိုးဆက်များ

“ငါအိမ်ကဆင်းသွားပြီ” ဟူသော ဖုန်းထဲမှစကားများမှာ ပဲ့တ် * ၏​ခင်ပွန်းပြောခဲ့သမျှတွင် ပဲ့တ်အတွက် ဝမ်းနည်းဖွယ်အကောင်းဆုံးဖြစ်၏။ “ကျွန်မ မယုံနိုင်သလောက်ပါပဲ” ဟုသူကပြောပြသည်။ “ကျွန်မရဲ့ခင်ပွန်း ကျွန်မကိုပစ်ပြီး နောက်တစ်ယောက်နောက်လိုက်သွားမှာကို စိုးရိမ်ခဲ့တာ တကယ်ဖြစ်သွားပြီ။”

အသက် ၃၃ နှစ်ရှိသော ပဲ့တ်သည် သူ၏အိမ်ထောင်ကို အမှန်ပင်သာယာစေလိုခဲ့၏; ခင်ပွန်းဖြစ်သူက သူ့ကို ဘယ်တော့မျှမစွန့်ဟူ၍ ကတိပြုခဲ့သည်။ “ဘယ်လိုပဲဖြစ်ဖြစ် သေအတူရှင်မကွဲ ရှိနေကြမယ်လို့ ကျွန်မတို့တစ်ယောက်ကိုတစ်ယောက် ကတိပေးခဲ့တာ” ဟုပဲ့တ်ကပြောပြသည်။ “တကယ်ပြောတာလို့ ကျွန်မထင်ခဲ့တာ။ ခုတော့ . . . သူဒီလိုလုပ်သွားပြီ။ အခုကျွန်မမှာ ဘာမှမရှိဘူး—⁠ကြောင်တစ်ကောင်၊ ရွှေငါးလေးတစ်ကောင်တောင်မရှိဘူး—⁠ဘာဆိုဘာမှ မရှိတော့ဘူး!”

ဟီရိုရှီသည် မိခင်ဖြစ်သူ၏ဖောက်ပြားမှု ဘူးပေါ်သကဲ့သို့ပေါ်ခဲ့သည့်နေ့ကို ဘယ်တော့မျှမေ့မည်မဟုတ်ချေ။ “ကျွန်တော် ၁၁ နှစ်သားပဲရှိသေးတယ်” ဟုပြောပြသည်။ “ဒေါသတကြီးနဲ့အိမ်ထဲ အမေဝင်လာတယ်။ နောက်မှာ အဖေလိုက်လာပြီး ‘နေဦး၊ ဒီကိစ္စကိုဆွေးနွေးရမယ်’ လို့ပြောနေတယ်။ ဆိုးဆိုးရွားရွားတစ်ခုခုတော့ဖြစ်တော့မယ်ဆိုတာ ကျွန်တော်သိလိုက်တယ်။ အဖေက ယူကျုံးမရပဲ။ အခုထိ နာလန်မထူနိုင်သေးဘူး။ ဒါထက် သူ့မှာ ရင်ဖွင့်စရာ ဘယ်သူမှမရှိတော့တာနဲ့ ကျွန်တော့်ဆီလာပြီး နှစ်သိမ့်ရာနှစ်သိမ့်ကြောင်းရဖို့၊ စာနာမှုပြခံရဖို့ ရင်ဖွင့်တော့တယ်။ စဉ်းစားကြည့်ပါဦး– အသက် ၄၀ ကျော်ရှိသူဦးက ၁၁ နှစ်သားကို ရင်ဖွင့်ရရှာတယ်!”

