မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ဝလွန်းခြင်းအန္တရာယ်များ

ဆီးချိုရောဂါ၊ နှလုံးရောဂါနှင့် အခြားရောဂါများ သိသိသာသာတိုးများလာခြင်းမှာ “ဥရောပတွင် အဝလွန်ခြင်းလျင်မြန်စွာကူးစက်ပျံ့နှံ့မှု” ကြောင့်ဟု ခန့်မှန်းကြကြောင်း လန်ဒန်မြို့ထုတ် သည်အင်ဒီပဲန်းဒင့်သတင်းစာက ဖော်ပြသည်။ အီတလီနိုင်ငံ၊ မီလန်မြို့တွင်ကျင်းပသော နိုင်ငံပေါင်း ၂၆ နိုင်ငံမှ ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူများ၏ အစည်းအဝေးတစ်ခု၌ နိုင်ငံတကာဝလွန်းခြင်းဆိုင်ရာအဖွဲ့၏ သဘာပတိက ဤသို့မိန့်ခွန်းပြောကြားခဲ့သည်– “ဒါဟာ ကမ္ဘာ့အကျပ်ရိုက်မှုတစ်ခုဖြစ်ပြီး အကြီးအကျယ်ဖျားနာမှုနဲ့ ကျန်းမာရေးကုန်ကျစရိတ်တိုးများစေတဲ့ ဒီအသံတိတ်ကူးစက်ရောဂါကိုတားဆီးဖို့ အရေးတကြီးလုပ်ဆောင်ဖို့ အခုလိုအပ်နေပါတယ်။ ကျွန်တော်တို့မလုပ်ဆောင်ဘူးဆိုရင် ကျန်းမာရေးဘေးဆိုးကြီးကို ကျွန်တော်တို့ရင်ဆိုင်ရတော့မယ်။” ဥရောပနိုင်ငံအားလုံးအကျုံးဝင်ပြီး တချို့ဒေသများတွင် လူဦးရေ၏ ၄၀ နှင့် ၅၀ ရာခိုင်နှုန်းအကြားကို ထိခိုက်လျက်ရှိသည်။ ၁၉၈၀ ပြည့်နှစ်မှစ၍ အင်္ဂလန်နိုင်ငံတွင် ဝလွန်းခြင်းနှုန်းထားသည် အမျိုးသမီး ၈ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိမြင့်တက်ခဲ့ပြီး အမျိုးသား ၆ ရာခိုင်နှုန်းမှ ၁၇ ရာခိုင်နှုန်းအထိမြင့်တက်ခဲ့သည်။ ဖော်ပြထားသည့်အကြောင်းရင်းများတွင် အထိုင်များသည့်ဘဝပုံစံနှင့် အဆီအဆိမ့်များသော အစားအစာတို့ပါဝင်ပြီး ၎င်းတို့နှစ်ခုစလုံးသည် တိုးများလာသည့် ချမ်းသာကြွယ်ဝမှုနှင့် ဆက်စပ်လျက်ရှိသည်။ စိုးရိမ်စရာအကောင်းဆုံးမှာ ကိုယ်အလေးချိန်လွန်ကဲသည့် ကလေးငယ်အရေအတွက်ဖြစ်သည်။ ဝလွန်းခြင်းကိုလေ့လာသည့် ဥရောပအဖွဲ့ ဥက္ကဋ္ဌ၊ ပါမောက္ခ ရက်ပ် ဇီးဒယ်လ်၏အဆိုအရ “နောက်လူမျိုးဆက်အများစုမှာ ငယ်ငယ်ရွယ်ရွယ်နှင့် အဝလွန်ကာ ကိုယ်အလေးချိန်လွန်ကဲမည့် လက္ခဏာများရှိသည်။”

