ဆိုက်ဘေးရီးယားသို့ နယ်နှင်ခံရ
ဆိုက်ဘေးရီးယားသို့ နယ်နှင်ခံရ
ဗက်စလျီ ကာလျင် ပြောပြသည်
အမြောက်ဆန်တွေ တဒုန်းဒုန်းကျနေတဲ့ကြားမှာ လူတစ်ယောက် အေးအေးဆေးဆေး ကျမ်းစာဖတ်နေတာကို သင်မြင်ရရင် ဘယ်လိုများ အေးအေးဆေးဆေးနေနိုင်ပါလိမ့်လို့ သင်သိလိုမယ်မဟုတ်လား။ လွန်ခဲ့တဲ့ ၅၆ နှစ်က အဲ့ဒီလိုမျိုးမြင်ကွင်းတစ်ခုကို အဖေတွေ့မြင်ခဲ့ပါတယ်။
အချိန်ကား ၁၉၄၂ ခုနှစ်၊ ဇူလိုင်လ၊ ဒုတိယကမ္ဘာစစ်ကြီး အထွတ်အထိပ်ရောက်နေချိန်ဖြစ်တယ်။ ဂျာမန်တပ်ဦးဟာ ယူကရိန်းမှာရှိတဲ့ အဖေတို့ရဲ့ ဗီလ်ရှာနီတ်စာရွာကို ဖြတ်ကျော်ထိုးဖောက်သွားနေစဉ်အခါမှာ သက်ကြီးရွယ်အိုအချို့နေတဲ့အိမ်ကို အဖေအလည်သွားခဲ့တယ်။ ပတ်ပတ်လည်မှာ အမြောက်ဆန်တွေ ပေါက်ကွဲနေပေမဲ့ အဲဒီလူတစ်ယောက်ဟာ ပြောင်းဖူးထိုင်ဖုတ်နေရင်း ကျမ်းစာဖတ်နေတာ။
နောက်ငါးနှစ်ကြာတော့ ဆိုဗီယက်ပြည်ထောင်စုရဲ့ လှပတဲ့ဒေသတစ်ခုဖြစ်ခဲ့တဲ့ အနောက်ယူကရိန်းနယ် အိုင်ဗန်နို-ဖရန်ကော့ဗ်စ်ခ်မြို့နဲ့ အလှမ်းမကွာလှတဲ့နေရာမှာ ကျွန်တော်မွေးဖွားလာတယ်။ ယေဟောဝါသက်သေတစ်ယောက်ဖြစ်တဲ့ အဲ့ဒီလူနဲ့ အဖေတွေ့ဆုံခဲ့ရတဲ့ အမှတ်တရအဖြစ်အပျက်နဲ့ စစ်ပွဲနှစ်တွေရဲ့ ထိတ်လန့်စရာတွေအကြောင်း ကျွန်တော့်ကို နောက်ပိုင်းမှာသူပြောပြတယ်။ လူတွေဟာ ခြေကုန်လက်ပန်းကျပြီး ဘာလုပ်ရဘာကိုင်ရမှန်းမသိအောင်ဖြစ်နေကြနဲ့ လူအများက ‘မတရားမှုတွေ ဘာကြောင့်ဒီလောက်များရတာလဲ။ အပြစ်မဲ့သူတွေ ထောင်နဲ့ချီပြီး ဘာကြောင့်အသက်ဆုံးရှုံးနေရတာလဲ။ ဘုရားသခင်က ဘာကြောင့်ခွင့်ပြုထားရတာလဲ။ ဘာကြောင့်လဲ။ ဘာကြောင့်လဲ။ ဘာကြောင့်လဲ’ လို့တွေးတောနေကြရော။
အဲ့ဒီလိုမျိုးမေးခွန်းတွေကို ဟိုအဘိုးအိုနဲ့ အဖေပွင့်ပွင့်လင်းလင်း အကြာကြီးဆွေးနွေးဖြစ်ခဲ့တယ်။ ကျမ်းစာထဲက ကျမ်းချက်တစ်ချက်ပြီးတစ်ချက်ကို သူဖွင့်ပြပြီး အဖေဇဝေဇဝါဖြစ်လာခဲ့တဲ့ မေးခွန်းတွေကို အဘိုးအိုက ရှင်းပြပေးခဲ့တယ်။ ဘုရားသခင်ဟာ သူသတ်မှတ်ထားတဲ့အချိန်မှာ စစ်ရှိသမျှကို အဆုံးသတ်ဖို့ရည်ရွယ်ထားပြီး ကမ္ဘာမြေကြီးဟာ သာယာလှပတဲ့ပရဒိသုဖြစ်လာမယ်လို့ သူရှင်းပြခဲ့တယ်။—ဆာလံ ၄၆:၉; ဟေရှာယ ၂:၄; ဗျာဒိတ် ၂၁:၃၊ ၄။
အဖေဟာ အိမ်ကို ခပ်သုတ်သုတ်ပြန်လာပြီး ခုလိုကြွေးကြော်လိုက်တယ်– “မင်းတို့ယုံနိုင်မလားတော့မသိဘူး။ ယေဟောဝါသက်သေတွေနဲ့ တစ်ခါပဲဆွေးနွေးလိုက်ရတာ အဖေ့မျက်လုံးတွေပွင့်သွားပြီ! အမှန်တရားကို အဖေတွေ့ပြီကွ!” ချာ့ခ်ျကို မှန်မှန်တက်ခဲ့ပေမဲ့ ဘုန်းကြီးတွေက သူ့ရဲ့မေးခွန်းတွေကို တစ်ခါမှအဖြေမပေးနိုင်ခဲ့ဘူး။ ဒါနဲ့ အဖေ ကျမ်းစာစသင်တယ်၊ အမေလည်း အဖေနဲ့အတူသင်ယူတယ်။ သားသမီးသုံးယောက်ဖြစ်တဲ့ ၂ နှစ်သာရှိသေးတဲ့ ကျွန်တော့်အမနဲ့ ၇ နှစ်နဲ့ ၁၁ နှစ်စီရှိကြတဲ့ ကျွန်တော့်အကိုတွေကို အဖေတို့က စပြီးသင်ကြားပေးကြတယ်။ မကြာမီမှာပဲ အဖေတို့ရဲ့အိမ်ပေါ် ဗုံးကျပြီး အကြီးအကျယ်ပျက်စီးသွားတဲ့အတွက် နေစရာအခန်းတစ်ခန်းပဲကျန်တော့တယ်။
