မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သွေးသွင်းခြင်း—ရှည်လျားသော အငြင်းပွားမှု သမိုင်းကြောင်း

သွေးသွင်းခြင်း—ရှည်လျားသော အငြင်းပွားမှု သမိုင်းကြောင်း

သွေးသွင်းခြင်း—ရှည်လျားသော အငြင်းပွားမှု သမိုင်းကြောင်း

“ယနေ့ သွေးဆဲလ်နီသာ ဆေးဝါးအသစ်တစ်မျိုး ဖြစ်ခဲ့သည်ရှိသော် ရောင်းချခွင့်လိုင်စင် ရရန် အလွန်ခဲယဉ်းပေမည်။”—⁠ဒေါက်တာ ဂျက်ဖရီ မကားလ်လို။

၁၆၆၇ ခုနှစ်၊ ဆောင်းရာသီတွင် အန်ထွမ်း မောရ်ဝါ အမည်ရှိ သွက်သွက်လည် စိတ်မနှံ့သူတစ်ဦးကို ပြင်သစ်ပြည့်ရှင်လူဝိစ် ဆယ့်ခြောက်ယောက်မြောက်၏ ထင်ရှားကျော်ကြားသော နန်းတွင်းသမားတော် ဂျင်း-ဘက်ဘတစ္စ ဒန်နီထံ ခေါ်ဆောင်ခဲ့ကြသည်။ ဒန်နီ၌ မောရ်ဝါ၏ စိတ်ရောဂါအတွက် အကောင်းဆုံး “ပျောက်ဆေး” ရှိသည်။ ၎င်းမှာ နွားသားပေါက်၏သွေးကို သွင်းပေးခြင်းပင်ဖြစ်သည်။ နွားသားပေါက်၏သွေးသည် လူနာအား ငြိမ်သက်စေနိုင်သည့် အာနိသင်ရှိသည်ဟု သူယူဆသည်။ သို့ရာတွင် မောရ်ဝါ၏ အခြေအနေမှာ တိုးတက်လာခြင်းမရှိပေ။ ဒုတိယအကြိမ် သွေးသွင်းပြီးနောက် သူ၏အခြေအနေ တိုးတက်လာသည်။ သို့သော် များမကြာမီ ထိုပြင်သစ်အမျိုးသားသည် နောက်တစ်ဖန် စိတ်ဖောက်ပြန်၍ ခဏအကြာတွင် သေဆုံးသွားလေသည်။

နောက်ပိုင်းတွင် မောရ်ဝါသည် အမှန်အားဖြင့် စိန်အဆိပ်သင့်၍ သေဆုံးခြင်းဖြစ်သည်ဟု တရားရုံးက ဆုံးဖြတ်ချက်ချခဲ့သော်လည်း တိရစ္ဆာန်သွေးဖြင့် ဒန်နီ၏ စမ်းသပ်ချက်သည် ပြင်သစ်ပြည်တစ်ဝန်းတွင် အပြင်းအထန် အချေအတင် အငြင်းပွားစရာ ဖြစ်ပေါ်စေခဲ့သည်။ နောက်ဆုံး၌ ၁၆၇၀ ပြည့်နှစ်တွင် ထိုလုပ်ထုံးလုပ်နည်းကို ပိတ်ပင်လိုက်သည်။ နောက်ပိုင်းတွင် အင်္ဂလိပ် ပါလီမန်နှင့် ပုပ်ရဟန်းမင်းကြီးတို့ကလည်း အလားတူ ပိတ်ပင်ခဲ့ကြသည်။ ၎င်းနောက် နှစ်ပေါင်း ၁၅၀ အတွင်း သွေးသွင်းခြင်းသည် မထင်မရှား တိမ်မြုပ်နေခဲ့သည်။