ကမ္ဘာလုံးဆိုင်ရာ ပေါင်းစပ်ဆောင်ရွက်မှု၏ပျော့ကွက်

ကမ္ဘာလုံးဆိုင်ရာစီးပွားရေးပေါင်းစပ်ဆောင်ရွက်မှုသည် လူအများအတွက် သာ၍ကြီးမားသောအခွင့်အရေးများပေးသည့် ကမ္ဘာ့ဈေးကွက်ကို ဖန်တီးပေးလျက်ရှိသော်လည်း အန္တရာယ်များကိုလည်း တိုးများလာစေသည်ဟု ဗြိတိသျှသတင်းစာ သည်ဂါဒီးယန်းကဖော်ပြသည်။ ထွက်ပေါ်လာသောကမ္ဘာ့စီးပွားရေးတွင် တိုင်းနိုင်ငံများ အပြန်အလှန်မှီခိုခြင်းက ကွက်တိကွက်ကျားဖြစ်တတ်သော—⁠၁၉၉၇ ခုနှစ်တွင် ထိုင်းဘတ်ငွေတန်ဖိုးလျှော့ချခြင်းမျိုးက—⁠ကမ္ဘာတစ်ဝန်းငွေကြေးဆိုင်ရာထိတ်လန့်မှုကိုအစပျိုးရန် ဖြစ်ပေါ်စေနိုင်သည်။ သည်ဂါဒီးယန်းက ဤသို့ဖော်ပြသည်– “လွန်ခဲ့သောအနှစ်သုံးဆယ်က ကမ္ဘာ့အချမ်းသာဆုံးလူငါးပုံတစ်ပုံနှင့် အဆင်းရဲဆုံးအကြား ကွာဟမှုမှာ ၃၀ အချိုး ၁ ဖြစ်သည်။ ၁၉၉၀ ပြည့်နှစ်တိုင်သော် ၆၀ အချိုး ၁ အထိကျယ်ပြန့်လာပြီး ယနေ့ဆိုလျှင် ၇၄ အချိုး ၁ ရှိနေပြီ။ . . . ကမ္ဘာလုံးဆိုင်ရာပေါင်းစပ်ဆောင်ရွက်မှုမှ အကျိုးအခံစားရဆုံးသူများမှာ ယခုအခါ မူးယစ်ဆေးများ၊ လက်နက်များနှင့် ပြည့်တန်ဆာများအတွက် ကမ္ဘာ့ဈေးကွက်ကို ခေါင်းပုံဖြတ်နိုင်ကြသော ရာဇဝတ်မှုကျူးလွန်သူများဖြစ်ကြသည်။”

အအေးမိခြင်းကို သင်ရှောင်နိုင်သလော

အအေးမိခြင်းကို သင်လုံးလုံးလျားလျားမရှောင်နိုင်ပါ၊ သို့သော် ကြိုတင်ကာကွယ်မှုများပြုနိုင်ကြောင်း သည်နယူးယောက်တိုင်းမ်စ်ကဆိုသည်။ အရေးအကြီးဆုံးအရာများအနက် အောက်ပါအချက်အလက်တို့ပါဝင်သည်– အတတ်နိုင်ဆုံး လူအုပ်ကိုရှောင်ပါ၊ သိသိသာသာအအေးမိထားသူတို့နှင့် လက်ဆွဲနှုတ်ဆက်ခြင်း မပြုဖို့ကြိုးစားပါ။ ထို့ပြင် သင့်မျက်လုံးများနှင့် နှာခေါင်းပွတ်ခြင်းကိုရှောင်ပါ၊ လက်များကို မကြာမကြာဆေးကြောပါ။ လက်များသည် နူးညံ့သောမျက်လုံးနှင့် နှာခေါင်းအမြှေးများထံ အအေးမိစေသောဗိုင်းရပ်စ်များကို သယ်ပို့လေ့ရှိသောကြောင့် ယင်းသို့သောကြိုတင်ကာကွယ်မှုများက အထောက်အကူဖြစ်စေပါသည်။ အအေးမိစေသောဗိုင်းရပ်စ်များသည် မျက်နှာပြင်ပေါ် သို့မဟုတ် လက်များပေါ်တွင် နာရီပေါင်းများစွာ ရှင်သန်နေနိုင်ပြီး အအေးမိနေသူတစ်ဦးသည် ရောဂါလက္ခဏာများသိသိသာသာ မထင်ရှားမီနှင့် ထင်ရှားပြီးနောက် အချိန်အတန်ကြာအထိ ရောဂါဆင့်ပွားကူးစက်စေနိုင်သည်။ နောက်ထပ်ကြိုတင်ကာကွယ်မှုများတွင် အစားအစာကို မျှမျှတတစားသုံးခြင်းနှင့် ကလေးငယ်များ၏အနီးတွင်ရှိသောအခါ အထူးသတိပြုခြင်းတို့ပါဝင်သည်။ အဘယ်ကြောင့်နည်း။ သူတို့သည် တစ်နှစ်လျှင် ငါးကြိမ်နှင့် ရှစ်ကြိမ်အကြား အအေးမိကူးစက်နာစွဲကပ်ကြသောကြောင့်ပင်!

