မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဝမ်းတွင်းဆိုင်ရာရောဂါကို ကိုင်တွယ်ဖြေရှင်းခြင်း

ဝမ်းတွင်းဆိုင်ရာရောဂါကို ကိုင်တွယ်ဖြေရှင်းခြင်း

ဝမ်းတွင်းဆိုင်ရာရောဂါကို ကိုင်တွယ်ဖြေရှင်းခြင်း

ဖင်လန်နိုင်ငံမှ နိုးလော့! စာရေးသူပေးပို့သည်

“ဒီကိတ်မုန့်ဖုတ်တဲ့နေရာမှာ ခင်ဗျား ဘာအမှုန့်ကိုသုံးသလဲ။”

“ပြောင်းမှုန့်လေ။”

“မုန့်ဖုတ်တဲ့ဒယ်အိုးမှာ အခံအနေနဲ့ ဘာသုံးထားသလဲ။”

“ပေါင်မုန့်အစအနလေးတွေပါ။”

“ဒါဆိုရင်တော့ စိတ်မရှိပါနဲ့၊ ဒါကို ကျွန်တော် စားလို့မရပါဘူး။”

သင့်၌ ဝမ်းတွင်းဆိုင်ရာရောဂါ (celiac disease) ရှိနေပါက ယင်းသို့သော စိတ်စနိုးစနောင့်ဖြစ်စေသည့် အပြန်အလှန်ပြောဆိုမှုမျိုးနှင့် ရင်းနှီးနေနိုင်၏။ အစာခြေအင်္ဂါအဖွဲ့တွင် ဤဝေဒနာဖြစ်ပွားရခြင်းမှာ အစားအသောက်များစွာတွင်တွေ့ရတတ်သည့် ဒြပ်စင်တစ်မျိုးကို ခန္ဓာကိုယ်က ခံနိုင်ရည်စွမ်းမရှိသောကြောင့်ဖြစ်သည်။ ဂျုံ၊ ဘာလီ၊ ဂျုံကြမ်းနှင့် အုတ်ဂျုံတို့တွင်ပါရှိသော ကစီဓာတ်၏ ဂလိုင်ယာဒင်ပရိုတင်းအနည်အနှစ်ကြောင့် ဤပြဿနာပေါ်ရသည်။ ကစီဓာတ်သည် များစွာသောသူတို့အတွက် ဘေးမဖြစ်စေသော်လည်း ဝမ်းတွင်းဆိုင်ရာရောဂါသည်တို့တွင်မူ အူသိမ်၏အတွင်းနံရံကို ပျက်စီးစေနိုင်သဖြင့် အာဟာရဓာတ်များ စုပ်ယူနိုင်စွမ်း လျော့နည်းသွားစေသည်။

ဝမ်းတွင်းဆိုင်ရာရောဂါ၏လက္ခဏာများတွင် ဗိုက်အောင့်ခြင်း၊ လေထိုးခြင်း၊ ဝမ်းလျှောခြင်းနှင့် ကိုယ်အလေးချိန်ကျဆင်းခြင်းတို့ပါဝင်နိုင်သည်။ ဖျားနာမှုအများစုတွင် ဤရောဂါလက္ခဏာများတွေ့ရတတ်ခြင်းကြောင့် ဝမ်းတွင်းဆိုင်ရာရောဂါဖြစ်ကြောင်း ယတိပြတ်ပြောနိုင်ဖို့ ခက်ခဲမည်ကားအမှန်ပင်။ ဂျူဒီအမည်ရှိ ဝေဒနာသည်တစ်ဦးက “ကျွန်မဟာ ‘အူဆိုင်ရာ အခံရခက်သည့်ရောဂါ’ ဖြစ်နေတာလို့ အပြောခံရတာ နှစ်နဲ့ချီနေပြီ” ဟုပြောပြသည်။

