မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျွန်ုပ်တို့၏စာရှုသူများထံမှ

ကျွန်ုပ်တို့၏စာရှုသူများထံမှ

ကျွန်ုပ်တို့၏စာရှုသူများထံမှ

သစ္စာပန်း “သစ္စာပန်း—⁠အထိမခံသည့် ထူးထူးခြားခြားလှပသောပန်း” ဆောင်းပါးအတွက် သင်တို့ကို ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ (ဖေဖော်ဝါရီ ၂၂၊ ၂၀၀၀ [လိပ်]) သူတို့နဲ့ ကျွန်တော်အသင်းဝင်တစ်ဦးဖြစ်လာဖို့ကို သံသယဖြစ်ပေမယ့် ကျွန်တော့်ဆီကို ခင်ဗျားတို့ရဲ့အသင်းသားတွေ လာလည်ပတ်တဲ့အခါ ကျွန်တော်ဝမ်းသာမိပါတယ်။ ဘာပဲဖြစ်ဖြစ် သစ္စာပန်းအကြောင်းကို ကောင်းကောင်းသိထားတဲ့သူတစ်ယောက်ယောက်က ဒီဆောင်းပါးကိုရေးထားတာပဲ။ ဒီဆင်းရဲခက်ခဲတဲ့လောကမှာ သစ္စာပန်းတွေကို စိုက်ပျိုးရတာဟာ ဘဝကို စိတ်ပြေလက်ပျောက်ဖြစ်စေဖို့နဲ့ ပျော်မွေ့ဖို့ အထူးကောင်းမွန်တဲ့နည်းတစ်နည်းပါပဲ။

စီ. အဲမ်၊ ယူနိုက်တက်စတိတ်စ်

ကိုယ့်ကိုယ်ကိုသတ်သေခြင်း “ကိုယ့်ကိုယ်ကိုသတ်သေခြင်း—⁠မည်သူများသည် အန္တရာယ်အများဆုံးနည်း” (ဖေဖော်ဝါရီ ၂၂၊ ၂၀၀၀ [လိပ်]) အခန်းဆက်ဆောင်းပါးတွေဟာ ကျွန်မတို့တကယ်လိုအပ်နေတဲ့အရာဖြစ်တယ်။ လွန်ခဲ့တဲ့ရှစ်လတုန်းက ကျွန်မရဲ့အမေ ရုတ်တရက်ဆုံးသွားတယ်။ သူဆုံးတဲ့အချိန်မှာ ကျွန်မအဖေဟာ အဝေးမှာရောက်နေလို့ အပြစ်ရှိတယ်လို့ခံစားရတယ်။ အသက်ဆက်မရှင်ချင်တော့ဘူးလို့ သူကပြောတယ်။ ဒါကြောင့် ဒီဆောင်းပါးတွေဟာ ကျွန်မအဖေနဲ့ကျွန်မအတွက် သိပ်ကိုအကျိုးရှိပါတယ်။

အာရ်. ဇက်၊ ဂျာမနီ

ကျွန်မရဲ့အဖိုးဟာ လွန်ခဲ့တဲ့နှစ်နှစ်တုန်းက သူ့ကိုယ်သူသတ်သေခဲ့တယ်။ သူ့ဇနီးကွယ်လွန်ပြီးတဲ့နောက်မှာ သူ့ရဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေဟာ ယိုယွင်းလာတယ်။ သူဘာကြောင့် အဲသလိုလုပ်ခဲ့ရသလဲဆိုတာကို ရှင်တို့ရဲ့ဆောင်းပါးတွေက ကျွန်မကိုနားလည်စေပါတယ်။

အေ. အဲမ်၊ ယူနိုက်တက်စတိတ်စ်

အသက် ၄၈ နှစ်အရွယ် ကျွန်မရဲ့အစ်ကိုဟာ ဇန်နဝါရီလမှာ သူ့ကိုသူသတ်သေခဲ့တယ်။ သူ့ကိုအောက်မေ့တဲ့အခမ်းအနား လုပ်ပြီးတဲ့နောက်တစ်နေ့မှာ ယေဟောဝါသက်သေတစ်ယောက်မဟုတ်တဲ့ ကျွန်မရဲ့အဖေဟာ ကျွန်မတို့ရဲ့စာတိုက်ပုံးထဲမှာ ဒီနိုးလော့! စာစောင်ကို တွေ့ရှိခဲ့တယ်။ အဲဒီစာစောင်ကို ကျွန်မတို့ဆီလာပြတုန်းကဆိုရင် အဖေဟာ စကားမပြောနိုင်ဖြစ်ပြီး မျက်ရည်လည်နေတယ်။ နှစ်သိမ့်မှုပေးတဲ့ ဒီအခန်းဆက်ဆောင်းပါးတွေအတွက် ကျွန်မတို့မိသားစုဟာ ကျေးဇူးတင်ဝမ်းသာတဲ့မျက်ရည်ကျခဲ့ကြတယ်။

ဘီ. ဂျေ၊ ယူနိုက်တက်စတိတ်စ်

လွန်ခဲ့တဲ့နှစ်အတွင်းမှာ ကျွန်မတို့ရဲ့ကျောင်းနယ်မြေမှာ ကလေးခြောက်ယောက် သူတို့ကိုယ်သူတို့သတ်သေခဲ့ကြတယ်။ အဲဒါဟာ အဓိကစိုးရိမ်စရာဖြစ်တဲ့အတွက် ကျောင်းပညာရေးစနစ်ထဲမှာ ကိုယ့်ကိုယ်ကိုသတ်သေမှုကို သတိထားစောင့်ကြည့်ဖို့ ကျောင်းနယ်မြေက ထုတ်ပြန်ကြေညာခဲ့တယ်။ ကျွန်မတို့ရဲ့သတင်းတရားကို လက်ခံလေ့မရှိတဲ့ဒေသတွေမှာ ဒီစာစောင်ကို ကျွန်မတို့ဝေငှခဲ့ကြတယ်။ တစ်ခါတလေကျတော့ လူတွေဟာ ကျွန်မတို့တင်ဆက်မှု လက်စမသတ်ခင်မှာဘဲ ကျွန်မတို့လက်ထဲကနေ မဂ္ဂဇင်းကိုယူသွားကြတယ်!