ကနဦး ဘေးအန္တရာယ်များ

၁၉ ရာစုနှစ်တွင် သွေးသွင်းခြင်း တစ်ကျော့ပြန်ပေါ်လာသည်။ သွေးသွင်းခြင်းကို ပြန်လည်ဖော်ထုတ်ရာ၌ ဦးဆောင်ဦးရွက် ပြုခဲ့သူမှာ ဂျိမ်းစ် ဘလန်ဒဲလ် အမည်ရှိ အင်္ဂလိပ် သားဖွားဆရာဝန်တစ်ဦးဖြစ်သည်။ သူ၏တိုးတက်သော နည်းပညာနှင့် အဆင့်မြင့် ကိရိယာများနှင့်အတူ လူ့ သွေးကိုသာ သုံးရမည်ဟူသော ခိုင်မာသောရပ်တည်ချက်ဖြင့် ဘလန်ဒဲလ်သည် သွေးသွင်းခြင်းကို အများပြည်သူ အာရုံစူးစိုက်လာအောင် ပြန်လည်ဖော်ဆောင်ခဲ့သည်။

သို့သော် ၁၈၇၃ ခုနှစ်တွင် ပိုလန် ဆရာဝန်တစ်ဦးဖြစ်သည့် အက်ဖ်. ဂယ်ဇယ်လီယပ်စ်က သွေးသွင်းခံရသည့် လူနာတစ်ဝက်ကျော်သည် သေဆုံးကြရသည်ဟူသော ထိတ်လန့်ဖွယ် တွေ့ရှိချက်ဖြင့် သွေးသွင်းခြင်း ပြန်လည်ဆန်းသစ်ခြင်း အရှိန်ကို နှေးကွေးစေခဲ့သည်။ ဤအကြောင်းကို သိရှိသည့်အခါ ထင်ရှားသော သမားတော်များက ဤလုပ်ထုံးလုပ်နည်းကို လူသိရှင်ကြား ရှုတ်ချလာကြသည်။ သွေးသွင်းခြင်း ရေပန်းစားမှုသည် တစ်ဖန် မှေးမှိန်ဆုတ်ယုတ်သွားသည်။

ထို့နောက် ၁၈၇၈ ခုနှစ်တွင် ပြင်သစ် သမားတော် ဂျော့ဂ်ျစ် ဟေးယဲမ်းက ဆားပျော်ရည်တစ်မျိုးကို ပြည့်စုံကောင်းမွန်အောင် မွမ်းမံခဲ့သည်။ ၎င်းဆားပျော်ရည်သည် သွေးအစား သုံးနိုင်သည်ဟု သူကဆို၏။ သွေးနှင့်မတူသည့်အချက်မှာ ဆားပျော်ရည်၌ နောက်ဆက်တွဲ သက်ရောက်မှုများမရှိ၊ ခဲခြင်းမရှိ၊ သယ်ယူပို့ဆောင်ရန် လွယ်ကူခြင်းတို့ဖြစ်သည်။ သို့ဖြစ်သောကြောင့် ဟေးယဲမ်း၏ ဆားပျော်ရည် အသုံးတွင်ကျယ်ခဲ့သည်မှာ အဆန်းမဟုတ်ပေ။ သို့ရာတွင် ထူးဆန်းသည်မှာ များမကြာမီ လူတို့က သွေးသွင်းခြင်းကို တစ်ဖန် ထောက်ခံလာကြသည်။ အဘယ်ကြောင့်နည်း။

၁၉၀၀ ပြည့်နှစ်တွင် ဩစတြီးယား ရောဂါဗေဒပညာရှင် ကားလ် လန်စတိန်နာက သွေးမျိုးစုကို ရှာဖွေတွေ့ရှိသည့်အပြင် သွေးမျိုးစု တစ်မျိုးနှင့်တစ်မျိုးသည်လည်း အမြဲတမ်း သင့်မြတ်ခြင်းမရှိသည်ကို တွေ့ရှိခဲ့သည်။ ထို့ကြောင့် အတိတ်ကာလက သွေးသွင်းခဲ့သည့် လူနာအများအပြားသည် ကြေကွဲဖွယ်အဖြစ်ဆိုးနှင့် ဘဝနိဂုံး ချုပ်ခဲ့ကြရခြင်းဖြစ်သည်မှာ အံ့ဩစရာမဟုတ်ပေ။ ယခုသော် သွေးလှူရှင်၏ သွေးမျိုးစုနှင့် လက်ခံသူ၏ သွေးမျိုးစုတို့ကို သင့်မြတ်စေရန် အသေအချာ စစ်ဆေးရုံမျှဖြင့် ထိုအခြေအနေကို ပြောင်းလဲပစ်နိုင်ပေသည်။ ဤအချက်ကို သိရှိလာသည်နှင့် သမားတော်များသည် သွေးသွင်းခြင်းအပေါ် ထားရှိသည့် ၎င်းတို့၏ ယုံကြည်စိတ်ချမှုကို ပြန်လည်ရှင်သန်စေခဲ့သည်။ ပထမ ကမ္ဘာစစ်အတွက် အချိန်ကိုက် ဖြစ်ခဲ့သည်။