ဝမ်းတွင်းဆိုင်ရာရောဂါသည် များသောအားဖြင့် ကလေးဘဝ၌ထင်ရှားဖော်ပြသော်လည်း အချို့ဝေဒနာသည်တို့တွင်မူ လူလတ်ပိုင်းအထိ ရောဂါလက္ခဏာမပြပေ။ သို့သော် ဆရာဝန်များက ဤဝေဒနာသည်အချို့တွင် ယုတ်စွအဆုံး အဆိုပါအခြေအနေမှာ မပေါ်ဘဲငုပ်လျက်ရှိသည့်တိုင် တစ်လျှောက်လုံးရှိနေနိုင်သည်။ မည်သို့ပင်ဖြစ်စေ မကုသဘဲထားရှိပါက ဝမ်းတွင်းဆိုင်ရာရောဂါကြောင့် အသက်ဆုံးနိုင်၏။ ထိုသို့ဖြစ်နေသောကလေးကို ရုပ်လုံးဖော်ရလျှင် ပိန်ညှက်ပြီး ကြွက်သားမဖွံ့ဖြိုးသော ဗိုက်ပူနံကားလေးဖြစ်နေတတ်သည်။ အဆိုပါဝေဒနာသည် ဗီတာမင်များစုပ်ယူနိုင်စွမ်းကို အားနည်းစေသဖြင့် သွေးအားနည်းရောဂါ၊ အရိုးပျော့ရောဂါ၊ ပိန်ခြောက်ရောဂါအပါအဝင် ရောဂါအတော်များများ ထပ်ဖြစ်လာနိုင်သည်။ ရောဂါရင့်သောဝေဒနာသည်များတွင် အရိုးပုံပျက်သွားခြင်း သို့မဟုတ် အရိုးပွခြင်းတို့ဖြစ်ပေါ်လာနိုင်သည်။ ဖြစ်ခဲသည်အခြေအနေများမှာ အထူးသဖြင့် နာတာရှည်ဖြစ်၍ ရောဂါပြင်းထန်သောလူကြီးများတွင် ဝမ်းတွင်းဆိုင်ရာရောဂါကြောင့် အသက်ပင်ဆုံးနိုင်သည်။ သို့တိုင် သင့်လျော်သောကုသမှုကြောင့် ဝမ်းတွင်းဆိုင်ရာရောဂါရှိသူအများစုမှာ မိမိတို့၏အခြေအနေကို ကိုင်တွယ်ဖြေရှင်းနိုင်သည်—⁠ကောင်းပင်ကောင်းလာနိုင်၏။

ဘာပြုလုပ်ပေးနိုင်မည်နည်း

ဝမ်းတွင်းဆိုင်ရာရောဂါအတွက် အကောင်းဆုံးကုသနည်းမှာ ကဆီဓာတ်မပါသောဓာတ်စာဖြစ်သည်—⁠ယင်းက ဂျုံ၊ ဂျုံကြမ်း၊ ဘာလီနှင့် အုတ်ဂျုံစသည်တို့ပါဝင်သော အစားအစာအားလုံးကို ရှောင်ကြဉ်သည့်နည်းပင်ဖြစ်သည်။ ထိုသို့အစာရွေးစားရန်မှာ စိန်ခေါ်ချက်ဖြစ်နိုင်၏။ ဝေဒနာသည်တစ်ဦးက “ဂျုံ၊ ဘာလီ၊ ဂျုံကြမ်းနဲ့ အုတ်ဂျုံတွေကို ကျွန်တော်စားလို့မရတော့ဘူးလို့ ဦးဆုံးကြားလိုက်တဲ့အချိန်တုန်းက ‘ဒါလေးများ လွယ်လွယ်လေးပါ၊ ပေါင်မုန့်နဲ့ ဂျုံနဲ့လုပ်တဲ့မုန့်တွေကို ရှောင်လိုက်ရုံပဲပေါ့’ လို့ကျွန်တော့်ဘာသာကျွန်တော်တွေးလိုက်မိတယ်” ဟုပြောပြသည်။ “ဒါပေမဲ့ ပစ္စည်းအမယ်တော်တော်များများမှာ ဒီကောက်နှံမျိုး—⁠အထူးသဖြင့်ဂျုံ—⁠ပါဝင်နေကြောင်း နောက်ဆုံး ကျွန်တော်သိရတဲ့အခါမှာတော့ လန့်ဖျပ်သွားတယ်။”

