မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အေအိုင်ဒီအက်စ် ရောဂါသည်မိခင်များ အကျပ်အတည်းရင်ဆိုင်နေရ

အေအိုင်ဒီအက်စ် ရောဂါသည်မိခင်များ အကျပ်အတည်းရင်ဆိုင်နေရ

အေအိုင်ဒီအက်စ် ရောဂါသည်မိခင်များ အကျပ်အတည်းရင်ဆိုင်နေရ

အနောက်အင်ဒီးစ်ကျွန်းစုတွင် နေထိုင်သော စင်သီယာ *အမည်ရှိ အမျိုးသမီးတစ်ဦးသည် သူ၏မွေးကင်းစကလေးကို မိခင်နို့တိုက်ခြင်း သို့မဟုတ် နို့ဘူးတိုက်ခြင်းဟူသည့်အရာနှစ်ခုတွင် တစ်ခုခုကိုရွေးချယ်စရာရှိခဲ့သည်။ ဆုံးဖြတ်ချက်မှာ ရိုးရိုးကလေးဖြစ်ပုံရသည်။ ထိုထက်ကား၊ ကျန်းမာရေးပညာရှင်များက ကလေးငယ်များအတွက် “အကောင်းဆုံးသော ကျန်းမာရေးအစာ” အဖြစ် မိခင်နို့ရည်ကို ရာစုနှစ်များစွာ အားပေးအားမြှောက်ပြုလာခဲ့ကြပေပြီ။ ထို့အပြင် ဆင်းရဲသားရပ်ကွက်များတွင် နို့ဘူးတိုက်ကျွေးသောကလေးငယ်များသည် မိခင်နို့ရည်တိုက်ကျွေးသောကလေးငယ်များထက် ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် သေဆုံးနိုင်သည့်အလားအလာ ၁၅ ဆခန့် ပိုများနိုင်ဖွယ်ရှိသည်။ အမှန်မှာ၊ မိခင်နို့ရည်အစားထိုးပစ္စည်းများနှင့်ဆက်နွှယ်သည့် အန္တရာယ်များကြောင့် နေ့စဉ် ကလေး ၄,၀၀၀ ခန့် သေဆုံးကြကြောင်း ကမ္ဘာ့ကလေးများရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်) ကဖော်ပြသည်။

သို့ရာတွင် စင်သီယာ၏အဖြစ်၌ မိခင်နို့တိုက်ခြင်းနှင့်စပ်လျဉ်းသည့် ဆုံးဖြတ်ချက်တွင် နောက်ထပ်ဘေးအန္တရာယ် ပါဝင်ပတ်သက်နေသည်။ သူ၏ခင်ပွန်းသည် သူ့အား အေအိုင်ဒီအက်စ်ရောဂါဖြစ်စေသည့် ခုခံအားလျော့ဗိုင်းရပ်စ်ပိုး (အိပ်ခ်ျအိုင်ဗွီ) ကူးစက်စေခဲ့သည်။ ကလေးမွေးဖွားပြီးနောက် အိပ်ခ်ျအိုင်ဗွီပိုးရှိသည့်မိခင်၏ကလေးသည် အမိနို့ရည်မှတစ်ဆင့် ရောဂါကူးစက်ခံရဖို့အခွင့်အလမ်း ၇ အချိုး ၁ ရှိကြောင်း စင်သီယာသိရှိခဲ့သည်။ * သို့ဖြစ်၍၊ သူသည် မိမိ၏ကလေးအား မိခင်နို့တိုက်ခြင်းမှရသောဘေးအန္တရာယ်ကို သင့်ရောက်စေမည်လော သို့မဟုတ် နို့ဘူးတိုက်ခြင်းမှရသော အန္တရာယ်အောက်ရောက်ရှိစေမည်လောဟူသည့် စိတ်ထိခိုက်ဖွယ်ရွေးချယ်မှုတစ်ခုကို ပြုလုပ်ရမည်။