အမေဟာ ညီအစ်မခြောက်ယောက်နဲ့ မောင်တစ်ယောက်ရှိတဲ့ မိသားစုကြီးထဲမှာ ကြီးပြင်းလာတာ။ အမေရဲ့အဖေဟာ အဲ့ဒီဒေသမှာ လူချမ်းသာတစ်ယောက်ဖြစ်ပြီး သူရဲ့အာဏာနဲ့ အဆင့်အတန်းကို တန်ဖိုးထားတယ်။ အဲ့ဒါကြောင့် ကျွန်တော်တို့မိသားစု အသစ်တွေ့ရှိထားတဲ့ယုံကြည်မှုကို ဆွေမျိုးတွေက အစပိုင်းမှာ အတိုက်အခံလုပ်ကြရော။ ဒါပေမဲ့ တဖြည်းဖြည်းနဲ့ အဲဒီအတိုက်အခံပြုသူတွေထဲက အများဟာ ... တွေကိုကိုးကွယ်တာမျိုး ကျမ်းစာနဲ့မညီတဲ့ ဘာသာရေးဝတ်ထုံးတွေကိုစွန့်ပယ်ပြီး အဖေတို့နဲ့အတူ စစ်မှန်တဲ့ဝတ်ပြုရေးမှာ ပါဝင်လာခဲ့ကြတယ်။
ဘုန်းကြီးတွေက ယေဟောဝါသက်သေတွေကို ဆန့်ကျင်ဖို့ လူတွေကို ပြောင်ပြောင်တင်းတင်း လှုံ့ဆော်ပေးကြတာ။ ဒါနဲ့ ဒေသခံတွေဟာ အဖေတို့အိမ်ရဲ့ပြတင်းပေါက်တွေကို ရိုက်ခွဲပြီးခြိမ်းခြောက်ကြရော။ အဲ့ဒီကြားထဲကနေ အဖေတို့ဟာ ကျမ်းစာဆက်သင်ခဲ့ကြတယ်။ ဒီလိုနဲ့ ၁၉၄၇ ခုနှစ်၊ ကျွန်တော်မွေးဖွားလာချိန်မှာ ကျွန်တော်တို့ရဲ့မိသားစုဟာ ယေဟောဝါကို စိတ်ရောကိုယ်ပါ အမှန်တရားအတိုင်း ဝတ်ပြုကိုးကွယ်နေကြတယ်။—ယောဟန် ၄:၂၄။
နယ်နှင်ခံရ
အဲ့ဒီတုန်းက ကျွန်တော့်အသက် လေးနှစ်ပဲရှိသေးပေမဲ့ ၁၉၅၁ ခုနှစ် ဧပြီ ၈ ရက်နံနက်စောစောအချိန်ဟာ ကျွန်တော့်စိတ်ထဲစွဲနေတုန်းပဲ။ စစ်သားတွေဟာ ခွေးတွေနဲ့အတူ ကျွန်တော်တို့အိမ်ထဲဝင်လာကြတယ်။ ပြည်နှင်ဒဏ်အမိန့်ထုတ်ပြန်ချက်စာပြပြီး ရှာဖွေပါလေရော။ စက်သေနတ်ကိုင်စစ်သားတွေနဲ့ ခွေးတွေ အိမ်ဝမှာရပ်နေတုန်း စစ်ယူနီဖောင်းဝတ်သူတွေကတော့ ကျွန်တော်တို့ရဲ့ စားပွဲမှာထိုင်ပြီး ပေးထားတဲ့အချိန် နှစ်နာရီအတွင်းမှာ အိမ်ကနေ ကျွန်တော်တို့ထွက်ခွာနိုင်ဖို့ အမြန်ပြင်ဆင်နေတာကို စောင့်ကြည့်နေကြတယ်။ ဘာဖြစ်နေမှန်း ကျွန်တော်နားမလည်နိုင်ဘဲ ငိုပဲငိုမိတယ်။
ယေဟောဝါသက်သေတွေမဟုတ်တော့ဘူး၊ နောင် သူတို့နဲ့လုံးဝမပတ်သက်တော့ဘူးလို့ ဝန်ခံစာကို လက်မှတ်ထိုးဖို့ အဖေတို့ကို အမိန့်ပေးတယ်။ လက်မှတ်ထိုးမယ်ဆိုရင် ကိုယ့်အိမ်၊ ကိုယ့်နိုင်ငံမှာနေခွင့်ရမယ်တဲ့။ ဒါပေမဲ့ အဖေက ဒီလိုပွင့်ပွင့်လင်းလင်းပြောလိုက်တယ်– “ခင်ဗျားတို့ ကျွန်တော်တို့ကို ဘယ်ကိုပဲပို့ပို့ ကျွန်တော်တို့ရဲ့ဘုရားသခင် ယေဟောဝါဟာ ကျွန်တော်တို့နဲ့အတူရှိနေမယ်ဆိုတာ ယုံကြည်စိတ်ချတယ်။”
“ခင်ဗျားရဲ့မိသားစုနဲ့ ခင်ဗျားရဲ့ကလေးတွေကို ထည့်စဉ်းစားပါဦး” လို့အရာရှိက တောင်းပန်တယ်။ “ခင်ဗျားတို့ကို အပန်းဖြေနေရာတစ်ခုကို ပို့လိုက်မှာမဟုတ်ဘူး။ အမြဲနှင်းခဲကျနေပြီး ဝင်ရိုးစွန်းဝက်ဝံတွေလျှောက်သွားနေတဲ့ မြောက်ဘက်အစွန်အဖျားအရပ်ကို အပို့ခံရမှာ။”
အဲ့ဒီအချိန်တုန်းက “ဆိုက်ဘေးရီးယား” ဆိုတဲ့စကားလုံးဟာ လူတိုင်းအတွက် ကြောက်စရာ၊ တွေးကြည့်လို့ကိုမရတဲ့အရပ်ဖြစ်ခဲ့တယ်။ ဒါပေမဲ့ ယုံကြည်မှုနဲ့ ယေဟောဝါကို နှစ်နှစ်ကာကာချစ်ခြင်းတို့ဟာ မသိတာတွေကိုကြောက်တာထက် ပိုပြီးအားကြီးကြောင်း တွေ့ရှိရပါတယ်။ အခြားမိသားစု ၂၀၊ ၃၀ နဲ့အတူ ကျွန်တော်တို့ပိုင်ဆိုင်သမျှကို လှည်းပေါ်တင်၊ မြို့ထဲခေါ်သွားပြီးနောက် ပစ္စည်းတွေကို ကုန်တင်ကားရထားပေါ်တင်လိုက်ကြတယ်။ ဒီလိုနဲ့ ကျွန်တော်တို့ ဆိုက်ဘေးရီးယားရဲ့ ထင်းရှူးတောနက်ထဲကို စတင်ခရီးနှင်ပါတော့တယ်။
လမ်းတစ်လျှောက် ရထားဘူတာတွေမှာ နယ်နှင်ခံရသူတွေကိုသယ်ဆောင်လာတဲ့ အခြားရထားတွေနဲ့ လမ်းဆုံခဲ့ပြီး သံလမ်းကားတွေပေါ်မှာ “ယေဟောဝါသက်သေများပါသည်” ဆိုတဲ့ဆိုင်းဘုတ်တွေချိတ်ဆွဲထားတာကို တွေ့ခဲ့ရတယ်။ အဲ့ဒါကိုက သက်သေခံချက်တစ်ခုဖြစ်ခဲ့တယ်၊ ဒီလိုနည်းနဲ့ ယေဟောဝါသက်သေထောင်သောင်းမက မိသားစုလိုက် မြောက်ပိုင်းနဲ့ အရှေ့ဖျားဒေသအရပ်ရပ်ကို အပို့ခံနေကြရတဲ့အကြောင်း လူအများသိရှိသွားတယ်။
