သွေးမဲ့ဆေးပညာနှင့် ခွဲစိတ်ကုသမှုပညာ—တိုးပွားလာသော တောင်းဆိုမှု
သွေးမဲ့ဆေးပညာနှင့် ခွဲစိတ်ကုသမှုပညာ—တိုးပွားလာသော တောင်းဆိုမှု
“သွေးကိုကိုင်တွယ်ရသူနှင့် ခွဲစိတ်ကုသမှုခံယူသည့် လူနာများကို ပြုစုစောင့်ရှောက်ရသူ အားလုံးအနေဖြင့် သွေးမဲ့ခွဲစိတ်ကုသမှုကို စဉ်းစားသုံးသပ်သင့်သည်။”—ဒေါက်တာ ဂျိုးအားကင်မ် ဘိုလ်ထ်၊ ဂျာမနီနိုင်ငံ၊ လူးဒဗစ်က်စ်ဟားဖန်မြို့မှ မေ့ဆေးပါမောက္ခ။
အေအိုင်ဒီအက်စ်ဆိုင်ရာ ကြေကွဲဖွယ်ဖြစ်ရပ်က ခွဲစိတ်ကုသခန်းကို ပို၍ အန္တရာယ်ကင်းရှင်း စိတ်ချရသည့်နေရာဖြစ်စေရန် သိပ္ပံပညာရှင်များနှင့် သမားတော်ကြီးများအား မဖြစ်မနေ ထပ်ဆင့်လုပ်ဆောင်စေခဲ့သည်။ သိသာထင်ရှားနေသည်မှာ သွေးစစ်ဆေးခြင်းကို ပိုမို တင်းကျပ်ရမည် ဟူသည့်အဓိပ္ပာယ်ပင်ဖြစ်သည်။ သို့သော်လည်း ဤသို့ အရေးယူလုပ်ဆောင်လျှင်ပင် လုံးလုံး ဘေးအန္တရာယ် ကင်းရှင်းသည့် သွေးသွင်းခြင်းကို ရရှိစေနိုင်မည် မဟုတ်ကြောင်း ကျွမ်းကျင်သူတို့က ဆိုကြသည်။ “လူ့အဖွဲ့အစည်းအနေဖြင့် သွေးထောက်ပံ့မှုကို ယခင်ကထက် ဘေးအန္တရာယ်ကင်းရှင်းအောင် လူအင်အား ဓနအင်အား ကြီးမားစွာစိုက်ထုတ်၍ လုပ်ဆောင်သည့်တိုင်အောင် သွေးထောက်ပံ့မှုသည် ရာနှုန်းပြည့် စိတ်ချနိုင်ခြင်းမရှိဟူသော အချက်တစ်ချက်တည်းနှင့် ဝေဒနာရှင်တို့သည် မျိုးတူဗီဇကွဲသွေး သွင်းခြင်းကို အတတ်နိုင်ဆုံး ရှောင်ကြဦးမည်သာဖြစ်သည်” ဟူ၍ သွေးသွင်းခြင်း မဂ္ဂဇင်းကဆို၏။
ဆရာဝန် များစွာတို့သည် သွေးသွင်းခြင်းကို ပို၍သတိကြီးစွာ ထား
လာကြသည်မှာ အံ့ဩစရာမဟုတ်ပေ။ “အခြေခံအားဖြင့် သွေးသွင်းခြင်းသည် အကျိုးမရှိသဖြင့် လူတိုင်းလူတိုင်း သွေးသွင်းခြင်းကိုရှောင်နိုင်အောင် ကျွန်ုပ်တို့ အစွမ်းကုန် ကြိုးပမ်းနေသည်” ဟု ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့မှ ဒေါက်တာ အဲလက္ခစ် ဇာပိုလန်းစ်ကီး ကဆို၏။အများပြည်သူတို့ကလည်း သွေးသွင်းခြင်း၏ ဘေးအန္တရာယ်များကို သိရှိလာကြပြီ။ စင်စစ်အားဖြင့် ၁၉၉၆ ခုနှစ်တွင်ပြုလုပ်သည့် ဆန္ဒခံယူမှုအရ ကနေဒါပြည်သူ ၈၉ ရာခိုင်နှုန်းက သွေးသွင်းခြင်းမဟုတ်သည့် အခြားကုသမှုကို ပို၍လိုလားကြောင်း တွေ့ရှိရသည်။ “ဝေဒနာရှင်အားလုံးက ယေဟောဝါသက်သေများနည်းတူ အခြားသူတစ်ဦးဦး၏ သွေးကိုသွင်းရန် ငြင်းပယ်ကြမည်မဟုတ်။ သို့သော် သွေးသွင်းခြင်းဖြင့် ရောဂါကူးစက်နိုင်သည့် အန္တရာယ် ရှိသည့်အပြင် ကိုယ်ခံအားစနစ်၏ လုပ်ဆောင်မှုကိုပါ ပြောင်းလဲစေနိုင်သဖြင့် ကျွန်ုပ်တို့၏ ဝေဒနာရှင်အားလုံးအတွက် အခြားကုသမှုနည်းလမ်းများ ရှာရတော့မည်ဖြစ်ကြောင်း ရှင်းလင်းစွာ ပြသနေသည်” ဟူ၍ သွေးကြော ခွဲစိတ်ကုသမှုဆိုင်ရာ ဂျာနယ် ကရေးသားဖော်ပြသည်။