အေအိုင်ဒီအက်စ်ရောဂါ အဆိုးရွားဆုံးကူးစက်ပျံ့နှံ့နေသော ကမ္ဘာ့ဒေသများစွာတွင် ကိုယ်ဝန်ဆောင်အမျိုးသမီး ၁၀ ယောက်တိုင်းတွင် ၂ ယောက် သို့မဟုတ် ၃ ယောက်သည် အိပ်ခ်ျအိုင်ဗွီပိုးရှိသူများဖြစ်ကြသည်။ နိုင်ငံတစ်နိုင်ငံတွင် စမ်းသပ်စစ်ဆေးမှုခံယူသည့် ကိုယ်ဝန်ဆောင်အမျိုးသမီး ထက်ဝက်ကျော်သည် ရောဂါကူးစက်ခံရကြသည်။ “ဤထိတ်လန့်ဖွယ်ကိန်းဂဏန်းများက သိပ္ပံပညာရှင်များအား ကုစားနည်းကို အပြိုင်ကြဲရှာဖွေစေခဲ့ပြီ” ဟု ယူအဲန် ရေဒီယိုကဖော်ပြသည်။ ဤခြိမ်းခြောက်မှုကိုတုံ့ပြန်ရန် ယူအင်န် အဖွဲ့အစည်း ၆ ခုက မိမိတို့၏အတွေ့အကြုံ၊ ကြိုးပမ်းမှုများနှင့် စွမ်းအားအရင်းအမြစ်များဖြင့် ယူအဲန်အေ့ဒ်စ် (UNAIDS) ဟုခေါ်သည့် အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်ဆိုင်ရာ ပူးတွဲကုလသမဂ္ဂအစီအစဉ်ကို ဖွဲ့စည်းတည်ထောင်လိုက်ကြသည်။ * သို့သော် အေအိုင်ဒီအက်စ်အကျပ်အတည်းကို ဖြေရှင်းဖို့ဟူသည် သိပ်မလွယ်ကူကြောင်း ယူအဲန်အေ့ဒ်စ် (UNAIDS) တွေ့ရှိခဲ့သည်။

ရိုးရှင်းသောဖြေရှင်းနည်းကို ဟန့်တားနေသည့် ရှုပ်ထွေးသောအတားအဆီးများ

မိခင်နို့တိုက်ခြင်းနှင့် မိခင်မှကလေးသို့ အိပ်ခ်ျအိုင်ဗွီပိုးကူးစက်ခြင်းဆိုင်ရာပါရဂူ အက်ဒိသ် ဝှိုက်၏အဆိုအရ၊ မိခင်နို့တိုက်ခြင်းသည် ကလေးငယ်ကူးစက်ခံနေရသည့်အန္တရာယ်ကို နှစ်ဆနီးပါးဖြစ်စေသောကြောင့် စက်မှုထွန်းကားသောနိုင်ငံများ၌ အိပ်ခ်ျအိုင်ဗွီပိုးရှိသောအမျိုးသမီးများကို မိမိတို့ကလေးငယ်များအား မိခင်နို့ရည်မတိုက်ကျွေးကြရန် ကျန်းမာရေးလုပ်သားများက အကြံပေးနေကြသည်။ ကလေးအာဟာရနို့ဘူးကိုအသုံးပြုမှုသည် ကျိုးကြောင်းဆီလျော်သော ရွေးစရာနည်းလမ်းတစ်ခု ဖြစ်ပုံရ၏။ သို့သော် မနှစ်မြို့ဖွယ်ဖြစ်ရပ်မှန်များကို စိတ်ကူးယဉ်သီအိုရီများက လျင်မြန်စွာ ဖယ်ရှားနေရာယူလိုက်သည့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဤလွယ်ကူသောဖြေရှင်းနည်းကို အကောင်အထည်ဖော်ဖို့ ခဲယဉ်းသည်။

အတားအဆီးများအနက်တစ်ခုမှာ လူမှုရေးနှင့်သက်ဆိုင်သည်။ မိခင်နို့တိုက်ကျွေးခြင်းသည် စံဖြစ်သည့်နိုင်ငံများ၌ မိမိတို့ကလေးများကို နို့ဘူးတိုက်သည့်အမျိုးသမီးများက မိမိတို့ အိပ်ခ်ျအိုင်ဗွီပိုးကူးစက်ခံနေရသည် ဟူသောအချက်ကို ကြေညာသလိုဖြစ်နေပေမည်။ အမျိုးသမီးတစ်ဦးသည် အပြစ်တင်ခံရမည်၊ စွန့်ပစ်ခံရမည်၊ မိမိအခြေအနေကို လူသိရှင်ကြားဖြစ်သွားပါက အရိုက်အနှက်ပင်ခံရမည်ကို ကြောက်ရွံ့ပေမည်။ ဤအခြေအနေကြုံရသော အမျိုးသမီးတချို့က မိမိတို့၏အိပ်ခ်ျအိုင်ဗွီပိုးရှိသည့်အခြေအနေကို ဖုံးကွယ်ထားရန် ကလေးကို မိခင်နို့တိုက်ရန်မှတစ်ပါး ရွေးချယ်စရာမရှိဟု ခံစားကြရသည်။