ဝမ်းတွင်းဆိုင်ရာရောဂါဖြစ်နေသူတို့မှာ အစားအစာအမျိုးအမည်စာတန်းကပ်ထားရာကို အသေအချာဖတ်ရှုရမည်။ ဝမ်းတွင်းဆိုင်ရာရောဂါသည်တို့သည် ဂျုံ၊ ဂျုံကြမ်း၊ ဘာလီနှင့် အုတ်ဂျုံတို့ကို ရှောင်ကြဉ်ကြမည်ဖြစ်သော်လည်း သူတို့သည် ဘာ့ခ်ဝှီဂျုံ၊ ပြောင်းဂျုံ၊ ဆန်၊ ပဲပုတ်ပဲ၊ နှံစားပြောင်း၊ အာလူးထွက်ပစ္စည်းများကို စားသုံးနိုင်သည်။ စားသုံးနိုင်သည့် ကဆီဓာတ်မပါသော ရောနှောထားသည့်မုန့်ညက် အတော်များများလည်းရှိသည်။ အမှန်ပင်၊ ကုန်ပဒေသာဆိုင်၏စင်များပေါ်တွင် တင်ထားသောအရာအများစုမှာ ‘တားမြစ်ထားသောအစားအစာများ’ ဖြစ်နေသည်ကို တွေ့ရှိရခြင်းက စိတ်ပျက်အားလျော့စေနိုင်သည်။ သို့သော် စိတ်ဓာတ်မကျပါနှင့်။ သင်မစားနိုင်သည့် အစာများကိုအာရုံစိုက်မည့်အစား စားနိုင်သည့်အစာများကိုသာ အာရုံစိုက်ပါ။ တဖြည်းဖြည်းနှင့် အစားအစာဝယ်ယူခြင်း၏သောက လျော့ပါးလာပါလိမ့်မည်။

ကဆီဓာတ်မပါသောအစားအစာသည် သင့်လူမှုဆက်ဆံရေးအခြေအနေကို ဟန့်တားနှောင့်ယှက်ပုံရှိသည်။ သို့သော် သင့်တွင် ဝမ်းတွင်းဆိုင်ရာရောဂါရှိနေသည့်အတွက် အခြားသူတို့နှင့် အဆက်အသွယ်မဖြတ်လိုက်ပါနှင့်။ ယင်းအစား သင့်မိတ်ဆွေတို့ကို ဝမ်းတွင်းဆိုင်ရာရောဂါမှာ မည်သို့သောရောဂါဖြစ်ကြောင်း၊ ကဆီဓာတ်မပါသောအစာနှင့် မိမိဆက်ထိန်းထားနိုင်ဖို့ သူတို့မည်သို့ဝိုင်းဝန်းကူညီပေးနိုင်ကြောင်း သူတို့အားသိစေပါ။ သင့်လိုအပ်ရာများကို အခြားသူတို့သိရှိလာကြသောအခါ သူတို့သည် ဝမ်းသာစွာဖြင့် ယင်းတို့ကိုဖြစ်နိုင်အောင်စီစဉ်ပေးနိုင်ဖွယ်ရှိသည်။ တစ်စုံတစ်ဦးက အကဲပိုလွန်းသည်ဟုပြောလျှင်လည်းစိတ်မနာပါနှင့်။ အကျိုးသင့်အကြောင်းသင့်ရှင်းပြလျှင် သူတို့ကို သာ၍စာနာပေးတတ်လာစေရန် လှုံ့ဆော်ပေးပေမည်။

အချိန်တန်သော် ဝမ်းတွင်းဆိုင်ရာရောဂါမပြင်းထန်သောလူနာအချို့တို့သည် မိမိတို့၏အစားအသောက်တွင် ကဆီဓာတ်ကို ပြန်ကျင့်စားလာနိုင်ကြသည်။ သင့်ကိစ္စတွင် ဤသို့ဖြစ်စေ၊ မဖြစ်စေ အပြုသဘောဆက်ထားပါ။ “အားရှိစရာအကြောင်းများကို စိတ်တွင်ထားရှိပါ” ဟု ဝမ်းတွင်းဆိုင်ရာရောဂါသည်တစ်ဦးက အကြံပေးသည်။ အဘယ်အားတက်စရာအကြောင်းများနည်း။ သူက ဤသို့ဆက်ပြောပြသည်– “ဝမ်းတွင်းဆိုင်ရာရောဂါသည် ကူးစက်တတ်သောရောဂါမဟုတ်၊ ထို့အပြင် ကုသမှုမှာ ရိုးရိုးလေးဖြစ်သည်—⁠တိကျသောစားသောက်နည်းတစ်ခုပင်။ ယင်းအတိုင်း ကြာကြာလိုက်နာလေလေ သင့်ရောဂါသက်သာလေလေဖြစ်သည်။ သင်သည် ဝမ်းတွင်းဆိုင်ရာရောဂါသည်ဖြစ်နေသော်လည်း နေသာထိုင်သာရှိနေပါလိမ့်မည်။”