ပို၍နှစ်သက်သည့် ကုသနည်း
ဝမ်းသာစရာမှာ အစားထိုး ရွေးချယ်စရာတစ်ခု—သွေးမဲ့ ဆေးပညာနှင့် ခွဲစိတ်ကုသမှု—ရှိပေသည်။ ဝေဒနာရှင်အများက ဤနည်းကို နောက်ဆုံးအားထားရာအဖြစ် မဟုတ်ဘဲ ပို၍နှစ်သက်ဖွယ်ကောင်းသော ကုသနည်းအဖြစ် သဘောထားကြသည်။ ဤသို့သဘောထားသည်မှာလည်း ခိုင်လုံသည့်အကြောင်း ရှိပေသည်။ ဗြိတိသျှ အတိုင်ပင်ခံ ခွဲစိတ်ကုဆရာဝန် စတီဖင် ဂျက်ဖရီ ပိုလာဒ်က သွေးမဲ့ ခွဲစိတ်ကုသမှု ခံယူသူတို့တွင် ရောဂါစွဲကပ်မှုနှင့် သေဆုံးမှု အချိုးအစားသည် “သွေးသွင်းခြင်းကို လက်ခံသည့် လူနာတို့၏ အချိုးအစားနှင့် တန်းတူလောက်ပင်ဖြစ်သည်။ တစ်ပန်းသာသည့် အချက်များမှာ သွေးမသွင်းသူတို့သည် သွေးသွင်းခြင်းကြောင့် ဖြစ်ပွားလေ့ရှိသည့် ခွဲစိတ်ကုသပြီးနောက် ရောဂါကူးစက်ခြင်းနှင့် ဆင့်ပွားရောဂါဖြစ်ပွားခြင်းတို့မှ ကင်းဝေးကြသည်” ဟုဆိုသည်။
သွေးမဲ့ ဆေးကုသမှု မည်သို့ ဖြစ်ပေါ်တိုးတက်လာသနည်း။ စင်စစ်အားဖြင့် သွေးမဲ့ ဆေးပညာသည် သွေးသွင်းကုသနည်းထက် ရှေးကျသောကြောင့် ဤမေးခွန်းသည် ထူးဆန်းနေပေသည်။ အမှန်ဆိုလျှင် ၂၀ ရာစုနှစ် အစောပိုင်းကာလရောက်မှ သွေးသွင်းခြင်းကို ပုံမှန်အသုံးပြုသည့်အဆင့်ထိ သွေးသွင်းခြင်း နည်းပညာ တိုးတက်လာခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် လွန်ခဲ့သည့် ဆယ်စုနှစ် အနည်းငယ်အတွင်း လူအချို့က သွေးမဲ့ ခွဲစိတ်ကုသမှု ပညာရပ်နယ်ပယ်ကို တွင်ကျယ်အောင် လုပ်ဆောင်လာခဲ့ကြသည်။ သာဓကအားဖြင့် ၁၉၆၀ ပြည့်လွန်နှစ်များအတွင်း ထင်ရှားသော ခွဲစိတ်ကုဆရာဝန် ဒဲန်းတန် ကူးလီသည် ပထမဦးဆုံးသော သွေးအသုံးမပြုသည့် နှလုံးခွဲစိတ်မှုအချို့ ပြုလုပ်ခဲ့သည်။
၁၉၇၀ ပြည့်လွန်နှစ်များအတွင်း သွေးသွင်းခံသော လူနာများတွင် အသည်းရောင်အသားဝါရောဂါ တိုးများလာခြင်းကြောင့် ဆရာဝန်အများက သွေးအစားထိုး ရွေးချယ်မှုများကို စတင်ရှာကြံခဲ့ကြသည်။ ၁၉၈၀ ပြည့်လွန်နှစ်များသို့ရောက်သော် ကြီးမားသည့် ဆေးပညာရှင်အဖွဲ့ တော်တော်များများက သွေးမဲ့ ခွဲစိတ်ကုသမှုများကို ပြုလုပ်ဆောင်ရွက်နေကြပြီ။ ၎င်းနောက် အေအိုင်ဒီအက်စ် ကပ်ရောဂါ ပြန့်ပွားလာသည့်အခါ သွေးမဲ့ ခွဲစိတ်ကုသနည်းကို အသုံးပြုလိုစိတ်ပြင်းပြသော အခြားသူတို့က အဆိုပါ ဆေးပညာရှင်အဖွဲ့များထံ၌ ကြိမ်ဖန်များစွာ အကြံဉာဏ်များ တောင်းခံခဲ့ကြသည်။ ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း ဆေးရုံအများအပြား၌ ဝေဒနာရှင်များအား သွေးမဲ့ ခွဲစိတ်ကုသမှု ရွေးချယ်ခွင့်ပြုသည့် အစီအစဉ်များကို ချမှတ်ကျင့်သုံးလာကြသည်။
