မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဆေးပညာနယ်ပယ်မှ ရှေ့ဆောင်လမ်းပြများ

ဆေးပညာနယ်ပယ်မှ ရှေ့ဆောင်လမ်းပြများ

ဆေးပညာနယ်ပယ်မှ ရှေ့ဆောင်လမ်းပြများ

အိုပီယီမြို့ကလေးမှ ဘယ်လ်ဂျီယံလူမျိုး ဂျိုဆေးသည် အသက် ၆၁ နှစ်အရွယ်တွင် အသည်းအစားထိုး ခွဲစိတ်ကုသမှု ခံယူရမည်ဟု ဆရာဝန်က သူ့အားပြောကြား၏။ “ကျုပ်ဘဝမှာ ဒါဟာ တုန်လှုပ်ချောက်ချားစရာ အကောင်းဆုံးပါပဲ” ဟုသူဆို၏။ လွန်ခဲ့သည့်နှစ်ပေါင်း ၄၀ လောက်ကဆိုလျှင် အသည်းအစားထိုး ကုသမှုကို စိတ်ကူးစဉ်းစား၍ပင် မရခဲ့ချေ။ ၁၉၇၀ ပြည့်လွန်နှစ်များ၌ပင် ဤသို့အစားထိုးကုသမှု ခံယူသူတို့တွင် အသက်ရှင်သူ ၃၀ ရာခိုင်နှုန်းခန့်သာ ရှိခဲ့သည်။ သို့သော် ယနေ့မူကား အသည်းအစားထိုး ခွဲစိတ်ကုသမှုသည် သာမန်ကိစ္စဖြစ်လာပြီး အောင်မြင်မှုနှုန်းမှာလည်း များစွာမြင့်မားလာသည်။

သို့ရာတွင် ကြီးမားသည့် ချွတ်ယွင်းအားနည်းချက်တစ်ခု ရှိ၏။ အသည်းအစားထိုး ခွဲစိတ်ကုသရာ၌ သွေးထွက် အလွန်များသဖြင့် ဆရာဝန်များက ခွဲစိတ်ကုသမှု ပြုလုပ်စဉ် လူနာအား သွေးသွင်းပေးလေ့ရှိသည်။ ဂျိုဆေးသည် သူ၏ဘာသာရေး ခံယူချက်ကြောင့် သွေးသွင်းခြင်းကို လက်မခံလိုပေ။ သို့သော် အသည်းအစားထိုး ခွဲစိတ်ကုသမှုကိုမူ လက်ခံလိုသည်။ နည်းလမ်းမရှိတော့ပြီလော။ အချို့က မရှိတော့ဟု ထင်ကြပေမည်။ သို့သော် ခွဲစိတ်ကုသမားတော်ကြီးက သူနှင့်သူ၏ လုပ်ဖော်ကိုင်ဖက်တို့သည် သွေးမသွင်းဘဲနှင့် အောင်မြင်စွာ ခွဲစိတ်ကုသနိုင်သည့် အခွင့်အလမ်းကောင်းရှိသည်ဟု ယူဆသည်။ ထိုအတိုင်းပင် သူတို့ အောင်မြင်စွာ ခွဲစိတ်ကုသပေးနိုင်ခဲ့သည်။ ခွဲစိတ်ကုသ၍ ၂၅ ရက်ကြာပြီးနောက် ဂျိုဆေးသည် ဇနီးသည်နှင့် သမီးတို့နှင့်အတူနေအိမ်သို့ ပြန်ရောက်နေ၏။ *

“ဆေးပညာ သူရဲကောင်းများ” ဟူ၍ တိုင်းမ် မဂ္ဂဇင်းက ခေါ်ဆိုသည့်ပုဂ္ဂိုလ်များ၏ ကျွမ်းကျင်မှုကျေးဇူးကြောင့် သွေးမဲ့ ဆေးပညာနှင့် ခွဲစိတ်ကုသမှုကို ယခုအခါတွင် ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးလာကြသည်။ သို့သော် သွေးမဲ့ခွဲစိတ်ကုသမှုကို အဘယ်ကြောင့် နည်းလမ်းရှာကြံ တီထွင်ခဲ့ရကြသနည်း။ ဤမေးခွန်းကို ဖြေဆိုရန်အတွက် ပြဿနာပြည့်နေသည့် သွေးသွင်းခြင်းသမိုင်းကြောင်းကို ဆန်းစစ်ကြည့်ကြပါစို့။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 3 ယေဟောဝါသက်သေများသည် အင်္ဂါအစားထိုးခြင်းကို တစ်ဦးချင်း၏ သိစိတ်နှင့်ဆိုင်သောကိစ္စအဖြစ် မှတ်ယူကြသည်။

[စာမျက်နှာ ၃ ပါ ရုပ်ပုံ]

ကမ္ဘာတစ်ဝန်းတွင် ယေဟောဝါသက်သေများအား သွေးမသွင်းဘဲ ကုသပေးရန် ဆန္ဒရှိကြောင်း လူသိရှင်ကြား ထုတ်ဖော်ကြေညာထားသည့် ဆရာဝန်ပေါင်း ယခု ၉၀,၀၀၀ ကျော်ရှိသည်