အခြားအတားအဆီးများလည်း ရှိသေးသည်။ ဥပမာ၊ အသက် ၂၀ အရွယ်ရှိသော မာဂရက်ကို သုံးသပ်ကြည့်ပါ။ ယူဂန်ဒါနိုင်ငံကျေးလက်အမျိုးသမီးများ၏ အနည်းဆုံး ၉၅ ရာခိုင်နှုန်းကဲ့သို့ပင် သူသည် အိပ်ခ်ျအိုင်ဗွီပိုး စမ်းသပ်စစ်ဆေးမှု မခံခဲ့ရဖူးချေ။ သို့သော် မာဂရက်တွင် စိုးရိမ်စရာအကြောင်းရှိ၏။ သူ၏သမီးဦး သေဆုံးသွားခဲ့ပြီး ဒုတိယသမီးကလေးမှာလည်း အားနည်းကာချူချာနေသည်။ မာဂရက်တွင် အိပ်ခ်ျအိုင်ဗွီပိုးရှိကောင်းရှိနိုင်သော်လည်း သူ၏တတိယမြောက်ကလေးကို တစ်နေ့လျှင် ဆယ်ကြိမ် နို့တိုက်နေရသည်။ “ကျွန်မကလေးကို ဘယ်တော့မှ အာဟာရနို့ဘူး တိုက်ကျွေးနိုင်မှာမဟုတ်ဘူး” ဟုသူကဆိုသည်။ အဘယ်ကြောင့်နည်း။ ကလေးတစ်ဦးကို ကလေးအာဟာရနို့ဘူး တိုက်ကျွေးရသည့်ကုန်ကျစရိတ်သည် သူ၏ရွာရှိမိသားစုတစ်စု၏ တစ်နှစ်ပတ်လုံးဝင်ငွေစုစုပေါင်း၏ တစ်ဆခွဲရှိသည်ဟု မာဂရက်ကဆိုသည်။ အာဟာရနို့ဘူးကို အခမဲ့ရရှိနိုင်သည့်တိုင် ထိုအာဟာရနို့ဘူးကို ဘေးကင်းသောကလေးအစားအစာပြုလုပ်ရန် သန့်ရှင်းသောရေ ရှာဖွေရသည့်ပြဿနာက ရှိနေပေဦးမည်။ *

အကယ်၍ အိပ်ခ်ျအိုင်ဗွီပိုးကူးစက်ခံနေရသည့် မိခင်များသည် နည်းမှန်လမ်းကျသန့်ရှင်းရေး၊ မိခင်နို့အစားထိုးပစ္စည်းပမာဏလုံလောက်ရေးနှင့် ဘေးကင်းသောရေရရှိရေးတို့ကို ထောက်ပံ့ပေးမည်ဆိုလျှင် ဤအတားအဆီးတချို့ကို လျော့ပါးစေနိုင်ပါသည်။ အကုန်အကျများသလော။ များကောင်းများနိုင်ပါသည်။ သို့တိုင်၊ ထိုသို့ထောက်ပံ့စီမံပေးခြင်းသည် ရန်ပုံငွေရှာဖွေရေးထက် ပို၍ဦးစားပေးစီစဉ်ရမည့် ကိစ္စတစ်ရပ်ဖြစ်နေပုံရသည်မှာ အံ့အားသင့်စရာပင်။ အမှန်ဆိုရလျှင်၊ ကမ္ဘာ့အဆင်းရဲဆုံး ဖွံ့ဖြိုးဆဲနိုင်ငံအချို့သည် ကျန်းမာရေးနှင့် ပညာရေးအသုံးစရိတ်တို့ထက် စစ်အသုံးစရိတ်က နှစ်ဆခန့်ပိုများကြောင်း ယူအဲန်ကအစီရင်ခံသည်။