ယခုအခါ ဆရာဝန်များသည် အစဉ်အလာအားဖြင့် သွေးသွင်းဖို့လိုအပ်သည့် ခွဲစိတ်ကုသမှုများနှင့် အရေးပေါ် လုပ်ထုံးလုပ်နည်းများ၌ သွေးမဲ့ နည်းနိဿယများကို အောင်မြင်စွာ အသုံးပြုနေကြပြီ။ “အရေးကြီးသော နှလုံး၊ သွေးကြော၊ မီးယပ်နှင့် သားဖွား၊ အရိုးနှင့် ဆီးလမ်းကြောင်းဆိုင်ရာ ခွဲစိတ်ကုသမှုများကို သွေးနှင့် သွေးမှထုတ်လုပ်သည့် ပစ္စည်းများကို မသုံးဘဲနှင့် အောင်မြင်စွာ ပြုလုပ်နိုင်သည်” ဟု ဒီ.အိပ်ခ်ျ. ဒဗလျူ. ဝမ်းက ကနေဒီယန် မေ့ဆေးဆိုင်ရာ ဂျာနယ် ၌ဖော်ပြထားသည်။
သွေးမဲ့ ခွဲစိတ်ကုသမှု၏ တစ်ပန်းသာမှုတစ်ခုမှာ အရည်အသွေးပိုကောင်းသည့် ပြုစုစောင့်ရှောက်မှုကို မြှင့်တင်ပေးခြင်းပင်ဖြစ်သည်။ “သွေးဆုံးရှုံးမှုကို တားဆီးရာ၌ ခွဲစိတ်ကုသမားတော်ကြီး၏ ကျွမ်းကျင်မှုမှာ အရေးအကြီးဆုံးဖြစ်သည်” ဟု အိုဟိုင်းယိုးပြည်နယ်၊ ကလီဗ်လန့်မြို့မှ ခွဲစိတ်ကုသမှု ဒါရိုက်တာ ဒေါက်တာ ဗင်ဂျမင် ဂျေ. ရစ်ခ်ျစတိန်း ကဆို၏။ အချို့သာဓကများ၌ သွေးမသုံးသည့် ခွဲစိတ်ကုသမှုသည် “ပို၍ မြန်ဆန်သည်၊ ပို၍ သန့်ရှင်းသည်၊ ပို၍ အကုန်အကျ သက်သာသည်” ဟု တောင်အာဖရိက ဥပဒေဆိုင်ရာ ဂျာနယ်တစ်စောင်ကဆိုသည်။ ၎င်းဂျာနယ်က ဤသို့ထပ်လောင်းဆို၏– “သာဓကများစွာ၌ ခွဲစိတ်ကုသမှုပြီးနောက် ပြုစုစောင့်ရှောက်မှု စရိတ်စက သက်သာသည့်အပြင် အချိန်ကုန်လည်း သက်သာသည်မှာ သေချာသည်။” ဤသည်တို့မှာ လတ်တလောကာလတွင် ကမ္ဘာတစ်ဝန်း၌ သွေးမဲ့ ဆေးပညာနှင့် ခွဲစိတ်ကုသမှုကို အထူးပြုသည့် အစီအစဉ်များ ချမှတ်ကျင့်သုံးနေသည့် ဆေးရုံပေါင်း ၁၈၀ ကျော်ရှိနေရခြင်း၏ အကြောင်းတရားများပင်ဖြစ်သည်။
သွေးနှင့် ယေဟောဝါသက်သေများ
ယေဟောဝါသက်သေများသည် သမ္မာကျမ်းစာ အခြေခံအကြောင်းကြောင့် သွေးသွင်းခြင်းကို လက်မခံကြချေ။ * သို့သော်လည်း သွေးအစားထိုး ကုသမှုများကိုမူ လက်ခံရုံမက အားတက်သရောပင် လိုက်စားကြ သည်။ “ယေဟောဝါသက်သေများသည် အကောင်းဆုံး ဆေးဝါးကုသမှုကို အားထုတ်ကြိုးပမ်း ရှာဖွေကြသည်။ အုပ်စုတစ်စုအနေနှင့် သူတို့သည် ခွဲစိတ်ကုသမားတော်များ တွေ့ဆုံရသည့် သုံးစွဲသူတို့တွင် အသိအမြင် ဗဟုသုတ အကြွယ်ဝဆုံးသူများ ဖြစ်ကြသည်” ဟူ၍ နယူးယောက် ဆေးရုံတစ်ခုတွင် ခွဲစိတ်ကုသမှု ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်စဉ်က ဒေါက်တာ ရစ်ချဒ် ကေ. စပဲင်စ် ပြောကြားခဲ့သည်။
ယေဟောဝါသက်သေများကို ခွဲစိတ်ကုသပေးရခြင်းကြောင့် ဆရာဝန်များသည် သွေးမဲ့ ခွဲစိတ်ကုသမှု နည်းနိဿယဘက်တွင် များစွာ တိုးတက်ကောင်းမွန်လာခဲ့ကြသည်။ နှလုံးသွေးကြောဆိုင်ရာ ခွဲစိတ်ကုသမားတော် ဒင်တန် ကူးလီ၏ အတွေ့အကြုံကို သာဓကအဖြစ် သုံးသပ်ကြည့်ပါ။ ၂၇ နှစ်ကာလအတွင်း သူ၏အဖွဲ့သည် ယေဟောဝါသက်သေ ၆၆၃ ဦးအား သွေးမဲ့ နှလုံးခွဲစိတ်ကုသမှု ပြုလုပ်ပေးခဲ့သည်။ အကျိုးရလဒ်များက နှလုံးခွဲစိတ်ကုသမှုကို သွေးမသွင်းဘဲနှင့် အောင်မြင်စွာ ပြုလုပ်နိုင်ကြောင်း ရှင်းလင်းစွာ ပြသလျက်ရှိသည်။