အာဖရိကမှ စိတ်ပိုင်းဆိုင်ရာကျန်းမာရေး

“ဆာဟာရမကျတကျဖြစ်သောအာဖရိကရှိ လူဦးရေသန်းပေါင်း ၆၀၀ တွင် ခန့်မှန်းခြေအားဖြင့် လူပေါင်းသန်း ၁၀၀ ခန့်သည် စိတ်ဝေဒနာခံစားရကြသည်” ဟုတောင်အာဖရိကသတင်းစာ သည်စတားကဖော်ပြသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏အဆိုအရ ဤသို့ကိန်းဂဏန်းမြင့်တက်လာခြင်းမှာ အရင်းမူလအားဖြင့် စစ်ပွဲနှင့် ဆင်းရဲနွမ်းပါးခြင်းတို့ကြောင့်ဖြစ်သည်။ ဆက်စပ်နေသောအကြောင်းရင်းတစ်ခုမှာ ဆွေမျိုးသားချင်းများ၏ထောက်ပံ့မှု လျော့နည်းလာခြင်းဖြစ်သည်။ နိုင်ဂျီးရီးယားမှ ပါမောက္ခမိုက်ကယ်လ် အော်လာတာဝူရာ၏အဆိုအရ ဤ “အာဖရိကထုံးတမ်းစဉ်လာကူညီထောက်ပံ့မှုစနစ်” မှာအနောက်တိုင်းစံနှုန်းများ၊ မူးယစ်ဆေးအလွဲသုံးခြင်းနှင့် ပြည်တွင်းအကြမ်းဖက်မှုတို့၏ တိုက်စားခြင်းကိုခံနေရသည်။ ထို့အပြင် မိသားစုဝင်များမှာ အလုပ်အကိုင်ရှာပုံတော်ဖွင့်ဖို့ ရပ်ဝေးသို့သွားရောက်လျက်ရှိကြသည်။ “အာဖရိကအစိုးရများ၏ စီးပွားရေးပြဿနာများက ကျွန်ုပ်တို့ပေးသင့်သော ကျန်းမာရေးထောက်ပံ့မှုမပေးနိုင်အောင် ကမောက်ကမဖြစ်စေခဲ့ပြီ” ဟုပါမောက္ခအော်လာတာဝူရာကဆိုသည်။

စစ်ကော်ဇောများ

အာဖဂန်နစ္စတန်တွင် စစ်၏အနိဋ္ဌာရုံများကို တစ်မူထူးသောအနုပညာဖြင့် ဖော်ထုတ်လျက်ရှိကြောင်း မက္ကဆီကိုမြို့၏ သည်နယူးစ်သတင်းစာကဖော်ပြသည်။ လွန်ခဲ့သောနှစ် ၂၀ တစ်လျှောက်၊ အာဖဂန်လက်မှုပညာရှင်များသည် သူတို့၏ကျော်ကြားသောကော်ဇောများတွင် စစ်လက်နက်ကိရိယာများကို ပုံဖော်ရက်လုပ်ခဲ့ကြပြီ။ ထုံးတမ်းစဉ်လာရုပ်ပုံများဖြစ်သော ငှက်များ၊ ခြင်များနှင့် ပန်းပွင့်များအကြားတွင် စက်သေနတ်များ၊ လက်ပစ်ဗုံးများနှင့် သံချပ်ကာကားပုံများကို တွေ့နိုင်သည်။ ရုပ်ပုံများကို အမြဲတစေ ချက်ချင်းသတိမပြုမိနိုင်သော်လည်း ပုံစံထုတ်လုပ်သူများစွာမှာ “ရုပ်လုံးဖော်သည့်အတတ်၌ တိကျလွန်း” ရကား “အေကေ–၄၇ နှင့် အေကေ–၇၄ ရိုင်ဖယ်သေနတ်များကို ခွဲခြားသိမြင်” နိုင်လေ့ရှိကြောင်း ကော်ဇောထုတ်လုပ်ရေးပညာရှင် ဘယ်ရီ အိုကော်နယ်လ်ကဆိုသည်။ ကော်ဇောရက်လုပ်သူအများစုမှာ စစ်ဘေးဒဏ်ခံရသော အမျိုးသမီးများဖြစ်သည်ဟုဆိုကြသည်။ ဤတစ်မူထူးသည့် ကော်ဇောများရက်လုပ်ခြင်းသည် မိမိတို့၏ခံစားချက်များကို မသိမသာဖော်ပြသောနည်းတစ်နည်းဖြစ်၏။