အေအိုင်ဒီအက်စ်တိုက်ဖျက်သည့် ဆေးဝါးများကော အသို့နည်း

အလွယ်တကူရရှိနိုင်ပြီး ဈေးနှုန်းချိုသာသော AZT ဟုခေါ်သည့်ဆေးဝါးသည် မိခင်ထံမှမွေးကင်းစကလေးသို့ အိပ်ခ်ျအိုင်ဗွီပိုးကူးစက်ခြင်းကို သိသိသာသာ လျော့နည်းစေနိုင်ကြောင်း ယူအဲန်သိပ္ပံပညာရှင်များက ဖော်ပြခဲ့ကြပြီ။ ယူအဲန်အေ့ဒ်စ် (UNAIDS) ၏အကူအညီဖြင့် ဤဆေးဝါးကုသမှုကုန်ကျစရိတ်မှာ ဒေါ်လာ ၅၀ ထိ လျော့နည်းခဲ့ပေပြီ။ ၎င်းအပြင်၊ အိပ်ခ်ျအိုင်ဗွီပိုးကူးစက်မှုကို ကာကွယ်ရာတွင် အိပ်ခ်ျအိုင်ဗွီပိုးရှိမိခင်များနှင့် သူတို့၏မွေးကင်းစကလေးများအား တန်ဖိုး ၃ ဒေါ်လာမျှသာရှိသည့် နီဗီယာပင်း (NVP) ဆေးဝါးဖြင့်ကုသခြင်းက AZT ထက်ပင် ပို၍ထိရောက်နိုင်ဖွယ်ရှိကြောင်း အေအိုင်ဒီအက်စ် သုတေသနပညာရှင်များက ၁၉၉၉ ဇူလိုင်လတွင် ကြေညာခဲ့ကြသည်။ နီဗီယာပင်း (NVP) သည် တစ်နှစ်လျှင် မွေးကင်းစကလေး ၄၀၀,၀၀၀ တို့အား သူတို့အသက်အစမှာပင် အိပ်ခ်ျအိုင်ဗွီပိုးကူးစက်ခံရမှုမှ ကာကွယ်ပေးနိုင်ကြောင်း ကျန်းမာရေးကျွမ်းကျင်သူများက ဆိုသည်။

သို့ရာတွင်၊ ထိုသို့သောဆေးဝါးကုသမှုများသည် မိခင်မှကလေးသို့ အိပ်ခ်ျအိုင်ဗွီကူးစက်မှုကိုသာ ကာကွယ်ပေးနိုင်သောကြောင့် မိခင်သည် နောက်ဆုံး၌ အေအိုင်ဒီအက်စ်ရောဂါဖြင့် သေဆုံးသွားမည်ဖြစ်ကာ ကလေးကို မိဘမဲ့ဖြစ်စေမည်ဟု အချို့ကဝေဖန်ကြသည်။ စိတ်ပျက်ဖွယ်အခြားရွေးချယ်စရာတစ်မျိုးမှာ ကလေးငယ်များအား အိပ်ခ်ျအိုင်ဗွီပိုးစွဲကပ်စေခြင်းဖြစ်၍ ဤအပြစ်မဲ့ကလေးများကို တဖြည်းဖြည်းနှင့် ဝမ်းနည်းဖွယ်သေဆုံးစေခြင်းဖြစ်သည်ဟု ယူအဲန်က တုံ့ပြန်လိုက်သည်။ ထို့ပြင် အိပ်ခ်ျအိုင်ဗွီပိုးကူးစက်ခံရသော မိခင်များသည် နှစ်နှင့်ချီအသက်ရှင်နိုင်ကြောင်းလည်း အခိုင်အမာပြောဆိုကြသည်။ အစောပိုင်းကဖော်ပြခဲ့သည့် စင်သီယာကို သုံးသပ်ကြည့်ပါ။ သူသည် ကလေးမွေးဖွားခဲ့ချိန် ၁၉၈၅ ခုနှစ်တွင် အိပ်ခ်ျအိုင်ဗွီပိုးရှိကြောင်း သိရှိခဲ့သည်၊ သို့သော် နောက်ရှစ်နှစ်ကြာသည့်တိုင်အောင် ဖျားနာခြင်းမရှိခဲ့ချေ။ ထို့ပြင် သူ၏ကလေးသည် မွေးဖွားစဉ်ကပင် အိပ်ခ်ျအိုင်ဗွီပိုးရှိခဲ့လင့်ကစား အသက်နှစ်နှစ်ရောက်သောအခါ ပိုးကင်းခဲ့သည်။