သွေးမသွင်းခြင်းအတွက် ယေဟောဝါသက်သေများကို လူအများက ပြစ်တင်ဝေဖန်ခဲ့ကြသည်မှာ မှန်ပါသည်။ သို့ရာတွင် ဂရိတ်ဗြိတိန်နှင့် အိုင်ယာလန်နိုင်ငံရှိ မေ့ဆေးဆရာဝန်များအသင်းမှ ထုတ်ဝေသည့် လမ်းညွှန်စာအုပ် တစ်အုပ်က သက်သေခံများ၏ ရပ်တည်ချက်သည် “အသက်ကို လေးမြတ်သည့် အမှတ်လက္ခဏာ” ဖြစ်သည်ဟု ခေါ်ဆိုထားသည်။ အမှန်အားဖြင့် သက်သေခံများ၏ အလျှော့မပေးသော ရပ်တည်ချက်သည် သာ၍စိတ်ချရသော ဆေးဝါးကုသမှုကို လူခပ်သိမ်းတို့အား အကျိုးခံစားလာစေသည့် အဓိကတွန်းအားတစ်ရပ် ဖြစ်ပေသည်။ “ခွဲစိတ်ကုသမှုလိုအပ်သည့် ယေဟောဝါသက်သေများသည် နော်ဝေး ကျန်းမာရေးလုပ်ငန်းမှ အရေးကြီးသော ကဏ္ဍဘက်တွင် တိုးတက်မှုရှိလာစေရန် နည်းပေးလမ်းပြ၍ ဖိအားပေးခဲ့ကြသည်” ဟူ၍ နော်ဝေး အမျိုးသား ဆေးရုံမှ ပါမောက္ခ စတိန်း အေ. အဲဗန်ဆန်က ရေးသားထားသည်။
သွေးအသုံးမပြုဘဲ ဆေးဝါးကုသနိုင်ရန် ဆရာဝန်များအား အထောက်အကူပြုသည့်အနေနှင့် ယေဟောဝါသက်သေများသည် အထောက်အကူပြု ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းကို ဖွဲ့စည်းထူထောင်ထားသည်။ လောလောဆယ်တွင် ကမ္ဘာတစ်ဝန်းရှိ ဆေးရုံဆက်သွယ်ရေး ကော်မတီ ၁,၄၀၀ ကျော်သည် သွေးမဲ့ ဆေးပညာနှင့် ခွဲစိတ်ကုသမှုနှင့် ဆက်နွှယ်သည့် သတင်းဆောင်းပါး ၃,၀၀၀ ကျော်ရှိသည့် အချက်အလက်များမှ ဆေးပညာဆိုင်ရာ စာပေများကို ဆရာဝန်များနှင့် သုတေသီများအား ပံ့ပိုးကူညီပေးလျက်ရှိသည်။ “သက်သေခံများ၏ ဆေးရုံဆက်သွယ်ရေး ကော်မတီများ၏ လုပ်ဆောင်မှုကြောင့် ယနေ့ ယေဟောဝါသက်သေများ သာမက ဝေဒနာရှင်မှန်သမျှတို့အား မလိုအပ်ဘဲ သွေးသွင်းပေးခြင်း ပြုလုပ်စရာ မလိုတော့ချေ” ဟူ၍ ဘော့စတန် ဥပဒေ ကောလိပ်ကျောင်းမှ ပါမောက္ခ ဒေါက်တာ ချားလ်စ် ဗယ်ရန် ကဆို၏။ *
ယေဟောဝါသက်သေများ ပြုစုသည့် သွေးမဲ့ ဆေးပညာနှင့် ခွဲစိတ်ကုသမှုဆိုင်ရာ သတင်းအချက်အလက်များသည် ဆေးပညာရပ်နယ်ပယ်မှ ပုဂ္ဂိုလ်အများအပြားကို အကျိုးပြုခဲ့လေပြီ။ သာဓကအနေနှင့် ကိုယ့်သွေးကိုပြန်သွင်းခြင်း– ကုထုံးဆိုင်ရာ အခြေခံကျင့်ဝတ်များနှင့် ရှေးရှုရာလမ်းကြောင်းများ အမည်ရှိစာအုပ်အတွက် သတင်းအချက်အလက်များ ပြုစုရာ၌ စာရေးဆရာတို့က ယေဟောဝါသက်သေများထံမှ သွေးသွင်းခြင်းအတွက် အစားထိုးရွေးချယ်မှုများနှင့် ပတ်သက်သည့် အကြောင်းအချက်များ ပံ့ပိုးပေးရန် အကူအညီတောင်းခဲ့သည်။ သက်သေခံများလည်း သူတို့၏တောင်းခံမှုကို ဝမ်းမြောက်စွာ ဖြည့်ဆည်းပေးခဲ့သည်။ စာရေးသူတို့သည် နောက်ပိုင်းတွင် ကျေးဇူးတင်စွာဖြင့် ဤသို့ရေးသားဖော်ပြခဲ့သည်– “ဤအကြောင်းအရာနှင့် ပတ်သက်သည့် စာမူအားလုံးထဲတွင် မျိုးတူသွေးသွင်းခြင်းကို ရှောင်ကြဉ်ခြင်းနှင့် စပ်လျဉ်း၍ သက်သေခံများ ပေးပို့သည့် လိုရင်းတိုရှင်း၊ ကျစ်လျစ်ပြည့်စုံသော မဟာဗျူဟာမြောက် စာရင်းမျိုးကို မတွေ့ဖူးချေ။”