၁၉၅၁ ခုနှစ် ဧပြီလမှာ ယေဟောဝါသက်သေတွေကို အစုလိုက်အပြုံလိုက်နယ်နှင်ခဲ့တဲ့အကြောင်း အထောက်အထားအပြည့်အစုံရှိတယ်။ သမိုင်းပညာရှင် ဝေါ်လ်တာ ကိုးလားဇ်က ဆိုဗီယက်ယူနီယံရှိဘာသာတရားဆိုတဲ့ သူ့စာအုပ်ထဲမှာ အဲ့ဒီအကြောင်းကို ဒီလိုရေးသားထားတယ်– “ယင်းသည် ရုရှားရှိ သက်သေခံတို့၏နိဂုံးမဟုတ်ခဲ့ဘဲ သူတို့၏ ဘာသာပြောင်းလဲစေရေးလှုပ်ရှားမှုအတွက် ကဏ္ဍသစ်တစ်ခု၏နိဒါန်းမျှသာဖြစ်သည်။ နယ်နှင်ခံခရီးစဉ်ရှိ ဘူတာရုံများတွင်ရပ်နားစဉ်ပင် သူတို့၏ယုံကြည်ချက်ကို ဖြန့်ချိဖို့ သူတို့ကြိုးစားခဲ့ကြပါသည်။ သူတို့အားနယ်နှင်လိုက်ခြင်းဖြင့် ဆိုဗီယက်အစိုးရသည် သူတို့၏ယုံကြည်ချက် ပျံ့နှံ့ဖို့အတွက် အကောင်းဆုံးလုပ်ဆောင်ချက်ဖြစ်သွားစေသည်။ ‘သက်သေခံတို့သည်’ သူတို့၏ထီးတည်းကျေးရွာမှ ကြောက်ခမန်းလိလိ ချွေးတပ်စခန်းနှင့် ရဲဘက်စခန်းများသာဖြစ်ပါလေစေ ကမ္ဘာ့ဒေသအနှံ့အပြားသို့ ပို့ဆောင်သွားခံရခြင်းသာတည်း။”
ကျွန်တော့်မိသားစုဟာ ကျွန်တော်တို့နဲ့အတူ အစားအစာတွေ—ဂျုံ၊ ပြောင်းနဲ့ပဲ နည်းနည်း—ယူသွားခွင့်ရခဲ့လို့ အတော်အခြေအနေကောင်းသွားတယ်။ အဘိုးဆိုရင် ဝက်တစ်ကောင်တောင် သတ်စားခွင့်ရလို့ ကျွန်တော်တို့နဲ့ တခြားသက်သေခံတွေအတွက် စားစရာရှိခဲ့တယ်။ လမ်းတစ်လျှောက်မှာ သံလမ်းကားတွေပေါ်ကနေ လှိုက်လှိုက်လှဲလှဲသီချင်းဆိုသံတွေ ကြားနေကြရတယ်။ ကျွန်တော့်မှာ ခံနိုင်ရည်ရှိဖို့ ယေဟောဝါခွန်အားပေးခဲ့တယ်။—သု. ၁၈:၁၀။
ရုရှားနိုင်ငံကြီးကို သုံးပတ်နီးပါး ဖြတ်သန်းသွားပြီး နောက်ဆုံးမှာ အေးစိမ့်ပြီး အထီးကျန်ဆန်ရုံမက ဝေးလံတဲ့ ဆိုက်ဘေးရီးယားကို ရောက်ကြရော။ အီရ်ကွတ်စ်ခ်ခရိုင် ချန့်စ်ခ်ဒေသမှာရှိတဲ့ တော်ရီရာဘူတာရုံကို ကျွန်တော်တို့ကို ခေါ်ဆောင်သွားတယ်။ အဲ့ဒီနေရာကနေ တိုင်းဂါးထင်းရှူးတောထဲမှာရှိတဲ့ ရွာလေးတစ်ရွာဆီ ထပ်ပြီးခေါ်သွားတယ်၊ ကျွန်တော်တို့ရဲ့စာရွက်စာတမ်းတွေက အဲ့ဒါကို ကျွန်တော်တို့ရဲ့ “ရာသက်ပန်အထိုင်ချရာအရပ်” လို့ဖော်ပြထားတယ်။ မိသားစု ၁၅ စုရဲ့ပစ္စည်းတွေဟာ စွတ်ဖားတစ်ခုစာသာရှိပြီး အဲ့ဒီစွတ်ဖားကို ထွန်စက်နဲ့ နွေဦးချိန်ခါရှိ ရွှံ့တောထဲဆွဲသွားခဲ့ပါတယ်။ မိသားစု ၂၀ လောက်ကို အခန်းမကန့်ထားဘဲ စင်္ကြံရှည်ကြီးလို စစ်တန်းလျားထဲမှာ နေရာချပေးတယ်။ အာဏာပိုင်များက ယေဟောဝါသက်သေတွေဟာ တကယ်ဆိုးတဲ့လူတွေဆိုပြီး ဒေသခံတွေကို ကြိုတင်သတိပေးထားတယ်။ ဒါကြောင့် အစပိုင်းမှာ လူတွေက ကျွန်တော်တို့ကို ကြောက်ကြပြီး မိတ်လာမဖွဲ့ကြဘူး။
နယ်နှင်ခံရစဉ်အလုပ်
ယေဟောဝါသက်သေတွေဟာ သစ်ပင်ခုတ်လှဲတဲ့အလုပ်လုပ်ကြရတယ်၊ အခက်ခဲဆုံးအခြေအနေတွေအောက်မှာ လုပ်ရတာပါ။ အားလုံးကို လက်နဲ့ပဲလုပ်ရတယ်—သစ်တုံးတွေကို လွှနဲ့ဖြတ်၊ ခွဲစိတ်ပြီး မြင်းလှည်းပေါ်တင်ပြီးတဲ့နောက် သံလမ်းကားတွေပေါ် ဆက်ပြီးတင်ပေးရတယ်။ အခြေအနေပိုဆိုးစေတာကတော့ ဘယ်လိုမှရှောင်လို့မရတဲ့ တောခြင်အုပ်တွေပဲ။ အဖေဆိုရင် တော်တော်ခံလိုက်ရတယ်။ သူ့တစ်ကိုယ်လုံးရောင်လာလို့ ခံနိုင်ရည်ရှိဖို့ ယေဟောဝါကိုအကြီးအကျယ်ဆုတောင်းခဲ့တယ်။ ဒါပေမဲ့ အခက်အခဲတွေအားလုံးကြားထဲက ယေဟောဝါသက်သေအများစုရဲ့ယုံကြည်ခြင်းက မယိမ်းယိုင်ခဲ့ဘူး။