ညစ်ညမ်းသောမိုး

ဥရောပတွင် အချို့သောမိုးရေ၌ ပိုးသတ်ဆေးပျော်ဝင်မှုများသောကြောင့် သောက်သုံးရန်မသင့်ဟု နယူးဆိုင်းရင့်တစ္စမဂ္ဂဇင်းကအစီရင်ခံသည်။ လေမုန်တိုင်းတိုက်ခတ်စ ပထမမိနစ်ပိုင်းအတွင်း ရယူထားသည့်မိုးရေ နမူနာများတွင် ဥရောပသမဂ္ဂမှ သို့မဟုတ် ဆွစ်ဇာလန်နိုင်ငံမှ လက်ခံနိုင်ဖွယ်ဟုယူမှတ်ထားသည်ထက် ပိုးသတ်ဆေးအတော်များများပါဝင်လေ့ရှိသည်ကို ဆွစ်ဇာလန်နိုင်ငံမှ ဓာတုဗေဒပညာရှင်များတွေ့ရှိခဲ့ကြသည်။ ပိုးသတ်ဆေးများကို အပြစ်ပုံချရမည်ဖြစ်ပြီး အတန်ကြာမိုးပါးသွားပြီးနောက် ဦးဆုံးရွာချသည့်မိုးရေ၌ ဓာတုဗေဒအဆိပ်အတောက် အများဆုံးစုစည်းနေကြောင်း သိသာထင်ရှား၏။ ဤအတောအတွင်း ဆွီဒင်သုတေသီများက (non-Hodgkin’s lymphoma) ဟုခေါ်သည့် ကင်ဆာရောဂါပုံစံတစ်မျိုး လျင်မြန်စွာတိုးများလာခြင်းကို ပိုးသတ်ဆေးအမျိုးမျိုး ကျယ်ပြန့်စွာအသုံးပြုခြင်းနှင့် ဆက်စပ်ပြခဲ့သည်။ ခေါင်မိုးများအပေါ် မြက်စိမ်းရွက်စိမ်းပေါက်ခြင်းကို တားဆီးပေးသော ဓာတုပစ္စည်းများကလည်း အဆောက်အအုံများပေါ်မှ စီးဆင်းသွားသည့်မိုးရေကိုညစ်ညမ်းစေသည်။