ဆေးပညာရပ်၏ တိုးတက်မှုကြောင့် လူအများက သွေးမဲ့ ဆေးပညာကို စဉ်းစားသုံးသပ်လာကြသည်။ အနာဂတ်တွင် အဘယ်ဖြစ်ပေါ်တိုးတက်မှုများ မျှော်လင့်နိုင်သနည်း။ အေအိုင်ဒီအက်စ် ဗိုင်းရပ်စ်ပိုးကို ရှာဖွေတွေ့ရှိသူ ပါမောက္ခ လုခ် မွမ်တညား ကဤသို့ဆို၏– “ဤနယ်ပယ်တွင် ကျွန်ုပ်တို့၏ သိမြင်နားလည်မှု တစ်စတစ်စ တိုးတက်ပြောင်းလဲလာခြင်းက တစ်နေ့သောအခါတွင် သွေးသွင်းခြင်း တိမ်ကောပျောက်ကွယ်မည်ဖြစ်ကြောင်း မီးမောင်းထိုးပြနေသည်။” ထိုတစ်နေ့မတိုင်မီ ကြားကာလတွင် သွေးအစားထိုး ရွေးချယ်ကုသမှုများက လူ့အသက်ပေါင်းများစွာကို ကယ်တင်လျက်ရှိပေသည်။
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 13 ဝတ်ပြုရာ ၇:၂၆၊ ၂၇; ၁၇:၁၀-၁၄; တရားဟောရာ ၁၂:၂၃-၂၅; ၁၅:၂၃; တမန်တော် ၁၅:၂၀၊ ၂၈၊ ၂၉; ၂၁:၂၅ ကိုရှု။
^ အပိုဒ်၊ 16 ဆေးရုံဆက်သွယ်ရေး ကော်မတီများသည် ဖိတ်ကြားခံရလျှင် ဆေးရုံ ဆေးပညာရှင် ဝန်ထမ်းများအား သရုပ်ပြရှင်းလင်းပွဲများ ပြုလုပ်ပေးသည်။ ၎င်းပြင်၊ အထူးအကူအညီ တောင်းခံလာလျှင် တာဝန်ရှိ သမားတော်ကြီးများနှင့် စောစောစီးစီး၊ ပွင့်ပွင့်လင်းလင်း၊ စဉ်ဆက်မပြတ် ဆက်သွယ်မှုရှိအောင်လည်း ကူညီပေးပါသည်။
[စာမျက်နှာ ၇ ပါ လေးထောင့်ကွက်/ရုပ်ပုံများ]
ဆရာဝန်အချို့၏ အမြင်သဘောထား
‘သွေးမဲ့ ခွဲစိတ်ကုသမှုမှာ ယေဟောဝါသက်သေများ အတွက်သာမဟုတ်၊ လူနာအားလုံးအတွက် ဖြစ်သည်။ ဆရာဝန်တိုင်း ဤနည်းကို အသုံးပြုသင့်သည်ဟု ကျွန်ုပ် ယူဆသည်။’—ဒေါက်တာ ဂျိုးအားကင်မ် ဘိုလ်တ်၊ မေ့ဆေးပညာ ပါမောက္ခ၊ လူးထ်ဗစ်ခ်စ်ဟားဖန်မြို့၊ ဂျာမနီနိုင်ငံ။
“ယခုအခါတွင် သွေးသွင်းခြင်းသည် ယခင်ကထက် ပို၍စိတ်ချမှုရှိလာသော်လည်း ရောဂါပြီးစနစ် တုံ့ပြန်ခြင်းများနှင့် အသည်းရောင်အသားဝါရောဂါ ကူးစက်ခြင်း၊ သို့မဟုတ် လိင်မှတစ်ဆင့် ကူးစက်သောရောဂါများ အစရှိသည့် ဘေးအန္တရာယ်များမူကား မကင်းသေးချေ။”—ဒေါက်တာ တယ်ရဲန်းစ် ဂျေ. ဆက္ကီး၊ ဆေးပညာဆိုင်ရာ လက်ထောက်ပါမောက္ခ။
“ဆရာဝန်အများသည် သွေးသွင်းခြင်းနှင့်ပတ်သက်၍ အလိုလို တုံ့ပြန်မှုများရှိပြီး ပိုင်းခြားဝေဖန်ခြင်း မရှိဘဲ သိမ်းရုံး၍ ရက်ရက်ရောရော သွေးသွင်းပေးကြသည်။ ကျွန်ုပ်မူကား ထိုသို့မပြု။”—ဒေါက်တာ အဲလက္ခစ် ဇာပိုလန်းစ်ကီး၊ ဆန်ဖရန်စစ္စကို နှလုံး တက္ကသိုလ်မှ နှလုံးခွဲစိတ်ကုသမှု ညွှန်ကြားရေးမှူး။
