မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့စာမတတ်သူနှုန်း မြင့်တက်လာခြင်း

“ကမ္ဘာပေါ်ရှိ လူဦးရေ ၅.၉ ဘီလီယံ၏ ခြောက်ပုံတစ်ပုံနီးပါးသည် စာရေးစာဖတ်မတတ်ကြ” ဟုနယူးယောက်တိုင်းမ်စ်က ဖော်ပြသည်။ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်) ၏အဆိုအရ စာမတတ်သူနှုန်း မြင့်တက်လာမည်ဟု ခန့်မှန်းရ၏။ အဘယ်ကြောင့်နည်း။ ယခုလက်ရှိ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများမှကလေး ၄ ဦးလျှင် ၃ ဦးသည် ကျောင်းမနေကြချေ။ ကမ္ဘာတစ်ဝန်းတွင်ဖြစ်ပျက်နေသော စီးပွားရေးပြဿနာများအပြင် လူမျိုးရေးပဋိပက္ခများကြောင့် သန်းနှင့်ချီသောကလေးများသည် ပညာသင်ကြားခွင့်မရရှိခဲ့ကြချေ။ စစ်ပွဲများသည် ကျောင်းများကို ဖျက်ဆီးပစ်ရုံသာမက ကလေးများစွာကို ကျောင်းသားများဖြစ်စေမည့်အစား စစ်သားဘဝသို့ရောက်ရှိစေခဲ့သည်။ မှန်၏၊ စာမတတ်ခြင်းသည် လူမှုရေးပြဿနာများကိုလည်း ဖြစ်ပေါ်စေသည်။ စာမတတ်ခြင်းနှင့် မွေးဖွားနှုန်းအကြား တိုက်ရိုက်ဆက်နွှယ်မှုရှိသည်ဟူ၍ ၁၉၉၉ ကမ္ဘာ့ကလေးများအခြေအနေ ဟုခေါင်းစဉ်တပ်ထားသော ယူနီဆက်ဖ်အစီရင်ခံစာကဆိုသည်။ ဥပမာ၊ တောင်အမေရိကနိုင်ငံတစ်နိုင်ငံတွင် “စာမတတ်သူအမျိုးသမီးများတွင် ပျမ်းမျှကလေး ၆.၅ ယောက်ရှိပြီး အလယ်တန်းပညာရေးအဆင့်ရှိမိခင်များတွင် ပျမ်းမျှကလေး ၂.၅ ယောက်ရှိကြသည်” ဟုတိုင်းမ်စ်က ဆိုခဲ့သည်။

ရေခဲစိုင်များကို စုသိမ်းခြင်း

“ရေခဲစိုင်တွင်ရှိသောရေသည် အလွန်သန့်ကြောင်း နယူးဖောင်လန်သားများ သိရှိလာသည်မှာ ကြာပေပြီဟု လန်ဒန်မြို့ထုတ် ဖိုင်နင်းရှဲတိုင်းမ်ကဆိုသည်၊ ယခု “သူတို့၏ကမ်းခြေများကိုဖြတ်ကာ မျောဆင်းသွားသော ရေခဲစိုင်အမြောက်အမြားကို” စုသိမ်းလျက်ရှိသည်။ ပေါလောပေါ်နေသောရေခဲစိုင်ကို ပိုက်များနှင့်ပတ်စည်းပြီးနောက် ဒီရေတက်ချိန်တွင် ဆွဲသင်္ဘောဖြင့် ကမ်းခြေသို့ဆွဲလာသည်။ စက်ကုန်မောင်းနှင်လာပြီး ကမ်းရိုးတန်းအနီးရောက်သောအခါ ဆွဲသင်္ဘောကို ရုတ်ခြည်းဆွဲကွေ့လိုက်ကာ ပိုက်များကိုဖြုတ်လိုက်ပြီး ရေခဲစိုင်ကို ကမ်းခြေပေါ်သို့ လွှဲပစ်တင်ပေးလိုက်သည်။ ဒီရေကျသွားသောအခါ ရေခဲစိုင်သည် ကုန်းမြေတွင် တင်ကျန်ရစ်သည်။ ထို့နောက် ဧရာမကရိန်းဖြင့် ရေခဲအတုံးများခွဲ၍ “သန့်စင်စေရန်အတွက် ခရမ်းလွန်ရောင်ခြည်အောက်တွင် မဖြတ်သန်းမီ ညက်ညက်ခြေ၊ အရည်ပျော်စေ၍ စစ်ထုတ်မည့်နေရာဖြစ်သော ဝမ်းပြားသင်္ဘောပေါ်သို့” တင်လိုက်ကြသည်။