သွေးသွင်းခြင်းနှင့် ကမ္ဘာစစ်

ပထမ ကမ္ဘာစစ်အတွင်း ဒဏ်ရာရသည့် စစ်သားများအား သွေးကို ဖောဖောသီသီ သွင်းပေးခဲ့ကြသည်။ သွေးသည် လျင်မြန်စွာ ခဲတတ်သည့်အပြင် စစ်မြေပြင်သို့ သယ်ယူပို့ဆောင်ရန်လည်း ယခင်အခါများ၌ မဖြစ်နိုင်သလောက်ပင်ဖြစ်သည်။ သို့သော် ၂၀ ရာစုအစောပိုင်းတွင် နယူးယောက်မြို့၊ မောင့်ဆိုင်းနိုင်းဆေးရုံမှ ဒေါက်တာ ရစ်ချဒ် လူအဆန်က ဆိုဒီယမ် ဆစ်ထရိတ် ဟုခေါ်သော သွေးခဲခြင်းကို ကာကွယ်သည့် ပစ္စည်းတစ်မျိုးကို အောင်မြင်စွာ စမ်းသပ်တီထွင်ခဲ့သည်။ စိတ်လှုပ်ရှားဖွယ်ကောင်းသော ဤထိုးဖောက်ကျော်လွှားမှုကို ဆရာဝန်အချို့က အံ့ဖွယ်တစ်ပါးအဖြစ် မှတ်ယူခဲ့ကြသည်။ “နေကို ရပ်တန့်အောင် လုပ်လိုက်သလိုပါပဲ” ဟူ၍ ထိုခေတ်က ထင်ရှားသော သမားတော် တစ်ဦးဖြစ်သည့် ဒေါက်တာ ဘာထရန် အမ်. ဘန်ဟိန်က ရေးသားခဲ့သည်။

ဒုတိယ ကမ္ဘာစစ်အတွင်း သွေးလိုအပ်ချက် တစ်ရှိန်ထိုး တိုးတက်လာသည်။ “သွေးလှူကြပါ၊” “သွေးလှူခြင်းဖြင့် အသက်ကယ်ပါ၊” “သူ့သွေးလှူပြီးပြီ၊ သင့်သွေးလှူမည်လော” အစရှိသည့် ဆောင်ပုဒ်များပါရှိသည့် ပိုစတာများဖြင့် ပြည်သူလူထုကို အဆက်မပြတ် နှိုးဆော်ခဲ့သည်။ ပြည်သူတို့ကလည်း အားတက်သရော တုံ့ပြန်ခဲ့ကြသည်။ ဒုတိယ ကမ္ဘာစစ်အတွင်း အမေရိကန် ပြည်သူတို့သည် သွေးယူနစ်ပေါင်း ၁၃,၀၀၀,၀၀၀ မျှလှူဒါန်းခဲ့ကြသည်။ ခန့်မှန်းချက်အရ လန်ဒန်မြို့တွင် သွေးဂါလံပေါင်း ၆၈,၅၀၀ ကျော်စုဆောင်း၍ ဖြန့်ဝေခဲ့သည်။ သို့သော် သွေးသွင်းခြင်းသည် ကျန်းမာရေးအတွက် ဘေးအန္တရာယ်များစွာ ဖြစ်စေနိုင်ကြောင်း များမကြာမီအတွင်း သိသာထင်ရှားလာသည်။