“သာမန် လူနာများ၌ သမားရိုးကျ ဝမ်းဗိုက်ဆိုင်ရာ ခွဲစိတ်ကုသမှုတွင် သွေးသွင်းခြင်း ပုံမှန်လိုအပ်သည်ဟု ကျွန်ုပ်မယူဆပေ။”—ဒေါက်တာ ဂျိုဟန်းနစ္စ စကေးလ်၊ ခွဲစိတ်ကုသမှုဆိုင်ရာ ပါမောက္ခ၊ ဂျဲနားမြို့၊ ဂျာမနီနိုင်ငံ။
[ရုပ်ပုံများ]
ဒေါက်တာ တယ်ရဲန်းစ် ဂျေ. ဆက္ကီး
ဒေါက်တာ ဂျိုးအားကင်မ် ဘိုလ်တ်
[စာမျက်နှာ ၈ ပါ လေးထောင့်ကွက်/ရုပ်ပုံ]
သွေးမဲ့ ဆေးပညာနှင့် ခွဲစိတ်ကုသမှု
နည်းစနစ်အချို့
အရည်များ– ရင်းငါး လက္ကတေ့ ပျော်ရည် (Ringer’s lactate solution)၊ ဒက်စထရန် (dextran)၊ ဟိုက်ဒရိုဇိုင်ယက်သိုင်းလ် ကစီ (hydroxyethyl starch) နှင့် အခြားအခြားသော အရာတို့ကို သွေးထုထည် ထိန်းသိမ်းရန်၊ သွေးကြောထဲ၌ လှည့်ပတ်နေသည့် သွေးထုထည် ကျဆင်းခြင်းကြောင့် ဖြစ်ရသော သွေးလန့်ခြင်းကို တားဆီးကာကွယ်ရန်အတွက် အသုံးပြုသည်။ စမ်းသပ်ဆဲ အရည်အချို့သည် အောက်ဆီဂျင်ကို သယ်ဆောင်နိုင်သည်။
ဆေးဝါးများ–ဗီဇ အင်ဂျင်နီယာ နည်းပညာဖြင့် ပြုပြင်ထားသည့် ပရိုတင်းများသည် သွေးဆဲလ်နီများ (erythropoietin)၊ သွေးပြားငယ်များ (interleukin-11) နှင့် သွေးဆဲလ်ဖြူ အမျိုးမျိုး (GM-CSF, G-CSF) တို့ကိုထုတ်လုပ်ရန် စေ့ဆော်ပေးနိုင်သည်။ အခြားသော ဆေးဝါးများသည် ခွဲစိတ်ကုသမှု ပြုလုပ်စဉ် သွေးဆုံးရှုံးမှုကို ကြီးစွာလျော့နည်းစေသည် (aprotinin, antifibrinolytics) သို့မဟုတ် အလွန်အမင်း သွေးထွက်ခြင်းကို လျော့နည်းစေ (desmopressin) သည်။
ဇီဝသွေးတိတ် ကိရိယာများ– ကော်လာဂျင် (Collagen) နှင့် ဆယ်လူလို့စ် (cellulose) တို့ဖြင့်ယက်လုပ်သည့် ဆေးပိတ်ကျဲများကို သွေးတိတ်စေရန် တိုက်ရိုက် အသုံးပြုနိုင်သည်။ ဖိုင်ဗရင်ကော် (fibrin glue) များနှင့် သွေးတိတ်ကိရိယာတို့သည် ခွဲစိတ်ဒဏ်ရာများကို ပိတ်ဆို့နိုင်သည် သို့မဟုတ် သွေးထွက်နေသည့် တစ်သျှူး ကျယ်ကျယ်ဝန်းဝန်းကို ဖုံးအုပ်နိုင်သည်။
သွေးဆယ်တင် ကိရိယာ– သွေးဆယ်တင် စက်ကိရိယာများက ခွဲစိတ်ကုသမှုပြုစဉ် သို့မဟုတ် ဒဏ်ရာမှ ထွက်လာသည့်သွေးများကို ဆယ်ယူ၍ သန့်စင်စေပြီးနောက် ပတ်လမ်းပိတ်နည်းဖြင့် လူနာကိုယ်ထဲသို့ ပြန်လည် သွင်းပေးနိုင်သည်။ အလွန်ပြင်းထန်သည့် ကိစ္စများ၌ ဤနည်းစနစ်ကို အသုံးပြု၍ သွေး လစ်တာများစွာကို ပြန်လည်ဆယ်တင်နိုင်သည်။
ခွဲစိတ်ကု ကိရိယာများ– အချို့သော တန်ဆာပလာများသည် တစ်ပြိုင်နက်တည်း သွေးကြောများကိုဖြတ်၍ ပြန်ပိတ်ပေးသည်။ အချို့ တန်ဆာပလာများမူကား ကျယ်ဝန်းသည့် တစ်သျှူးဧရိယာကို သွေးတိတ်အောင် ပိတ်ပေးနိုင်သည်။ ဝမ်းဗိုက်ကြည့် ကိရိယာနှင့် အလွန်သေးငယ်သည့် ခွဲစိတ်ကိရိယာများသည် ကြီးမားသည့် ခွဲစိတ်ရာများ မလိုအပ်သဖြင့် သွေးထွက်ဆုံးရှုံးမှု မရှိဘဲ ခွဲစိတ်ကုသမှုများကို ပြုလုပ်နိုင်စေသည်။
