မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ထူးခြားထင်ရှားသော ကယ်ဆယ်ရေးတစ်ရပ်

ထူးခြားထင်ရှားသော ကယ်ဆယ်ရေးတစ်ရပ်

ထူးခြားထင်ရှားသော ကယ်ဆယ်ရေးတစ်ရပ်

ဘီနင်နိုင်ငံမှ နိုးလော့! စာရေးသူပေးပို့သည်

“ယေဟောဝါသက်သေတွေ ကယ်လိုက်လို့သာ လူသုံးယောက် အသက်ချမ်းသာရတာ!” ယင်းသည် ၂၀၀၀ ပြည့်နှစ် ဧပြီ ၁၉၊ ဗုဒ္ဓဟူးနေ့က အနောက်အာဖရိကနိုင်ငံ ဘီနင်ရှိ ကလဗီးမြို့အနှံ့ အလျင်အမြန်ပျံ့နှံ့ခဲ့သည့် သတင်းတစ်ရပ်ဖြစ်သည်။ ထိုလူသုံးယောက်ကား မည်သူတို့နည်း၊ သူတို့အားကယ်ဆယ်ခြင်းတွင် ယေဟောဝါသက်သေများ မည်သို့ပါဝင်ခဲ့သနည်း။

ဖီလီပ် အလက်ဘီနှင့် ရော်ဂျာ ခွန်နွတ်ဂဘီတို့သည် ကင်းမျှော်စင်အသင်း၏ ဘီနင်ဌာနခွဲရုံးနှင့် ကပ်လျက်ရှိသည့် ယေဟောဝါသက်သေများ၏ စည်းဝေးရာအရပ်တွင် အလုပ်လုပ်ရန် နံနက် ၆:၃၀ ခန့်တွင် အသင့်ပြင်ဆင်နေကြသည်။ ထိုနေ့ညနေတွင် ရာနှင့်ချီသောသူတို့သည် နှစ်စဉ်ကျင်းပသော ယေရှု၏သေခြင်းဆိုင်ရာ အောက်မေ့ရာပွဲကို တက်ရောက်ရန် ထိုနေရာသို့ စုဝေးကြမည်ဖြစ်သည်။ * ရုတ်တရက် အလွန်ကျယ်လောင်သောပြိုကျသံတစ်ခုက အေးချမ်းငြိမ်သက်သောနံနက်ခင်းကို ဖြိုခွင်းလိုက်သည်။ လမ်းမကြီးတွင် ယာဉ်တိုက်မှုတစ်ခုဖြစ်ကြောင်း ဖီလီပ်နှင့် ရော်ဂျာတို့ ချက်ချင်းသဘောပေါက်ကြသည်။

ခဏအကြာတွင် “ကျွန်တော့်ရဲ့အလုပ်သင်သုံးယောက် ဘိလပ်မြေအိတ်တွေအောက်မှာ ပိနေတယ်!” ဟူသော လူတစ်ယောက်၏အော်သံကို သူတို့ကြားလိုက်ရသည်။ လမ်းမကြီးသို့ ဖီလီပ်နှင့် ရော်ဂျာတို့ ပြေးသွားကြသည်။ ထိုတွင် တန် ၂၀ တင်ထရပ်ကားတစ်စီး တိမ်းမှောက်နေသည်ကို တွေ့လိုက်ရသည်။ ဘိလပ်မြေအပြည့်ပါသော အိတ်ပေါင်းများစွာ ထရပ်ကားပေါ်မှ လျှောကျကုန်သည်။

စည်းဝေးရာအရပ်၌ အလုပ်လုပ်သူနောက်တစ်ဦးဖြစ်သည့် ဇိုဇဝေး ဒီဒေါလာဗီသည် အခင်းဖြစ်သည့်နေရာသို့ ရောက်ရှိနှင့်ပြီး ထရပ်ကားခေါင်းခန်းနှင့် ဘိလပ်မြေအိတ်များကြားမှ လူတစ်ဦးကိုဆွဲထုတ်နေသည်။ ခေါင်းခန်းမှမိမိဘာသာ တိုးထွက်ခဲ့သော ဒရိုင်ဘာသည် တုန်လှုပ်ချောက်ချားလျက်ရှိသည်။ သို့တိုင် “ဘိလပ်မြေအိတ်တွေအောက်မှာ လူနှစ်ယောက်ရှိသေးတယ်” ဟု အော်ပြောရန် အားတင်းခဲ့သည်။ ဘေးမှရပ်ကြည့်နေသူအချို့က အိတ်များကိုစတင်ဖယ်ရှားကြသည်၊ သို့သော် အလွန်ပူသောကြောင့် မကြာမီပင် လက်လျှော့လိုက်ကြသည်။ ဘိလပ်မြေကို ထုတ်လုပ်သူ၏ဖိုမှ ယခုလေးတင် ထုတ်ယူလာကြခြင်းကြောင့်ပင်!