မင်းမျိုးမင်းနွယ်၊ နိုင်ငံရေးသမားများ၊ အကျော်အမော်ရုပ်ရှင်မင်းသားမင်းသမီးများနှင့် ဘာသာရေးခေါင်းဆောင်များ၏ တုန်လှုပ်ဖွယ် ကျော်မကောင်းကြားမကောင်း ချစ်ကြိုက်မှုများဖြစ်စေ၊ ကျွန်ုပ်တို့၏မိသားစုများအတွင်း ဖောက်ပြားမှုများနှင့် မျက်ရည်ကျစရာအဖြစ်အပျက်များဖြစ်စေ အိမ်ထောင်ရေးဖောက်ပြားမှုများ ဆက်ဖြစ်ပွားနေဆဲရှိခြင်းသည် ဝမ်းနည်းစရာပင်။ ဗြိတဲန်နီကာစွယ်စုံကျမ်းသစ်က “သူ့သားအိမ်ရာပြစ်မှားခြင်းသည် နေရာတကာ၌ဖြစ်နေပုံရှိပြီး အချို့ဖြစ်ရပ်များတွင် အိမ်ထောင်ပြုခြင်းကဲ့သို့ပင် သာမန်ကိစ္စဖြစ်နေပါသည်” ဟုဖော်ပြထားသည်။ ဖောက်ပြန်ခဲ့ကြဖူးသူ ၅၀ နှင့် ၇၅ ရာခိုင်နှုန်းကြားရှိသည်ဟု သုတေသီအချို့က ခန့်မှန်းသည်။ အိမ်ထောင်ရေးသုတေသီ ဇဲလ်ဒါ ဝက်စ် မီးဒ်က အိမ်ထောင်ရေးဖောက်ပြားမှုမြောက်မြားစွာကို လူမသိသော်လည်း “ထိုချစ်ကြိုက်ရေးများ တိုးများလာနေကြောင်း သာဓကအားလုံးက ညွှန်ပြသည်” ဟုဆိုသည်။

ခံစားချက်များစွာ စုပုံခံစားရ

ထိတ်လန့်စရာဖြစ်သော်လည်း အိမ်ထောင်ရေးဖောက်ပြားမှုနှင့် ကွာရှင်းမှု စာရင်းဇယားတို့က လူတို့၏နေ့စဉ်ဘဝအသက်တာအပေါ် ဂယက်ရိုက်ပုံကို အပြည့်အစုံမဖော်ပြပါ။ ငွေကြေးအခက်အခဲများဖြစ်ပေါ်လာသည့်အပြင် ဤစာရင်းဇယားများတွင်ပါဝင်သော တောင်လိုပုံနေသည့်ခံစားချက်များ—⁠မျက်ရည်ပေါက်ကြီးငယ်နှင့် အတိုင်းမသိရှုပ်ထွေးမှု၊ ကြေကွဲမှု၊ စိုးရိမ်ပူပန်မှုတို့အပြင် အပြင်းအထန်စိတ်နာကျင်မှု၊ ထိုမျှမက မိသားစုလိုက် စိတ်ဆင်းရဲမှုဖြင့် အိပ်မပျော်နိုင်သည့် မရေတွက်နိုင်သောညများ—⁠ကိုစဉ်းစားကြည့်ပါ။ စွန့်ပစ်ခံရသူများသည် ထိုတုန်လှုပ်ချောက်ချားမှုတို့ကို ကျော်ဖြတ်နိုင်ခဲ့မည်ဖြစ်သော်လည်း အမာရွတ်များမှာမူ အတန်ကြာမပျောက်နိုင်ဖွယ်ရှိ၏။ စိတ်နာကြည်းမှုနှင့် စိတ်ထိခိုက်နစ်နာမှုတို့ကို လွယ်လွယ်နှင့်မဖျောက်ပစ်နိုင်ချေ။

“အိမ်ထောင်ပြိုကွဲမှုကြောင့် စိတ်လှုပ်ရှားမှုအမျိုးမျိုး အကြီးအကျယ်အုံကြွပေါက်ကွဲပြီး တစ်ခါတစ်ရံ တွေဝေသွားနိုင်သည်။ ထိုအခါ သင်အဘယ်အရာပြုလုပ်သင့်သနည်း။ မည်သို့တုံ့ပြန်သင့်သနည်း။ အခက်အခဲအားလုံးကို မည်သို့ရင်ဆိုင်ကျော်လွှားမည်နည်း။ စိတ်ချနေရာမှ မသေမချာဖြစ်ခြင်း၊ ဒေါသထွက်ရာမှ မိမိကိုယ်ကိုအပြစ်တင်ခြင်း၊ ယုံကြည်အားထားရာမှ မယုံသင်္ကာဖြစ်ခြင်း၊ စိတ်အမျိုးမျိုးပြောင်းလဲပေါ်ပေါက်လာပေမည်” ဟု ကွာရှင်းခြင်းကို ကျော်ဖြတ်နိုင်ပုံစာအုပ်က ရှင်းပြသည်။