သွေးမှတစ်ဆင့် ကူးစက်သည့် ရောဂါ

ဒုတိယ ကမ္ဘာစစ်ပြီးနောက် ဆေးပညာ အရှိန်အဟုန်ကြီးစွာ တိုးတက်မှုကြောင့် ယခင်အခါများ၌ စိတ်ကူးယဉ်၍ပင် မရနိုင်ခဲ့သည့် ခွဲစိတ်ကုသမှုအချို့ကို အောင်မြင်စွာ ပြုလုပ်လာနိုင်ခဲ့ကြသည်။ သို့နှင့် သမားတော်ကြီးများက သွေးသွင်းခြင်းကို ခွဲစိတ်ကုသမှုအတွက် စံအဖြစ် ယူဆလာသဖြင့် လိုအပ်သောသွေးကို ထောက်ပံ့ဖြန့်ဖြူးပေးသည့် နှစ်စဉ် ဒေါ်လာဘီလီယံ များစွာတန်သော ကမ္ဘာ့စီးပွားရေးလုပ်ငန်းကြီးလည်း ပေါ်ထွက်လာခဲ့သည်။

သို့ရာတွင် များမကြာမီ သွေးသွင်းခြင်းနှင့် ဆက်နွှယ်သည့် ရောဂါအတွက် စိုးရိမ်ပူပန်မှုများသည် ရှေ့တန်းသို့ တစ်ဖန်ရောက်ရှိခဲ့သည်။ သာဓကအနေနှင့် ကိုရီးယားစစ်ပွဲအတွင်း ပလာစမာသွေးရည်ကြည် အသွင်းခံရသူများအနက် ၂၂ ရာခိုင်နှုန်းနီးပါးသည် အသည်းရောင်အသားဝါရောဂါ ဖြစ်ပွားခဲ့သဖြင့် ဒုတိယ ကမ္ဘာစစ်အတွင်း ဖြစ်ပွားခဲ့သည့်နှုန်း၏ သုံးဆနီးပါးရှိခဲ့သည်။ ၁၉၇၀ ပြည့်လွန်နှစ်များသို့ ရောက်သည့်အခါ သွေးသွင်းခြင်းနှင့်ဆက်နွှယ်သည့် အသည်းရောင်အသားဝါရောဂါ ဖြစ်ပွားမှုသည် တစ်နှစ်လျှင် ၃,၅၀၀ ရှိသည်ဟု အမေရိကန် ရောဂါထိန်းချုပ်ရေး ဗဟိုဌာနက ခန့်မှန်းခဲ့သည်။ အခြားခန့်မှန်းချက်များက ထိုကိန်းဂဏန်း၏ ဆယ်ဆရှိသည်ဟု ဆိုကြသည်။

သွေးစစ်ဆေးမှု တိုးတက်လာခြင်း၊ သွေးလှူရှင်များကို ဂရုတစိုက် ရွေးချယ်ခြင်းတို့ကြောင့် အသည်းရောင်အသားဝါ ဘီအမျိုးအစား ကူးစက်ဖြစ်ပွားမှုဦးရေ ကျဆင်းလာခဲ့သည်။ သို့သော် ၎င်းနောက်ပိုင်းတွင် အသစ်သော ဗိုင်းရပ်စ်ပိုးတစ်မျိုး၊ အသေအပျောက်ဖြစ်စေသည့် အသည်းရောင်အသားဝါ စီအမျိုးအစားသည် လူအသက်ပေါင်းများစွာကို ဆုံးရှုံးစေခဲ့သည်။ အမေရိကန်ပြည်သူ လေးသန်းခန့်တွင် ဤဗိုင်းရပ်စ်ပိုး ကူးစက်လျက်ရှိပြီး ထိုသူတို့ထဲမှ သိန်းနှင့်ချီသောသူတို့သည် သွေးသွင်းခြင်းမှတစ်ဆင့် ကူးစက်ခံခဲ့ရခြင်းဖြစ်သည်။ သို့သော် တင်းကျပ်သည့် စစ်ဆေးမှုကြောင့် အသည်းရောင်အသားဝါ စီအမျိုးအစား ပြန့်ပွားမှုကို လျှော့ချနိုင်ခဲ့သည်။ သို့ဖြစ်စေကာမူ အသစ်သော ဘေးအန္တရာယ်များ ပေါ်ထွက်လာပြီး ၎င်းတို့ကို လူတို့သိရှိသည့်အခါ၌ အလွန် အခါနှောင်းသွားမည့်အရေးကို အချို့က စိုးရိမ်လျက်ရှိကြသည်။