မကြာခင်မှာ ကျွန်တော်တို့ကို အီရ်ကွတ်ခ်စ်မြို့ကို ခေါ်ဆောင်သွားပြီး အဲ့ဒီကအကျဉ်းစခန်းဟောင်းတစ်ခုမှာ ကျွန်တော်တို့ကိုနေရာချပေးတယ်၊ အုတ်စက်ရုံတစ်ခုမှာအလုပ်လုပ်ပေးတယ်။ အုတ်တွေကို မီးဖိုကြီးတွေထဲကနေ လက်နဲ့ပဲ တိုက်ရိုက်ထုတ်ယူပေးရတယ်၊ ထုတ်လုပ်ပေးရတဲ့ အုတ်အရေအတွက်ကိုလည်း တိုးတိုးလိုက်လို့ အရေအတွက်ပြည့်အောင် သားသမီးတွေကတောင် မိဘတွေကို ကူပေးရတဲ့အထိဖြစ်လာတယ်။ ရှေးအီဂျစ်ပြည်က ဣသရေလလူမျိုး ကျွန်ခံခဲ့ရတာကို ကျွန်တော်တို့ပြန်ပြီးသတိရတယ်။—ထွက်မြောက်ရာ ၅:၉-၁၆။
ယေဟောဝါသက်သေတွေဟာ ရိုးသားပြီး အလုပ်ကြိုးစားလုပ်တဲ့သူတွေ၊ ပြောထားတဲ့အတိုင်း သူတို့ဟာ “လူတွေရဲ့ရန်သူတွေ” မဟုတ်ကြပါဘူးဆိုတာ ထင်ရှားလာတယ်။ သက်သေခံတစ်ယောက်မှ အာဏာပိုင်တွေကို မစော်ကားဘူး၊ အာဏာရှိသူများရဲ့ဆုံးဖြတ်ချက်တွေကိုလည်း ကလန်ကဆန်မလုပ်ကြတာ တွေ့ရှိလာကြတယ်။ သူတို့ရဲ့ယုံကြည်ချက်ကိုတောင် လူအများသဘောကျလာကြတယ်။
ကျွန်တော်တို့ရဲ့ ဝိညာဉ်ရေးအသက်တာ
ယေဟောဝါသက်သေတွေဟာ—နယ်နှင်မခံရမီ၊ လမ်းခရီးမှာနဲ့ နယ်နှင်ခံရတဲ့အရပ်တွေမှာ—အကြိမ်ကြိမ်အရှာခံရကြပေမဲ့ ကင်းမျှော်စင်မဂ္ဂဇင်းတွေနဲ့ ကျမ်းစာအုပ်တွေကိုတောင် ဝှက်ပြီးယူသွားနိုင်ခဲ့ကြတယ်။ နောက်ပိုင်းမှာ အဲ့ဒါတွေကို လက်နဲ့ဖြစ်စေ၊ အခြားနည်းတွေနဲ့ဖြစ်စေ ပြန်ကူးယူကြတယ်။ စစ်တန်းလျားတွေမှာ ခရစ်ယာန်အစည်းအဝေးတွေကို မှန်မှန်ကျင်းပတယ်။ စစ်တန်းလျားရဲ့ အုပ်ချုပ်ရေးမှူးက ကျွန်တော်တို့သီချင်းဆိုနေတာကိုတွေ့ရင် ရပ်ခိုင်းတယ်။ သူပြောတဲ့အတိုင်း ရပ်လိုက်ကြပါတယ်။ ဒါပေမဲ့ နောက်တန်းလျားတစ်ခုကို သူဆက်သွားတဲ့အခါ ကျွန်တော်တို့သီချင်းပြန်ဆိုကြရော။ ကျွန်တော်တို့ကို တားလို့မရဘူး။
ကျွန်တော်တို့ရဲ့ဟောပြောခြင်းလုပ်ငန်းကိုလည်း တစ်ခါမျှ မရပ်ဆိုင်းခဲ့ဘူး။ သက်သေခံတွေဟာ လူတိုင်းကိုနေရာတိုင်းမှာ ဟောပြောတယ်။ ကျမ်းစာအမှန်တရားတွေကို အခြားသူတွေနဲ့ ဘယ်လိုဆွေးနွေးတင်ပြနိုင်ခဲ့ကြတာကို ကျွန်တော့်အကိုတွေနဲ့ မိဘတို့က ကျွန်တော့်ကို ပြောပြတယ်။ အဲ့ဒါကြောင့် ကျမ်းစာအမှန်တရားဟာ စိတ်ရိုးမှန်သူတွေရဲ့နှလုံးသားကို တဖြည်းဖြည်းအနိုင်ယူ လွှမ်းမိုးလာခဲ့တယ်။ ဒီနည်းနဲ့ ၁၉၅၀ ပြည့်လွန်နှစ်များအစော
ပိုင်းမှာ ယေဟောဝါရဲ့နိုင်ငံတော်အကြောင်း အီရ်ကွတ်ခ်စ်မြို့နဲ့အနီးတစ်ဝိုက်မှာ သိရှိလာခဲ့ကြတယ်။အစပိုင်းမှာ သက်သေခံတွေကို နိုင်ငံရေးရန်သူတွေလို့ ယူမှတ်ကြပေမဲ့ နောက်ပိုင်းမှာ ကျွန်တော်တို့ရဲ့အဖွဲ့အစည်းဟာ ဘာသာရေးသန့်သန့်ဖြစ်တယ်ဆိုတာကို တရားဝင်အသိအမှတ်ပြုလာကြတယ်။ ဒါပေမဲ့လည်း အာဏာပိုင်တွေက ကျွန်တော်တို့ရဲ့လုပ်ငန်းကို ပိတ်ပင်ဖို့ကြိုးစားကြပါတယ်။ ဒါကြောင့် သတိမပြုမိကြရအောင် မိသားစုနှစ်စု၊ သုံးစုနဲ့ အုပ်စုငယ်လေးတွေဖွဲ့ပြီး ကျမ်းစာလေ့လာဖို့ စုဝေးကြတယ်။ ၁၉၅၂ ခုနှစ်၊ ဖေဖော်ဝါရီလ နံနက်စောစောတစ်ရက်မှာ အသေအချာရှာဖွေစစ်ဆေးခဲ့တယ်။ အဲ့ဒီနောက် သက်သေခံ ဆယ်ယောက်ဖမ်းချုပ်ခံရပြီး ကျန်သူတွေကို တခြားနေရာတွေကို ပို့လိုက်တယ်။ ကျွန်တော်တို့မိသားစုကို အီစခရာရွာကို ပို့တယ်၊ အဲ့ဒီရွာမှာ လူတစ်ရာလောက်ပဲရှိပြီး အီရ်ကွတ်ခ်စ်မြို့ကနေ မိုင် ၂၀ ဝေးတယ်။