သစ်ပင်အကိုက်အခဲအတွက် အက်စပရင်

သစ်ပင်များသည် လူတို့ကဲ့သို့ နာကျင်မှုမခံစားရသော်လည်း ထိခိုက်ပျက်စီးမှုကို ဂျက်စမိုနစ်အက်ဆစ်ထုတ်လွှတ်ခြင်းဖြင့်ပြသသည်။ အချို့အပင်များသည် အခြားအပင်များတွင် တုံ့ပြန်မှုကိုနှိုးဆွပေးနိုင်သည့် စံပယ်ရနံ့မျိုးကိုပင် ထုတ်လွှတ်ပေးသည်။ “အက်စပရင်သည် အပင်များ၏ဂျက်စမိုအက်စစ်ထုတ်လွှတ်ခြင်းကို တစ်နည်းနည်းဖြင့် ရပ်သွားစေကြောင်း သုတေသီများသိရှိခဲ့သည်မှာ နှစ်နှင့်ချီလေပြီ” ဟုသိပ္ပံသတင်းက ဖော်ပြ၏။ ယခုအခါ အရီဇိုးနားပြည်နယ်တက္ကသိုလ်မှ သိပ္ပံပညာရှင်များက ဆန်းကြယ်သောဤယန္တရားအပိုင်းကို ဖော်ထုတ်လိုက်ကြသည်။ အက်စပရင်သည် လူတို့တွင်ရှိ အင်ဇိုင်းတစ်မျိုးကို ပျက်ပြယ်စေရန် အသုံးပြုသည့်ဓာတ်ပြုမှုမျိုးဖြင့်ပင် အပင်များတွင်ရှိအဓိကအင်ဇိုင်းကို ပျက်ပြယ်စေနိုင်သည်။ သို့ရာတွင် ထိုအင်ဇိုင်းနှစ်ခုသည် လုံးဝမတူသလောက်ဖြစ်သောကြောင့် အပင်များနှင့်လူတို့တွင် အက်စပရင်၏ဆောင်ရွက်မှုကြား ဆက်နွှယ်မှုမှာ သဲသဲကွဲကွဲမသိရသေးချေ။

ရာသီဥတုပျက်စီးမှု စံချိန်တင်

၁၉၉၈ ခုနှစ်ပထမ ၁၁ လတွင် ကမ္ဘာတစ်ဝန်း ရာသီဥတုနှင့်ဆက်နွှယ်နေသော ကပ်ဘေးများကြောင့် ပျက်စီးဆုံးရှုံးမှု ဒေါ်လာ ၈၉ ဘီလီယံဖိုး စံချိန်တင်ခဲ့သည်။ အဆိုပါပျက်စီးမှုသည် “၁၉၈၀ ပြည့်လွန်နှစ်များ၏ ဆယ်စုနှစ်တစ်ခုလုံးအတွက် ပျက်စီးဆုံးရှုံးမှုတန်ဖိုး ဒေါ်လာ ၅၅ ဘီလီယံထက်များစွာကျော်” ခဲ့သည်ဟု အေပီသတင်းတစ်ခုကဆို၏။ “ငွေကြေးဖောင်းပွမှုကို ညှိယူသောအခါ၌ပင် ၁၉၈၀ ပြည့်နှစ်၏ဆုံးရှုံးမှု ဒေါ်လာ ၈၂.၇ ဘီလီယံသည်” ၁၉၉၈ ခုနှစ် “ပထမ ၁၁ လ၏ဆုံးရှုံးမှုကိုမမီခဲ့” ဟုထိုသတင်းက ဆိုသည်။ လေမုန်တိုင်း၊ ရေလွှမ်းမိုးခြင်း၊ မီးလောင်ခြင်းနှင့် မိုးခေါင်ရေရှားခြင်းစသော သဘာဝဘေးအန္တရာယ်များကြောင့် ပစ္စည်းဥစ္စာဆုံးရှုံးရုံသာမက ခန့်မှန်းခြေလူပေါင်း ၃၂,၀၀၀ သေဆုံးခဲ့သည်။ “သဘာဝဘေးအန္တရာယ်များပေါ်တွင် လူ့လက်ဗွေရာများ သာ၍သာ၍များလာသည်” ဟုကမ္ဘာ့စောင့်ကြည်ရေးအဖွဲ့မှ ဆက်ဒါန်ကဆိုသည်။ မည်သို့အားဖြင့်နည်း။ ‘သဘာဝရေမြှုပ်များ’ ကဲ့သို့ဆောင်ရွက်ပေးသော သစ်ပင်ပေါများရာမြေနှင့် စိုစွတ်သောမြေတို့ကို ပြောင်တလင်းဖြစ်သွားစေခြင်းကြောင့် သစ်တောပြုန်းတီးသွားမှုက ပြဿနာကို ထပ်တိုးဖြစ်ပွားစေခဲ့သည်ဟု ဒါန်ကဆိုသည်။