စီ. စီ၊ ယူနိုက်တက်စတိတ်စ်

ကျွန်မဆယ်ကျော်သက်အရွယ်တုန်းက ကျွန်မအဖေဆုံးသွားပြီးတဲ့နောက်မှာ ကိုယ့်ကိုယ်ကိုသတ်သေဖို့ နှစ်ကြိမ်ကြိုးစားခဲ့တယ်။ “ကိုယ့်ကိုယ်ကိုသတ်သေမှု” ဆိုတဲ့စကားလုံးကို မပြောသင့်တဲ့အရာလို့ တချို့ကယူဆကြပါတယ်။ အဲဒါကို နိုးလော့!ရဲ့မျက်နှာဖုံးမှာထားရှိတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီဆောင်းပါးတွေဟာ ပွင့်ပွင့်လင်းလင်း၊ အရှိကိုအရှိအတိုင်းဖော်ပြထားပြီး တကယ်နားလည်လွယ်မှန်း ကျွန်မတွေ့ရှိခဲ့တယ်။

အဲမ်. ဂျီ၊ ပြင်သစ်

ခင်မင်မှုပြဿနာများ “လူငယ်များအမေး . . . ကိုယ့်သူငယ်ချင်းက ဘာကြောင့် ကိုယ့်ကိုစိတ်ထိခိုက်စေရတာလဲ” (ဖေဖော်ဝါရီ ၂၂၊ ၂၀၀၀ [လိပ်]) ဆိုတဲ့ဆောင်းပါးဟာ ကျွန်မကို အထောက်အကူပေးခဲ့တယ်။ ကျွန်မနဲ့ ခြောက်နှစ်ခွဲကြာ ပေါင်းသင်းလာခဲ့တဲ့ အရင်းနှီးဆုံးသူငယ်ချင်းဟာ ကျွန်မကို ဆိုးဆိုးရွားရွားစိတ်ထိခိုက်စေခဲ့တယ်။ ရှင်တို့ရဲ့ဆောင်းပါးထဲက အကြံပြုချက်တွေကိုသုံးပြီးတော့ ကျွန်မသူငယ်ချင်းနဲ့ တည်တည်ငြိမ်ငြိမ်၊ အေးအေးဆေးဆေး ပြောဆိုခဲ့ကြတယ်။ ရလဒ်အနေနဲ့ ကျွန်မတို့အခု ပိုပြီးတော့တောင် ရင်းနှီးလာကြတယ်။

အဲမ်. အယ်လ်၊ ယူနိုက်တက်စတိတ်စ်

ကျန်းမာရေးချို့တဲ့သောဟောပြောသူ “ကျန်းမာရေးချို့တဲ့မှုများရှိသော်ငြား တောက်ပသောမျှော်လင့်ချက်ရှိ” (ဖေဖော်ဝါရီ ၂၂၊ ၂၀၀၀ [လိပ်]) ဆိုတဲ့ဆောင်းပါးဟာ ကျွန်မကိုတကယ်ပဲထိမိခဲ့တယ်။ ကျွန်မဟာငယ်ရွယ်သူဆိုတော့ တစ်ခါတလေ ကျွန်မရဲ့ပြဿနာတွေကို ကျော်လွှားနိုင်မယ့်ပုံမရှိဘူး။ ကွန်စတန်တင် မိုရိုဇိုရဲ့ဘဝအတ္ထုပ္ပတ္တိဟာ တကယ့်ကိုအားတက်စရာပါပဲ။ “ကျွန်တော့်နှလုံးဆက်ခုန်နေသ၍ [ယေဟောဝါ] ရဲ့အမှုတော်ကို ဆက်ပြီးထမ်းဆောင်ချင်ပါတယ်” ဆိုတဲ့သူ့စကားတွေကို ကျွန်မတန်ဖိုးထားတယ်။

အယ်လ်. စီ၊ အီတလီ

ကျွန်မမှာ သားသမီးသုံးယောက်ရှိတယ်၊ ကျွန်မရဲ့ခင်ပွန်းဟာ ကျွန်မနဲ့ယုံကြည်ချက်ချင်းမတူညီတဲ့အတွက် သူတို့လေးတွေကို ဝိညာဉ်ရေးရာတွေမှာ ကျွန်မသွန်သင်ပေးရမယ်။ ကျွန်မမှာ အလုပ်လည်းထွက်လုပ်ရ၊ အိမ်ကိုလည်းထိန်းသိမ်းစောင့်ရှောက်ရဆိုတော့ တစ်ခါတလေ ခွန်အားမရှိတော့သလိုပဲ။ ကွန်စတန်တင်ရဲ့ အပြုသဘောထားက အံ့ဩစရာပဲ! သူ့ရဲ့ဘဝအတ္ထုပ္ပတ္တိကို ထုတ်ဝေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

အို. ကေ၊ ရုရှား