ပြောင်းလဲသောအခြေအနေများနှင့်အညီ ခံရပ်ခြင်း
ကျေးရွာအာဏာပိုင်အဖွဲ့ဟာ မမျှော်လင့်ပဲ ဧည့်ဝတ်ပြုကြတယ်။ ရွာသားတွေက ရိုးသားပြီး ဖော်ရွေတယ်—တော်တော်များများဟာ သူတို့အိမ်ကနေထွက်လာကြပြီး ဝိုင်းဝန်းကူညီကြတယ်။ ကျွန်တော်တို့မိသားစုဟာ စတုရန်းပေ ၁၈၀ လောက်သာရှိတဲ့ အခန်းငယ်လေးတစ်ခုထဲမှာ နေရာချခံရတဲ့ တတိယမြောက်မိသားစုဖြစ်တယ်။ အလင်းအတွက် ရေနံဆီမီးအိမ်တွေကိုပဲ အသုံးပြုခဲ့ရတယ်။
နောက်မနက်မှာ ရွေးကောက်ပွဲတစ်ခုရှိတယ်။ ကျွန်တော့်မိဘတွေက ဘုရားသခင့်နိုင်ငံတော်အတွက် မဲပေးပြီးပြီလိုပြောတော့ လူတွေနားမလည်ကြဘူး။ ဒါကြောင့် ကျွန်တော်တို့မိသားစုထဲက လူကြီးပိုင်းတွေဟာ တစ်ရက်ဖမ်းချုပ်ခံလိုက်ကြရတယ်။ အဲ့ဒီနောက် လူအများက အဖေတို့ရဲ့ယုံကြည်ချက်ကို မေးမြန်းကြလို့ လူသားတို့အတွက် တစ်ခုတည်းသောမျှော်လင့်ချက်ဖြစ်တဲ့ ဘုရားသခင့်နိုင်ငံတော်အကြောင်းပြောပြဖို့ အခွင့်ကောင်းရလိုက်တယ်။
အီစခရာရွာလေးမှာ ကျွန်တော်တို့နေခဲ့တဲ့ လေးနှစ်အတွင်း ကျွန်တော်တို့ဆက်သွယ်ဖို့ အနီးအနားမှာ အခြားသက်သေခံတွေမရှိဘူး။ ရွာထဲကထွက်ရင် တပ်အုပ်ဗိုလ်ရဲ့ အထူးခွင့်ပြုချက်ယူရတယ်၊ ကျွန်တော်တို့ကို နယ်နှင်ရတဲ့အဓိကအကြောင်းက အခြားသူတွေနဲ့ခွဲထားဖို့ဖြစ်တာကြောင့် ခွင့်ပြုချက်မပေးတာများတယ်။ ဒါပေမဲ့ သက်သေခံတွေဟာ သူတို့မှာရှိတဲ့ ဝိညာဉ်အစာအသစ်တွေကို ဝေမျှပေးဖို့အတွက် တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်ဖို့ အမြဲကြိုးစားကြတယ်။
၁၉၅၃ ခုနှစ်မှာ စတာလင်သေဆုံးပြီးနောက် အပြစ်ပေးခံခဲ့ရတဲ့ သက်သေခံအားလုံးရဲ့အပြစ်ဒဏ် ၂၅ နှစ်ကို ၁၀ နှစ်ထိ လျှော့ချပေးလိုက်တယ်။ ဆိုက်ဘေးရီးယားနယ်မှာ သွားလာဖို့အတွက် အထူးစာရွက်စာတမ်းတွေရှိဖို့ မလိုတော့ဘူး။ ဒါပေမဲ့ အာဏာပိုင်တွေက မကြာခင်မှာ ပြန်ရှာဖွေစစ်ဆေးပြီး ကျမ်းစာ ဒါမှမဟုတ် ကျမ်းစာစာပေတွေ လက်ထဲတွေ့ရင် သက်သေခံတွေကို ဖမ်းဆီးကြတယ်။ သက်သေခံတွေအတွက် အထူးစခန်းတွေဆောက်ထားပြီး အီရ်ကွတ်ခ်စ်မြို့ပတ်ဝန်းကျင်က ဒီစခန်းတွေမှာ ညီအစ်ကို ၄၀၀ နဲ့ညီအစ်မ ၂၀၀ လောက်ကို နေရာချပေးထားတယ်။
ဆိုဗီယက်ပြည်ထောင်စုမှာ ကျွန်တော်တို့နှိပ်စက်ခံနေရတဲ့သတင်းဟာ ကမ္ဘာတစ်လွှားက ယေဟောဝါသက်သေတွေဆီ ရောက်သွားတယ်။ ဒါနဲ့ ၁၉၅၆ ခုနှစ် နှစ်လယ်ကနေ ၁၉၅၇ ခုဖေဖော်ဝါရီလအထိ ကမ္ဘာပေါ် နေရာအသီးသီးမှာကျင်းပတဲ့ ခရိုင်စည်းဝေးကြီး ၁၉၉ ခုမှာ ကျွန်တော်တို့နဲ့ပတ်သက်ပြီး အသနားခံချက်တစ်ခုကို ကြေညာလိုက်ကြသည်။ စုစုပေါင်းတက်ရောက်သူ ၄၆၂,၉၃၆ ယောက်တို့က အဲ့ဒီအချိန်မှာ ဆိုဗီယက်ဝန်ကြီးချုပ်ဖြစ်နေတဲ့ နီကိုလေး အေ. ဘူဂါနင်ဆီကို အသနားခံချက် တင်ပို့ခဲ့ကြသည်။ အသနားခံချက်ထဲပါတဲ့ အကြောင်းတွေထဲမှာ ကျွန်တော်တို့ကို လွှတ်ပေးဖို့နဲ့ “ရုရှားဘာသာ၊ ယူကရိန်းဘာသာနဲ့ လိုအပ်မယ့်တခြားဘာသာစကားတွေနဲ့ ယေဟောဝါသက်သေတွေ ကမ္ဘာတစ်ဝန်းမှာ အသုံးပြုနေတဲ့ ကင်းမျှော်စင်မဂ္ဂဇင်းတွေနဲ့ တခြားကျမ်းစာစာပေတွေကို ရရှိနိုင်ဖို့၊ ပုံနှိပ်နိုင်ဖို့အခွင့်ပေး” ဖို့အသနားခံချက်ပါတယ်။