မြွေပူရာ ကင်းမှောင့်– အိပ်ခ်ျအိုင်ဗီပိုး မကင်းသောသွေး

၁၉၈၀ ပြည့်လွန်နှစ်များအတွင်း သွေးများ၌ အေအိုင်ဒီအက်စ်ရောဂါ ဖြစ်ပွားစေနိုင်သည့် အိပ်ခ်ျအိုင်ဗီ ဗိုင်းရပ်စ်ပိုး မကင်းကြောင်း တွေ့ရှိခဲ့သည်။ အစပိုင်း၌ သွေးဘဏ်မှ တာဝန်ရှိသူများက သူတို့ဖြန့်ဖြူးသည့်သွေး ညစ်ညမ်းမှု ရှိကောင်းရှိနိုင်သည် ဟူသောအချက်ကိုပင် စဉ်းစားသုံးသပ်လိုစိတ် မရှိခဲ့ကြချေ။ ပထမတွင် ထိုသူတို့ထဲမှ အများသောသူတို့က အိပ်ခ်ျအိုင်ဗီ ဗိုင်းရပ်စ်ပိုး၏ အန္တရာယ်ကိုပင် သံသယ ဖြစ်ခဲ့ကြသည်။ ဒေါက်တာ ဘရူးစ် အဲဗတ် အဆိုအရ “ထိုစဉ်က အခြေအနေမှာ သဲကန္တာရတွင် လှည့်လည်သွားလာခဲ့သူတစ်ဦးက ‘ဂြိုဟ်သားတစ်ဦးကို တွေ့ခဲ့သည်’ ဟုပြောသည်နှင့်မခြားပေ။ လူတို့သည် နားထောင်ရုံနားထောင်ပြီး မယုံကြည်ကြချေ။”

သို့ရာတွင် အိပ်ခ်ျအိုင်ဗီပိုး မကင်းသောသွေးနှင့် စပ်လျဉ်းသည့် အရှုပ်တော်ပုံသတင်းများ တစ်နိုင်ငံပြီး တစ်နိုင်ငံမှ ထွက်ပေါ်လာခဲ့သည်။ ပြင်သစ်နိုင်ငံတွင် ၁၉၈၂ ခုနှစ်နှင့် ၁၉၈၅ ခုနှစ်အတွင်း သွေးသွင်းခြင်းမှတစ်ဆင့် အိပ်ခ်ျအိုင်ဗီပိုး ကူးစက်ခံရသူ ၆,၀၀၀ နှင့် ၈,၀၀၀ အတွင်းရှိသည်ဟု ခန့်မှန်းရသည်။ အာဖရိကတိုက် တစ်ဝန်းလုံးမှ အိပ်ခ်ျအိုင်ဗီပိုး ကူးစက်ခံရသူ ၁၀ ရာခိုင်နှုန်းနှင့် ပါကစ္စတန်နိုင်ငံမှ အေအိုင်ဒီအက်စ် ဝေဒနာရှင် ၄၀ ရာခိုင်နှုန်းတို့မှာ သွေးသွင်းခြင်းမှ ကူးစက်ခံရခြင်းဖြစ်သည်ဟု ယုံကြည်ကြသည်။ ယနေ့ တိုးတက်လာသည့် သွေးစစ်နည်းများကြောင့် သွေးသွင်းခြင်းမှတစ်ဆင့် အိပ်ခ်ျအိုင်ဗီပိုး ကူးစက်မှုမှာ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ကြုံတောင့်ကြုံခဲ ဖြစ်ရပ်များဖြစ်သွားလေပြီ။ သို့သော် ခေတ်မီ သွေးစစ်နည်း မရှိသည့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင်မူ ထိုနည်းဖြင့် ရောဂါကူးစက်မှုမှာ ဆက်လက် ဖြစ်ပွားလျက်ပင်ရှိသည်။