မိမိ၏ဇနီးဖောက်ပြန်ခဲ့ကြောင်းကို သိသွားပြီးနောက် ပက်ဒ်ရိုးခမျာ ထိုသို့ တွေ့ကြုံခံစားရ၏။ “အိမ်ထောင်ရေးဖောက်ပြားတဲ့အခါ စိတ်ရှုပ်ထွေးစရာတွေ အမျိုးမျိုးပေါ်လာတယ်” ဟုသူရင်ဖွင့်သည်။ မချိတင်ကဲဖြစ်ရခြင်းကို စွန့်ပစ်ခံရသူကိုယ်တိုင် နားမလည်နိုင်ရာ၊ အခြေအနေကိုမသိသူ အပြင်လူများ နားလည်ဖို့ဝေးလေစွ။ ပဲ့တ်က “ကျွန်မ ဘယ်လိုခံစားနေရတယ်ဆိုတာကို တကယ်နားလည်သူ တစ်ယောက်မှမရှိဘူး။ ကျွန်မခင်ပွန်း တခြားမိန်းမနဲ့ရှိနေတာကို စဉ်းစားမိတဲ့အခါ စိတ်ထဲမှာ တကယ့်ကိုနာကျင်မိတယ်၊ ဘယ်သူကိုမှ ရှင်းမပြနိုင်တဲ့ ပူဆွေးဝမ်းနည်းမှုတစ်ခုပါပဲ” ဟုဆိုသည်။ “တစ်ခါတလေ ကျွန်မကိုကျွန်မ ရူးပြီလို့တောင်ထင်မိတယ်။ တစ်ရက်တလေမှာ ကိုယ့်ကိုယ်ကိုချုပ်ထိန်းနိုင်ပြီး နောက်နေ့ကျပြန်ရင် မခံရပ်နိုင်ပြန်ဘူး။ သူ့ကို ကျွန်မသတိရပြီး လွမ်းတဲ့အခါလွမ်း၊ နောက်တစ်နေ့ဆိုရင်တော့ သူ့ရဲ့ကလိမ်ဉာဏ်ဆင်မှုတွေ၊ လိမ်လည်မှုတွေနဲ့ အရှက်တကွဲဖြစ်ရတာတွေအားလုံးကို သတိရနေပြန်ရော။”

ဒေါသထွက်မှုနှင့် စိုးရိမ်ပူပန်မှု

“တစ်ခါတလေ စိတ်ထဲမှာ ဒေါသထွက်ရုံသက်သက်ဖြစ်လာတယ်” ဟုဖောက်ပြားခံရသူတစ်ဦးက ဝန်ခံ၏။ မှားယွင်းမှုနှင့် ထိခိုက်နစ်နာမှုအတွက် စက်ဆုပ်ရွံရှာကာ ဒေါသထွက်ခြင်းသက်သက် မဟုတ်ချေ။ ယင်းအစား သတင်းစာဆရာမတစ်ဦး ရှင်းပြခဲ့သကဲ့သို့ “ဖြစ်လာနိုင်သောသာယာချမ်းမြေ့သည့်အိမ်ထောင်တစ်ခု ပျက်စီးသွားခြင်းကို ယူကျုံးမရဖြစ်ပြီး နာကြည်းခြင်းဖြစ်သည်။”

ထို့ပြင် မိမိသည်တန်ဖိုးမရှိ၊ အရည်အချင်းမပြည့်မီဟူသောခံစားချက်များ ဖြစ်ပေါ်လေ့ရှိသည်။ ပက်ဒ်ရိုးက ဤသို့ရင်ဖွင့်သည်– “‘ငါ့မှာ ဆွဲဆောင်မှုမရှိလို့လား၊ ငါ တစ်ခုခုများ ချို့တဲ့နေလို့လား’ ဆိုပြီး ခံစားရတယ်။ အပြစ်အနာအဆာကို မတွေ့တွေ့အောင် ကိုယ့်ကိုယ်ကို ဆန်းစစ်ကြည့်တော့တာပဲ။” ဗြိတိသျှအမျိုးသားရေး အိမ်ထောင်မှုလမ်းညွှန်ကောင်စီမှ ဇဲလ်ဒါ ဝက်စ် မီးဒ်က သူ၏ ချစ်မြတ်နိုးဂုဏ်တင်ဖောက်ပြားခြင်းစာအုပ်တွင် ဤသို့ထောက်ခံပြောဆိုသည်– “. . . မိမိကိုယ်ကိုတန်ဖိုးထားစိတ် အလဲထိုးခံလိုက်ရခြင်းသည် ခံရအခက်ဆုံးပင်ဖြစ်သည်။”