ပန်းနာရောဂါ တရိပ်ရိပ်တိုးလာခြင်း

နှစ်ဆယ်ရာစု၏ နောက်ဆုံးဆယ်စုနှစ်တွင် ကမ္ဘာတစ်ဝန်း၌ ပန်းနာရောဂါပျံ့ပွားမှုနှင့် ဆေးရုံတက်ရောက်ကုသမှုတို့၏နှုန်းသည် ၄၀ ရာခိုင်နှုန်းအထိ တိုးများလာသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အစီရင်ခံစာများက ဖော်ပြသည်။ အဘယ်ကြောင့်တိုးများလာရသနည်း။ အမေရိကန်ကောလိပ်မှ ရင်ဘတ်ဆိုင်ရာသမားတော်အဖွဲ့ဝင်များက ကျဉ်းကျပ်ပြီးလေဝင်လေထွက်မရှိသော ခေတ်ရေစီးကြောင်းဖြစ်သော အိမ်တန်းလျားများတွင်နေထိုင်ကြခြင်းနှင့်အတူ ချစ်စနိုးတိရစ္ဆာန်များမွေးမြူခြင်းတို့ သိသာစွာတိုးများလာခြင်းကို ထောက်ပြကြသည်။ “တိရစ္ဆာန်အမွေးအမျှင် (အရေခွံ၊ အမွေးအတောင်များ)၊ ဖုန်မှုန့်များ၊ မြေမှုန့်များ၊ စီးကရက်အနံ့၊ ဝတ်မှုန်များ၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုများနှင့် အနံ့ဆိုးများ” ကြောင့်ပန်းနာရောဂါ စဖြစ်စေနိုင်သည်ဟု တိုရွန်တိုစတားကဆိုသည်။ သို့သော် လုံးဝမတည့်သောအရာမှာ ကြောင်မွေးဖြစ်သည်။ ကြိုတင်ကာကွယ်၍ ရနိုင်သောပန်းနာရောဂါဖြင့် အများဆုံးသေဆုံးနေသောကြောင့် အထူးစိုးရိမ်ဖွယ်ဖြစ်သည်ဟု သတင်းစာကဆိုခဲ့၏။ ယခု ကနေဒါနိုင်ငံတွင် လူပေါင်း ၁.၅ သန်းခန့်သည် ပန်းနာရောဂါဖြစ်နေပြီး ယင်းရောဂါကြောင့် နှစ်စဉ် ၅၀၀ ခန့်သေဆုံးလျက်ရှိသည်။