အဲဒီအတောအတွင်း ကျွန်တော်တို့မိသားစုဟာ အီရ်ကွတ်ခ်စ်မြို့ကနေ ၁၅ မိုင်လောက်ဝေးပြီး အတော်ခေါင်တဲ့ ခူဒရာခေါ်ဗာရွာကို ပို့ထားတယ်။ ကျွန်တော်တို့ အဲ့ဒီရွာမှာ ခုနစ်နှစ်နေတယ်။
၁၉၆၀ ပြည့်နှစ်မှာ ကျွန်တော့်အကို ဖရိုဒါဟာ အီရ်ကွတ်စ်ခ်မြို့ကို ပြောင်းသွားတယ်၊ နောက်တစ်နှစ်မှာ အစ်ကိုကြီးက အိမ်ထောင်ကျသွားတယ်၊ ကျွန်တော့်အစ်မလည်း ပြောင်းရွှေ့သွားတယ်။ နောက်ပြီး ၁၉၆၂ ခုနှစ်မှာ ဖရိုဒါဟာ ဟောပြောတဲ့အတွက် အဖမ်းခံရပြီး ထောင်ကျသွားရော။ကျွန်တော့်ရဲ့ ဝိညာဉ်ရေးကြီးထွားမှု
ကျွန်တော်တို့နေတဲ့ ခူဒရာခေါ်ဗာရွာကနေ ခြေလျင်ပဲဖြစ်ဖြစ်၊ စက်ဘီးနဲ့ပဲဖြစ်ဖြစ် ၁၅ မိုင်လောက်ဝေးတဲ့နေရာမှာ အခြားသူတွေနဲ့တွေ့ဆုံပြီး ကျမ်းစာလေ့လာခဲ့ရတယ်။ ဒါနဲ့ တခြားသက်သေခံတွေနဲ့ နီးရအောင် အီရ်ကွတ်ခ်စ်မြို့ကိုပြောင်းရွှေ့ဖို့ ကြိုးစားကြည့်တယ်။ ဒါပေမဲ့ ကျွန်တော်တို့နေတဲ့ဒေသရဲ့ သူကြီးက ကျွန်တော်တို့ကိုမပြောင်းစေချင်ဘူး၊ မပြောင်းသွားနိုင်ရအောင်လည်း အမျိုးမျိုးတားဆီးတယ်။ ဒါပေမဲ့ ကြာလာတော့ အဲ့ဒီလူက ကျွန်တော်တို့အပေါ် ပိုတလိုတလားရှိလာတဲ့အတွက် အီရ်ကွတ်စ်ခ်မြို့ကနေ ခြောက်မိုင်လောက်သာဝေးတဲ့ ပီဗိုဗာရီခါရွာကို ပြောင်းရွှေ့သွားနိုင်ခဲ့တယ်။ အဲ့ဒီမှာ ယေဟောဝါသက်သေတွေရဲ့အသင်းတော်တစ်ခုရှိတယ်၊ ဒါနဲ့ ကျွန်တော့်အတွက် ဘဝသစ်တစ်ခုစလာရော။ ပီဗိုဗာရီခါရွာမှာ အသင်းတော်စာအုပ်ကြီးသင်တန်းအုပ်စုတွေရှိပြီး ဝိညာဉ်ရေးလုပ်ငန်းတွေကို ကြီးကြပ်ပေးတဲ့ညီအစ်ကိုတွေလည်းရှိတယ်။ ကျွန်တော် အရမ်းပျော်သွားတယ်!
အဲ့ဒီအချိန်မှာပဲ ကျမ်းစာအမှန်တရားကို ကျွန်တော်အရမ်းမြတ်နိုးလာပြီး နှစ်ခြင်းခံချင်လာတယ်။ ၁၉၆၅ ခုနှစ်၊ ဩဂုတ်လမှာ ကျွန်တော်ဆန္ဒပြည့်ဝသွားတော့တယ်၊ အဲ့ဒီအချိန်မှာ တခြားသက်သေခံအသစ်တွေနဲ့အတူ ဩခီးမြစ်လေးထဲမှာ ကျွန်တော်နှစ်ခြင်းခံလိုက်ရတယ်။ အမှုမဲ့အမှတ်မဲ့ကြည့်သူအတွက်ကတော့ ပျော်ပွဲစားထွက်နေကြပြီး မြစ်ထဲမှာရေကူးသလိုပါပဲ။ မကြာမီမှာ ကျွန်တော်ဟာ သီအိုကရက်တစ်ကျောင်းကြီးကြပ်မှူးအဖြစ် ဦးဆုံးတာဝန်ခန့်အပ်ခံရတယ်။ နောက် ၁၉၆၅ ခုနှစ်၊ နိုဝင်ဘာလမှာ ဖရိုဒါ ထောင်ကနေထွက်လာလို့ ပျော်ရွှင်စရာနောက်ထပ်တစ်ခုတိုးလာတယ်။
လုပ်ငန်းဖွံ့ဖြိုးတိုးတက်လာပုံ
၁၉၆၅ ခုနှစ်မှာ နယ်နှင်ခံရသူအားလုံးကို စုဝေးစေခဲ့ပြီး ပြောင်းချင်တဲ့နေရာကို ပြောင်းရွှေ့သွားနိုင်ပြီလို့ ကြေညာလိုက်တာနဲ့ ကျွန်တော်တို့ရဲ့ “ရာသက်ပန်အထိုင်ချရာအရပ်” ဆုံးခန်းတိုင်သွားတယ်။ ကျွန်တော်တို့ခံစားလိုက်ရတဲ့ ရွှင်လန်းမှုကို မြင်ယောင်ကြည့်နိုင်ပါသလား။ ကျွန်တော်တို့ထဲက လူအများဟာ တခြားဒေသတွေကို ပြောင်းရွှေ့သွားပေမဲ့ တချို့သူတွေက ကျွန်တော်တို့ရဲ့ ဝိညာဉ်ရေးတိုးတက်ကြီးထွားမှုနဲ့ လုပ်ဆောင်မှုတွေကို ယေဟောဝါကောင်းချီးပေးထောက်မခဲ့တဲ့ ဒီနေရာမှာပဲ ဆက်နေထိုင်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ အဲ့ဒီထဲကအတော်များများဟာ တဖြည်းဖြည်းနဲ့ ကြောက်စရာလုံးဝမကောင်းတဲ့ ဆိုက်ဘေးရီးယားမှာပဲ သား၊ မြေး၊ မြစ်တွေရခဲ့ကြတယ်။