ခွဲစိတ်ကု နည်းပညာ– အတွေ့အကြုံရှိသည့် နည်းပြသမားတော်များနှင့် တိုင်ပင်ခြင်း အပါအဝင် ခွဲစိတ်ကုသမှုအတွက် အသေးစိတ် ဂရုတစိုက် စီစဉ်ဆောင်ရွက်ခြင်းဖြင့် ခွဲစိတ်ကုသမှုအဖွဲ့သည် ဆင့်ပွားရောဂါများ မဖြစ်ပွားရအောင် ရှောင်ရှားနိုင်သည်။ သွေးထွက်ခြင်းကို ချက်ချင်းတိတ်အောင်ပြုလုပ်ရန် အလွန်အရေးကြီးသည်။ ၂၄ နာရီထက် ကြန့်ကြာမည်ဆိုလျှင် လူနာအတွက် အသက်အန္တရာယ် စိုးရိမ်စရာ ပိုလာနိုင်သည်။ ကြီးမားသည့် ခွဲစိတ်ကုသမှုများကို သေးငယ်သည့် ခွဲစိတ်ကုသမှုများအဖြစ် ပိုင်းခြား၍ ပြုလုပ်မည်ဆိုပါက စုစုပေါင်း သွေးဆုံးရှုံးမှုကို လျှော့ချနိုင်သည်။
[စာမျက်နှာ ၁၀ ပါ လေးထောင့်ကွက်/ရုပ်ပုံများ]
သွေးမဲ့ ဆေးပညာ—“ပြုစုစောင့်ရှောက်မှု စံနှုန်း” သစ်လော
နိုးလော့! သည် သွေးမဲ့ ဆေးပညာနှင့် ခွဲစိတ်ကုသမှု၏ အကျိုးကျေးဇူး အကြောင်းကို သက်ဆိုင်ရာ ပညာရပ်နယ်ပယ်မှ ကျွမ်းကျင်သူ လေးဦးနှင့် ဆွေးနွေးခဲ့သည်။
ဘာသာရေး အကြောင်းတရားများကြောင့် သွေးသွင်းခြင်းကို လက်မခံသည့် လူနာများအပြင် အခြားမည်သူတို့လည်း သွေးမဲ့ ဆေးပညာကို စိတ်ဝင်စားကြသနည်း။
ဒေါက်တာ စပန်း– ကျွန်ုပ်တို့၏ဆေးရုံတွင် သွေးမဲ့ဆေးကုသမှုကို တောင်းဆိုကြသူတို့မှာ အများအားဖြင့် အသိအမြင် ဗဟုသုတ ကြွယ်ဝသူများ ဖြစ်ကြသည်။
ဒေါက်တာ ရှန်းဒါး– ၁၉၉၈ ခုနှစ်တွင် ကိုယ်ရေးကိုယ်တာ အကြောင်းပြချက်ဖြင့် သွေးလက်မခံသည့် လူနာအရေအတွက်မှာ ဘာသာရေး အကြောင်းတရားကြောင့် သွေးလက်မခံသူ ဦးရေထက် များပြားသည်။
ဒေါက်တာ ဘွိုင်ဒ်– ဥပမာ ကင်ဆာဝေဒနာရှင်များလည်း စိတ်ဝင်စားကြသည်။ သူတို့သည် သွေးမသွင်းလျှင် ရောဂါအခြေအနေ ပိုမိုတိုးတက် ကောင်းမွန်သည့်အပြင် ရောဂါ ပြန်လည်ဖြစ်ပွားမှုမှာလည်း သွေးသွင်းသူများလောက် မများချေ။
ဒေါက်တာ စပန်း– ကျွန်ုပ်တို့သည် တက္ကသိုလ် ပါမောက္ခများနှင့် ၎င်းတို့၏ မိသားစုများကို မကြာခဏ သွေးမသွင်းဘဲ ကုသပေးသည်။ ခွဲစိတ်ကုဆရာဝန်များပင် သွေးသွင်းခြင်းကို ရှောင်ကြဉ်ရန် တောင်းဆိုကြသည်။ သာဓကအားဖြင့် ခွဲစိတ်ကုဆရာဝန်တစ်ဦးက ခွဲစိတ်ကုသရန်လိုအပ်သည့် ဇနီးသည်ဖြစ်သူနှင့်ပတ်သက်၍ ကျွန်ုပ်တို့ထံ ရောက်ရှိလာသည်။ “အချက်တစ်ချက်ကိုတော့ အသေအချာ ဆောင်ရွက်ပေးပါ၊ အဲဒါကတော့ သူ့ကို လုံးဝ သွေးမသွင်းပေးပါနဲ့။”