လယ်ယာလုပ်ငန်းနှင့်ဆက်စပ်သောသေဆုံးမှုများ

ဗြိတိန်နိုင်ငံ၏လယ်ယာများတွင် တစ်ပတ်လျှင် လူတစ်ဦးထက်မက သေဆုံးလျက်ရှိပြီး နိုင်ငံအတွင်း လယ်ယာလုပ်ငန်းကို အန္တရာယ်အများဆုံးလုပ်ငန်းဖြစ်စေသည်ဟု လန်ဒန်မြို့ထုတ် သည်တိုင်းမ်စ်မဂ္ဂဇင်းကဖော်ပြသည်။ ၁၉၉၈ ခုနှစ်တွင် အသက်လေးနှစ်သာရှိသေးသည့် အငယ်ဆုံးသားကောင်မှာ လယ်ထွန်စက် ဘီးများအောက် အကြိတ်ခံခဲ့ရပြီး အခြားသေဆုံးမှုခုနစ်ခုမှာ ကုန်းစောင်းများပေါ်မှ လယ်ထွန်စက်များမှောက်ခြင်းကြောင့်ဖြစ်သည်။ အရဲစွန့်ရသည့်အလုပ်များကိုမစတင်မီ နှစ်ခါပြန်စဉ်းစားရန်နှင့် လယ်ထွန်စက်ကို ဆင်ခြေလျှောပေါ်မမောင်းနှင်မီ အခြေအနေများကို စစ်ဆေးရန် လယ်သမားများကိုသတိပေးထားသည်။ ကျန်းမာရေးနှင့် လုံခြုံရေးစီမံခန့်ခွဲမှုအတွက် လယ်ယာစိုက်ပျိုးရေး အမှုဆောင်လူကြီး ဒေးဗစ် မက်တီက ဤသို့ဆိုခဲ့သည်– “ခဏရပ်ပြီး အလုပ်ကို အလေးအနက်စဉ်းစားချင့်ချိန်၍ မဆိုစလောက်ခြားနားသည့်နည်းဖြင့် လုပ်ဆောင်မည်ဆိုလျှင် ဤဝမ်းနည်းဖွယ်ဖြစ်ရပ်အများစုကို ရှောင်နိုင်ခဲ့ပေမည်။”

တစ်မူထူးသည့်စွမ်းအင်ရင်းမြစ်များ

▪ နယူးကယ်လီဒိုးနီးယားရှိ အူဗေအာကျွန်းတွင် ရေနံမရှိချေ၊ သို့သော် လျှစ်စစ်ဓာတ်အားရရှိရန် အုန်းဆီကိုအသုံးပြုနေကြကြောင်း ပြင်သစ်မဂ္ဂဇင်း ဆိုင်းရဲန့်စ်အေးအဗွာနားကဖော်ပြသည်။ ပြင်သစ်လူမျိုးအင်ဂျင်နီယာ အယ်လ် လီယာနာသည် အုန်းဆီဖြင့်လည်ပတ်သောစက်ကို ၁၈ နှစ်ကြာ တီထွင်ခဲ့သည်။ စက်က ဂျင်နရေတာကိုမောင်းနှင်ပြီး ၎င်းဂျင်နရေတာက ကျွန်းပေါ်မှမိသားစု ၂၃၅ ခုကို သောက်ရေရရှိစေသော ဆားကိုဖယ်ထုတ်ပစ်သည့်စက်ယန္တရားစုကိုလည်စေပြန်၏။ လီယာနာက သူ၏ ၁၆၅-ကီလိုဝပ်စနစ်သည် ထုတ်လွှတ်စွမ်းအားနှင့် လောင်စာကုန်ကျမှုတွင် ဒီစယ်အင်ဂျင်များကို ယှဉ်နိုင်သည်ဟုဆိုသည်။