အပြစ်ရှိ၏ဟုခံစားရခြင်းနှင့် စိတ်ဓာတ်ကျခြင်း

ဤစိတ်လှုပ်ရှားမှုများနောက်တွင် အပြစ်ရှိ၏ဟူသောလှိုင်းဂယက်များ ထက်ကြပ်မကွာလိုက်ပါလာတတ်သည်။ စိတ်ပျက်အားလျော့နေသော ဇနီးတစ်ဦးက ဤသို့ဆိုသည်– “မိန်းမတွေဟာ ကိုယ့်မှာအပြစ်ရှိတယ်လို့ အတော်ခံစားကြရမယ်လို့ ကျွန်မထင်တယ်။ ကိုယ့်ကိုယ်ကို အပြစ်တင်ပြီး ‘ငါ ဘယ်လိုမှားသွားသလဲ’ လို့တွေးမိတယ်။”

ဖောက်ပြားခံရသူ လင်ယောက်ျားတစ်ဦးက မိုးပျံရထားစီးရသည့်အလား အခြားအခြေအနေတစ်ခုကို ဖော်ပြသည်။ သူကဤသို့ရှင်းပြသည်– “ဆိုးရွားတဲ့ရာသီဥတုနဲ့ကြုံရသလိုပဲ စိတ်ဓာတ်ကျဆင်းမှုဒဏ်ကို စတင်ခံစားလာရတယ်။” ဇနီးတစ်ဦးက သူ၏ခင်ပွန်းအိမ်မှဆင်းသွားသောအခါ သူမျက်ရည်မကျသောနေ့ တစ်ရက်မျှမရှိကြောင်းပြောပြသည်။ “သူထွက်သွားပြီးလို့ ရက်သတ္တပတ်အနည်းငယ်ကြာမှ မျက်ရည်မကျတော့တဲ့နေ့ကို ကျွန်မ ကောင်းကောင်းမှတ်မိသေးတယ်။ လအနည်းငယ်ကြာမှ မျက်ရည်မကျတော့တဲ့အပတ် ရှိလာတယ်။ မျက်ရည်မကျတော့တဲ့ အဲ့ဒီနေ့ရက်တွေ၊ အဲ့ဒီအပတ်တွေဟာ ကျွန်မနာလန်ပြန်ထူခြင်းကို မှတ်သားတဲ့မှတ်တိုင်တွေဖြစ်လာခဲ့တယ်။”

နှစ်ဆသောလှည့်စားခံရမှု

သူ့သားအိမ်ရာပြစ်မှားသူသည် မိမိအိမ်ထောင်ဖက်ကို ခါးသီးစွာနှစ်ဆထိုးနှက်ကြောင်း မသိသူများသည်။ အဘယ်နည်းဖြင့်နည်း။ ပဲ့တ်က ကျွန်ုပ်တို့အား သဲလွန်စပေးသည်– “ကျွန်မ တကယ်ခံရခက်တယ်။ သူဟာ ကျွန်မခင်ပွန်းတင်မကဘူး၊ ကျွန်မရဲ့မိတ်ဆွေ—⁠အကောင်းဆုံးမိတ်ဆွေ—⁠ဖြစ်ခဲ့တာနှစ်ချီပြီ။” မှန်ပါသည်၊ အခြေအနေများစွာတွင် အခက်အခဲများပေါ်လာတိုင်း ဇနီးသည် ခင်ပွန်းကို အားကိုးတတ်၏။ ယခု သူကိုယ်တိုင် စိတ်အလွန်ထိခိုက်စေသောအခက်အခဲ၏ တရားခံဖြစ်လာရုံသာမက အကူအညီတကယ်လိုအပ်သောအခါ အကူအညီပေးမည့်သူ မဟုတ်တော့ချေ။ တစ်ချီတည်းဖြင့် နာကျင်မှုဒဏ်ကို အလူးအလိမ့်ခံစားသွားရစေ၍ ဇနီး၏ အားကိုးအားထားရာ တိုင်ပင်ဖော်တိုင်ပင်ဖက်ကိုလည်း သူဆုံးရှုံးသွားစေခဲ့သည်။