ဒေါက်တာ ရှန်းဒါး– ကျွန်ုပ်၏ မေ့ဆေးဌာနမှ အဖွဲ့ဝင်များက ဤသို့ဆိုကြသည်– ‘သွေးမသွင်းသည့် ဤလူနာများသည် သွေးသွင်းသူများနှင့်ယှဉ်လျှင် တိုးတက်မှုအခြေအနေ ကွာခြားခြင်းမရှိသည့်အပြင် ပို၍ပင် ကောင်းမွန်လေ့ရှိတတ်သည်။ ပြုစုစောင့်ရှောက်မှု စံနှုန်းနှစ်မျိုး အဘယ်ကြောင့်ထားရန် လိုအပ်သနည်း။ သွေးမဲ့ကုသမှုသည် အကောင်းဆုံးဖြစ်လျှင် လူနာအားလုံးကို ဤနည်းဖြင့် ကုသပေးသင့်သည်။’ ထို့ကြောင့် သွေးမဲ့ ဆေးပညာသည် ပြုစုစောင့်ရှောက်မှုစံနှုန်း ဖြစ်လာဖို့ရန် ကျွန်ုပ်တို့စောင့်မျှော်နေကြသည်။
မစ္စတာ အန်းရှော– သွေးမဲ့ ခွဲစိတ်ကုသမှုသည် အထူးသဖြင့် ယေဟောဝါသက်သေများ၏ တောင်းဆိုမှုကြောင့် အစပျိုးလာခဲ့သည်မှာ မှန်ပါသည်။ သို့သော် လူနာအားလုံးကို ဤနည်းဖြင့် ကျွန်ုပ်တို့ ကုသပေးလိုကြသည်။
သွေးမဲ့ ကုသမှုသည် ကုန်ကျစရိတ် ပိုများသလော၊ သို့မဟုတ် ပိုနည်းသလော။
မစ္စတာ အန်းရှော– ကုန်ကျစရိတ် အလွန်သက်သာသည်။
ဒေါက်တာ ရှန်းဒါး– သွေးမဲ့ ဆေးကုသမှုသည် ကုန်ကျစရိတ် ၂၅ ရာခိုင်နှုန်း သက်သာသည်။
ဒေါက်တာ ဘွိုင်ဒ်– စရိတ်သက်သာမှု အကြောင်းတစ်ခုတည်းအတွက်နှင့်ပင် ဤကုသနည်းကို ကျွန်ုပ်တို့ အသုံးပြုသင့်သည်။
သွေးမဲ့ ဆေးကုသမှုကို အသုံးပြုရာ၌ မည်မျှ တိုးတက်နေပြီနည်း။
ဒေါက်တာ ဘွိုင်ဒ်– အလွန်တိုးတက်နေသည်ဟု ကျွန်ုပ် ယူဆသည်။ တိုးတက်စရာ များစွာလည်း ရှိနေသေးသည်။ သွေးမသုံးသင့်သည့် ခိုင်လုံသောအကြောင်းတရား အသစ်အသစ်တို့ကို ကျွန်ုပ်တို့ ထပ်ခါတလဲလဲ တွေ့ ရှိခဲ့ရသည်။
[ရုပ်ပုံများ]
ဒေါက်တာ ဒိုးနတ် အာရ်. စပန်း မေ့ဆေးပညာ ပါမောက္ခ၊ ဇူးရစ်မြို့၊ ဆွစ်ဇာလန်နိုင်ငံ။
ဒေါက်တာ အာရီးယား ရှန်းဒါး မေ့ဆေးပညာ လက်ထောက်ဆေးခန်း ပါမောက္ခ၊ အမေရိကန်ပြည်ထောင်စု။
မစ္စတာ ပီတာ အန်းရှော၊ အက်ဖ်အာရ်စီအက်စ်၊ အတိုင်ပင်ခံ အရိုးရောဂါ ခွဲစိတ်ကုသမားတော်၊ လန်ဒန်မြို့၊ အင်္ဂလန်နိုင်ငံ။
ဒေါက်တာ မာ့ခ် အီး. ဘွိုင်ဒ် သားဖွားပညာနှင့် မီးယပ်ပညာ ပါမောက္ခ၊ ကနေဒါနိုင်ငံ။
[စာမျက်နှာ ၁၁ ပါ လေးထောင့်ကွက်]
လူနာ၏တာဝန်
▪ ကုသမှုခံယူရန်အကြောင်း မပေါ်မီ သင့်ဆရာဝန်အား သွေးမဲ့ အစားထိုး ရွေးချယ်မှုများအကြောင်း ကြိုပြောထားပါ။ အထူးသဖြင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများ၊ ကလေးငယ်ရှိသော မိဘများနှင့် သက်ကြီးရွယ်အိုများ ဤသို့ ကြိုပြောထားရန် အရေးကြီးသည်။
▪ မိမိ၏ အလိုဆန္ဒကို စာဖြင့်ရေးသားပါ။ အထူးသဖြင့် ဤရည်ရွယ်ချက်အတွက် တရားဝင် စာချုပ်စာတမ်းရရှိနိုင်လျှင်ဖြစ်သည်။
▪ သင့်ဆရာဝန်က သွေးမသွင်းဘဲ ကုသပေးလိုစိတ်မရှိလျှင် သင့်အလိုဆန္ဒကို လိုက်လျောသည့် အခြားဆရာဝန်တစ်ဦးကို ရှာဖွေပါ။
▪ သွေးအစားထိုး ရွေးချယ်မှုအချို့သည် အာနိသင်ပြရန် အချိန်လိုအပ်တတ်သောကြောင့် မိမိသည် ခွဲစိတ်ကုသမှု လိုအပ်ကြောင်းသိလျှင် ကုသမှုခံယူရန် မရွှေ့ဆိုင်းပါနှင့်။