ထို့ကြောင့် များမကြာမီ နှစ်များအတွင်း သွေးမဲ့ဆေးပညာနှင့် သွေးမဲ့ခွဲစိတ်ကုသမှုကို လူတို့ ပိုမို စိတ်ဝင်စားလာကြသည်မှာ အကြောင်းမဲ့မဟုတ်ပေ။ သို့သော် သွေးမဲ့ဆေးပညာသည် စိတ်ချရသော အစားထိုးရွေးချယ်မှု ဖြစ်သလော။

[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်]

သွေးသွင်းခြင်း—⁠ဆေးပညာဆိုင်ရာ စံနှုန်းမရှိ

အမေရိကန်နိုင်ငံ တစ်ခုတည်းတွင် လူနာ ၃,၀၀၀,၀၀၀ အား နှစ်စဉ် သွေးဆဲလ်နီ ယူနစ်ပေါင်း ၁၁,၀၀၀,၀၀၀ ကျော်ကို သွင်းပေးလျက်ရှိသည်။ များပြားလှသည့် ဤပမာဏကိုထောက်ရှုလျှင် သွေးသွင်းခြင်းနှင့်ပတ်သက်၍ ဆရာဝန်တို့တွင် တိကျခိုင်မာသည့် စံနှုန်းရှိလိမ့်မည်ဟု ထင်မြင်ယူဆကြပေမည်။ သို့သော် “သွေးသွင်းခြင်းနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်ချရာ၌ လမ်းညွှန်ပေးသည့်” အချက်အလက်များ အံ့အားသင့်စရာ ကောင်းလောက်အောင် နည်းပါးလှကြောင်း နယူးအင်္ဂလန် ဆေးပညာဂျာနယ် ကဆိုသည်။ စင်စစ်ဆိုလျှင် လူနာအား မည်သည့်အရာ သွင်းပေးရမည်၊ ပမာဏမည်မျှ သွင်းပေးရမည် ဟူသည့်ကိစ္စ၌သာမက သွေးသွင်းရန် လုံးဝ လိုအပ်မလိုအပ်သည့် ကိစ္စ၌ပင် လက်တွေ့လုပ်ဆောင်ရာတွင် အကြီးအကျယ် ကွဲပြားနေကြသည်။ “သွေးသွင်းခြင်းနှင့်ပတ်သက်၍ ဆုံးဖြတ်ပိုင်ခွင့်မှာ ဆရာဝန်၏လက်ထဲ၌ရှိ၏၊ လူနာ၏လက်ထဲ၌မရှိ” ဟူ၍ Acta Anœsthesiologica Belgica ဆေးပညာဂျာနယ်က ဆို၏။ အထက်ပါအကြောင်းများကို ဆင်ခြင်သုံးသပ်လိုက်သော် နယူးအင်္ဂလန် ဆေးပညာဂျာနယ် တွင်ပါရှိသည့် လေ့လာမှုတစ်ခုက “ခန့်မှန်းခြေအားဖြင့် သွေးသွင်းကုသမှု ၆၆ ရာခိုင်နှုန်းမှာ မတော်မလျော် သွင်းပေးခြင်းဖြစ်ကြောင်း” တွေ့ ရှိခဲ့သည်မှာ အံ့ဩစရာ လုံးဝမဟုတ်ပေ။

[စာမျက်နှာ ၅ ပါ ရုပ်ပုံ]

ဒုတိယကမ္ဘာစစ်အတွင်း သွေးလိုအပ်ချက် တစ်ရှိန်ထိုး တိုးတက်လာသည်

[Credit Lines]

Imperial War Museum, London

U.S. National Archives photos