ယင်းကြောင့် ဖောက်ပြားခံရပြီ၊ ယုံကြည်စိတ်ချမှုပျက်ပြားသွားရပြီဟူသည့် ခံပြင်းသောစိတ်သည် အပြစ်မဲ့အိမ်ထောင်ဖက်များ ခံစားရသည့် အဆိုးရွားဆုံးခံစားချက်ပင်ဖြစ်သည်။ အိမ်ထောင်ရေးအတိုင်ပင်ခံတစ်ဦးက အိမ်ထောင်ရေးဖောက်ပြန်မှုသည် စိတ်ပိုင်းဆိုင်ရာကျဆင်းမှုကို အဘယ်ကြောင့် ဤမျှဖြစ်စေနိုင်ကြောင်း အောက်ပါအတိုင်းရှင်းပြသည်– “ကျွန်မတို့ဟာ အိမ်ထောင်ရေးထဲ ကိုယ့်ကိုယ်ကိုဖြစ်စေ၊ ကိုယ်မျှော်လင့်ထားရာတွေ၊ ကိုယ့်စိတ်ကူးစိတ်သန်းတွေအားလုံးကိုဖြစ်စေ မြှုပ်နှံထားတတ်ကြတယ်၊ . . . ကျွန်မတို့တကယ်ယုံကြည်စိတ်ချနိုင်တဲ့သူ၊ တစ်သက်လုံး အားကိုးအားထားနိုင်မယ်လို့ ထင်တဲ့သူကိုမှ ရှာဖွေပြီးလက်ခံထားကြတာ။ အဲဒီယုံကြည်စိတ်ချမှုဟာ ရုတ်တရက်ပျောက်ပျက်သွားခဲ့ရင် ဖဲချပ်အိမ်ကလေး လေထဲပါသွားသလို ဖြစ်သွားတော့တာပဲ။”

ကွာရှင်းခြင်းကို ခံရပ်နိုင်ပုံစာအုပ်တွင် ဖော်ပြထားသကဲ့သို့ ထင်ရှားနေသည်မှာ စွန့်ပစ်ခံရသူတို့သည် “စိတ်ပိုင်းဆိုင်ရာ ကပြောင်းကပြန်ဖြစ်မှုကို ဖြေရှင်းပေးရာ၌ အကူအညီလိုအပ်သည်။ . . . အဘယ်ရွေးချယ်မှုများကို သူတို့ပြုလုပ်နိုင်ကြ၍ ၎င်းတို့ကို မည်သို့ပြုလုပ်နိုင်ကြောင်း ဆုံးဖြတ်တတ်ရန် သူတို့အကူအညီလိုပေမည်။” သို့သော် ထိုရွေးချယ်မှုများကား အဘယ်နည်း။

‘ပြန်လည်သင့်မြတ်ခြင်းက အဖြေလား’ ဟု သင်ထင်ပေမည်။ ‘ဒါမှမဟုတ် ကွာရှင်းသင့်သလား။’ အထူးသဖြင့် ဟန်လုပ်နေခဲ့ရသော အိမ်ထောင်ရေးဖြစ်မည်ဆိုလျှင် သင့်အခက်အခဲများကို ကွာရှင်းခြင်းဖြင့်ဖြေရှင်းနိုင်မည်ဟု မြန်မြန်ဆန်ဆန်ဆုံးဖြတ်လိုပေမည်။ ‘အိမ်ထောင်ရေးဖောက်ပြန်မှုအတွက် ကွာရှင်းနိုင်တယ်လို့ ကျမ်းစာခွင့်ပြုထားတာပဲ’ ဟုသင်ဆင်ခြင်ပေမည်။ (မဿဲ ၁၉:⁠၉) အခြားတစ်ဖက်တွင်မူ ကွာရှင်းရန် သမ္မာကျမ်းစာက မတိုက်တွန်းကြောင်း သင်ဆင်ခြင်သုံးသပ်ပေမည်။ ထို့ကြောင့် သင့်အနေဖြင့် ပြန်လည်သင့်မြတ်ပြီး အိမ်ထောင်ရေးကိုပြန်လည်တည်ဆောက်ကာ ခိုင်မြဲစေခြင်းသည် သာ၍ကောင်းလိမ့်မည်ဟု ယူမှတ်ပေမည်။

ဖောက်ပြန်သောအိမ်ထောင်ဖက်နှင့် ကွာရှင်းမည်၊ သို့မဟုတ် ဆက်ပေါင်းမည်ဟူသည် ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြစ်၏။ သို့တိုင် အဘယ်အရာကိုပြုလုပ်ရန် သင် မည်သို့သိရှိနိုင်မည်နည်း။ ဦးစွာ၊ ပြန်ပေါင်းဖို့ဖြစ်မဖြစ် သင်ဆုံးဖြတ်ရန် အကူအညီဖြစ်စေနိုင်သည့် အချက်အလက်အချို့ကို ကျေးဇူးပြု၍ဆန်းစစ်ကြည့်ပါ။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 2 နာမည်အချို့ကို ပြောင်းထားပါသည်။