[စာမျက်နှာ ၁၉ ပါ လေးထောင့်ကွက်]

ထောက်ပံ့ကူညီပေးခြင်း

ဝမ်းတွင်းဆိုင်ရာရောဂါရှိနေသူတစ်ဦးကို သင်သိပါက သူသည် အစားအသောက်အချို့ကို စားသောက်ရန်ငြင်းဆိုခြင်းအားဖြင့် သက်သက်ပြဿနာရှာနေသည်ဟု မယူမှတ်လိုက်ပါနှင့်။ ထို့အပြင် “ကျန်းမာရေး ဒီလောက်ကောင်းနေတဲ့ပုံစံက ဖျားနေတာ ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ” ဟုဆိုသကဲ့သို့သော အကြင်နာမဲ့သည့်ကောက်ချက်ချခြင်းမျိုးကို ရှောင်ကြဉ်ပါ။ အရေးကြီးဆုံးမှာ ဝမ်းတွင်းဆိုင်ရာရောဂါသည်အား ကဆီဓာတ်ပါသောအစာတစ်ခုကို စားသောက်မိစေရန် ဤနည်းနှင်နှင်ပြောကာ သွေးဆောင်ရန်မကြိုးစားပါနှင့်– “နည်းနည်းလေးနဲ့ ဘာအန္တရာယ်မှမပေးနိုင်ပါဘူး။” အမှန်ပင် အန္တရာယ်ဖြစ်စေနိုင်သည်! ဝမ်းတွင်းဆိုင်ရာရောဂါသည်၏ အူသိမ်သည် ကဆီဓာတ်ကို အဆိပ်အတောက်အဖြစ်သတ်မှတ်၍ ယင်းနှင့်အညီတန်ပြန်သည်ကို သတိရပါ။

ဝမ်းတွင်းဆိုင်ရာရောဂါသည်တစ်ဦး၏ ဓာတ်စာလိုအပ်ရာများနှင့်အညီ စီစဉ်ပေးရန် မခက်ခဲပါ။ သင်၏ ဈေးဝယ်စာရင်းတွင် ပြင်ဆင်မှုအနည်းငယ်ပြုလိုက်ခြင်းက လုံလောက်သော စားနိုင်သည့်အစားအသောက်အမည် အတော်များများကိုရရှိစေသည်။ ယင်းက ဝမ်းတွင်းဆိုင်ရာရောဂါသည်၏ “အမြင်မျိုး” ဖြင့် အရာတိုင်းကို စီမံချက်ပြုတ်ရန်ပင်ဖြစ်နိုင်ပေသည်။ အမှန်ပင်၊ ဧည့်သည်အားလုံးမှာ ကဆီဓာတ်မပါသောအစားအသောက်ကို စားနိုင်ကြပါသည်။ ကွာခြားချက်ကို သူတို့ သတိပြုမိချင်မှပြုမိပေမည်။ ထို့အပြင် ဝမ်းတွင်းဆိုင်ရာရောဂါရှင်သည် အားလုံးက မိမိအား အာရုံစိုက်မနေခြင်းအတွက် အမှန်ပင်ကျေးဇူးတင်ပေလိမ့်မည်!

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

ဝမ်းတွင်းဆိုင်ရာရောဂါရှိနေသူသည် ဂျုံ၊ ဘာလီ၊ ဂျုံကြမ်းနှင့် အုတ်ဂျုံတို့ကို ရှောင်ရမည်