“စုန်းမများ” အတွက် သေဆုံးပြီးနောက် ခွင့်လွှတ်ခြင်းလော

၁၉၉၄ ခုနှစ်တွင် ပုပ်ရဟန်းမင်းသည် ‘သမိုင်းဆိုင်ရာစိတ်မသိုးမသန့်ဖြစ်ခြင်းကိုစစ်ဆေး’ ရန် . . . ချာ့ခ်ျကို တောင်းဆိုလိုက်သည်။ အကျိုးဆက်တစ်ခုမှာ စုန်းမများအဖြစ် အရှင်လတ်လတ်မီးရှို့သတ်ခံခဲ့ရသော ရာနှင့်ချီသူများကို ခွင့်လွှတ်သင့်မသင့်ကို စဉ်းစားသုံးသပ်ဖို့ ချက်ပြည်သူ့သမ္မတနိုင်ငံတွင် ပထမဦးဆုံး[ချာ့ခ်ျ]ကော်မရှင်အဖွဲ့ကို ဖွဲ့စည်းလိုက်သည်။ ချာ့ခ်ျခွင့်ပြုချက်ဖြင့် စုန်းကဝေလိုက်ဖမ်းသူများကြောင့် ၁၂ ရာစုနှင့် ၁၈ ရာစုများကြား၌ ဥရောပတွင် ထောင်နှင့်ချီသောသူတို့သည် မီးရှို့ခံရ၍ဖြစ်စေ၊ ညှဉ်းပန်းနှိပ်စက်ခံရ၍ဖြစ်စေ သေဆုံးခဲ့ကြရသည်။ အဋ္ဌမမြောက်ပုပ်ရဟန်းမင်းအင်နိုစင့်သည် ၁၄၈၄ ခုနှစ်တွင် စုန်းအတတ်ပညာနှင့်ပတ်သက်ပြီး အမိန့်ပြန်တမ်းတစ်ခုထုတ်ပြန်ပြီးနောက်၌ စုန်းကဝေလိုက်ဖမ်းသူများတိုးများလာကာ ညှဉ်းပန်းနှိပ်စက်နည်း ၃၀ ကျော်ကိုအသုံးပြု၍ စုန်းမဖြစ်သည်ဟုသံသယရှိသူများကို ခွဲခြားဖော်ထုတ်ခဲ့ကြသည်။ သားသမီးများထံမှ မိဘများစုန်းဖြစ်ကြောင်း အထောက်အထားကိုရယူရန် ကြိုးစားသောအခါများ၌ ဤကလေးငယ်များကိုပင် ချမ်းသာမပေးခဲ့ကြချေ။ ဂျာမနီနိုင်ငံတွင် စုန်းမအများဆုံးကို မီးရှို့သတ်ခဲ့ကြပြီး ဤအမှုအခင်းများသည် ပြင်သစ်နှင့်ဗြိတိန်တို့တွင်လည်း သာမန်ကိစ္စဖြစ်နေသည်။ ချာ့ခ်ျသည် သေဆုံးပြီးနောက် ဝန်ချတောင်းပန်မှုများကို စဉ်းစားကောင်းစဉ်းစားပေမည်ဟု လန်ဒန်မြို့ထုတ် သည်ဆန်းဒေး တယ်လီဂရပ်က ဖော်ပြသည်။

ဖိစီးမှုကြုံနေရသောမိသားစုများ

စစ်ပြီးကာလ လွန်ခဲ့သောရာစုနှစ်ဝက်မှ မိသားစုများထက် မျက်မှောက်ခေတ်ရှိ မိသားစုများသည် ငွေကြေးနှင့်စိတ်လှုပ်ရှားမှုပိုင်းဆိုင်ရာ ဖိစီမှုများခံစားနေရသည်ဟု မကြာသေးမီကကျင်းပသော ကနေဒါနိုင်ငံဆန္ဒခံယူပွဲတစ်ခုမှ ကောက်ချက်ချသည်။ ဖိစီးမှုစာရင်း၏ထိပ်ဆုံးတွင် ကွာရှင်းပြတ်စဲခြင်းနှင့် မိသားစုပြိုကွဲခြင်းတို့ဖြစ်သည်ဟု နေရှင်နယ်ပို့စ်က ဖော်ပြထားသည်။ ကြီးစဉ်ငယ်လိုက်အရ မိသားစုဖိစီးမှု၏အခြားအဓိကအကြောင်းရင်းများမှာ “မိဘများသည် နာရီပေါင်းများစွာ အပြင်းအထန်အလုပ်လုပ်ခြင်း၊ အလုပ်မြဲမမြဲ စိတ်မချရမှုများ၊ ကြီးလေးသောအခွန်အတုတ်နှင့် သားသမီးများကိုကျွေးမွေးပြုစုရန် မိဘများ၏ကြိုးစားမှုများကို မခန့်လေးစားပြုလုပ်ခြင်း” တို့ဖြစ်သည်။ ကြင်ဖော်မဲ့မိသားစုအများစုတွင် ယင်းဖိစီးမှုများခံစားရမှု သာ၍ပင်မြင့်မားသည်ဟု ဆန္ဒရှင်တို့ကဆိုသည်။