၁၉၆၇ ခုနှစ်မှာ ယူကရိန်းကနေ ဆိုက်ဘေးရီးယားကို နယ်နှင်ခံခဲ့ရတဲ့ မိသားစုထဲက မိန်းကလေးတစ်ယောက်ဖြစ်တဲ့ မာရီယားနဲ့ တွေ့ဆုံတယ်။ ကျွန်တော်တို့ ငယ်ငယ်တုန်းက ယူကရိန်းနယ်က ဗစ်ရှာနစ္စာရွာမှာ ကျွန်တော်တို့နှစ်ယောက်စလုံးနေထိုင်ခဲ့ဖူးတယ်။ ၁၉၆၈ ခုနှစ်မှာ ကျွန်တော်တို့လက်ထပ်လိုက်ကြပြီး ဒီလိုနဲ့ သား ယာရိုစလေ့ဗ်နဲ့ နောက်ထပ် သမီး အိုခ်စာနာတို့ကို ရခဲ့တယ်။
လူအုပ်နဲ့ဝိညာဉ်ရေးပေါင်းသင်းမှုပြုလုပ်ဖို့အတွက် ဈာပနအစီအစဉ်တွေနဲ့ မင်္ဂလာအခမ်းအနားတွေကို ကျွန်တော်တို့ဆက်အသုံးပြုကြတယ်။ အဲ့ဒီအချိန်အခါတွေကို အသုံးပြုပြီး ရောက်လာတဲ့ သက်သေခံမဟုတ်တဲ့ ဆွေမျိုးတွေနဲ့ မိတ်ဆွေတွေကို ကျမ်းစာအမှန်တရားအကြောင်း ကျွန်တော်တို့ရှင်းပြတယ်။ ဒီအခါမျိုးမှာ လုံခြုံရေးအရာရှိတွေလည်း တစ်ခါတလေလာကြတယ်၊ အဲ့ဒီအချိန်မှာ ကျွန်တော်တို့က ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက် ဒါမှမဟုတ် အိမ်ထောင်ရေးအတွက် ယေဟောဝါရဲ့အစီအစဉ်နဲ့ ကမ္ဘာသစ်မှာရမယ့်အနာဂတ်ကောင်းချီးတွေအကြောင်း ကျမ်းစာကနေ ပွင့်ပွင့်လင်းလင်းပဲဟောပြောကြတယ်။
တစ်ခါတုန်းက ဈာပနဟောပြောချက်တစ်ခုကို ကျွန်တော်ဟောလို့အပြီးမှာ ကားတစ်စီးဆိုက်ပြီး တံခါးပွင့်လာကာ ကားထဲက လူတစ်ယောက်ထွက်လာပြီး ကားထဲဝင်ဖို့ ကျွန်တော့်ကို အမိန့်ပေးလိုက်တယ်။ ကျွန်တော်မကြောက်ပါဘူး။ တကယ်တော့ ကျွန်တော်တို့ဟာ ရာဇဝတ်သားတွေမှမဟုတ်တာ၊ ဘုရားသခင်ကို ယုံကြည်သူတွေပဲ။ ဒါပေမဲ့ ကျွန်တော့်ရဲ့အိပ်ကတ်ထဲမှာ အသင်းတော်က အမှုဆောင်တွေရဲ့ မှတ်တမ်းတွေရှိနေတယ်။ အဲ့ဒီအတွက် ကျွန်တော်အဖမ်းခံရနိုင်မယ်။ ဒါနဲ့ သူတို့နဲ့ကျွန်တော်မလိုက်သွားခင် ကျွန်တော့်ဇနီးကို ပိုက်ဆံနည်းနည်းပေးခဲ့လို့ရမလားဆိုပြီးမေးလိုက်တယ်။ ဒီလိုနဲ့ သူတို့ရှေ့မှာပဲ ကျွန်တော်ရဲ့ပိုက်ဆံအိတ်ရော အသင်းတော်မှတ်တမ်းတွေကိုပါ အေးအေးဆေးဆေးပေးလိုက်တယ်။
၁၉၇၄ ခုနှစ်ကစပြီး မာရီယားနဲ့ကျွန်တော်တို့ဟာ ကျမ်းစာစာပေတွေကို ကျွန်တော်တို့အိမ်ထဲမှာ လျှို့ဝှက်ပြင်ဆင်တယ်။ ကျွန်တော်တို့မှာ သားငယ်လေးတစ်ယောက်ရှိတော့ သူမသိရလေအောင် ညဉ့်နက်မှ အဲ့ဒီလိုလုပ်ကြတယ်။ ဒါပေမဲ့လည်း စပ်စုတတ်တဲ့အတွက် သူလေးက အိပ်ယောင်ဆောင်ပြီး ကျွန်တော်တို့ဘာလုပ်နေကြသလဲဆိုတာကို ချောင်းကြည့်ခဲ့တယ်။ နောက်ပိုင်းမှာ သူက “ဘုရားသခင်အကြောင်းပါတဲ့ မဂ္ဂဇင်းတွေကို ဘယ်သူလုပ်သလဲဆိုတာ ကျွန်တော်သိတယ်” လို့ပြောရော။ ကျွန်တော်တို့
နည်းနည်းလန့်သွားပေမဲ့ ဒီအရေးကြီးတဲ့အလုပ်မှာ ကျွန်တော်တို့ရဲ့မိသားစုကို ယေဟောဝါကာကွယ်ပေးပါလို့ အမြဲဆုတောင်းတယ်။တဖြည်းဖြည်းနဲ့ အာဏာပိုင်တွေက ယေဟောဝါသက်သေတွေအပေါ် ပိုတလိုတလားရှိလာကြတဲ့အတွက် ယူစလိုယီဆိုင်ဘီရ်စကိုယီမြို့ရဲ့ မီအဲအနုပညာနဲ့ အပန်းဖြေဗဟိုဌာနမှာ လူအုပ်ချီစုဝေးကြဖို့ စီစဉ်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့အစည်းအဝေးတွေဟာ ကျမ်းစာလေ့လာဖို့နဲ့ ခရစ်ယာန်ပေါင်းသင်းမှုအတွက်ပဲဖြစ်တယ်လို့ မြို့ပြအရာရှိတွေကို ကျွန်တော်တို့စိတ်ချစေခဲ့တယ်။ ၁၉၉၀ ပြည့်နှစ် ဇန်နဝါရီလမှာ လူ ၇၀၀ ကျော် အဲ့ဒီခန်းမမှာ အပြည့်စုဝေးခဲ့တဲ့အတွက် လူအတော်များများအာရုံစူးစိုက်စရာဖြစ်ခဲ့ပါတယ်။