ကယ်ဆယ်ခြင်း

ဖီလီပ်၊ ရော်ဂျာနှင့် ဇိုဇဝေးတို့သည် ဘိလပ်မြေအိတ်အပုံကို တစ်ကြိမ်လျှင်တစ်အိတ်သာဖယ်ရှားခြင်းဖြင့် ခက်ခက်ခဲခဲဖယ်ရှားကြရသည်။ အိတ်များသည်ပူလောင်၍ အလေးချိန် ပေါင် ၁၁၀ လေးသောကြောင့် သူတို့လက်များ အလွန်နာကျင်နေသည်။ ထိုထက်ပိုဆိုးသည်မှာ ကွဲနေသောအိတ်များမှ ဘိလပ်မြေထွက်ကျလာ၍ လက်ချောင်းများကို ပေါက်စေပြီး ခက်ခက်ခဲခဲအသက်ရှူကြရသည်။ “ကျွန်တော့်ရဲ့လက်၊ အထူးသဖြင့်လက်ချောင်းတွေ အရမ်းပူလောင်ခဲ့တယ်” ဟုနောက်ပိုင်း၌ ဇိုဇဝေးပြောပြသည်။ “ဒါပေမဲ့ အဲဒီအောက်မှာ ဘယ်သူပဲရှိရှိ ကယ်ဆယ်ခွင့်ရှိနိုင်သေးတယ်လို့ အဆက်မပြတ်တွေးနေမိတယ်။”

အိတ် ၄၀ နီးပါးကိုရွှေ့ပြီးနောက်တွင် သူတို့သုံးယောက်သား ကောက်ရိုးဖျာတစ်ချပ်ကို တွေ့လိုက်ရသည်။ အံ့အားသင့်စရာမှာ ဖျာအောက်တွင် လူနှစ်ယောက်ကို သူတို့တွေ့ရခြင်းဖြစ်သည်။ ထိုသူတို့ အသက်ရှင်ဆဲဖြစ်ကြသည်တကား! ယာဉ်တိုက်မှုဖြစ်ပွားခဲ့စဉ်က ထိုသူတို့သည် ထရပ်ကားနောက်ခန်း၌ ဘိလပ်မြေအိတ်များကိုအုပ်ထားသော ဖျာပေါ်တွင် အိပ်နေကြသည်။ ကားပေါ်မှ သူတို့ပြုတ်ကျသောအခါ ဖျာသည် သူတို့အပေါ်အုပ်သွား၍ သူတို့အပေါ်ပိနေသော ဘိလပ်မြေအိတ်များ၏ အပူဒဏ်မှ ကာကွယ်ပေးထားသည်။

ကယ်ဆယ်ရေးအတွင်းနှင့်အပြီး၌ ဘေးမှကြည့်နေသူအတော်များများ စုဝေးလာကြသည်။ ဖီလီပ်၊ ရော်ဂျာနှင့် ဇိုဇဝေးတို့သည် ခက်ခဲသောအခြေအနေအောက်တွင် ဘိလပ်မြေအိတ် နှစ်တန်ကို အလွန်လျင်မြန်စွာ ဖယ်ရှားနိုင်ခဲ့သည့်အတွက် အားလုံး အံ့အားသင့်ခဲ့ကြသည်။ ထိုသူသုံးယောက်သည် မသိကျွမ်းသည့် လူတို့ကိုကူညီရန် အစွမ်းကုန်ကြိုးစားအားထုတ်ခဲ့သည့်အတွက်လည်း သူတို့စွဲမှတ်သွားခဲ့ကြသည်။ မကြာမီပင် ကလဗီးမြို့ရှိလူတိုင်း သူတို့၏ရဲစွမ်းသတ္တိရှိရှိအားထုတ်မှုကို ကြားသိသွားကြပုံရသည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 4 ယေဟောဝါသက်သေများသည် ယေရှု၏အမိန့်တော်ကိုလိုက်နာရာတွင် ဤမြင့်မြတ်သောအထိမ်းအမှတ်ပွဲကို နှစ်စဉ်ကျင်းပကြသည်။—⁠လုကာ ၂၂:⁠၁၉

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

ကယ်ဆယ်ရေးပြီးနောက် ရော်ဂျာသည် ကောက်ရိုးဖျာကို ကိုင်ထား