ယန်စီမြစ်ကို ယဉ်ပါးစေခြင်း

တရုတ်နိုင်ငံ ယန်စီမြစ်ပေါ်ရှိ သရီးဂျော့ဂ်ျရေကာတာ ဆောက်လုပ်ပြီးစီးသွားသည့်အခါ ကမ္ဘာ့အကြီးဆုံး ရေအားလျှပ်စစ်စက်ရုံဖြစ်လာမည်။ ဤရေကာတာသည် ၆၀၇ ပေမြင့်၍ ၁.၄ မိုင်ကျယ်ကာ ဓာတ်အားကီလိုဝပ် ၁၈.၂ သန်းထုတ်လုပ်ပေးမည်။ သို့ရာတွင် ဤရေကာတာဆောက်လုပ်ရခြင်း၏ အဓိကအကြောင်းရင်းမှာ ရေအားလျှပ်စစ်ထုတ်လုပ်ပေးဖို့အတွက် မဟုတ်ပါ။ ယန်စီမြစ်ရေလွှမ်းမှုအန္တရာယ်ကို လျော့နည်းသွားစေရန်အတွက်ဖြစ်သည်။ ဆောက်လုပ်ရေးကို ၁၉၉၄ ခုနှစ်တွင် စတင်ခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် ပြီးဆုံးမည်ဟု မျှော်လင့်ရသည်။ အဆိုပါစီမံကိန်းကြီးတွင် မြေကြီးနှင့်ကျောက်ဆောင် ကုဗကိုက် ၁၉၂ သန်းအထိတူးခြင်း၊ ကုဗကိုက် သန်း ၃၀ အထိ ကွန်ကရစ်လောင်းခြင်းနှင့် သံမဏိတန်ချိန် နှစ်သန်းနီးပါး တပ်ဆင်ခြင်းတို့ လိုအပ်မည်ဖြစ်သည်။ “သို့သော် အခက်အခဲဆုံးတာဝန်မှာ ၎င်းစီမံကိန်းကြောင့် ထိခိုက်ခဲ့သောဒေသများတွင် နေထိုင်ကြသူ ၁.၁ သန်းကျော်အား ပြန်လည်နေရာချထားရေးဖြစ်သည်” ဟုချိုင်းနားတူဒေးကဆို၏။

အမျိုးသမီးများကို ရန်မူခြင်း

“ဘရားဇီးနိုင်ငံ၌ အမျိုးသမီးများကို ကိုယ်ထိလက်ရောက်ရန်မူခြင်းရှိသမျှ၏ ၆၃ ရာခိုင်နှုန်းသည် အိမ်တွင်း၌ဖြစ်ပျက်နေပြီး သုံးပုံတစ်ပုံကသာ သတင်းပို့သည်” ဟုအိုဂလိုဘို သတင်းစာက ဖော်ပြသည်။ “အများအားဖြင့် အိမ်တွင်းအကြမ်းဖက်မှုသည် ဆင်းရဲနွမ်းပါးသောအမျိုးသမီးများနှင့် ပါဝင်ပတ်သက်နေသည်၊ ရဲကို ရန်လိုမှုတိုင်ကြားတတ်သူအများစုမှာ ထိုသူများပင်ဖြစ်သည်။ ချမ်းသာကြွယ်ဝသောအမျိုးသမီးများသည် ဤစာရင်းများတွင်ပါခဲသည်။” အခြားနိုင်ငံများတွင်လည်း ထပ်တူကိန်းဂဏန်းများကို ဖော်ပြသည်။ ဥပမာ၊ ယူ.အက်စ်. တရားရေးဌာနမှထုတ်ပြန်သော ဆန်းစစ်လေ့လာမှုတစ်ခုအရ “ယူအက်စ်တွင်ရှိသမျှအမျိုးသမီးထက်ဝက်ကျော်သည် သူတို့၏အသက်တာတစ်ချိန်ချိန်၌ ကိုယ်ထိလက်ရောက်စော်ကားခံခဲ့ရသည်၊ ၅ ယောက်မှ ၁ ယောက်နီးပါးသည် မုဒိမ်းပြုကျင့်ခံရသည် သို့မဟုတ် မုဒိမ်းပြုကျင့်ဖို့ ကြိုးစားခံရသောသားကောင်ဖြစ်ခဲ့ဖူးသည်” ဟုရော့တာစ် သတင်းဌာနကဆိုသည်။ ယူ.အက်စ်. ကျန်းမာရေးနှင့် လူမှုအကျိုးဆောင်လုပ်ငန်းအတွင်းရေးမှူး ဒါန်အာ ရှာလားလာက “ဤဆန်းစစ်လေ့လာမှုပါ ကိန်းဂဏန်းအသီးသီးသည် ကျွန်မတို့၏သမီးများ၊ မိခင်များနှင့် အိမ်နီးချင်းများကို ကိုယ်စားပြုသည်” ဟုဆိုသည်။