အစည်းအဝေးပြီးတော့ သတင်းထောက်တစ်ယောက်က “ခင်ဗျားတို့ရဲ့ကလေးတွေကို ဘယ်တုန်းက လေ့ကျင့်ပေးခဲ့တာလဲ” လို့မေးတယ်။ လေးနာရီကြာတဲ့ ဒီပထမဆုံးလူထုအစည်းအဝေးမှာ ကလေးတွေ ငြိမ်ငြိမ်သက်သက်နဲ့ ထိုင်နားထောင်ကြတာကို အဲ့ဒီသတင်းထောက်အပါအဝင် အခြားဧည့်သည်တွေက အံ့ဩသွားကြတယ်။ မကြာခင်မှာပဲ ဒေသခံသတင်းစာတစ်ခုထဲမှာ ယေဟောဝါသက်သေတွေအကြောင်း အကောင်းသတင်းတစ်ခု ပါလာတယ်။ “[ယေဟောဝါသက်သေတွေ] ဆီကနေ သင်ယူနိုင်စရာအမှန်ရှိတယ်” လို့ဖော်ပြထားတယ်။
ကြီးမားသည့်တိုးချဲ့မှုတွင် ရွှင်လန်းခြင်း
၁၉၉၁ ခုနှစ်မှာ ဆိုဗီယက်ပြည်ထောင်စုမှာ စည်းဝေးကြီး ခုနစ်ခုကျင်းပခဲ့တာ ၇၄,၂၅၂ ယောက်တက်ရောက်ခဲ့တယ်။ နောက်ပိုင်းမှာ ယခင် ဆိုဗီယက်ပြည်ထောင်စုရဲ့ သမ္မတနိုင်ငံတွေ လွတ်လပ်ရေးရကြပြီးနောက် ယေဟောဝါသက်သေရဲ့အုပ်ချုပ်ရေးအဖွဲ့ကနေ မော်စကိုကိုသွားဖို့ ကျွန်တော့်ကို တာဝန်ပေးတယ်။ အဲ့ဒီကိုရောက်တော့ ဘုရားသခင့်နိုင်ငံတော်လုပ်ငန်းမှာ ကျွန်တော်တိုးချဲ့ပါဝင်နိုင်မလားလို့အမေးခံရတယ်။ အဲ့ဒီအချိန်မှာ ယာရိုစလေ့ဗ်လည်း အိမ်ထောင်ကျပြီး သမီးလေးတစ်ယောက်ရနေပြီ၊ အိုခ်စာနာကျတော့ ဆယ်ကျော်သက်အရွယ်ရှိနေပြီ။ ဒါနဲ့ ၁၉၉၃ ခုနှစ်မှာ မာရီယားနဲ့ ကျွန်တော်တို့ဟာ အချိန်ပြည့်ဓမ္မအမှုကို မော်စကိုမြို့မှာ စဆောင်ရွက်ခဲ့ကြတယ်။ အဲ့ဒီနှစ်မှာပဲ ကျွန်တော့်ကို ရုရှားနိုင်ငံရဲ့ ယေဟောဝါသက်သေ ဒေသခံဘာသာရေးအဖွဲ့အစည်း စီမံခန့်ခွဲရေးဗဟိုဌာနရဲ့ ညှိနှိုင်းရေးမှူးအဖြစ် ခန့်အပ်ခဲ့တယ်။
ခုဆိုရင် မာရီယားနဲ့ကျွန်တော်တို့ဟာ စိန့်ပီတာစဘာ့ဂ်မြို့ပြင်မှာ တည်ရှိတဲ့ ဌာနခွဲအသစ်မှာ အမှုဆောင်နေကြပါတယ်။ ရုရှားမှာ အရေအတွက် အလျင်အမြန်တိုးများလာနေတဲ့ ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူတွေရဲ့အကျိုးကို တခြားသစ္စာရှိညီအစ်ကိုတွေနဲ့အတူ ပါဝင်လုပ်ဆောင်နိုင်ခွင့်ရလို့ ဂုဏ်ယူမိပါတယ်။ အခုဆိုရင် ယခင် ဆိုဗီယက်ပြည်ထောင်စုသမ္မတနိုင်ငံတွေမှာ သက်သေခံ ၂၆၀,၀၀၀ ကျော်ရှိနေပြီ၊ ရုရှားမှာတင်ပဲ ၁၀၀,၀၀၀ ကျော်ရှိနေပြီ!
မာရီယားနဲ့ ကျွန်တော်တို့ဟာ ကျွန်တော်တို့ မြတ်နိုးတဲ့စံအိမ်ဖြစ်ခဲ့ဖူးတဲ့ ဆိုက်ဘေးရီးယားဒေသမှာ ဘုရားသခင့်နိုင်ငံတော်လုပ်ငန်းကို သစ္စာရှိရှိဆက်ထမ်းဆောင်နေကြတဲ့ ချစ်ရတဲ့ဆွေမျိုးတွေနဲ့ မိတ်ဆွေတွေအကြောင်း တွေးကြည့်တတ်ကြတယ်။ အခု အဲ့ဒီနေရာမှာ စည်းဝေးကြီးတွေမှန်မှန်ကျင်းပပေးနေပြီ၊ အီရ်ကွတ်စ်ခ်မြို့နဲ့အနီးတစ်ဝိုက်မှာ သက်သေခံ ၂,၀၀၀ လောက် လှုပ်လှုပ်ရှားရှားရှိနေကြပါတယ်။ ဟေရှာယ ၆၀:၂၂ မှာပါတဲ့ ဒီပရောဖက်ပြုချက်ဟာ ကမ္ဘာ့အဲ့ဒီဒေသမှာလည်း တကယ်ပြည့်စုံနေပါတယ်– “သူငယ်တစ်ယောက်သည် လူတစ်ထောင်ဖြစ်ရလိမ့်မည်။ အားနည်းသောသူတစ်ယောက်သည် အားကြီးသောလူမျိုးဖြစ်ရလိမ့်မည်။”
[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]
၁၉၅၉ ခုနှစ်တွင် အီရ်ကွတ်ခ်စ်မြို့၌ ကျွန်တော့်အဖေ၊ ကျွန်တော့်မိသားစုနဲ့ အခြား နယ်နှင်ခံရသူများနှင့်အတူ
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
အီစခရာရှိ နယ်နှင်ခံရသော ကလေးများ
[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]
ကျွန်တော်တို့ လက်ထပ်သည့်နှစ်
[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]
ယနေ့ မာရီယားနဲ့အတူ