▪ ထိုအတောအတွင်း၊ အိန္ဒိယနိုင်ငံ ဂူဂျရတ်ပြည်နယ်မှ ကလာလီကျေးရွာတွင် နွားသိုးများ၏ခွန်အားကိုသုံး၍ လျှပ်စစ်ဓာတ်ထုတ်လုပ်ခြင်းကို စမ်းသပ်ပြုလုပ်ခဲ့ကြသည်။ နယူးဒေလီမြို့ထုတ် ဒေါင်းထူအတ်သ်မဂ္ဂဇင်းက သိပ္ပံပညာရှင်တစ်ဦးနှင့် သူ၏တူမဖြစ်သူတို့သည် စွမ်းအားထုတ်လုပ်ဖို့အကြံရခဲ့ကြသည်ဟုဆို၏။ ဂီယာအုံနှင့်ဆက်သွယ်ထားသော ဝင်ရိုးတစ်ခုကို နွားသိုးလေးကောင်ဖြင့် လည်စေပြီး ၎င်းဂီယာအုံက ဂျင်နရေတာအသေးတစ်လုံးကို မောင်းနှင်ပေးသည်။ ဂျင်နရေတာကို ရေစုပ်စက်တစ်လုံး၊ အမှုန့်ကြိတ်စက်တစ်လုံးကို လည်စေသောဘက်ထရီများနှင့် ဆက်သွယ်ထားသည်။ ဤစွမ်းအင်၏ယူနစ်ကုန်ကျမှုမှာ ဆယ်ဆင့်ခန့်သာရှိရာ လေရဟတ်စက်ကိုသုံးပါက တစ်ယူနစ်လျှင် ၁ ဒေါ်လာ၊ နေရောင်စွမ်းအင်သုံးပါက တစ်ယူနစ်လျှင် ၂၄ ဒေါ်လာကုန်ကျကြောင်း ဒေါင်းထူအက်သ်ကဆိုသည်။ သို့ရာတွင် ရွာသားများသည် နွားသိုးများကို တစ်နှစ်တွင်သုံးလ လယ်ယာလုပ်ငန်းအတွက် လိုအပ်ကြရာ တီထွင်သူများက နွားသိုးများမရှိချိန်တွင်သုံးဖို့ ထိရောက်မှုရှိသော စွမ်းအင်သိုလှောင်နည်းများကို ရှာကြံလျက်ရှိကြသည်။

ချင့်ချိန်စားသောက်ခြင်း

ပျမ်းမျှအားဖြင့် မိန်းကလေးများသည် အသက် ၁၀ နှစ်နှင့် ၁၄ နှစ်အတွင်း ၁၀ လက်မမြင့်လာပြီး ပေါင် ၄၀ မှ ၅၀ အထိတိုးလာစဉ် ၁၂ နှစ်နှင့် ၁၆ နှစ်အကြား ယောက်ျားလေးများမူ ၁၂ လက်မမြင့်ကာ ပေါင် ၅၀ မှာ ၆၀ အထိတိုးလာကြသည်။ ကြီးထွားမှုမြန်သည့်ဤကာလအတွင်း ဆယ်ကျော်သက်များသည် မိမိတို့၏ကိုယ်အလေးချိန်ကြောင့် အလွန်အမင်းစိတ်ကသိကအောက်ဖြစ်ကြပြီး များစွာတို့မှာ အလေးချိန်ထိန်းခြင်းနှင့်ပတ်သက်၍ စိုးရိမ်လာကြခြင်းသည် မထူးဆန်းချေ။ “သို့သော် အစာရှောင်ခြင်းနှင့် အကန့်အသတ်ဖြင့်စားသောက်ခြင်းတို့သည် ကျန်းမာစေသည့်နည်းလမ်းများမဟုတ်သကဲ့သို့ လက်ခံစရာလည်းမဟုတ်” ဟူ၍ အစားအစာပညာရှင် လင်း ရိုးဘလင်က သည်တိုရန်တိုစတားသတင်းစာ၌ ရေးသားဖော်ပြသည်။ ဤနည်းများက ကိုယ်ခန္ဓာကို အာဟာရဓာတ်ချို့တဲ့စေသည်ဟု ရိုးဘလင်ကဖော်ပြသည်။ ထို့အပြင် အစမ်းသဘောဖြင့် အစာလျှော့စားခြင်းသည် “ကျန်းမာရေးနှင့်မညီသောစားသုံးသည့်အကျင့်များကိုဖြစ်စေပြီး ဆိုးရွားသောအစားအသောက်မူမမှန်မှုများ ပိုဖြစ်စေနိုင်သည်။” ဆယ်ကျော်သက်များသည် မိမိတို့ကိုယ်ခန္ဓာပုံပန်းကို ပို၍အရှိအတိုင်းရှုမြင်ဖို့နှင့် “ချင့်ချိန်စားသောက်ခြင်း၊ လှုပ်လှုပ်ရှားရှားနေခြင်း၊ မိမိတို့ကိုယ်ကိုကျေနပ်နေခြင်း” တို့အားဖြင့် ကျန်းမာသောကိုယ်အလေးချိန်ကို ရရှိဖို့လိုကြောင်း သူဖော်ပြသည်။