သမ္မာကျမ်းစာ၏ နှစ်သိမ့်မှုပေးသောအာမခံချက်မှာ အမှန်တကယ်ဘေးကင်းသည့် ပတ်ဝန်းကျင်တစ်ခုနှင့် အေအိုင်ဒီအက်စ်ကဲ့သို့သော ကပ်ဆိုးများအတွက် တည်မြဲသောဖြေရှင်းနည်းသည် အလှမ်းမဝေးတော့ ဟူ၍ဖြစ်သည်။ (ဗျာဒိတ် ၂၁:၁-၄) ယေဟောဝါဘုရားသခင်သည် “မြို့သားကလည်း ‘ငါနာသည်’ ဟုမဆိုရ” သည့်ကမ္ဘာသစ်တစ်ခုကို ကတိပြုတော်မူ၏။ (ဟေရှာယ ၃၃:၂၄) ဤတည်မြဲသောဖြေရှင်းနည်းအကြောင်းကို သင့်အား ယေဟောဝါသက်သေများက ပြောပြလိုကြပါသည်။ ထပ်ဆင့်အချက်အလက်များအတွက် ဤမဂ္ဂဇင်းထုတ်ဝေသူများ သို့မဟုတ် သင့်ရပ်ကွက်ရှိ ယေဟောဝါသက်သေများကို ကျေးဇူးပြု၍ ဆက်သွယ်ပါ။

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 2 နာမည်ရင်း မဟုတ်။

^ အပိုဒ်၊ 3 ယူနီဆက်ဖ်၏အဆိုအရ တစ်နေ့လျှင် နို့စို့ကလေး ၅၀၀ မှ ၇၀၀ ခန့်သည် အိပ်ခ်ျအိုင်ဗွီပိုးရှိသော မိခင်များ၏နို့ရည်ကြောင့် ရောဂါကူးစက်ခံနေကြရသည်။

^ အပိုဒ်၊ 4 အဖွဲ့အစည်း ၆ ခုမှာ ယူနီဆက်ဖ်၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်၊ ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ကမ္ဘာ့ဘဏ်နှင့် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံပညာနှင့်ယဉ်ကျေးမှုအဖွဲ့ တို့ဖြစ်ကြသည်။ ယူအဲန်အေ့ဒ်စ်ကို ၁၉၉၅ ခုနှစ်တွင် ဖွဲ့စည်းတည်ထောင်ခဲ့သည်။

^ အပိုဒ်၊ 8 အာဟာရနို့ဘူးရည်ကို မိခင်နို့ရည်နှင့် ရောစပ်တိုက်ကျွေးလိုက်ခြင်းသည် အိပ်ခ်ျအိုင်ဗွီကူးစက်ခြင်းအန္တရာယ်ကို တိုးပွားစေနိုင်ကြောင်းနှင့် မိခင်နို့ရည်တွင် ဗိုင်းရပ်စ်ပိုးကို တားဆီးပေးသည့် ပဋိဗိုင်းရပ်စ်ပစ္စည်းများပါဝင်နိုင်ကြောင်း မကြာသေးမီကပြုသော လေ့လာမှုတစ်ခုက အကြံပြုသည်။ ယင်းသည် မှန်ကန်မည်ဆိုလျှင်၊ မိခင်နို့ကိုသာ တိုက်ကျွေးခြင်းသည်—ဘေးအန္တရာယ်များ ရှိနေသည့်တိုင်—အန္တရာယ် ပိုကင်းသော ရွေးချယ်မှုတစ်ခု ဖြစ်နိုင်ပေသည်။ သို့ရာတွင် ဤလေ့လာမှုဆိုင်ရာတွေ့ရှိချက်များကို အတည်ပြုရန်လိုသေးသည်။

[Picture Credit Line on page 20]

WHO/E. Hooper